ကောင်ဟန်ဝန်

ဝီကီပီးဒီးယား မှ
(ကောင်းဟန်ဝန် မှ ပြန်ညွှန်းထားသည်)

ကောင်ဟန်ဝန်[ပြင်ဆင်ရန်]

ကောင်ဟန်သည် မဲခေါင်မြစ်အရှေ့ဘက် ကျိုင်းရုံးကြီးခေါ် ကင်းဟန် (Keng Hang) နယ်သားများကို ဆိုလိုသည်။ ကောင်ဟန်အစုသားများတွင်လည်း တပ်ကောင်ဟန်၊ ဝင်းကောင်ဟန် ၊ ယွန်းစုကောင်ဟန်အစုသားများဟူ၍ သုံးမျိုးသုံးစား ခွဲခြားတွေ့ရှိရသည်။ အကြမ်းအားဖြင့် ယင်းအစုသုံးစုကို ကြီးကြပ်အုပ်ချုပ်ရန် ဝန်သုံးဦးကိုလည်း ခန့်အပ်ထားသည်။ ၎င်းတို့မှာ တပ်ကောင်ဟန်ဝန်၊ ဝင်းကောင်ဟန်ဝန်နှင့် ယွန်းစုကောင်ဟန်ဝန်တို့ ဖြစ်ကြသည်။

ကောင်ဟန်ဝန် ဦးထွန်းမြ[ပြင်ဆင်ရန်]

ကောင်ဟန်ဝန်ဟု ယေဘုယျဆိုလျှင် ယင်းကောင်ဟန်ဝန်မှာ တပ်ကောင် ဟန်ဝန် တစ်ဦးလည်း ဖြစ်သည်ဟု နားလည်ရသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်ဟန်ဝန်ကို စစ်ထွက်ရသည့်အခါ တပ်ကောင်ဝန်ဟု ခေါ်ဆိုကြသောကြောင့် ဖြစ်သည်။ အစောဆုံးအမည်သိရှိရသူ ကောင်ဟန်ဝန်မှာ ဦးထွန်းမြ ဖြစ်သည်။ သူသည် အလောင်းမင်းတရား၏ မြင်းရည်တက် ၆၈ ဦး အဝင်ဖြစ်ပြီး ကုန်းဘောင်ခေတ်ဦးကာလ စစ်ပွဲများတွင် ဝင်ရောက်စစ်မှုထမ်းရသဖြင့် တပ်ကောင်ဟန်ဝန်ဟူ၍ ကုန်းဘောင်ဆက် (ပထမတွဲ)က ညွှန်းဆိုသည်။ ကောင်ဟန်ဝန် ဦးထွန်းမြသည် ရန်နိုင်သီရိ၊ လက်ဝဲကြံသိုင်း ၊ ဗန္ဓုသေနကျော်ထင် ၊ မင်းကြီးပဇ္ဇောတ ၊ ရာဇဥဿရော ၊ ရာဇဥတ္တမကျော်ထင် ၊ ရာဇာဥတ္တမ သင်္ကြန်ဘွဲ့များ ရရှိခဲ့၏။ ဦးထွန်းမြသည် ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက်တွင် ရာဇဥဿရောဘွဲ့ဖြင့် ကောင်ဟန်ဝန်အဖြစ် အမှုထမ်းနေပြီးဖြစ်သည်။ မြေဒူးမင်း နန်းတက်စ ၁၅ စက်တင်ဘာ ၁၇၆၄ တွင် ဖွဲ့စည်းခဲ့သည့် သီရိသီဟသူ ဦးစီးသော ၄၀ တော် သွေးသောက်အဖွဲ့၌ ကောင်ဟန်ဝန် ရာဇဥဿရော ပါဝင်ခဲ့သည်။

ကောင်ဟန်ဝန် အပြောင်းအလဲ[ပြင်ဆင်ရန်]

မြေဒူးမင်း လက်ထက် နှောင်းပိုင်းကာလတွင် ကောင်ဟန်ဝန်ရာထူး အပြောင်းအလဲဖြစ်ခဲ့၏။ ၁၇၆၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ် မြန်မာ စစ်ပြေငြိမ်းရေး ကိစ္စဆွေးနွေးကြစဉ် ကောင်ဟန်ဝန် ရွှေတောင်ရဲခေါင်နော်ရထာ တက်ရောက်ခဲ့သည်။ သူ့အား လှိုင်းတက် မြို့စား တပ်ကောင်ဟန်ဝန်အဖြစ်လည်း ဖော်ပြလေ့ရှိရာ တရုတ်မြန်မာ စစ်ပွဲအတွင်း ပါဝင်စစ်မှုထမ်းခဲ့ရသူဟုလည်း ဆိုနိုင်သည်။ ရွှေတောင်ရဲခေါင်နော်ရထာသည် စဉ့်ကူးမင်းလက်ထက်တိုင် ကောင်ဟန်ဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့သည်ဟု မှတ်ယူရသည်။

ကောင်ဟန်ဝန် ဦးကျော်ခေါင်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း) နန်းတက်စတွင် နေမျိုးဇေယနော်ရထာဘွဲ့ခံ ဦးကျော်ခေါင်အား ကောင်ဟန်ဝန်ရာထူး ခန့်အပ်လိုက်၏။ ဦးကျော်ခေါင်မှာ ဗဒုံမင်း၏ အလယ်နန်းမိဖုရား၏ အစ်မ ဒေါ်ဆုံမှ ဖွားမြင်သူ ဖြစ်ရာ ဗဒုံမင်းနှင့် ဆွေမျိုးရင်းချာကဲ့သို့ ဖြစ်နေပါသည်။ ကောင်ဟန်ဝန် ဦးကျော်ခေါင်သည် နောင် ရာထူးအဆင့်ဆင့် တက်သွားခဲ့ရာ သန်လျင်မြို့စားဝန်ကြီးအရာပင် ရရှိခဲ့၏။ (စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်မှာ ကောင်ဟန်ဝန် ဦးကျော်ခေါင်၏ မြစ်တော်စပ်သူ ဖြစ်သည်။)

နေမျိုးသီဟကျော်သူ[ပြင်ဆင်ရန်]

၉ ဖေဖော်ဝါရီ ၁၇၉၅ တွင် မိတ္ထီလာမင်းသမီးအား ကွမ်းခွံ့မင်္ဂလာ အခမ်းအနား ကျင်းပပါသည်။ ယင်းအခမ်းအနားသို့ မှူးမတ်အရာရှိ အတော်များများ တက်ရောက်ခဲ့ကြရာ ကောင်ဟန်ဝန် နေမျိုးသီဟကျော်သူလည်း ပါဝင်ခဲ့ကြောင်း သိရှိရ၏။ သူ၏ ရာထူးကို တပ်ကောင်ဟန်ဝန်အဖြစ် တွေ့ရှိရပေရာ စစ်ရေးတာဝန်ထမ်းဆောင်ရသူ တစ်ဦးဖြစ်ကြောင်းလည်း မှန်းဆြကည့်နိုင်သည်။

သီရိဝတ္တဗိုလ်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ၂ ဇွန် ၁၈၁၀ ရက်စွဲပါ အမိန့်တော်တွင် ကောင်ဟန်ဝန် သီရိဝတ္တဗိုလ်၏ အမည်ကို တွေ့ရှိရ၏။ ဓားပြဗိုလ် ငရန်မင်းနှင့် ငကောင်တို့အား ဖမ်းဆီးဆက်သရန် ဗဒုံမင်းက ကောင်ဟန်ဝန်ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဗဒုံမင်းမှာ မင်းကွန်းပုထိုးတော်ကြီး အရှေ့ဘက်၌ ပါဒနက်သန် စေတီတော် တည်လုပ်လျက်ရှိရာ ယင်းသို့ ထကြွသောင်းကျန်းမှုအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရဟန် တူသည်။

ဘကြီးတော်လက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော်(စစ်ကိုင်းမင်း) နန်းတက်လာပြီးနောက် ၁၉၁၉ ခုနှစ် ၊ ဇူလိုင်လခန့်တွင် တပ်ကောင်ဟန်ဝန်အဖြစ် အာကာကျော်သူအား ခန့်အပ်ခဲ့သည်။ သူသည် အခမ်းအနားများ တက်ရောက်ရာ၌ လက်ယာတော် စနည်းနေရာဦး၌ နေရကြောင်း သိရှိရသည်။ စစ်ဘက်ဆိုင်ရာ အမှုထမ်းအဖြစ်ပါ ပူးတွဲခန့်အပ်ခဲ့ခြင်းဖြစ်ရာ မကြာမီပေါ်ပေါက်ခဲ့သည့် ကသည်းအရေး၌ တပ်ကောင်ဟန်ဝန် အာကာကျော်သူ ပါဝင်စစ်မှုထမ်းခဲ့လိမ့်မည်ဟု မှန်းဆရသည်။

ကောင်ဟန်ဝန် ဦးဖာ[ပြင်ဆင်ရန်]

သာယာဝတီမင်းလက်ထက်တွင် ကောင်ဟန်ဝန်အဖြစ် အမှုထမ်းရွက်ရသူမှာ ဦးဖာဆိုသူ ဖြစ်သည်။ ကောင်ဟန်ဝန် ဦးဖာသည် ဘာသာတရား ကိုးကွယ်ကိုင်းရှိုင်း ကြည်ညိုသူဖြစ်သည်။ သူသည် ကျောင်းတော်ကြီး တိုက်အုပ်ဆရာတော် (၁၇၆၉-၁၈၅၀) အား ကျောင်းတော် ဆောက်လုပ်လှူဒါန်းခဲ့ဖူးကြောင်း သိရှိရ၏။ ဦးဖာသည် ပုဂံမင်းလက်ထက်တွင်လည်း ကောင်ဟန်ဝန်အဖြစ် ဆက်လက် တာဝန်ထမ်းရွက်ခဲ့ရဟန် ရှိသည်။

မင်းလှမင်းခေါင်သီဟသူ[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက် ကောင်ဟန်ဝန်အဖြစ် အမှုထမ်းရွက်ခဲ့သူကို သေချာစွာ မသိရှိရသေးပါ။ သို့သော် ကောင်ဟန်ဝန်မှာ မင်းလှမင်းခေါင်သီဟသူ ဖြစ်ဟန်ရှိသည်။ သူသည် မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလတွင် ကောင်ဟန်ဝန်ရာထူး ရရှိခဲ့ပြီး သီပေါမင်းနန်းတက်စ၌ ဆက်လက်ခန့်အပ်ခြင်း ခံခဲ့ရဟန်တူသည်။ ၁၈၇၉ ခုနှစ်၊ စက်တက်ဘာလတွင် ဗြိတိသျှသံအရာရှိများ မန္တလေးသို့လာရောက်စဉ် စစ်ရေးပြအခမ်းအနားသို့ ကောင်ဟန်ဝန် မင်းလှမင်းခေါင် သီဟသူ တက်ရောက်ခဲ့၏။

ကောင်ဟန်ဝန် ခင်မောင်လတ်[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် နှောင်းပိုင်းကာလတွင် ကောင်ဟန်ဝန်အဖြစ် အမှုထမ်း ရသူမှာ တိုင်တားမင်းကြီး၏ မြေး ဦးခင်မောင်လတ်ဖြစ်သည်။ သူသည် ဒိုင်းခင်အမှုတွင် ပါဝင်ပတ်သက်ခဲ့ရာ ငွေခွန်ဝန်နှင့်အတူ ရာထူးမှ ထုတ်ပယ်ကာ မိုးကောင်းသို့ အပို့ခံခဲ့ရ၏။ ဗန်းဇော်မြို့ဝန်ထံ၌ ခေတ္တထိန်းသိမ်း ထားစဉ်အတွင်း တောင်သမန်လယ်စား မောင်ဖေငယ် စီရင်ခံရပြီးနောက် ၇ ဇွန် ၁၈⁠၈၃ တွင် ဦးခင်မောင်လတ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဗြိတိသျှ ပိုင်နက် ရန်ကုန်မြို့သို့ သွားရောက်နေထိုင်ခဲ့ပြီး သီပေါမင်းပါတော်မူစ၌ မြင်စိုင်း မင်းသားနှင့်ပူးပေါင်းကာ ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉