မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံအတိဖြစ်ခဲ့ရသော မြန်မာနိုင်ငံအား ပြန်လည်ထူထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ကွန်ဖရင့်တရပ်ကို ဤအဆောက်အအုံ၌ ကျင်းပခဲ့၍ စီမံကိန်းများ ချမှတ်ခဲ့သည်။ ထိုစီမံကိန်းများသည် ဆိုရန်တိုဗီလာ စီမံကိန်းအဖြစ် သမိုင်းတွင်ရစ်သည်။

မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့လေသည်။ ပြည်ထောင်စုသားတိုင်း အသိပညာ တိုးပွားစေမည့် ဘာသာခြားဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို ဘာသာပြန်ရန်၊ ပြည်ထောင်စု တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာသို့ ပြန်ဆိုရန်၊ မြန်မာမှုအရပ်ရပ်ကို စူးစမ်းရှာဖွေရန်၊ စာအုပ်စာတမ်း အရပ်ရပ်ကို ပုံနှိပ်ဖြန့်ချိရန် စသော ရည်ရွယ်ချက်များ ပါဝင်သည့် အသင်းဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ကြလေသည်။ အသင်းကိုစီမံအုပ်ချုပ်ရန် အုပ်ချုပ်မှုကောင်စီအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့လေသည်။ အုပ်ချုပ်မှုကောင်စီအဖွဲ့၏ ဥက္ကဋ္ဌမှာ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုဖြစ်သည်။ ဘာသာပြန် စာပေအသင်း ဖွဲ့စည်းပုံအရ အသင်းတခုလုံးကို တာဝန်ခံအုပ်ချုပ်သူမှာ အုပ်ချုပ်မှု ဒါရိုက်တာ (Managing Director) ဦးစံထွား (မြို့မ ကျောင်းဆရာကြီး၊ ၁၉၂၀ ရန်ကုန် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားကြီး) ဖြစ်သည်။ ဆရာကြီး ဦးစံထွား ၏ လက်အောက်၌ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနများ ရှိသည်။ လက်ထောက် အုပ်ချုပ်ရေး အရာရှိ ဦးလှမောင်နှင့် ဒေါ်မိမိကြီး တို့က ဦးစံထွားအား ကူညီကြသည်။ ဘဏ္ဍာရေးဌာန အကြီးအကဲမှာ ဦးစောမောင် ဖြစ်သည်။

စာပေဗိမာန် ဖွဲ့စည်းပုံတွင် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနတို့ အပြင် အဓိက လုပ်ငန်းကြီးများ ဖြစ်ကြသော စာတည်းဌာနများ၊ မဂ္ဂဇင်းထုတ်ဝေရေးဌာန၊ စွယ်စုံကျမ်း ပြုစုရေးဌာန၊ ကျောင်းသုံးစာအုပ် ထုတ်လုပ်ရေး ဌာန၊ သုတေသန ဌာန၊ ရုံးပြင်လုပ်ငန်း ဌာန၊ စာကြည့်တိုက် ဟူ၍ ဌာနများ ပါဝင်သည်။စာတည်း ဌာနမှာလည်း အထွေထွေ ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာန ဟူ၍ ရှိသည်။ အထွေထွေ ဝိဇ္ဇာသိပ္ပံ ဌာန အကြီးအကဲမှာ စာတည်း ဦးမြတ်စိုး B.Sc. (Hons.) ဖြစ်သည်။ စွယ်စုံကျမ်း ပြုစုရေး ဌာန အကြီးအကဲ စာတည်း ဦးဒိုး (မဟာဝိဇ္ဇာ) ဖြစ်သည်။ စာပေဗိမာန် မဂ္ဂဇင်း ထုတ်ဝေရေးဌာန အကြီးအကဲမှာ စာတည်း ဦးတင်မောင် (တက္ကသိုလ်ထင်ကြီး) ဖြစ်သည်။ သုတေသနဌာန အကြီးအကဲမှာ ဗိုလ်ဗကို B.A. (Hons.) B.L., M.A. (Yale) ဖြစ်သည်။ ဗိုလ်ဗကိုသည် ၁၉၅၅ ခုနှစ်လောက်က ရုပ်ရှင်မင်းသား မဖြစ်သေး။ ရုပ်ရှင်နယ်၌ ခြေချရန် ပြင်ဆင်နေသည်ကို ယူဆရသည်။ ရုံးလုပ်ငန်း အရာရှိမှာ ဦးတင် (ဒဂုန်ရွှေမျှား) ဖြစ်သည်။ ၁၉၄၈ ခုနှစ်ဦးတွင် ဂျပ်ဆင်ကောလိပ်ဝင်းအတွင်းရှိ အိမ်တစ်ဆောင်ကို အသင်းတိုက်အဖြစ် ယာယီ ဖွင့်လှစ်ခဲ့ပြီးလျှင် ဒုတိယ စာတည်းမှူးတစ်ဦး၊ စာတည်းနှစ်ဦး၊ လက်ထောက် စာတည်းခြောက်ဦး၊ စာပြု ၂၄ ဦးတို့ဖြင့် စာပြုလုပ်ငန်း၊ စာတည်း လုပ်ငန်းတို့ကို စတင် ဆောင်ရွက်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် မေလတွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ဆိုရန်တိုဗီလာ အဆောက်အအုံသို့ အသင်းတိုက်ကို ရွှေ့ပြောင်းခဲ့လေသည်။ ဆိုရန်တိုဗီလာ အမည်ကိုလည်း စာပေဗိမာန်ဟူ၍ မှည့်ခေါ် ခဲ့သည်။ အမှောင်ခွင်း၍ အလင်းဆောင်အံ့ဟူသော အသင်းဆောင်ပုဒ်ကိုလည်း သတ်မှတ်ခဲ့ကြလေသည်။ ထိုအချိန်က မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၌ပြုစု တည်းဖြတ်မှု လုပ်ငန်းများအဖြစ် လူထုအလင်းစာစဉ် လုပ်ငန်း၊ လူထုအိတ်ဆောင် စာစဉ် လုပ်ငန်း၊ လူထုတက္ကသိုလ်စာစဉ် လုပ်ငန်းဟူ၍ လုပ်ငန်းသုံးရပ်ကိုသာ ဆောင်ရွက်ခဲ့ကြ လေသည်။ လူထုအလင်းစာစဉ် လုပ်ငန်းမှာ ကမ္ဘာ့ယဉ်ကျေးမှု အရပ်ရပ်၊ ကမ္ဘာ့စာပေ ဗဟုသုတ အဖုံဖုံတို့ကို မြန်မာစာ ဖတ်တတ်သူတိုင်း ရယူနိုင်ရန် လွယ်ကူ ရှင်းလင်းစွာ မြန်မာပြန်ဆိုပြုစု ရေးသားရမည့် လုပ်ငန်းဖြစ်သည်။ လူထုအိတ်ဆောင် စာစဉ်လုပ်ငန်းမှာ လောလောဆယ် ပေါ်ပေါက်နေသည့် မြန်မာ့အခြေအနေ၊ ကမ္ဘာ့ အခြေအနေတို့ကို ပြည်သူ လူထုအဖို့ ဆင်ခြင်သုံးသပ်နိုင်ရန် အရေးပေါ် ထုတ်ဝေဖြန့်ချိရမည့် လုပ်ငန်းဖြစ်သည်။


လူထုတက္ကသိုလ် စာစဉ် လုပ်ငန်းမှာကား အခြေခံပညာ ရှိပြီးသူတိုင်း တက္ကသိုလ်ပညာ အရပ်ရပ်တို့ကို အလုပ်မပျက်၊ အိမ်မကွာ ဖတ်ရှုလေ့လာနိုင်စေရန် ပြုစုရေးသား ထုတ်ဝေရမည့် လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းများ အပြင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းတွင် ပြည်သူ လူထုအား သိပ္ပံပညာ အကြံ ဉာဏ်ပေးရန် အလို့ငှါ သိပ္ပံစာစဉ်လုပ်ငန်းဟူ၍ ရှိခဲ့သည်။ စာသင်ကျောင်းနှင့် တက္ကသိုလ်တို့တွင် ဆိုင်ရာ ဘာသာရပ်များကို မြန်မာ ဘာသာဖြင့် သင်ကြားပို့ချနိုင်ရန် ကျောင်းသုံးစာအုပ် ဘာသာပြန်ဆို ပြုစုရေးလုပ်ငန်းဟူ၍ ရှိလေသည်။ ထိုပြုစု တည်းဖြတ်မှု လုပ်ငန်း အသီးအသီးတို့ကို ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာနဟူ၍ ဌာနနှစ်ခု ခွဲလျက် ဆောင်ရွက်ခဲ့လေသည်။


ပြည်ထောင်စု မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်ပါလျက် စွယ်စုံကျမ်းဟူ၍ တစ်စောင်တစ်ဖွဲ့မျှ မရှိခြင်းမှာ တိုင်းကြီး ပြည်ကြီးတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ချို့ငဲ့လျက်ရှိကြောင်းကို အုပ်ချုပ်မှုကောင်စီက သတိပြုမိခဲ့လေသည်။ ထိုကြောင့် ၁၉၄၈ ခုနှစ် မေလ၌ပင် ရုပ်ပုံ၊ ဓာတ်ပုံ၊ မြေပုံပေါင်း မြောက်မြားစွာ ပါဝင်သော သရုပ်ပြ စွယ်စုံကျမ်းကြီး တစ်စောင် ပြုစုရန် ဆုံးဖြတ်ခဲ့ ကြလေသည်။ ဦးစွာ၌ ဆာဂျွန်ဟမ္မာတန် တည်းဖြတ်သော သရုပ်ပြ စွယ်စုံကျမ်းသစ် ဆယ်တွဲကို တိုက်ရိုက် ဘာသာပြန်ယူရန် စီမံခဲ့လေသည်။ သို့သော် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလတွင် တိုက်ရိုက်ဘာသာပြန်ဆိုခြင်းကို ရပ်စဲပြီးနောက် စွယ်စုံကျမ်း အစောင်စောင်တို့နှင့် ညှိနှိုင်း၍လည်းကောင်း၊ မြန်မာမှု အကြောင်းရပ်များကို ဖြည့်စွက်၍ လည်းကောင်း ပြုစုရေးသားခဲ့လေသည်။ မြန်မာ့စွယ်စုံကျမ်းအတွက် ဝိဇ္ဇာပညာဆိုင်ရာ အကြောင်းရပ်နှင့် မြန်မာမှုအကြောင်း ရပ်တို့ကို ဝိဇ္ဇာဌာနကလည်းကောင်း တာဝန်ယူ ပြုစုခဲ့ကြသည်။


စွယ်စုံကျမ်း တစ်စောင်တစ်ဖွဲ့ ပြုစုရသည့် လုပ်ငန်းမှာ ကျယ်ဝန်းလှသည်။ ထိုကြောင့် ဗဟုသုတစုံအကြောင်းရပ်ပေါင်း ၄…ဝဝဝ ကျော်၊ စာမျက်နှာပေါင်း ၇…ဝဝဝ ကျော်ပါဝင်မည့် စွယ်စုံကျမ်း ပြုစုရေးလုပ်ငန်းကို ကိုယ်ဖိရင်ဖိ၊ ဆောင်ရွက်နိုင်ရန် ၁၉၄၉ ခုနှစ်တွင် စွယ်စုံဌာနခွဲဟူ၍ သီးခြားဌာနတစ်ခု ဖွင့်ခဲ့လေသည်။ စွယ်စုံဌာနခွဲတွင် ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာနတို့မှ ပြုစုပေး ပို့သော စာမူများတွင် စိစစ်၍၊ ဝေါဟာရ အသံလှယ်ညှိခြင်း၊ သတ်ပုံ သတ်ညွှန်း ညှိခြင်း၊ ဗဟုသုတ စစ်တမ်းနှင့် ဖတ်ချင်ဖွယ်ရာ အဖြာဖြာ အခန်းတို့ကို ပြုစုခြင်း၊ စာမူဆိုင်ရာ ရုပ်ပုံ၊ ဓာတ်ပုံ၊ မြေပုံများ ရှာဖွေခြင်း၊ ခေါင်းစည်းအတွက် စာသား၊ ရုပ်ပုံအတွက် စာသား ရေးသားခြင်းစသည့် လုပ်ငန်းတို့ကို ဆောင်ရွက်ရလေသည်။

ထိုသို့ အဆင့်ဆင့် ပြင်ဆင်ပြီးသော စာမူနှင့် ရုပ်ပုံဓာတ်ပုံတို့ကို ဗိလတ်ရှိ ဟေဇယ်ဝပ်ဆင် ဗိုင်းနေလီမိတက် ပုံနှိပ် တိုက်သို့ပို့၍ ပုံနှိပ်ခြင်း ကိစ္စကိုလည်း စွယ်စုံဌာနခွဲက တာဝန်ယူ ဆောင်ရွက်ရသည်။မြန်မာ့စွယ်စုံကျမ်းကို ကအကြောင်းရပ်မှ အကြောင်းကြောင်းအရပ်အထိ ကျမ်းအတွဲ ၁၄ တွဲ ပုံနှိပ်ထုတ်ဝေရန် ခန့်မှန်းထားလေသည်။ ယခုအထိ စွယ်စုံကျမ်း အတွဲ ၁ (၁၉၅၄)၊ အတွဲ ၂ (၁၉၅၅)၊ အတွဲ ၃ (၁၉၅၆)၊ အတွဲ ၄ (၁၉၆ဝ)နှင့် အတွဲ ၅ (၁၉၆၁)တို့ကို ဗိလတ်တွင် ပုံနှိပ်၍ ပြည်သူလူထု လက်သို့ ဖြန့်ချိထုတ်ဝေခဲ့ပြီးလျှင် အတွဲ ၆ (၁၉၆၂)၊ အတွဲ ၇ (၁၉၆၃)၊ အတွဲ ၈ (၁၉၆၃)၊ အတွဲ ၉ (၁၉၆၄)နှင့် ဤအတွဲ ၁ဝ တို့ကို မြန်မာနိုင်ငံ (စာပေဗိမာန် ပုံနှိပ်တိုက်)၌ ပုံနှိပ်ဖြန့်ချိခဲ့သည်။ ကျန်အတွဲများကို ဆက်တိုက် ထုတ်ဝေသွားနိုင်ရန် အားသွန် ကြိုးပမ်းလျက် ရှိသည်။

ထိုသို့ မြန်မာ့စွယ်စုံကျမ်းတွဲများ ဆက်တိုက် ထုတ်ဝေသွားနိုင်ရန် အတွက်လည်း ၁၉၅၇ ခုနှစ်တွင် အထွေထွေ ဝိဇ္ဇာဌာနနှင့် စွယ်စုံဌာနခွဲတို့ကို မြန်မာ့စွယ်စုံဌာန အဖြစ် ပူးပေါင်း လိုက်လေသည်။ မျက်မှောက်ခေတ်တွင် သိပ္ပံပညာဘက်၌ အံ့ဩလောက် အောင် တိုးတက်လျက် ရှိသဖြင့် ခေတ်နှင့် ရင်ပေါင်တန်း လိုက်နိုင်ရန် လူတိုင်း သိပ္ပံပညာကို တီးမိခေါက်မိဖို့ လိုအပ်လေသည်။ ထိုအချက်ကို ဂရုပြုမိသော အုပ်ချုပ်မှုကောင်စီက အထွေထွေ သိပ္ပံဌာနမှ သိပ္ပံစာစဉ် အမည်ဖြင့် လူထုအား သိပ္ပံပညာ အသိဉာဏ် ပေးသော စာအုပ်ငယ်များကို တာဝန်ယူ ပြန်ဆိုစေခဲ့လေသည်။ ၁၉၅၁ ခုနှစ် ကုန်ခါနီးတွင် နှစ်ငါးဆယ်စာစဉ်ဟူ၍ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၅ဝ ပြည့်နှစ်အထိ နှစ်ပေါင်း ၅ဝ အတွင်း ကမ္ဘာပေါ်တွင် အဖြစ်အပျက် ဟူသမျှကို ရုပ်ပုံဓာတ်ပုံတို့နှင့်တကွ မှတ်တမ်းတင်ထားသော စာစဉ်ကို ပုံနှိပ် ထုတ်ဝေရန် အထွေထွေ သိပ္ပံဌာနနှင့် အထွေထွေ ဝိဇ္ဇာဌာနအား တာဝန် ပေးအပ်ခဲ့လေသည်။ ထိုစာစဉ်တို့ကို နယ်သာလန် နိုင်ငံ၌ ပုံနှိပ်သည်။

၁၉၅၇ ခုနှစ်တွင် အထွေထွေ သိပ္ပံဌာနကို လူထုသိပ္ပံဌာနဟူ၍ အမည်ပြောင်းပြီးလျှင် သိပ္ပံစွယ်စုံကျမ်းတစ် စောင်ကို လူထုသိပ္ပံအမည်ဖြင့် အုပ်တွဲ ၃ဝ ကျော် ပြုစုထုတ်ဝေရန် တာဝန်ပေးခဲ့သည်။ ထိုကျမ်းသည်လည်း မြန်မာစွယ်စုံကျမ်း ကဲ့သို့ပင် အရေးကြီးသော ကျမ်းဖြစ်ပေသည်။

နိုင်ငံတော် အစိုးရ၏ ဘဝသစ် ဖန်တီးမှု[ပြင်ဆင်ရန်]

ပညာရေးစီမံကိန်းတွင် ကျောင်းသုံးစာအုပ် ပြဿနာတစ်ရပ် ဖြစ်သည့် အားလျော်စွာ ပညာရေးဝန်ကြီးဌာနသည် ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် ကျောင်းသုံး စာအုပ်ထုတ်လုပ်မှု ညွှန်ကြားရေး ဝန်ကြီးဌာနကို ဖွင့်ခဲ့လေသည်။ ထိုနှစ်မှာပင် ဘာသာပြန် စာပေအသင်း၌လည်း ရိုးရိုး စာသင်ကျောင်းနှင့် သက်မွေးမှု ကျောင်းများအတွက် ကျောင်းသုံး စာအုပ်များ ထုတ်ဝေရန် ကျောင်းသုံးစာအုပ် ဌာနကို ဖွင့်ခဲ့လေသည်။ သူငယ်တန်းမှ တက္ကသိုလ်အထိ ဘာသာရပ် များကို မြန်မာဘာသာဖြင့် သင်ကြားပိုချနိုင်ရန် ကြိုးပမ်းရာ၌ အကြီးဆုံး ပြဿနာမှာ ကျောင်းသုံး စာအုပ်များ အလုံ အလောက် ရရှိရေးပင်ဖြစ်သည်။

ထိုကြောင့် ဘာသာပြန် စာပေအသင်းနှင့် အစိုးရ ပညာရေး ဌာန၊ ကျောင်းသုံးစာအုပ် ထုတ်လုပ်မှု ညွှန်ကြားရေးဝန်ဌာနတို့ တွဲဘက်၍ ကျောင်းသုံးစာအုပ်များ ဘာသာပြန်ဆို ပြုစုရေးကို ဆောင်ရွက်ခဲ့ကြလေသည်။ ကျောင်းသုံးစာအုပ် ဌာနသည် ပြင်ပ ပညာရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ကာ သက်မွေးမှု ပညာစာအုပ်များကိုလည်း ထုတ်ဝေခဲ့လေသည်။ယခုအခါ စာသင်ကျောင်းများနှင့် သက်မွေးမှုကျောင်းတို့တွင် စာပေဗိမာန်ထုတ် ကျောင်းသုံးစာအုပ်များကို သုံးစွဲလျက် ရှိကြောင်း တွေ့မြင်နေရလေပြီ။


ပြည်ထောင်စုသားတို့တွင် ကာယ ဗလ၊ ဉာဏ ဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ တည်းဟူသော ဗလငါးတန်နှင့် စပ်လျဉ်း၍ အကျိုးဖြစ်ထွန်းစေမည့် အကြံဉာဏ်ကောင်းများကို မှတ်ယူ ကျင့်သုံးနိုင်စေရန် ဟူသော စေတနာဖြင့် စာပေဗိမာန် မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့လေသည်။ မဂ္ဂဇင်းဌာနကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့် ပြီးလျှင် ပထမဦးဆုံး စာပေဗိမာန် လစဉ်မဂ္ဂဇင်းကို ၁၉၅၂ ခုနှစ် ဇွန်လ၌ ထုတ်ဝေဖြန့်ချိခဲ့လေ သည်။ ထိုမဂ္ဂဇင်းတွင် လူတန်းစား အမျိုးမျိုးနှင့် ဆီလျော်မည့် ဗဟုသုတဆိုင်ရာ ပညာရပ်အမျိုးမျိုး ပါဝင်သော ဆောင်းပါး များကို အထူးစိစစ် ရွေးချယ်ထည့်သွင်းခဲ့လေသည်။ အထက်ဖော်ပြပါ စာတည်းဌာန လေးဌာနအပြင် ပြည်သူ့လက်စွဲစာစဉ် ဌာနသစ်တစ်ခုကို တိုးချဲ့ခဲ့လေသည်။ ထိုဌာန၏ လုပ်ငန်းမှာ နိုင်ငံတော်အတွင်းရှိ စာတတ်စ လူကြီးလူငယ်တို့နှင့် သင့်လျော်သော စာအုပ်များကို ထုတ်ဝေရန်နှင့် ထိုပုဂ္ဂိုလ်တို့ စာဖတ် ဝါသနာရင့်သန် လာစေခြင်းဖြင့် စာဖတ်ပရိသတ်နယ်ကို ချဲ့ထွင်ရန် ဖြစ်လေသည်။ ယင်းဌာနသည် အဖတ်ရအလွယ်ဆုံး စာအုပ်ငယ်များကို အပေါဆုံး ဈေးနှုန်းဖြင့် ထုတ်ဝေ ဖြန့်ချိရန် ရည်ရွယ်သည်။

၁၉၅၉ ခုနှစ်တွင် မဂ္ဂဇင်းထုတ်ဝေခြင်းကို ရပ်ဆိုင်းထားပြီးလျှင် ပြည်သူ့လက်စွဲ စာစဉ်များကို အဆက်မပြတ် ပုံနှိပ်ထုတ်ဝေလျက် ရှိလေသည်။ ထိုသို့ ဌာနအသီးအသီးခွဲ၍ လူထုအား ပညာဗဟုသုတတိုးပွားစေမည့် စာပေလုပ်ငန်းကို ဆောင်ရွက် ကြရာ၌ အရေးအကြီးဆုံးအချက်မှာ အသင်းကြီး၏ ရည်ရွယ်ချက်မူကို တိကျစွာ လိုက်နာရမည် ဖြစ်လေသည်။ ထိုကြောင့် စာပြုစာတည်း လုပ်ငန်း အရပ်ရပ်တို့ကို (ညွှန်ကြား) ထိန်းသိမ်းရန် စီမံကိန်း အဖွဲ့ဟူ၍လည်းကောင်း၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့၊ လူထုသိပ္ပံကျမ်း စီစဉ်ရေးအဖွဲ့၊ နိုင်ငံသမိုင်း အကြံပေးအဖွဲ့၊ ကျောင်းသုံးစာအုပ်အဖွဲ့၊ မဂ္ဂဇင်းအကြံပေးအဖွဲ့ ဟူ၍ လည်းကောင်း ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်သော အကြံပေးအဖွဲ့များ ဖွဲ့စည်းထားရှိလေသည်။ ပုံနှိပ်ထုတ်လုပ်ရေးအကြံပေးအဖွဲ့၊ အရောင်းဌာန အကြံပေးအဖွဲ့၊ ငွေစာရင်းဌာန အကြံပေးအဖွဲ့ စသည်ဖြင့် အသင်းကြီး၏ လုပ်ငန်းကျယ်ပြန့် လာသည်နှင့်အမျှ လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့များကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့လေ သည်။


စာအုပ်စာတမ်းများကို ပြုစုရာ၌ အကြောင်းရပ်ဆိုင်ရာ အချက်အလက် အထောက်အထား သေချာရမည်၊ စုံလင်ရမည်။ စာပေဗိမာန်ကဲ့သို့ စာပေကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်ဝေဖြန့်ချိသော ဌာနမျိုးတွင် ထုတ်နုတ်ကိုးကားနိုင်သည့် ရည်ညွှန်းစာကြည့်တိုက် ရှိရမည်ဖြစ်သည်။ ထိုကြောင့် စာတည်းဌာန စာကြည့်တိုက်ကို အသင်းတည်ထောင်စကပင် ဖွင့်ခဲ့လေသည်။ စာတည်း ဌာနစာကြည့်တိုက်သည် စာအုပ်ကို ပြင်ပသို့ ငှားရမ်းခြင်းမပြု၊ ရုံးတွင်း၌သာ အသုံးပြုရသည့် ရည်ညွှန်းစာကြည့်တိုက် သက်သက်ဖြစ်ပေသည်။ တစ်ဖန် စာပေ ပြုစုရာ၌လည်းကောင်း၊ ဘာသာပြန်ရာ၌လည်းကောင်း ဝေါဟာရနှင့် အသံလှယ် စကားလုံးများ အညီအညွတ် ရှိရန်လိုအပ်လေသည်။ ထိုကြောင့် ၁၉၅ဝ ပြည့်နှစ်မှစ၍ ဝေါဟာရဘဏ် လုပ်ငန်းကို စတင်ခဲ့လေသည်။ ယင်းလုပ်ငန်းအတွက် ဌာနသီးခြား ဖွင့်၍ ပညာရပ်အမျိုးမျိုးမှ ဝေါဟာရများကို စုဆောင်းခြင်း၊ ဘာသာစကား ကျွမ်းကျင်သူ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ၊ ပညာရှင် ပုဂ္ဂိုလ်များပါဝင်သော သုခမိန် အစည်းအဝေးများ၌ တင်ပြ၍အဆုံးအဖြတ် ယူခြင်း၊ ပညာရပ် အလိုက်ခွဲ၍ ကပ်ပြားတင်ခြင်း အစရှိသော လုပ်ငန်းတို့ကို ဆောင်ရွက်ရလေသည်။စာပေဗိမာန် ဝေါဟာရဘဏ်သည် အသင်းအကျိုးတစ်ခုတည်း အတွက် သက်သက်မဟုတ်ဘဲ တိုင်းပြည်အကျိုးအတွက်လည်း ဖြစ်ပေသည်။

တစ်ဖန် ၁၉၅၅ ခုနှစ် ဇူလိုင်လတွင် သုတေသနဌာနဟူ၍ ဌာနသစ်တစ်ခုတိုး၍ ဖွင့်ခဲ့လေသည်။ ထိုဌာန၏ လုပ်ငန်းမှာ ဘာသာပြန် စာပေအသင်းထုတ် စာအုပ်များသည် စာဖတ်သူ စာဖတ်လိုသူတို့အား ပညာပေးရာတွင် မည်မျှအောင်မြင် ထိရောက်သည်ကို အကဲဖြတ် လေ့လာရန်နှင့် မြန်မာနိုင်ငံတွင် စာအုပ်ထုတ်ဝေမှု၌ အထိရောက်ဆုံး အခြေခံမူ တစ်ရပ်ကို စာအုပ်ထုတ်လုပ်ငန်း ဆောင်ရွက်နေသူတိုင်းအတွက် စူးစမ်းလေ့လာရန် ဖြစ်လေသည်။သုတေသနဌာနသည် စာပေဗိမာန်ထုတ် စာအုပ်များကိုသာမက ပြင်ပပုံနှိပ်တိုက်တို့မှ ထုတ်သော စာအုပ်များကိုပါ ကျေးလက်တောရွာရှိ လူထုအား ဖတ်ရှုစေပြီးလျှင် ယင်းတို့၏ ထင်မြင်ယူဆပုံ၊ နားလည် သဘောပေါက်ပုံတို့ကို စနစ်တကျ လေ့လာသည်။ သာမန်အားဖြင့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ဘာသာပြန် လုပ်ငန်းချည်းသက်သက် ဆောင်ရွက်နေသော အသင်းဟု အများကပင် ယူဆကြသည်။ ထိုသို့ကား မဟုတ်ချေ။ လူထု၏ပညာရေး တိုးပွားကောင်းမွန်လာမှုနှင့် ပညာတတ် အဆင့်အတန်း မြင့်တက်လာမှုကို ရှေးရှု၍ မြန်မာစာပေနှင့် မြန်မာအနုပညာရပ်များကို စူစမ်းရှာဖွေရန်၊ သို့မဟုတ် စူးစမ်းရှာဖွေမှုကို အားပေးရန်ဟူသော အချက်သည် ဘာသာပြန်စာပေအသင်း၏ ရည်ရွယ်ချက် တစ်ရပ်ဖြစ်သည်။ ယင်းအချက်ကို အသင်း၏ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အတိအလင်းဖော် ပြပါရှိလေသည်။ ထိုကြောင့် ဘာသာပြန် စာပေအသင်းသည် မြန်မာစာပေ ထိန်းသိမ်းပျိုးထောင်မှု၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်မှုတို့ကိုလည်း အားပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စာပေဗိမာန်သည် ပြည်သူလူထုအား ပညာမျက်စိပေးရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော အဖွဲ့အစည်း တစ်ရပ်ဖြစ်ရာ၊ ပြည်သူလူထုအား မြန်မာ့စာပေအမြင်မျက်စိ၊ မြန်မာ့ယဉ်ကျေးမှု အမြင်မျက်စိ ရှိအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိလေသည်။ ဤသည်ပင် မြန်မာ့စာပေ၊ မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းသည် မည်ပေသည်။ သို့ဖြစ်၍ ဘာသာပြန်စာပေ အသင်းတည်ထောင်စ ကနဦးကပင် စာပေ ပြုစုထုတ်ဝေမှု လုပ်ငန်းနှင့်အတူ စာပေဗိမာန်ဆုဟူ၍ စာပေဆုတစ်ရပ် တီထွင်ချီးမြှင့်မှု လုပ်ငန်းကိုလည်း စီစဉ်ခဲ့လေသည်။


စာပေဗိမာန်ဆုကို ခုနှစ်မျိုးခွဲ၍ ချီးမြှင့်ခဲ့လေသည်။ ထိုဆုခုနှစ်မျိုးမှာ ကာလပေါ်ဝတ္ထုဆုသုတပဒေသာဆုဝတ္တုတိုပေါင်းချုပ်ဆုကဗျာပေါင်းချုပ်ဆုနှင့်ပြဇာတ်ဆုတို့ဖြစ်သည်။ ထိုဆုများကို ချီးမြှင့်ရန် ပြက္ခဒိန်နှစ် တစ်နှစ် အတွင်း ထုတ်ဝေသမျှ စာအုပ်စာတမ်းများကို အသင်းမှ စာပေဗိမာန်ဆု ရွေးချယ်ရေးအဖွဲ့သို့ တင်ပြရသည်။ထိုဆုရွေးချယ်ရေး အဖွဲ့က ဆုချီးမြှင့်ထိုက်သည့် စာအုပ်အသီးအသီးကို ရွေးချယ်လေသည်။ ဆုငွေများမှာ ကာလပေါ်ဝတ္ထုဆုအတွက် ကျပ်ငွေ ၁…ဝဝဝ၊ ဘာသာပြန်ဆုအတွက် ကျပ်ငွေ ၇၅ဝ၊ စာပဒေသာဆုအတွက် ကျပ်ငွေ ၁…ဝဝဝ၊ သုတ ပဒေသာဆုအတွက် ကျပ်ငွေ ၁…ဝဝဝ၊ ကဗျာ ပေါင်းချုပ်ဆုအတွက် ကျပ်ငွေ ၁…ဝဝဝနှင့် ပြဇာတ်ဆုအတွက် ကျပ်ငွေ ၁…ဝဝဝ အသီးအသီး ဖြစ်သည်။ ကာလပေါ်ဝတ္ထုဆုကို ၁၉၄၉ ခုနှစ်မှစ၍ ချီးမြှင့်ခဲ့လေသည်။ ( စာပေဗိမာန်ဆုရ စာအုပ်များ --- ။)

ထိုသို့ စာပေဆုများ ချီးမြှင့်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု ဟောပြောပွဲများကိုလည်း စာပေဗိမာန်က ဦးဆောင် ကျင်းပခဲ့လေသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော မပျောက်ပျက်စေရန်လည်းကောင်း၊ ထိုယဉ်ကျေးမှု အနုပညာရပ်များကို စူးစမ်း ရှာဖွေစုဆောင်းကြသော ပညာရှင်တို့ကို ချီးမြှင့် အားပေးရန်လည်းကောင်း၊ ထိုပညာရှင်တို့က တိုင်းပြည်လူထုအား ပညာအမွေပေးနိုင်ခဲ့စေရန် လည်းကောင်း ၁၉၅၃ ခုနှစ်မှစ၍ စာပေဗိမာန် ယဉ်ကျေးမှု ဟောပြောပွဲများကို စတင်ကျင်းပခဲ့လေသည်။ ထိုဟောပြောပွဲများကို ပြည်လမ်း စာပေဗိမာန်ဝင်းအတွင်းရှိ လေဟာပြင် ဇာတ်ခုံတွင် ကျင်းပဟောပြောခဲ့သည်။ ဟောပြောချက်များကိုလည်း ယဉ်ကျေးမှုစာစဉ်အမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့လေသည်။ ထိုပြင် မြန်မာ့ယဉ်ကျေးမှု၏ တစ်စိတ်တစ်ဒေသဖြစ်သော မြန်မာ့ဇာတ်သဘင်ကပွဲများကိုလည်း စီစဉ်ကျင်းပခဲ့လေသည်။ ထိုကပွဲများတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်မြို့ ပန်တျာကျောင်း၊ မန္တလေးမြို့ ပန်တျာကျောင်းစသော အနုပညာ အဖွဲတို့မှ မြန်မာ့ သဘင်အနုပညာစွမ်းကို ဖော်ထုတ် ကပြခဲ့ ကြလေသည်။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ လာရောက်သော ဇာတ်သဘင် အဖွဲ့များကိုလည်း စာပေဗိမာန် လေဟာပြင် ဇာတ်ခုံ၌ ကပြစေခဲ့လေသည်။

စာပေဗိမာန်သည် အထက်ကဖော်ပြခဲ့သည့်အတိုင်း မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပေးရုံကာမျှဖြင့် ကျေနပ်နှစ်သိမ့်၍ မနေဘဲ ပျိုးထောင်မှုလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ခဲ့လေသည်။ ဤသို့ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် ပျိုးထောင်မှုလုပ်ငန်းတွင် အကျုံးဝင်လျက် ရှိပေသည်။ စာကြည့်တိုက်သည် တိုင်းပြည် လူထုသို့ ပညာပေးရာ၌ အရေးပါ အရာရောက်၍ မရှိမဖြစ်သော အဖွဲ့အစည်း ဖြစ်လေသည်။ စာပေဗိမာန်မှ ပြုစု ဖြန့်ချိသည့် ပညာပေး စာအုပ်စာတမ်းများ သည်လည်း စာကြည့်တိုက်မှ တစ်ဆင့် လူထုလက်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ စာကြည့်တိုက်များတွင် စည်းကမ်း စနစ် ကျနသော စီမံအုပ်ချုပ်မှု တည်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် စာကြည့်တိုက် သင်တန်းများကို စာပေဗိမာန်က ကြီးမှူးဖွင့်လှစ်ခဲ့လေသည်။ ယခုအခါ နိုင်ငံနှင့်အဝန်း စာဖတ်သူ ဦးရေတိုးပွားများပြား လာသည့်နှင့်အမျှ စာအုပ် စာတမ်းများကို ရိုက်နှိပ် ထုတ်ဝေသော ပုံနှိပ်တိုက်များလည်း ပေါ်ပေါက်ခဲ့လေသည်။ သို့ရာတွင် ပုံနှိပ်တိုက်တို့၌ ကျွမ်းကျင်သူ ပုံနှိပ်အလုပ်သမား ရှားပါးကြောင်း သိရှိရသောကြောင့် ၁၉၅၄-၅၅ ခုနှစ်အတွင်း စာပေဗိမာန်က စာပုံနှိပ်သင်တန်းများကို ဖွင့်လှစ် ပို့ချခဲ့လေသည်။ သင်တန်းများကို စာစီသင်တန်း၊ စက်ရိုက်သင်တန်း၊ စာအုပ်ချုပ်သင်တန်း၊ ဗလောက်သင်တန်းဟူ၍ သင်တန်းလေးမျိုးခွဲလျက် သင်ကြားပေခဲ့လေသည်။


ထိုနောက် စာပေဗိမာန်ထုတ် စာအုပ်စာတမ်းများကို တတ်နိုင်သရွေ့ အသုံးပြုကာ ပညာလိုလားသည့် အမျိုးသား အမျိုးသမီးတို့ကို ကျေးဇူးရှိစေမည့် ခေတ်မီပညာရပ်များ သင်ကြားပို့ချရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပညာပြန့်ပွားရေး သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့လေသည်။ ထိုသင်တန်းများတွင် လူမှုရေး အခြေအနေပြောင်းလဲ တိုးတက်သည်နှင့်အမျှ ယင်းအခြေအနေနှင့် လိုက်လျောစွာ ကျင့်သုံးစေနိုင်ရန် ကမ္ဘာ့ရေးရာ၊ ဘောဂဗေဒ၊ စိတ်ပညာနှင့် လူမှုရေးရာ၊အုပ်ချုပ်မှုပညာ၊ သိပ္ပံပညာနှင့် လူ့လောက စသော အထွေထွေ ဗဟုသုတတို့ကို သင်ကြားပို့ချပေးလေသည်။ ထိုမျှသာမကသေး ဗဟုသုတဖြစ်စေသော စာအုပ်များကို ဈေးအသက်သာဆုံးနှုန်းဖြင့် စာပေဝါသနာပါသူများထံသို့ ရောက်စေရန် အဓိကအားဖြင့် ရည်ရွယ်လျက် ၁၉၆ဝ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့မှအစပြု၍ စာပေဗိမာန်စာအုပ် အသင်းကို တည်ထောင်ခဲ့သည်။ စာအုပ် အသင်းဝင်များသည် တစ်နှစ်လုံးအတွက် ငွေတစ်ဆယ်ထည့်ရုံမျှဖြင့် လစဉ်နောက်ဆုံးထုတ် ငါးမူးတန် ပြည်သူ့လက်စွဲ စာအုပ်နှစ်အုပ်၊ လေးလတစ်ကြိမ် တစ်ကျပ်တန်ပြည်သူ့လက်စွဲ နောက်ဆုံးထုတ်တစ်အုပ် စုစုပေါင်း တစ်ဆယ့်ငါးကျပ် တန်ဖိုးရှိသော စာအုပ်များကို အိမ်တိုင်ယာရောက် ရရှိ၍၊ ထိုစာအုပ်များ စာအုပ်ဆိုင်များသို့ မရောက်မီ ဦးဦးဖျားဖျား ဖတ်ရသည့် အခွင့်အရေးရရှိသည်။ ထိုပြင် အခါအားလျော်စွာ စာပေဗိမာန်မှ ထုတ်ဝေဖြန့်ချိသည့် အချို့ စာအုပ်များကိုလည်း မေတ္တာလက်ဆောင်အဖြစ် ရရှိသည်။ ၁၉၆၆ ခုနှစ်အထိ စာအုပ်အသင်းဝင်ပေါင်းမှာ ၄၈၁ဝ ဖြစ်၏။ သတင်းစာသည် တိုင်းပြည်ကို ရှေ့ဆောင်သည့် အဖွဲ့အစည်း ဖြစ်ပေသည်။ ထိုကြောင့်ပင် သတင်းစာကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဟု ဆိုကြခြင်းဖြစ်သည်။ စာပေဗိမာန်သည် သတင်းစာ လောကကို တိုင်းပြည်၏ အားကိုးအားထား ဖြစ်စေလိုသည့် ဆန္ဒဖြင့် မြန်မာနိုင်ငံသတင်းစာ ဆရာများ အသင်းနှင့် ပူးတွဲ၍ သတင်းစာ သင်တန်းကို ဖွင့်လှစ်ခဲ့လေသည်။ ပထမအကြိမ် သတင်းစာ သင်တန်းကို ၁၉၅၆-၅၇ ခုနှစ်အတွင်းက ဖွင့်ခဲ့လေသည်။ ထိုသင်တန်းများတွင် သတင်း ထောက်လှမ်းနည်း၊ သတင်း တည်းဖြတ်နည်း၊ သတင်းစာဆိုင်ရာ ဥပဒေ၊ ပုံပြ သရုပ်ဖော်နည်း၊ ကြော်ငြာလုပ်ငန်း၊ ကမ္ဘာ့ သတင်းစာသမိုင်း စသည့် ပညာရပ်များကို ပို့ချပေးခဲ့လေသည်။ ဈေးနှုန်းသတင်း ယူနည်း၊ ရဲနှင့်သတင်းစာ ဆက်ဆံရေး ပညာတို့ကိုလည်း သင်ကြား ပို့ချခဲ့သည်။

တစ်ဖန် လူထုအတွက် ပညာရှာမီးရာ ခေတ်မီပြည်သူ့ စာကြည့်တိုက် တစ်တိုက်လည်း ရှိအပ်သည်ဟု ယူဆသဖြင့် မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်းအုပ်ချုပ်မှုကောင်စီက စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်ကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ လေသည်။ ထိုကြောင့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ၁၉၅၆ ခုနှစ် မတ်လ အတွင်းက ဖွင့်လှစ်ခဲ့လေသည်။ ပြည့်သူ့ စာကြည့်တိုက်တွင် ပြည်သူလူထု တစ်ရပ်လုံးမှ လူကြီး လူရွယ် လူလတ်ပိုင်းတို့သာမက ကလေးသူငယ်များ စာဖတ်အလေ့ အထနှင့် အခြေခံဗဟုသုတရင့်သန်စေရန် ဟူသောရည်ရွယ်ချက်ဖြင့် ကလေးရိပ်သာ ကလေး စာကြည့်တိုက်တို့ကိုလည်း ဖွင့်လှစ်ခဲ့လေသည်။ ပြည်သူ့ စာကြည့်တိုက်နှင့် ကလေးစာကြည့်တိုက်တွင် စာအုပ်များ ထားရှိရန်အတွက် အနည်းဆုံး ငွေကျပ် ၂ဝ…ဝဝဝ အထိ အသုံးပြုရန် အသင်းကောင်စီမှ ခွင့်ပြုခဲ့လေသည်။ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် လုပ်ငန်းတွင် ကလေးရိပ်သာမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်ပေသည်။ ကလေးသူငယ်တို့၏ တီထွင်လိုစိတ်၊ သိလိုစိတ်၊ တတ်လိုစိတ်ကို စာပေပညာဖြင့် ပြုစု ပျိုးထောင်ပေးရန် လိုပေသည်။ ကလေးသူငယ်တို့၏ ပင်ကိုယ်ဝါသနာ စရိုက်အလိုက်တိုးတက် ကြီးပွားခြင်း လမ်းစကို ခေတ်မီနည်းများဖြင့်လည်း ဖော်ထုတ် ပေးရန် လိုပေသည်။ ကလေး သူငယ်တို့၏ အပေါင်းအဖော်စိတ်၊ ကူညီယိုင်းပင်းလိုစိတ်၊ ပူးပေါင်း ဆောင်ရွက်လိုစိတ်တို့ကို စုပေါင်းညီညာစွာ ပြုလုပ်ခြင်းဖြင့်လည်း ဖော်ထုတ်ပေးရန် လိုပေသည်။ ထိုရည်ရွယ်ချက်များဖြင့် ကလေးရိပ်သာကို ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်လေသည်။

စာပေဗိမာန်ထုတ် စာအုပ်များအနက် မြန်မာ့စွယ်စုံကျမ်းအချို့ကို အင်္ဂလန်၌လည်းကောင်း၊ နှစ်ငါးဆယ်စာစဉ် စာအုပ်နှင့်လူထုသိပ္ပံ ကျမ်းတို့ကို နယ်သာလန်နိုင်ငံ၌လည်းကောင်း ပုံနှိပ်လေသည်။ ကျန်စာအုပ်များကို မြန်မာနိုင်ငံတွင် အထူးသဖြင့် စာပေဗိမာန်ပုံနှိပ်ဌာန၌ ရိုက်နှိပ်ခဲ့လေသည်။ စာအုပ်စာတမ်း ပြုစုထုတ်ဝေရာ၌ ရေးသားပြုစုအပ်သော ပညာနှင့် သင့်လျော်အောင် စာအုပ်ထုတ်လုပ်မှု၌ သပ်ယပ်ဖို့ လိုပေသည်။ စာဖတ်သူ၏ စိတ်ကို ဆွဲဆောင်နိုင်ရပေမည်။

၁၉၄၇ ခုနှစ်တွင် ဘာသာပြန် စာပေအသင်းကို စတင်တည်ထောင်ပြီးနောက် ၁၉၄၈ ခုနှစ်မှစ၍ စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ရာတွင် စာပေဗိမာန်၌ ပုံနှိပ်စက်မရှိခဲ့ချေ။ စာအုပ်များကို ပြင်ပပုံနှိပ်တိုက်များတွင် အပ်နှံ၍ ရိုက်နှိပ်ခဲ့ရလေသည်။အသင်းပိုင် ခေတ်မီပုံနှိပ်ဌာနတစ်ခု တည်ထောင်ရန် ရည်မှန်းချက်ရှိသည့် အလျောက် ၁၉၄၉-၅ဝပြည့်နှစ် အတွင်းက တစ်ပတ်ရစ် စက်ကြီးနှစ်လုံးနှင့် စက်ကလေးတစ်လုံးကိုဝယ်ယူ၍ စာပေဗိမာန် ပုံနှိပ်ဌာနကို တည်ထောင်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ချန်ဒလာပုံနှိပ်စက် သုံးလုံးကို မှာကြား ဝယ်ယူခဲ့လေသည်။

၁၉၅၂ ခုနှစ်သို့ ရောက်သောအခါ တီ စီ အေ ထောက်ပံ့မှု အစီအစဉ်အရ ရှစ်သိန်းကျော်တန် ပုံနှိပ်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းကိရိယာများကို အမေရိကန် အစိုးရထံမှ ရရှိခဲ့လေသည်။ တီ စီ အေ သည် စက်ကိရိယာရရှိရေး၊ ပုံနှိပ်လုပ်ငန်း ပညာတော်သင်များအတွက် ပညာသင်စရိတ် ထောက်ပံ့ရေးနှင့် လိုအပ်သော အကြံဉာဏ်ပေးရန် ပုံနှိပ်ဘက် ပါရဂူတစ်ဦး ရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့လေသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် မပေါ်ပေါက်ဘူးသေးသည့် ပထမဦးဆုံးတီထွင်အောင်မြင်ခဲ့သော မိုနိုစာစီစက်၊မိုနိုစာစီသွန်းစက်တစ်လုံး၊ မိုနိုဆူပါကာစတာတစ်လုံး မီလီတုံးလုံးစက် တစ်လုံး၊ အခြားစာပုံနှိပ်စက် နှစ်လုံး၊ ခေါက်စက်တစ်လုံး၊ နန်းချုပ်စက်တစ်လုံး၊ ကြိုးချုပ်စက်တစ်လုံး၊ အဖုံး လုပ်စက်တစ်လုံးနှင့် စာစီဌာနဆိုင်ရာ ပစ္စည်းကိရိယာတို့ကို ရရှိခဲ့လေသည်။ ပုံနှိပ်ဘက် ပါရဂူတစ်ဦးကိုလည်း ရရှိခဲ့လေသည်။ ပုံနှိပ်လုပ်ငန်း ပညာတော်သင်များကိုလည်း အင်္ဂလန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့သို့ စေလွှတ်ခဲ့ရလေသည်။ တီ စီ အေမှ ပေးအပ်သော စက်များအပြင် မိုနိုစာစီစက်တစ်လုံး၊မိုနိုစာစီသွန်းစက် နှစ်လုံးနှင့် ကယ်လီ ၃ စက်ကြီး တစ်လုံး၊ မီလီဗာတီကယ် ၅ဝ တစ်လုံး၊ မီလီ-၄၆ နှစ်ရောင်ရိုက်စက်ကြီးတစ်လုံးကို အသင်းမှ ထပ်မံ ဝယ်ယူခဲ့လေသည်။ ဗလောက်ဌာနတစ်ခုကိုလည်း ဖွင့်ခဲ့သည်။


၁၉၅၆ခုနှစ်တွင် ကုလသမဂ္ဂယူနက်စကိုအဖွဲ့၏ အထောက်အပံ့ဖြင့် ရောက်ရှိလာသော စာအုပ် ထုတ်လုပ်ရေး ပါရဂူ၏ အကြံပေးချက်အရ စာအုပ် ထုတ်လုပ်မှုဌာနဟူ၍ စာမူတစ်ခုမှ စာအုပ်တစ်အုပ်အဖြစ်သို့ ရောက်သည်အထိ ဆောင်ရွက် ရသော ဌာနတစ်ခုကို ဖွဲ့စည်းခဲ့လေသည်။ ထုတ်လုပ်မှုဌာနအောက်တွင် စက်ရုံဌာနခွဲ၊ ပန်းချီနှင့်သရုပ်ဖော်ဌာနခွဲ၊ တန်ဖိုးတွက် ဌာနခွဲဟူ၍ သီးခြားဌာနခွဲများ ရှိလေသည်။ စက်ရုံဌာနခွဲတွင် လက်စာစီစက်စာစီဌာနစိတ်၊ ဗလောက်ဌာနစိတ်၊စက်ရိုက်ဌာနစိတ်၊စာအုပ်ချုပ် ဌာနစိတ် စသည်ဖြင့် ဌာနစိတ် အသီးသီးရှိသည်။ စက်ရုံဌာနခွဲသည် စာမူကို စာအုပ်အဖြစ်သို့ရောက်အောင် ဆောင်ရွက်ပေးရသော ဌာနခွဲဖြစ်သည်။ စက်ရုံဌာနခွဲကို စက်ရုံမှူးက အုပ်ချုပ်ရလေသည်။ ပန်းချီနှင့် သရုပ်ဖော်ဌာနခွဲသည် စာမူကို စာအုပ်အဖြစ်ပုံနှိပ် ထုတ်ဝေရာ၌ ထိုစာအုပ်ကို မျက်စိပသာဒရှိအောင်၊ ဖတ်သူ၏ စိတ်ကိုဆွဲဆောင်နိုင်အောင်၊ ဖတ်ရှုရာတွင် လွယ်ကူစေအောင် တန်ဆာဆင်ရသောဌာန ဖြစ်လေသည်။ ထိုသို့ စာအုပ်ကို တန်ဆာဆင်ရာ၌ သရုပ်ဖော်ရုပ်ပုံ၊ ဓာတ်ပုံများ ထည့်သွင်းရသည်။ ထိုပြင် ဆိုင်ရာရုပ်ပုံ၊ ဓာတ်ပုံကို စာအုပ်နှင့် သင့်လျော်အောင် အထားအသို ပြင်ဆင်မှုတို့ကိုလည်း ပြုလုပ်ရလေသည်။ စက်ရုံဌာနခွဲ၊ ပန်းချီနှင့် သရုပ်ဖော်ဌာနခွဲတို့က စာမူကိုစာအုပ်အဖြစ်သို့ ရိုက်နှိပ်ပေးရုံဖြင့် လုပ်ငန်းပြီးဆုံးပြီဟု မဆိုနိုင်သေးချေ။ ထိုစာအုပ်ကို ဖြန့်ချိရောင်းချ ရပေဦးမည်။ ထိုကြောင့် စာအုပ်တန်ဖိုးကို သတ်မှတ်ရမည်။ စာအုပ်တစ်အုပ်ကို တန်ဖိုး သတ်မှတ်နိုင်ရန် ကနဦးကပင် စာအုပ်အပေါ် ကုန်ကျမည့် စရိတ်ကို တွက်ချက်ခဲ့မှ ဖြစ်နိုင်သည်။ ထိုကြောင့် ထုတ်လုပ်မှုဌာနတွင် တန်ဖိုးတွက် ဌာနခွဲတစ်ခု ထားရှိရလေသည်။


စာပေဗိမာန်သည် စာအုပ်စာတမ်း အရပ်ရပ်ကို ပုံနှိပ်ဖြန့်ချိရန်ဟူသော ရည်ရွယ်ချက်ဖြင့်လည်း တည်ထောင်ခဲ့သော အဖွဲ့ဖြစ်ကြောင်း အထက်က ဖော်ပြခဲ့ပေပြီ။ ထိုကြောင့် စာပေဗိမာန်ထုတ် စာအုပ်စာတမ်း မှန်သမျှကို အရောင်းဌာနက တာဝန်ယူ၍ ဖြန့်ချိရောင်းချလေသည်။ အရောင်းဌာနတွင် စာအုပ်များကို တိုက်ရိုက်ရောင်းချသောဌာန၊ အစိုးရသွင်း ဌာန၊ အရစ်ကျ ရောင်းဌာနဟူ၍ သီးသန့်ဌာနများ ပါဝင်လေသည်။ တိုက်ရိုက် အရောင်းဌာနသည် အစိုးရဌာနများမှတစ်ပါး အခြားသူများသို့ လက်လီလက်ကား ရောင်းချသော ဌာနဖြစ် လေသည်။ လက်လီရောင်းချခြင်းကို ယခင်က ရန်ကုန်မြို့ကုန်သည်လမ်းရှိ စာပေဗိမာန်တိုက်သစ် စာအုပ်ရောင်းခန်းတွင် လည်းကောင်း၊ ပြည်လမ်း စာပေဗိမာန်တွင်လည်းကောင်း၊ စာပေဗိမာန်စာအုပ်မော်တော်ယာဉ်ဖြင့်လည်းကောင်း ရောင်းချခဲ့ လေသည်။ ၁၉၄၆ ခုနှစ်၌မူကား ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ရောင်းခန်း တစ်ခုတည်း၌ စာအုပ်များကို နေ့စဉ် လက်လီ ရောင်းချခဲ့လေသည်။ လက်ကား ရောင်းချရာ၌ နယ်ကိုယ်စာလှယ်နှင့် ရန်ကုန်ကိုယ်စားလှယ်တို့သို့ ရောင်းချခြင်း ဖြစ်သည်။ ကိုယ်စား လှယ် ဟူရာ၌လည်း အထူးကိုယ်စားလှယ်နှင့် သာမန် ကိုယ်စားလှယ်ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။ သာမန် ကိုယ်စားလှယ်သည် အခြားစာအုပ် ကိုယ်စားလှယ်များ ရရှိသော အခွင့်အရေးမျိုးကိုသာရရှိသည်။ အထူးကိုယ်စားလှယ်များမှာမူကား စာပေဗိမာန်မှ တီထွင်ထားသော မရောင်းရပြန်သွင်းစနစ် နည်းဖြင့် ဆက်သွယ် နိုင်ခွင့်ရှိလေသည်။


စာပေဗိမာန်ထုတ် ပညာပေး စာအုပ်များကို (၁) အစိုးရပြန်ကြားရေးဌာန၊ (၂)အစိုးရပညာရေးဌာန၊ (၃) လူမှုဝန်ထမ်းဌာနတို့က ဝယ်ယူ၍ စာကြည့်တိုက်များ၊ လူထုရိပ်သာ အဖွဲ့အစည်းများ၊ အစိုးရ ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ ဖြန့်ချိခဲ့လေသည်။ အရစ်ကျ အရောင်းဌာနသည် စာပေဗိမာန်ထုတ် စာအုပ်များအနက် မြန်မာ့စွယ်စုံကျမ်း၊ နှစ်ငါးဆယ်စာစဉ်၊ လူထု သိပ္ပံကျမ်းကဲ့သို့သော အတွဲလိုက်ထုတ်သည့် စာအုပ်များကို လူထုက လစဉ်ငွေကို အရစ်ကျပေးသွင်း၍ ဝယ်ယူဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသောဌာနဖြစ်သည်။ ဤကဲ့သို့ အရင်းအနှီးကြီးမားစွာ မြှုပ်နှံတည်ထောင်ခဲ့ရသော အဖွဲ့အစည်းကြီးသည် မပျက်မစီး တည်ရှိနေရန် အရေး ကြီးပေသည်။ သို့ရာတွင် စာပေဗိမာန် (ဘာသာပြန်စာပေအသင်း)၏ ဝင်ငွေမှာ သိသိသာသာကြီး လျော့နည်းလာခဲ့လေရာ၊ အခြေအနေမှာ အစိုးရဌာနများက ယခင်ကကဲ့သို့ ထောက်ပံ့ခြင်းအားဖြင့် မကူညီပါက ဤအသင်း၏ လုပ်ငန်းများသည် ရှေ့ဆက်ရန် အထူးခက်ခဲလာသည်ကို တွေ့ရလေသည်။ ထိုကြောင့် တော်လှန်ရေး အစိုးရ၏ ဝါဒလမ်းစဉ်နှင့် ကိုက်ညီစေရန် လည်းကောင်း၊ ဤကဲ့သို့တိုင်းပြည် ဘဏ္ဍာဖြင့် အရင်းကြီးစွာ မတည်ထားရသော လုပ်ငန်းကြီး တစ်ခုမပျောက်ကွယ်စေရန် လည်းကောင်း တော်လှန်ရေး အစိုးရကပင် ဆက်လက်ထိန်းသိမ်းသွားရန် ဆုံးဖြတ်ပြီးနောက် ၁၉၆၃ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) ကို ဖျက်သိမ်းကာ ပြည်ထောင်စု မြန်မာနိုင်ငံ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဟူ၍ အဖွဲ့သစ်ကို ပြန်ကြားရေးဌာန လက်အောက်တွင် ပြန်လည်ဖွဲ့စည်းလိုက်လေသည်။ အဖွဲ့၏ တာဝန်များမှာလည်း ပြတ်သားလာခဲ့သည်။


စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့၏ အဓိက တာဝန်ဝတ္တရားများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးအတွက် ပညာဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံခြား စာပေများမှ ကောင်းနိုးရာရာတို့ကို သုတေသန ပြု၍ စာပေအဖြစ် ပြုစုရန်၊ ပြုစုပြီး စာပေတို့ကို မြန်မာဘာသာသို့လည်းကောင်း၊ တိုင်းရင်းဘာသာ တစ်ခုခုသို့လည်းကောင်း ပြန်ဆို၍ စာအုပ် စာတမ်းအဖြစ် ပုံနှိပ်ရန်၊ ထိုပြင် အစိုးရ၏ မူဝါဒနှင့် ကိုက်ညီသည့် အစိုးရအသိအမှတ်ပြု ကျောင်းသုံးစာအုပ်များကို ပုံနှိပ်၍ ပြည်သူလူထုအတွက် ဈေးအသက်သာဆုံးနှုန်းထားဖြင့် ရောင်းချဖြန့်ချိရန်တို့ဖြစ်သည်။ ဦးစွာ၌ ပြန်ကြားရေးဌာန ဒု-အတွင်းဝန် ပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးဝန်နှင့် စာပေဗိမာန် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ယာယီထိန်းသိမ်းရေး ကော်မတီက စာပေဗိမာန် အုပ်ချုပ်မှုနှင့် လုပ်ငန်းအရပ်ရပ်တို့ကို လွှဲပြောင်းထိန်းသိမ်း ဆောင်ရွက်ခဲ့လေသည်။ ၁၉၅၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှအစပြု၍ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ထိုအဖွဲ့တွင် အဖွဲ့ဝင် ကိုးဦးပါဝင်၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော်လှန်းရေး အစိုးရအဖွဲ့ ပြန်ကြားရေး ဌာနတာဝန်ခံက သဘာပတိအဖြစ် ဆောင်ရွက်ပြီးလျှင် စာပေဗိမာန် အုပ်ချုပ် ရေးမှူးက အဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)