ဝမ်းကိုဟော

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
စည်သူ ဒေါက်တာ
ဝမ်းကိုဟော
Vumkohau.jpg
မွေးဖွား(၁၉၁၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၁၇)မတ် ၁၇၊ ၁၉၁၇
ထုတ်လိုင်းရွာ၊ တီးတိန်မြို့နယ်ချင်းပြည်နယ်
ကွယ်လွန်ဇူလိုင် ၂၂၊ ၂၀၀၇(၂၀၀၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၂၂) (အသက် ၉၀)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
လူမျိုးချင်း
ရရှိသည့်ဆုများစည်သူဘွဲ့၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်

စည်သူ ဒေါက်တာ ဝမ်းကိုဟော(Vum Ko Hau) သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးတို့တွင် ချင်းအမျိုးသားများကို ခေါင်းဆောင်ကာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဝမ်းကိုဟောအား ၁၉၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၌ ချင်းပြည်နယ်တီးတိန်မြို့နယ်၊ ထုတ်လိုင်းရွာ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်း၌ အဖ သိက္ခာတော်ရ ဘုန်းတော်ကြီး ဇခွပ် (Rev. Za Khup)၊ အမိ ပီကျန်ဇမ် (Pi Ciang Zam) တို့က မွေးဖွားခဲ့သည်။ မွေးချင်း သား ၃ ဦး၊ သမီး ၄ ဦး ရှိသည့်အနက် အကြီးဆုံးသား ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ဖခင် တာဝန် ထမ်းဆောင်နေသော Khuassak ရွာ ABM ကျောင်းတွင် စတင် ပညာ သင်ကြားခဲ့ပြီး၊ တီးတိန်နှင့် ဖလမ်းမြို့ အလယ်တန်း ကျောင်းတို့တွင် ဆက်လက် ပညာ သင်ကြားခဲ့သည်။ ဖလမ်း အလယ်တန်းကျောင်းမှ သတ္တမတန်းတွင် ပထမ အဆင့် ရရှိသဖြင့် ပညာထူးချွန်ဆု (Scholarship) ရရှိကာ စစ်ကိုင်းမြို့ အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် စစ်ကိုင်း အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။

အထက်တန်း ပညာ အောင်မြင်ပြီးနောက် ၁၉၃၇ မှ ၁၉၄၁ ခုနှစ်များတွင် ချင်းတောင် ဒေသဆိုင်ရာ အင်္ဂလိပ် အရေးပိုင်ရုံး၊ ဖလမ်းမြို့တွင် လက်ရေးတိုနှင့် ရုံးအုပ် စာရေးကြီး အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှု[ပြင်ဆင်ရန်]

ဂျပန် တော်လှန်ရေး[ပြင်ဆင်ရန်]

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက် သိမ်းပိုက်သော အခါ အင်္ဂလိပ် အရေးပိုင် ဗိုလ်မှူးကြီး နေလာ (Col. Naylar CBE) နှင့် ဗိုလ်မှူး စတီဗင်စင် (Maj. Stevenson) တို့ ဦးဆောင် ဖွဲ့စည်းသည့် ချင်းလဲဗီး (Chin Levies) တပ်တွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ရသည်။ ချင်းတောင်တန်း စစ်မြေပြင် အသီးသီးတွင် တပ်ရေးနှင့် ထောက်လှမ်းရေး အရာရှိ၊ စစ်ဝန်ထမ်း ဌာနချုပ်၏ ဒုတိယ အကြီးအကဲ၊ ချင်းတောင်တန်း ခရိုင်ဝန် စသည့် တာဝန်များ ယူကာ ဂျပန် တော်လှန်ရေးတွင် ချင်း အမျိုးသားများကို ဦးဆောင်ပြီး ပါဝင် တိုက်ခိုက်ခဲ့သည်။ ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် ယာယီ စစ်ဦးစီး ဗိုလ်မှူး (Staff Major) အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ မဟာမိတ် တပ်ပေါင်းစု အရှေ့တောင် အာရှ စစ်သေနာပတိချုပ် မောင့်ဘက်တန် (Lord Mounth Batten) က ဦးဝမ်းကိုဟောအား တီးတိန်မြို့တွင် ကိုယ်တိုင် တွေ့ဆုံပြီး စစ်အတွင်းက ဆောင်ရွက်မှုတို့အတွက် အမှတ်တရ ဓာတ်ပုံနှင့် ငွေစီးကရက်ဗူးတို့ကို ချီးမြှင့် ပေးအပ်ခဲ့သည်။

ပင်လုံစာချုပ်[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်၊ ပင်လုံ ညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ဗိုလ်ချုပ် အောင်ဆန်း၏ အကြံပေး တိုက်တွန်းချက်ဖြင့် ချင်းတောင်တန်း အရေးပိုင်ရုံးမှ နုတ်ထွက်ကာ ၁၉၄၇ ခု၊ မတ်လ ၁၅ ရက်နေ့တွင် ဒုတိယ အတိုင်ပင်ခံ ဝန်ကြီး (ချင်းရေးရာ ဝန်ကြီး) အဖြစ် တာဝန် ယူခဲ့ရသည်။ မိမိရပ်ရွာ ထုတ်လိုင် (Old Fort White) နယ်တွင် ဂျပန်လက်ထက်က ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် အထက်တန်းကျောင်းကို အစိုးရ အသိအမှတ်ပြု ကျောင်းတကျောင်း အဖြစ် သတ်မှတ်ပေးရန်ကို အောင်မြင်စွာ လုပ်ဆောင် ပေးနိုင်ခဲ့သည်။

ထို့နောက် ပင်လုံ စာချုပ်အရ ဖွဲ့စည်းခဲ့သည့် ကာနယ် ရီးဝီယံ ခေါင်းဆောင်သော (Lt. Col. Rees William) နယ်ခြား ဒေသ စုံစမ်းရေး အဖွဲ့ (Frontier Area Inquiry Commission) တွင် ချင်း တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ဝင် တဦး အဖြစ် ပါဝင်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ထွန်းရေး အတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

တနှစ်အတွင်း လွတ်လပ်ရေး ရရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာမှာလည်း ဗိုလ်ချုပ် အောင်ဆန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် အခြား ချင်း တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးဖြစ်သည့် ဦးဆဝစ်၊ ကပ္ပတိန် မန်တုံးနုန်းတို့နှင့် အတူ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သလို၊ အခြေခံ ဥပေဒ အချောကိုင် ကော်မတီတွင်လည်း ပါဝင် ဆောင်ရွက်ခဲ့သည်။

နု-အက်တလီ စာချုပ်[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်၊ စက်တင်ဘာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲပြီးနောက်၊ နု - အက်တလီ စာချုပ် ချုပ်ဆိုရန် အတွက် လန်ဒန်သို့ သွားရောက်ပြီး ဆွေးနွေးရသော ရှေ့ပြေး မြန်မာ ကိုယ်စားလှယ် ၅ ဦး အဖွဲ့တွင် ကိုယ်စားလှယ် တဦး အဖြစ် ပါဝင်ခဲ့သည်။ အခြား ကိုယ်စားလှယ်များမှာ ဦးတင်ထွဋ်၊ ဦးမန်းဝင်းမောင်၊ စပ်ခွန်ချိုနှင့် ဖဆပလ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးအောင်တို့ ဖြစ်သည်။ ထို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဗြိတိသျှ အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ရှေးဦးစွာ ဆွေးနွေး သဘောတူချက် ရပြီးမှ ဝန်ကြီးချုပ် သခင်နုနှင့် ဗိုလ်လကျ်ာတို့ လန်ဒန်သို့ လိုက်လာကာ နု - အက်တလီ စာချုပ်ကို နှစ်ဖက် ခေါင်းဆောင်ကြီးများက လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး ဟုချ်ဒါတွန် (Hugh Dalton) တောင်းဆိုသော ဂျပန် မောင်းထုတ်ရာတွင် ဗြိတိသျှ အစိုးရ ကုန်ကျခဲ့သည့် စရိတ် ပေါင်သန်း ၄ဝ ပေးလျော် ပေးရေး ကိစ္စတွင် ဦးဝမ်ကိုဟော၏ ဆွေးနွေး တင်ပြမှုကြောင့် ပေါင် ၁၅ သန်းလျော့ပြီး ၁၉၅၂ ခုနှစ်မှ စကာ အတိုးမဲ (၁၂) ကြိမ် အရစ်ကျ ပေးရန် ဗြိတိသျှ အစိုးရတို့က သဘောတူခဲ့ရသည်။

သံတမန်တာဝန် ထမ်းဆောင်ခြင်း[ပြင်ဆင်ရန်]

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံခြားရေးရာ ဌာန၊ ဒုတိယ အတွင်းဝန်၊ သံတမန်ရေးရာ ကောင်စစ်ရေးရာ၊ ကမ္ဘာ့ ကုလသမဂ္ဂ ဌာနခွဲ ဦးစီး အရာရှိ၊ ၁၉၅၅ မှ စ၍ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသော သံအမတ်ကြီး အဖြစ် ပြင်သစ်၊ ဟော်လန်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဩစတြီးယားနှင့် ဟန်ဂေရီ နိုင်ငံတို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။

၁၉၅၅ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် ကျင်းပမည့် အာရှ၊ အာဖရိက ညီလာခံကြီး အတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲများကို အီဂျစ် သမ္မတ နာဆာ၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူးတို့ တက်ရောက်ပြီး ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာ၊ ထိုအကြို အစည်းအဝေးပွဲ ဖြစ်မြောက်ရေးကို ဦးဝမ်းကိုဟောက တာဝန် ယူဆောင်ရွက် ပေးခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတော် အစိုးရ၏ တာဝန်ပေးချက် အရ ၁၉၅၃၊ ၁၉၆၄ နှင့် ၁၉၆၅ ခုနှစ်များတွင် ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံကြီးများသို့ မြန်မာနိုင်ငံ အစိုးရကိုယ်စား တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ရသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးတို့ အတွက် ဦးဝမ်းကိုဟောသည် အဓိက ဦးဆောင် ကြိုးပမ်း ပေးခဲ့သူ တဦး ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရမှ ဦးဝမ်းကိုဟောအား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေး နှစ်ပတ်လည်နေ့တွင် "စည်သူဘွဲ့" ချီးမြှင့် ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ထပ်မံ ချီးမြှင့် ပေးအပ်ခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ဦးဝမ်းကိုဟောသည် မဂ္ဂဇင်း၊ စာစောင်နှင့် သတင်းစာများတွင် ဆောင်းပါး မြောက်များစွာ ရေးသားခဲ့သည့် အပြင် ၁၉၅၃ ခုနှစ်တွင် The Guardian Press သတင်းစာတိုက် တည်ထောင်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦးလည်း ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် "Profile of a Burma Frontier Man" စာအုပ်ကို ပြုစုရေးသား ထုတ်ဝေကာ ကမ္ဘာ့ နိုင်ငံအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များသို့ ပေးပို့ လှူဒါန်းခဲ့သည်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ Charles University Praque မှ ထိုစာအုပ် ပြုစုမှုကို အကြောင်းပြုပြီး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ Ph.D. ချီးမြှင့် ပေးအပ်ခဲ့သည်။ အမေရိကန်နိုင်ငံ Yale University, History Department တွင်လည်း ထိုစာအုပ်ကို Oriental Studies အဖြစ် အသုံးပြုရန် ပြဋ္ဌာန်းထားသည်။ The Reader's Digest မဂ္ဂဇင်းတိုက်မှလည်း ပြင်သစ်နိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသာ ဦးဝမ်းကိုဟောအား Life Member, Life Free Subcription တဦး အဖြစ် ဂုဏ်ပြု အသိအမှတ်ပြုခဲ့သည်။

ဦးဝမ်းကိုဟောသည် Daw Tina Han @ Nu Maug Kho Ciin နှင့် ၁၉၃၈ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် လက်ထပ်ခဲ့ပြီး၊ သား ၃ ယောက်နှင့် သမီး ၅ ယောက် ထွန်းကားခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂ဝဝ၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်း အသက် ၉ဝ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]