မြန်မာနိုင်ငံရေနေ တိရစ္ဆာန်များ
မြန်မာနိုင်ငံရေနေ တိရစ္ဆာန်များ
[ပြင်ဆင်ရန်]ရေနေ တိရစ္ဆာန်၊ သို့မဟုတ် ရေသတ္တဝါ ဆိုသည်မှာ ရေတွင် အမြဲနေထိုင် ကျက်စား ပေါက်ပွားသော သတ္တဝါမျိုးကို ဆိုလိုသည်။ ယင်းတို့သည် ကုန်းသတ္တဝါများထက် ဦးရေနှင့် အမျိုးအမည် များပြား၏။ ကုန်းသတ္တဝါ များကဲ့သို့ပင် ယင်းတို့ကို ကျေားရိုးမဲ့နှင့် ကျေားရိုးရှိ ရေသတ္တဝါဟူ၍ နှစ်မျိုး ခွဲခြားထားရာ၊ ကျောရိုးမဲ့ သတ္တဝါများက ပိုမို လွန်ကဲများပြား၏။ အသေးအနုတ်ဆုံးသော ရေသတ္တဝါလေးများကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ မိုက္ကရိုစကုပ်အားဖြင့်သာ တွေ့မြင်နိုင်သည်။ ငါးကြီးများနှင့် လင်းပိုင်များသည် မြန်မာ့ ရေသတ္တဝါတို့တွင် အကြီးဆုံး ဖြစ်ကြသည်။ မြန်မာ့ ရေသတ္တဝါသည်လည်း အမြောက်အမြား ရှိသောကြောင့် ယင်းတို့ကို စေ့ငုစွာ လေ့လာရန် မလွယ်ကူချေ။ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံတို့၏ ရေသတ္တဝါများ လေ့လာမှုသည်လည်း ဆုံးခန်းတိုင်ရောက်ရန် များစွာပင် လိုသေး၏။ မြန်မာ့ ရေသတ္တဝါများကို အဆင့်အတန်း လိုက်၍ ဆဲ့ငါးမျိုးခန့် ခွဲခြားထားသည်။ ရေသတ္တဝါတို့တွင် အနိမ့်ကျဆုံးနှင့် ရှေးဦးအကျဆုံး ဖြစ်သော သတ္တဝါတို့မှာ ပရိုတိုဇွန်းကောင်ခေါ် ရေသတ္တဝါကလေးများ ဖြစ်ကြသည်။ ပရိုတိုဇွတို့၏ ခန္ဓာကိုယ်တွင် ဆဲတစ်ခုစီသာ ရှိသောကြောင့် အလွန်တရာ သေးငယ်သဖြင့် မိုက္ကရိုစကုပ် အားဖြင့်သာ ယင်းတို့ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ ရေကန်မှ လည်းကောင်း၊ ရေမြောင်းမှ လည်းကောင်း ရေတစ်စက်ကိုယူ၍ မိုက္ကရိုစကုပ်နှင့် စမ်းသပ် ကြည့်ရှုလျှင် ပရိုတိုဇွ ကလေးများကိုတွေ့မြင် နိုင်သည်။
အလွယ်တကူ စမ်းသပ် တွေ့ရှိနိုင်သော ရေချိုနေ ပရိုတိုဇွကလေးများမှာ
ပါရာမီးဆီယမ်၊ အမီးဗားနှင့် ယူဂလီးနားတို့ဖြစ်ကြသည်။
နျူမျူလိုက်ကဲ့သို့သော ရေငန်နေ ပရိုတိုဇွ ကလေးများသည် ရခိုင်ကမ်းခြေအနီး ပင်လယ်အောက်တွင် ကျက်စားနေထိုင် ကြရာ၊ ယင်းတို့၏ အရိုးခွံများကို ကမ်းစပ် သဲသောင်များတွင် မကြာခဏ တွေ့ရတတ်သည်။ အချို့သော ပရိုတိုဇွတို့သည် တစ်ကောင်နှင့်တစ်ကောင် တွဲဆက်၍ နေတတ်ကြ၏။ ယင်းကဲ့သို့ တွဲဆက်နေသော ပရိုတိုဇွ အချို့မှာ တစ်ကောင်က အစာရရှိရန်လည်းကောင်း၊ အခြားတစ်ကောင်က မျိုးပွားရန်လည်းကောင်း တစ်တွဲလုံးအတွက်လိုအပ်သော လုပ်ငန်းအသီးသီးကို ခွဲဝေ၍ ထမ်းဆောင်တတ်ကြသေးသည်။ အကောင် ပမာဏပင် သေးငယ်သော်လည်း အချို့မှာ လူနှင့် မွေးမြူထားသော တိရစ္ဆာန်တို့ကို ရောဂါဘယ ဖြစ်စေတတ်သောကြောင့် ယင်းပရိုတိုဇွ ကပ်ပါးများကို လေ့လာရန် အရေးကြီးပေသည်။ ရေချို ရေငန် နှစ်ရပ်စလုံးတွင် လွတ်လပ်စွာ နေထိုင်ကြသော ပရိုတိုဇွ အများသည် အခြားသတ္တဝါတို့တွင် အခြေခံ အစာတရပ်လည်းဖြစ်သည်။ ရေသတ္တဝါတို့တွင် ပရိုတိုဇွ များထက် အဆင့်အတန်းမြင့်သော အခြားသတ္တဝါတို့၏ ခန္ဓာကိုယ်၌ ဆဲပေါင်း မြောက်မြားစွာရှိသဖြင့် ယင်းတို့ကို သာမန်မျက်စိနှင့် မြင်နိုင်သည်။ ထိုဆဲများသော သတ္တဝါ အားလုံးကို သိပ္ပံအလိုအားဖြင့် မက်တာဇွဟု ခေါ်ဝေါ်၍ အဓိပ္ပာယ်မှာ ဆဲများသတ္တဝါလောက ဖြစ်သည်။ ယင်းဆဲများသတ္တဝါ လောက၏ အောက်ဆုံးအဆင့်တွင် စပန်း ရေမြှုပ်အမျိုးမျိုးတို့ ပါဝင်ကြသည်။
ရေချို ရေငန် နှစ်ရပ်စလုံးရှိ ရေမြှုပ်နေသော ကျောက်တုံးများ၊ သစ်ပင်များတွင် တွယ်ကပ်၍ နေကြသည်။ ယင်းတို့တွင် အရောင်နှင့် ပမာဏ အမျိုးမျိုးရှိကြ၍ အချို့သည် သစ်ကိုင်း သစ်ခက်များကဲ့သို့ ပုံသဏ္ဌာန်ရှိသောကြောင့် သစ်ပင်များပင် ဖြစ်သည်ဟု အချို့က ယူဆကြသည်။ စပန်း ရေမြှုပ် ခ။ ကိုယ်ထဲတွင် ဆဲ နှစ်လွှာရှိသော်လည်း ထိုဆဲများသည် အလွှာလိုက် စနစ်တကျ မရှိသည့်ပြင်၊ အချို့ဆဲ များမှာ တစ်နေရာမှတစ်နေရာသို့ ကူးပြောင်း သွားတတ်ကြ သေးသည်။ စပန်း ရေမြှုပ်တိုင်တွင် ခန္ဓာကိုယ်၌ အပေါက်ငယ်ကလေး အမြောက်အမြား ပါရှိသောကြောင့် ယင်းတို့ကို ပိုရေးဖရာ မျိုးပေါင်းစုဟူသော သိပ္ပံအမည်ကို ပေးထား၏။ ယင်းတို့တွင် ခန္ဓာကိုယ် မပျော့အိအောင် ထိန်းထားသော ဆူးကလေးများရှိရာ အချို့မှာ ကျွတ်ဆတ်၍ အချို့မှာ ပျဉ်းတွဲသည်။ မြန်မာ ရေမြှုပ်များကို အင်းအိုင်ရေကန်များနှင့် ပယ်လယ်ကမ်းခြေ တစ်လျှောက် တွေ့မြင်နိုင်သော်လည်း ယင်းတို့ကို လေ့လာ၍ အသုံးပြုခြင်း မရှိသေးချေ။
စပန်း ရေမြှုပ်တို့ထက် အဆင့် တစ်ဆင့်မြင့်သော
ဆဲများသတ္တဝါတို့ကို ဆီလင်တာရေးတား မျိုးပေါင်းစုတွင်
ထည့်သွင်းထားသည်။ ယင်း သတ္တဝါတို့သည်
ရေသတ္တဝါချည်းသာ ဖြစ်ကြ၍ ရေချို ရေငန် နှစ်ရပ်စလုံးတွင်
နေထိုင်ကြရာ၊ ရေငန်တွင် အထူးများပြားကြသည်။
ယင်းသတ္တဝါတို့ ခန္ဓာကိုယ်၌ ဆဲလွှာ နှစ်ထပ် စနစ်တကျ
တည်ရှိသည့်အပြင် အချို့တွင် လိင်အင်္ဂါများ ထင်ထင်ရှားရှား
ရှိကြသေးသဖြင့် စပန်းရေမြှုပ်တို့ထက် အဆင့်မြင့်ကြ
သည်။ ယင်းသတ္တဝါတိုင်းတွင် ခန္ဓာကိုယ် အပြင်လွှာ၌
နီမက်တိုဗလတ်ခေါ် အထူးဆဲများ ရှိကြရာ ထိုဆဲများကို
အစာဖမ်းယူရာတွင် လည်းကောင်း၊ ရန်သူ ကာကွယ်ရာတွင်
လည်းကောင်း အသုံးပြုသည်။ ကိုယ်တွင်း ခေါင်းနှင့် အစာ
ကြောင်း ခွဲခြားခြင်းမရှိသေးသည့် အပြင် လိင်မဲ့မျိုးပွားခြင်းကို
ပြုလုပ်နိုင်သေးသောကြောင့် သတ္တလောကတွင်
အောက်ဆင့်မှာပင် ရှိသေးသည်ဟု ဆိုရပေမည်။
ခန္ဓာကိုယ်ပမာဏသည် သာမန်မျက်စိနှင့်
မြင်နိုင်ရုံအရွယ်အစားမှ လှည်းဘီးနီးပါးအထိ ရှိသည်။
ဟိုင်ဒြာကောင် အပါအဝင်ဖြစ်သော မြန်မာ့ရေချို
ဆီလင်တာရိတ်များသည် အလွန်သေးငယ်၍ မြက်ပင်ပေါင်းပင်
ထူထပ်သော ရေကန်၊ အင်းအိုင်များတွင် တွေ့နိုင်သော်လည်း
ယင်းတို့ကို သေချာစွာ လေ့လာမှတ်သားခြင်း မရှိသေးသဖြင့်
အများက မသိကြချေ။
ရေငန်တွင် နေထိုင်သော ဆီလင်တာရိတ်များသည် အကောင် ကြီးမားသည့်အပြင် အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြ၍ အချို့မှာ ဆေးဘက်ဝင်သည်ဟု ယူဆသောကြောင့် ယင်းတို့ကို အများကသိရှိကြသည်။ ကျောက်များတွင် တွယ်ကပ်နေသော ကျောက်ခက်ကျောက်ပန်း ဖြစ်စေသည့် သန္တာကောင်၊ ပင်လယ် ကမ်းခြေသဲသောင်တွင် စိုက်နေသော ပင်လယ်မှိုကောင်၊ ပင်လယ်ရေတွင်ပေါ်၍ လှိုင်းပုတ်ခတ်ရာသို့ ပါသွားတတ်သော ပင်လယ်ခူအမျိုးမျိုးတို့သည် မြန်မာဆီလင်တာရိတ်များဖြစ်သည်။
ပလက်တီဟယ်လမင်သီးစ မျိုးပေါင်းစုတွင် သတ္တဝါငယ်အတော်များများ ပါဝင်ကြသည်။ ယင်း သတ္တဝါများ၏ ခန္ဓာကိုယ်များသည် များသောအားဖြင့် ပြားချပ်နေသည့်အပြင် ခေါင်းပိုင်း၊ ဖင်ပိုင်းနှင့် ကျောဘက်၊ ဝမ်းဘက်ဟူ၍ ပိုင်းခြား သိရှိနိုင်သောကြောင့် ပယ်လယ်မှိုကောင်၊ ပယ်လယ်ခူနှင့် သန္တာကောင်တို့ထက် အဆင့်အတန်း မြင့်မားသည်။ ရေချို ရေငန် နှစ်ရပ်လုံးတွင် နေထိုင်ကျက်စားသော ပလက်တီဟယ်လမင်သီးစ တို့ကို ရေထဲရှိ ကျောက်တုံး၊ သစ်တုံးစသော အရာဝတ္တုတို့ အောက်တွင်တွေ့ရှိနိုင်သည်။ ပက်ကျိများကဲ့သို့ တွားသွားတတ်သော သတ္တဝါများ ဖြစ်ကြသည်။ ကိုယ်တွင်း၌ ဖို-မလိင်အင်္ဂါ စုံတွဲပါရှိ၍ ဥအုတတ်သော သတ္တဝါကောင်းများလည်း ဖြစ်ကြသည်။ ယင်းတို့၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်သည် မကြာခဏ ပွန်းပဲ့စုတ်ပြတ်၍ သွားသော်လည်း သေလောက်အောင် မထိခိုက်ချေ။ အသားတက်ပြီး ပြကတေ့အတိုင်း ပြန်ဖြစ် လာနိုင်သည်။ ရေထဲတွင် လွတ်လပ်စွာ နေတတ်သော မြန်မာပလက်တီဟယ်လမင်သီးစများကို အသင့်အတင့်သာ စူးစမ်း လေ့လာခဲ့ပြီး ဖြစ်သော်လည်း လူသိ မများချေ။ ကပ်ပါးဖြစ်သော ပလက်တီဟယ်လမင်သီးစများကိုမူ ပိုမို၍လေ့လာ ထားသဖြင့် ယင်းတို့ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ရှည်လျားသော ဘဝသမိုင်းများကို အတော်များများက သိထားကြသည်။ ထိုကပ်ပါးတို့တွင် အသည်းပိုး၊ အဆစ်မဲ့ တုတ်ပြားကောင်နှင့် အဆစ်ရှိ တုတ်ပြားကောင်တို့ ပါဝင်ကြသည်။ သံကောင်များကို နီမက်ဟယ်လမင်သီးစမျိုးပေါင်းစုတွင် ထည့်သွင်းထား၏။ အထက်ဖော်ပြပါ ပလက်တီဟယ် လမင်သီးစ မျိုးပေါင်းစုတွင် ပါဝင်သော သတ္တဝါများကဲ့သို့ အသက်ရှူအင်္ဂါနှင့် သွေးအဖွဲ့အစည်းကင်းမဲ့သည်။ အရွယ် ပမာဏအားဖြင့် သံကောင်တစ်မျိုးနှင့် တစ်မျိုး ကွာခြားသော်လည်း ပုံသဏ္ဌာန်မှာ တူကြ၍ အားလုံးတွင် လုံး၍ ရှည်လျားသော ကိုယ်ခန္ဓာများ ရှိကြသည်။ သံကောင်များကို ပိုးကပ်ပါးအဖြစ် ရှေးမဆွကပင် သိရှိခဲ့သော်လည်း စိုစွတ်သော နေရာများနှင့် ရေထဲတွင် နေကြသော သံကောင် အမြောက်အမြား ရှိကြောင်းကို အများက မသိကြချေ။ ယင်းတို့ အကြောင်းကို မြန်မာနိုင်ငံတွင် ပညာရပ်တစ်ခုအနေဖြင့် လေ့လာထားသည်ကိုလည်း မတွေ့ရချေ။ ဗရက်ခီအိုပိုးဒါးမျိုးပေါင်းစုတွင် ယောက်သွား ကဲ့သို့အခွံနှစ်ခြမ်းပါရှိသော သတ္တဝါများပါဝင်ကြသည်။ ယင်းတို့တွင် အသက်ရှူအင်္ဂါနှင့် သွေးအင်္ဂါအဖွဲ့များရှိသဖြင့် သံကောင် တုတ်ကောင်တို့ထက် ပို၍ အဆင့်အတန်းမြင့်သည်ဟု ဆိုရပေမည်။ သို့ရာတွင် ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးကြောင်း ထင်ရှားသည်။ မြန်မာ့ရေပြင်တွင် ကျင်လည် ကျက်စားသော ဗရက်ခီအိုပေါ့ တမျိုးသာလျှင်တွေ့ရှိရာ ယင်းကို ထားဝယ်နှင့် မြိတ်နယ်များတွင် ပက်ကလိဟု ခေါ်ကြသည်။ ဤအရပ်များတွင် ယင်းတို့ကို ယောက်သွားများကဲ့သို့ပင် စားသောက်တတ်ကြသည်။ အီကိုင် နိုဒါမာတာ မျိုးပေါင်းစုတွင် ရေငန်ရပ်၌သာ နေထိုင်ကြသော ကျောရိုးမဲ့ သတ္တဝါများ ပါဝင်ကြသည်။ များသောအားဖြင့် အခွံမာ၍ အချို့သာလျှင် အခွံပျော့ကြသည်။ ပုံပန်း သဏ္ဌာန် အရွယ်အစား အရောင်အဆင်း အမျိုးမျိုး ရှိကြသော်လည်း ယင်းတို့အားလုံးတွင် ရေဒီယမ်အလိုက် ငါးခြမ်းညီသော ခန္ဓာကိုယ်ရှိကြ၍ အခေါင်းပွပြီးလျှင် နူးညံ့ ပျော့ပျောင်းသော ခြေထောက်များ ရှိကြသဖြင့် ဖြေးဖြေးသာလျှင် သွားလာလှုပ်ရှား နိုင်ကြသည်။ ခန္ဓာကိုယ်ကို ထိခိုက်မိ၍ အတော်အတန် ပျက်စီး သွားသော် အလွယ်တကူ ပျောက်ကင်းသွားနိုင်သော သတ္တဝါမျိုးလည်း ဖြစ်သည်။ မြန်မာ့ အီကိုင် နိုဒမ်ကောင်များအနက် ရခိုင်နှင့် တနင်္သာရီကမ်းခြေ အရပ်ဒေသများတွင် နေသော ရေလက်ဝါးကောင်များ၊ ပင်လယ်ဖြူ ကောင်များ၊ ပယ်လယ်မြှော့များ (ဆင်မြှော့များ)၊ ပင်လယ်ပန်းများနှင့် ပယ်လယ်ချပ်ပြားများကိုသာ အများက တွေ့ဘူး မြင်ဘူးကြသည်။
ကြယ်ပုံသဏ္ဌာန်ရှိသော ရေလက်ဝါးကောင်များသည် ကျောက်ဆောင် ကျောက်တုံးများ အောက်ဘက်ရှိ ရွံ့နှင့် သဲရောသော နေရာများတွင် နေတတ်ကြသည်။ အချို့သည် ရေအတန်ငယ်နက်သော နေရာရှိ ကျောက်ဆောင် ကျောက်ခက် များကို အကာအကွယ်ပြု၍ နေတတ်ကြသည်။ ကနန်း၊ ကမာနှင့် ယောက်သွားများကို စားတတ်သော အသားစား သတ္တဝါ များလည်း ဖြစ်ကြသည်။ ထိုကြောင့် ပုလဲမွေးမြူရေးလုပ်ငန်းကို အကျိုးပျက်ပြားစေသော သတ္တဝါများလည်း ဖြစ်ကြသည်။ ပင်လယ်ဖြူကောင်များသည် ကျောက်ကြိုကျောက် ကြားတွင်နေ၍ အသေကောင်များကို စားတတ်ကြသည်။ ယင်းတို့၏ ခ။ ကိုယ်သည် လုံးဝိုင်း၍ မာသော အခွံရှိသည်။ များသောအားဖြင့် အညိုရောင်၊ ခရမ်းရောင် ရှိကြပြီးလျှင် အချို့တွင် အစိမ်းနုရောင် ရှိတတ်ကြသည်။ အခွံမာပေါ်တွင် ဖြည်းည|င်းစွာ လှုပ်ရှားနိုင်သော ဆူးရှည်ကြီးများ ရှိသောကြောင့် ယင်းတို့ကို အများက ရှောင်ရှားကြသည်။ ဆူးများမှာ အသင့်အတင့် အဆိပ်ရှိ၍ စူးမိလျှင် ထွင်ရန် မလွယ်ကူချေ။ ပင်လယ်မြှော့၊ သို့မဟုတ် ဆင်မြှော့ခေါ် အီကိုင်နိုဒမ်ကောင်များသည် ကျောက်နှင့် သဲစပ်စပ်ရှိ၍ ဒီရေဖုံးကာ ဆင်ခြေလျှောဖြစ်သော အရပ်ဒေသများတွင် စုရုံး၍ နေတတ်ကြသည်။ အရွယ်အစား အရောင်အဆင်း အမျိုးမျိုးရှိသည်။ များသောအားဖြင့် အညိုရောင်၊ ခရမ်းရောင် ရှိကြသည်။ လုံးရှည်ရှည် သဏ္ဌာန်ရှိ၍ အခွံပျော့သော ကျောရိုးမဲ့ သတ္တဝါများ ဖြစ်ကြပြီးလျှင် ခန္ဓာကိုယ်ကို ကျုံ့နိုင် ပွနိုင်ကြသည်။ အချို့ဒေသများတွင် ယင်းတို့ကို စုသိမ်း၍ အူထုတ်၊ အခွံခြစ်၊ ဆားနယ် ပြီးသော် နေလှန်းကြသည်။ ပင်လယ်မြှော့ခြောက်ကို ဟင်းချို ချက်စားတတ်ကြသည်။ ပင်လယ်ပန်းများသည် အခြားအီကိုင်နိုဒမ် ကောင်များကဲ့သို့ မဟုတ်ဘဲ ရေတွင် လွတ်လပ်စွာ ကူးခတ်သွားလာ နိုင်ကြ သည်။ ခန္ဓာကိုယ်သည် ပန်းပွင့် သဏ္ဌာန် ရှိပြီးလျှင် များသောအားဖြင့် အဝါရောင်၊ အညိုရောင်နှင့် ခရမ်းရောင်ရှိသည်။ ယင်းတို့ကို ကျောက်ဆောင်၊ ကျောက်ခက်နှင့် ပင်လယ်မှော်များရှိသော နေရာများတွင် တွေ့နိုင်သည်။ ယင်းတို့၏အစာမှာ ရေတွင်ရှိသော အမှုံကောင်များ ဖြစ်ကြသည်။ ပယ်လယ် ချပ်ပြားများတွင် ဝိုင်း၍ ပြားချပ်သော ခန္ဓာကိုယ်ရှိသည်။ အခွံမာကြော၍ အခွံပေါ်ရှိ ဆူးတိုကလေးများကို လှုပ်ရှား၍ တစ်ရွေ့ရွေ့ သွားနိုင်ကြသည်။ ယင်းတို့ကို သဲသောင်စပ်တွင် တွေ့ရတတ်သည်။ မိုလပ်စကား မျိုးပေါင်းစုတွင် ရေ၌ကျက်စားသော ကျောရိုးမဲ့သတ္တဝါ အမျိုးအမည် အရေအတွက် အတော်များများ ပါဝင်သည်။
အချို့က ရေငန်တွင် နေကြ၍ အချို့က ရေချိုတွင် နေကြပြီးလျှင် ကျန်အချို့မှာ စွတ်စိုသော ကုန်းပေါ်တွင် နေတတ်ကြသည်။ ခန္ဓာကိုယ် အတွင်းသား ပျော့ပျောင်း၍ အချို့တွင်မာသော အခွံရှိပြီးလျှင်၊ အချို့တွင် အခွံကင်းမဲ့နေကြသည်။ ယင်းတို့အားလုံးတွင် ကိုယ်ဆစ်များကင်းမဲ့၍ အင်္ဂါအဖွဲ့များသည် မင်တယ်ခေါ် အမှေးဖြင့် ဖုံးအုပ်လျက်ရှိသည်။ အချို့က ရေအောက် မြေကြီးထဲတွင် စုရုံးနေတတ်ကြ၍၊ အချို့က သစ်တုံး ကျောက်တုံးများကို တွယ်ကပ် နေကြပြီးလျှင်၊ အချို့က လွတ်လပ်စွာ ကူးခတ်နိုင်ကြသည်။ ခရု၊ ကြွေပုပ်၊ ယောက်သွား၊ ငို၊ ကပ်ကျိ၊ ကမာ၊ မုတ်ကောင်၊ ဘဝဲ၊ ကင်းမွန် စသည်တို့သည် မြန်မာ့ ပင်လယ် ကမ်းခြေတွင် ဒီရေ ပုတ်ခတ်သည့် နေရာမှ အတော် နက်ရှိုင်းသော နေရာများအထိ နေထိုင်ကြသည်။ ယင်းတို့အားလုံးကို လူတို့စားသုံးကြသည်။
ရေချို ခရုနှင့် ယောက်သွားများအနက် အချို့က လူတို့ကို
အကျိုးပြု၍ အချို့က လူတို့အား အကျိုးမဲ့စေသည်။
ရေချိုခရုနှင့် ယောက်သွားများကို ကျေးရွာနေလူတို့
စားသုံးတတ်ကြသည်။ လင်မနီးယ အော်ရီ ကျူလာရီးယနှင့်
လင်မနီးယ ဗီရီဒစ်ခေါ် ရေတိမ်ခရု မျိုးများသည် ကျွဲ
နွားများတွင် အသည်းပုပ်စေသော ရောဂါဖြစ်ပေါ်
စေတတ်သည်။ ခရုမျက်ပြဲတို့သည် စပါးညှောင့်များကို
ကိုက်ဖြတ်တတ်သည်။
ရေငန် ခရု၊ ယောက်သွားတို့အနက် ဒီပိုးခေါ်
ယောက်သွားငယ်မျိုးသည် သစ်သားဖြင့် ပြုလုပ်ထားသော လှေ၊
သဘေသ္မာ၊တံတားနှင့် အခြားအဆောက်အအုံများကို
ဖျက်ဆီးတတ်သည်။ ယောက်သွားအကြီးစာများနှင့် မုတ်ကောင်
အခွံများကို ကြယ်သီးများ၊ ဘီးများမှစ၍
အလှအပပစ္စည်းများကို ပြုလုပ်ရသည်။ ပုလဲရသော
မုတ်ကောင်များသည် မြိတ်ကျွန်းစု တစ်ဝိုက်တွင် ရှိကြ၍
ယခင်က ပုလဲငုပ်လုပ်ငန်းသည် အတော်အသင့် ဖြစ်ထွန်းသည်။
ယခုမူနိုင်ငံအစိုးရက မုတ်ကောင်များကို ပုလဲရအောင်
စနစ်တကျ မွေးမြူနေသည်။ ရေချို ခရုနှင့်
ယောက်သွားများကဲ့သို့ ပင်လယ်ခရုနှင့်
ယောက်သွားများကိုလည်း စားရသည်။ အရသာကောင်းသဖြင့်
ဈေးလည်း ကောင်း၏။
ရေတွင် ကူးခတ်နိုင်သော မိုလပ်စကားကောင်များကို
မြိတ်စကားဖြင့် ကင်းမွန်ခေါ်၍ ရခိုင်စကားဖြင့် ရေကြက်ဟု
ခေါ်သည်။ ကျောက်တုံးများတွင် တွယ်ကပ်၍
လွတ်လပ်လျင်မြန်စွာ သွားနိုင်သော မိုလပ်စကားကောင်များကို
မြိတ်စကားဖြင့် ဘဝဲခေါ်၍၊ ရခိုင်စကားဖြင့် ရေမျောက်ဟုခေါ်
ကြသည်။ ယင်းနှစ်မျိုးစလုံးကို အများအပြား ရှာဖွေဖမ်းယူ၍
အခြောက်လှန်း ပြီးလျှင် ပြေကြီးငါးဟု ခေါ်၍ တရုပ်တန်း
ဈေးများတွင် ရောင်းချကြသည်။
အင်နီလီဒါ မျိုးပေါင်း စုတွင် တီ၊ ကျွတ်နှင့် မြှော့ကဲ့သို့
ကိုယ်ဆစ် ရှိပြီးလျှင် ပျော့ပျောင်းသော သတ္တဝါတို့ ပါဝင်ကြ၍၊
အချို့က ကုန်းပေါ်တွင် နေတတ်ကြသော်လည်း၊ အများစုသည်
ရေချိုနှင့် ရေငန် အရပ်များတွင် နေကြသည်။ ရေနေ
အင်နီလိပ်ကောင်များအနက် ရေချိုရပ်တွင် မြှော့များကို
အများသိကြသည်။ သွေးစုတ်သတ္တဝါဖြစ်၍ ဦးခေါင်းပိုင်းရှိ
ပါးစပ်တွင် ဓားကဲ့သို့ထက်သော သွားများရှိသည်။
ယင်းတို့၏တံထွေးသည် သွေးရည်ကို မခဲစေသော
ဆေးဝါးပါရှိရာ ယင်းကို ဟီရူဒင်ဟုခေါ်သည်။
မြေ|ာ့အမျိုးမျိုးတို့သည် ကျွဲ နွားများကို တွယ်တတ်သည့်
အပြင်၊ ကောက်စိုက်ချိန်တွင် ကောက်စိုက်သူများကိုလည်း
တွယ်တတ်ကြလေသည်။ ထိုကြောင့် ကောက်စိုက်သူများသည်
တွယ်သော မြှော့ပြုတ်ကျ စေနိုင်သော ထုံး၊ ငရုတ်၊ ဆေးရွက်
စသည်တို့ကို ရောစပ်၍ထားသော မြှော့ဗူးများကိုဆောင်ထား
ကြရသည်။ အချို့ဒေသတွင် မြှော့ကို အနာမှသွေးပုပ်
စုတ်ထုတ်ရန် အသုံးပြုကြသည်။ မြှော့များသည် အင်း၊ အိုင်၊
ချောင်း၊ မြောင်းများနှင့် ရေလွှမ်းမိုး သောလယ်ကွက်နှင့်
ကွင်းပြင်များတွင် နေထိုင်ကြသည်။ အမျိုးအမည် အသင့်အတင့်
ရှိသော်လည်း ယင်းတို့အားလုံးကို စေ့စပ်စုံလင်စွာ မျိုးခွဲ၍
မှတ်တမ်း တင်မထားချေ။
ပင်လယ်တွင်နေသော အင်နီလိပ်ကောင်များကို လူသိမများ
ကြချေ။ အချို့သည် ရွှံ့နွံများ၊ ကျောက်ကြို ကျောက်ကြား
များတွင် နေတတ်၍ အချို့သည် သဲထဲတွင် တွင်းတူးနေတတ်
ကြသည်။ အချို့ကလည်း မိမိတို့ကိုယ်မှ ထွက်သော
အကျိအချွဲဖြင့် ပြွန်များပြုလုပ်ပြီး နေတတ်ကြသည်။ ပင်လယ်
ဝမ်းကောင်များအနက် ထားဝယ်နှင့် မြိတ်အနီးရှိ
သဲပလုပ်များကို ဖမ်းယူ စားတတ်ကြရာ အလွန်
အရသာရှိသည်ဟု ဆိုကြသည်။ များသောအားဖြင့် ရင့်သော
အရောင်ရှိကြသော်လည်း အချို့သောပင်လယ်ဝမ်းကောင်များတွင်
တောက်ပသော အရောင်အဆင်းရှိတတ်သဖြင့် ကြည့်ချင်စဖွယ်
ဖြစ်သည်။
အာသရိုပိုးဒါး မျိုးပေါင်းစုတွင် အခွံမာ၍ ခြေအဆစ်ရှိသော
ပုစွန်၊ ကနန်း၊ ကင်းခြေများ၊ ပိုးနသံကောင်၊ ပင့်ကူ၊
ကင်းမြီးကောက် စသည့် သတ္တဝါမျိုးတို့ ပါဝင်သည့်အနက်
တစ်မျိုးနှင့်တစ်မျိုး ပုံပန်း သဏ္ဌာန်နှင့် ဂုဏ်အင်လက္ခဏာများ
ကွာခြားကြသည့်အပြင် အရေအတွက်လည်း အလွန်များပြား
ကြသောကြောင့် ယင်းတို့ကို အုပ်စုလေးစုခွဲ၍ မျိုးပေါင်း
လေးမျိုးတွင် ထည့်သွင်းထားသည်။
ယင်းမျိုးပေါင်းတို့မှာ ကရပ်စတေးရှား၊ အာရက်နီဒါး၊ ဒစ်ပလိုပိုးဒါးနှင့် အင်းဆက်တားတို့ဖြစ်ကြသည်။ ယင်းတို့အနက် ကရပ်စတေးရှား မျိုးပေါင်းတစ်ခုလုံးတွင် ပါဝင်သော အကောင်များမှာ ဗုစွန်၊ ကနန်း၊ ဝင်ကစွတ် စသည်တို့ဖြစ်၍ ရေထဲတွင် အမြဲတစေနေနိုင်ကြသည်။ ရေငန် ရေချို နှစ်ရပ်စလုံးတွင် ယင်းတို့ကို တွေ့နိုင်သည်။ ရေထဲတွင် အမြဲနေနိုင်ရန်အတွက် ရေထဲမှ အောက်ဆီဂျင်ကို ရယူအသုံးပြုနိုင်သော ပါးဟက်နှင့် ရေတွင် ကောင်းစွာ ကူးခပ် သွားလာနိုင်ရန် ကိုယ်နေ ဟန်ထားနှင့် ခြေလက်များလည်းရှိ ကြသည်။ ကျန်မျိုးပေါင်းများမှာ ကုန်းနေသတ္တဝါများ ဖြစ် ကြသည်။ သို့ရာတွင် အင်းဆက်ပိုး အနည်းငယ်တို့မှာ ရေတွင် နေထိုင်ကျက်စားကြသည်။ ဝါးတားစတြိုက်ဒါတို့မှာ ရေတွင် အမြဲနေကြသည်။ အင်းဆက်ပိုးတို့ဖြစ်သည့် ခြင်အမျိုးမျိုးနှင့် ပုစဉ်းအမျိုးမျိုး၏ သားလောင်းများလည်း အတောင်မပေါက်မီအတွင်း ရေထဲတွင် အတန်ကြာအောင် နေထိုင်ကြသည်။ အချို့တွင် ပါးဟက်သဖွယ် လေရှူအင်္ဂါများရှိ၍ အချို့က ရေမျက်နှာပြင်သို့တက်ပြီး လေကိုရှူရသည်။ ကော်ဒက်တာ မျိုးပေါင်းစုမှ ပရိုတို ကော်ဒယ်တာ မျိုးပေါင်းခွဲတွင် ပါဝင်သော မြန်မာ့ ရေသတ္တဝါများမှာ လူသိမများချေ။ ယင်းတို့အနက် မျိုးပေါင်း ကျူနီကိတ်တာ (တနည်း) ယူရိုကော်ဒက်တာကို ကိုယ်စားပြုသော ကျူနီကိတ် ကောင်များသာလျှင် အချို့က သိကြသည်။ ယင်းကျူနီကိတ်ကောင်များကို တနင်္သာရီနှင့် ရခိုင်ကမ်းခြေ တစ်လျှောက်ရှိ ကျောက်ဆောင်၊ ကျောက်တုံးများပေါ် တွင်သော် လည်းကောင်း၊ ထိုကျောက်ဆောင်၊ ကျောက်တုံးများအောက်တွင်သော် လည်းကောင်း တွေ့ရသည်။ ရခိုင်တိုင်းတွင် ယင်းကျူနီကိတ်ကောင်များကို ရေအိတ်ဟုခေါ် ကြသည်။ ယင်းအကောင်များသည် ဒီရေဖုံးသော ကျောက်ဆောင်ကျောက်တုံးများ အောက်ဘက်နှင့် အပေါ်ဘက်တွင် တွယ်ကပ်၍ နေတတ်ကြသည်။ ကိုယ်ခန္ဓာ၏ ပုံသဏ္ဌာန်မှာ အိတ်သဖွယ်ဖြစ်၍ အရွယ် အစားသည် ခြေမလောက်သာရှိသည်။ အကောင်၏ အပေါ်ဘက်တွင် အပေါက်ငယ် နှစ်ခုရှိ၍ ကျောက်များကို လှန်လိုက်သော အခါတွင်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့ကို ကိုင်တွယ်လိုက်သော အခါတွင်ဖြစ်စေ အပေါက်ငယ်နှစ်ခုမှ ရေများပန်းထွက် လာသည်။ ပရိုတို ကော်ဒက်တာမျိုးပေါင်းစုတွင် သတ္တဝါအမျိုးအမည် အတော်များများ ပါဝင်ကြသည်။ ယင်းသတ္တဝါစု တို့သည် စိတ်ဝင်စားဖွယ် ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသတ္တဝါတို့သည် ကျော်ရိုးမဲ့ သတ္တဝါတို့၏ လက္ခဏာများ အသင့်အတင့် ပြသည့်အပြင် ကျောရိုးရှိ သတ္တဝါတို့၏ လက္ခဏာများကိုလည်း ပြသော ကြောင့် ဖြစ်သည်။ ကျောရိုးမဲ့ သတ္တဝါတို့၏ လက္ခဏာများပါသောကြောင့် အဆင့်အတန်းနိမ့်သည်ဟု ဆိုရမည် ဖြစ်သော်လည်း အရေးပါသော ကျောရိုးရှိ သတ္တဝါတို့၏ လက္ခဏာများလည်း ပါရှိပြန်သောကြောင့် ကျောရိုးရှိ သတ္တဝါ အုပ်စုနှင့်အတူ သတ္တဗေဒပညာရှင်များက ပူးတွဲထားလေ့ရှိသည်။ ယင်းအရေးပါသည့် ကျောရိုးရှိသတ္တဝါတို့၏ လက္ခဏာများမှာ ရေထဲတွင် အသက်ရှူနိုင်သော ပါးဟက်များ၊ ကိုယ်ခန္ဓာကို အလျားလိုက် ထိန်းထားသော နိုတိုကော့နှင့် အခေါင်းပါသော ဦးနှောက်နှင့် ကျောရိုးနဗ်ကြော မတို့ဖြစ်ကြသည်။ ကော်ဒက်တာ မျိုးပေါင်းစုတွင် မြန်မာ့ ကျောရိုးရှိ သတ္တဝါအုပ်စုကြီး ငါးစုပါဝင်သည်။ ယင်းအုပ်စု ငါးစုအနက် အနိမ့်ဆုံး အဆင့်ဖြစ်သော ပိုက်ဆီမျိုးပေါင်းတွင် ငါးသတ္တဝါများ ပါဝင်ကြသည်။ ငါးဟူသော သတ္တဝါတို့သည် ရေတွင် ပါးဟက်ဖြင့် အသက်ရှူနိုင်၍ ရေယက်များဖြင့် ရေတွင် ကျင်လျင်စွာ ကူးခတ် သွားလာနိုင်သော ကျောရိုးရှိ သတ္တဝါမျိုး ဖြစ်ကြသည်
ရေချိုနှင့် ရေငန် နှစ်ရပ်စလုံးတွင် နေထိုင်ကျက်စားသည့် သတ္တဝါများဖြစ်သော ငါးတို့သည် အမျိုးအမည် အရေအတွက် အလွန် များပြားကြသည်။ နှစ်စဉ်နှစ်တိုင်း ယင်းတို့ကို ဖမ်းယူ စားသောက်ကြသော်လည်း အလွန်ပွားများသော သတ္တဝါမျိုးဖြစ်သောကြောင့် အမျိုးမပြုတ်နိုင်ချေ။ မြန်မာနိုင်ငံတွင် ကျောရိုးရှိ ရေသတ္တဝါတို့အနက် ယင်းတို့သည် အများဆုံး ဖြစ်၏။ သို့ရာတွင် နောင်လာနောက်သားတို့အတွက် အစာဖူလုံမှုကို ရည်စူး၍ စည်းကမ်းစနစ်ဖြင့် ဖမ်းယူသင့်ပေသည်။ ရေချိုငါးများထက် ရေငန်ငါးများက အမျိုးအမည်အရေအတွက် ပိုမိုများပြားသည်။ အရွယ်အစားအားဖြင့် အကြီး ဆုံးသော ငါးများကို ရေငန်ပိုင်းတွင်သာ တွေ့မြင်နိုင်သည်။ ဈေးတွင် တင်ရောင်းသော ရေချိုငါးများမှာ ငါးကျည်း၊ ငါးခူ၊ ငါးပနော်၊ ငါးပြေမ၊ ငါးကြင်း၊ ငါးသိုင်း၊ ငါးနက်ပြာ၊ ငါးမျက်ဆန်နီ၊ ငါးမြင်း၊ ငါးပတ်၊ ငါးသလောက် စသည်တို့ ဖြစ်ကြသည်။
ရေငန်ငါးများမှာ ငါးမုတ်၊ငါးဓားလွယ်၊ငါးကွန်းသျှပ်၊ ငါးဇဉ်းပြား၊ ငါးနီလေး၊ ကကူရန်၊ ကသပေါင်း၊ ငါးမန်း၊ ငါးလိပ်ကျောက် စသည်တို့ ဖြစ်ကြသည်။
မြန်မာ့ ငါးအများအပြားတို့သည် ရေထဲတွင် နေတတ်ကြသော်လည်း အချို့တို့မှာ ရွံ့နွံထဲတွင် နေတတ်ကြ သေးသည်။ ယင်းတို့မှာ ငါးရှဉ့်၊ ငါးလင်ပန်း၊ ငါးမြွေထိုးနှင့် ငါးပျံများဖြစ်ကြသည်။
မြန်မာ့ရေချိုငါးများအနက် ငါးကျည်း၊ ငါးခူ၊ ငါးရံ့ အမျိုးမျိုးနှင့် ငါးပြေမတို့သည် ရေတွင် အသက်ရှူနိုင်သည့်အပြင် ကုန်းပေါ်တွင်လည်း လေကို ရှူနိုင်သော ငါးများဖြစ်ကြသည်။ ထိုကြောင့် ယင်းငါးအရှင်များကို ဈေးများတွင် တစ်နှစ်ပတ်လုံး ရနိုင်သဖြင့် လတ်ဆက်စွာ စားသုံးနိုင်ကြသည်။ ယင်းကဲ့သို့ လေရှူနိုင်ခြင်း၏ အကြောင်းရင်းမှာ ပါးဟက်အိမ် အပေါ်ပိုင်းတွင် လေထဲမှအောက်ဆီဂျင်ကို ထုတ်နုတ်ယူနိုင်သော အင်္ဂါရပ်များ ရှိသောကြောင့်ဖြစ်သည်။ ယင်းအင်္ဂါရပ်များမှာ သွေးကြေားများဖြင့် ရှက်သန်းလျက်ရှိ၏။ မြန်မာ့ငါးများအနက် ရေချိုရေငန် နှစ်ရပ်စလုံးတွင် နေသော ငါးပူတင်းများနှင့် ငါးဆတ်ခေါ် ငါးများ၏ အသားတွင် အဆိပ်ပါရှိသည်ဟုဆို၏။ ထိုကြောင့် ယင်းငါးများကိုလူတိုင်း မစားချေ။ ဤငါးများကို စားခဲ့လျှင် အဆိပ်စုသည့် အသည်း၊ သည်းချေ စသည်တို့ကို သတိနှင့် ဖယ်ရှား၍ ချက်စားတတ်ကြသည်။ ငါးကျည်း၊ ငါးခူ၊ ငါးဇင်ရိုင်း၊ ငါးကြောင်း၊ ငါးအိုင့် စသည့် ငါးများ၏ ရေယက် ဆူးတောင်သည် စူးမိပါက အတော်ပင် နာကျင်တတ်သည်။ ငါးများသည်လည်း အခြားသတ္တဝါတို့ကဲ့သို့ အသားစား၊ အပင်စား၊ အစုံစား၊ အညစ်အကြေးစား ဟူ၍ မည်သည့် အစာစားသည်ကို လိုက်ပြီးသော် ခွဲခြား သတ်မှတ်နိုင်သည်။ ငါးများသည် ယေဘုယျအားဖြင့် အုတတ်သော်လည်း၊ အချို့မှာ အကောင်ပေါက်ဖွား ကြသေးသည်။ ယင်းတို့အနက် ရေချိုပိုင်းနေ ငါးသောင်မြင်းနှင့် ရေငန်ပိုင်းနေ ငါးမန်းအချို့လည်း အပါအဝင်ဖြစ်သည်။ အင်ဖီးဗီးယား မျိုးပေါင်းသည် ကော်ဒက်တာ မျိုးပေါင်းစုတွင် ပါဝင်သည်။ ငါးများထက် အဆင့်မြင့်၍ တွားသွား သတ္တဝါများထက်နိမ့်၏။ အင်းဖီဗီးယား ကောင်များကို ကုန်းနေ ရေသတ္တဝါဟုလည်း ခေါ်ကြသည်။ သားလောင်းဘဝတွင် ရေထဲ၌ ကျက်စား၍ ငါးကဲ့သို့ ပါးဟက်ဖြင့် အသက်ရှူနိုင်သော်လည်း အရွယ်ရောက်သောအခါ အဆုတ်ဖြင့်လေရှူသော သတ္တဝါမျိုးဖြစ်ကြသည်။ ယင်းတို့ မျိုးပွားရန်အတွက် ရေသည် အလွန်အရေးကြီးသဖြင့် မိုးဦးကျစအချိန်၌ ယင်းတို့ကို ရေအိုင်၊ ရေကန်များတွင် စုရုံးနေကြသည်ကို တွေ့မြင်နိုင်သည်။ ရေထဲတွင် အမများက ဥအုချပြီးနောက် ဥများမှ ဖားလောင်း (ဖားတစ်ပိုင်း ငါးတပိုင်း)များ ဖြစ်လာကြသည်။ သားလောင်းများ အရွယ်ရောက်ခါနီး အဆုတ်များကိုယ်တွင်း၌ ဖြစ်ပေါ်လာ၍ အမြီးတိုသွားပြီးလျှင် ကုန်းပေါ်သို့ တက်လာကြသည်။ မြန်မာနိုင်ငံတွင် ဖား၊ ဖားပြုတ်၊ ဖားခုန်ညင်း၊ သစ်ပင်တက်ဖား စသည်ဖြင့် ဖားအမျိုးသုံး ဆယ်ကျော်ရှိသည့်အနက် ရေနှင့်အနီးကပ်ဆုံးနေသော ဖားများတွင် စွတ်စိုသော အရေခွံရှိပြီးလျှင်၊ ခြေချောင်းများမှာ တစ်ခုနှင့်တစ်ခု အရေပြားဖြင့် ဆက်စပ်နေ၍ ပေါင်တံရှည်များ ရှိသဖြင့် ရေတွင် ကျင်လျင်စွာ ကူးသန်းနိုင် ငုပ်နိုင်ကြလေသည်။
ရာနာမျိုးရင်းတွင် ပါဝင်သော ဖားများကို မြန်မာနိုင်ငံ အချို့ဒေသ၌ စားလေ့ရှိကြသည်။ ဖားအမျိုးမျိုးသည် အင်းဆက်ပိုင်းကောင် စားသော သတ္တဝါများ ဖြစ်ကြသဖြင့် လူတို့အား အကျိုးပြုသော သတ္တဝါများဟု ဆိုရပေမည်။ ကော်ဒက်တာ မျိုးပေါင်းစုမှ ရက်ပတီးလျား မျိုးပေါင်းစုတွင် ပါဝင်သော တွားသွား သတ္တဝါများအနက် မြွေ၊ ဖွတ်၊ မိကျောင်းနှင့် လိပ်များသာ မြန်မာ့ ရေပြင်များတွင် ကျက်စားကြသည်။ ယင်းတို့အားလုံးပင် ရေထဲတွင် ကျင်လျင်စွာ ကူးခတ်သွားလာနိုင်သော်လည်း လေရှူသတ္တဝါများဖြစ်ကြ၍ ရေအောက်တွင် အမြဲမနေနိုင် ကြချေ။ ထို့အပြင် မျိုးပွားရန်အတွက် ကုန်းပေါ်သို့ တက်လာ ကြရသေး၏။ မြန်မာ့ ရေချိုရပ်ဖြစ်သည့် အင်း၊ အိုင်၊ ချောင်း၊ မြောင်းများအတွင်းရှိ မြက်ပင်ဒိုက်ပင်တို့ကိုမှီခို၍ နေကြသော ရေမြွေ၊ ကနဂုတ်မြွေ၊ ဒိုက်မြွေတို့သည် ရေထဲရှိ ဖားငါးများကို အစာအလို့ငှာ ဖမ်းယူ စားသောက်ကြသည်။ ယင်းတို့တွင် အရောင်အဆင်း အရွယ်အစား အမျိုးမျိုးရှိကြ၍ အဆိပ်ကင်းမဲ့၏။ မြန်မာ့ ရေငန်ရပ်ဖြစ်သော တနင်္သာရီနှင့် ရခိုင်ကမ်းခြေ တစ်လျှောက်ရှိ ကျောက်တုံးကျောက်ဆောင် များကို အကွယ်အကာယူ၍ နေထိုင်ကြသော ဂျပ်မြွေခေါ် ပင်လယ်မြွေ အမျိုးမျိုး ရှိကြသည်။ ယင်းတို့တွင် ထောင်လိုက် ပြားသောအမြီးများရှိသဖြင့် အခြားရေမြွေများထက်ရေတွင် ကျင်လျင်စွာ သွားလာနိုင်ကြသည်။
ဂျပ်မြွေမျိုးအားလုံး၌ ပြင်းထန်သော အဆိပ်ရှိသဖြင့် ယင်းတို့သည် မြွေဆိုးစားရင်းဝင်များ ဖြစ်ကြသည်။ အရောင်အရွယ်အစား အမျိုးမျိုးရှိသော်လည်း ယင်းတို့အားလုံးပင် ကြောင်ကျားသော အဆင်းရှိသည်။ အချို့မှာ ရေငန်ရောက်သော မြစ်များ ချောင်းများအထိ လာရောက် ကျက်စားနေထိုင်ကြသည်။ ရေတွင် အမြဲကျက်စားသော အထက်ပါ မြွေအားလုံးပင် ကုန်းပေါ်၌ ကောင်းစွာ မရွေ့လျားနိုင်ကြချေ။ မြန်မာနိုင်ငံတွင် ဖွတ်သုံးမျိုးနှင့် ဖွတ်မိကျောင်း တစ်မျိုးရှိသည်။ ဖွတ်ရိုးရိုးတို့မှာ အရောင်မွဲခြောက်ခြောက် ဖြူယော်ယော် ရှိနေ၍ အရွယ်အစား အသင့်အတင့် ကြီးမားသည်။
ဖွတ်မိကျောင်းမှာမူ ခုနစ်ပေအထိရှည်လျား၍ ရေတွင် ပိုမိုကျင်လျင်၏။ အရောင်အဆင်းမှာ အရွယ်ရောက် အကြီးဆုံးလျှင် မည်းနက်၍ ကျော်ဘက်တွင် အဝါကွက်များ ကန့်လန့်လိုက် စီနေ၏။ ဖွတ်နှင့် ဖွတ်မိကျောင်အသားကို စားကောင်းသည်ဟု အများက ယူဆကြသည်။ မြန်မာ့ရေပြင်တွင် တွေ့ရသော မိကျောင်း နှစ်မျိုးရှိသည်။
ကရော့ကို ဒီလပ်ပယ်လတ် စတြစ်ခေါ် မိကျောင်းမှာ မ္ဘက်တို၍ ယင်းကို သရက်မြို့အနီး ဧရာဝတီမြစ်အထက်ပိုင်းရပ်တွင် တွေ့နိုင်သည်။ ကရော့ကို ဒီလပ်ပေါ်ရိုဆပ်ခေါ် မိကျောင်းမှာ ဇက်သေးသွယ်၍ အကောင် ကြီးမားသည်။ အချို့မှာ ပေသုံးဆယ်အထိကြီးပြီးလျှင် လူနှင့် တိရစ္ဆာန်ကြီးများကိုပင် ခုခံတတ်ကြသောကြောင့် ကြောက်မက် ဖွယ်ရာကောင်း၏။ မိကျောင်းအသားကို အချို့စားတတ်ကြ သော်လည်း အများက မကြိုက်ချေ။ ရေချိုတွင် ကျက်စားသော မြန်မာရေလိပ်များမှာ အကောင် မကြီးမားလှချေ။ ကုန်းပေါ်တွင်လည်းကောင်း၊ ရေထဲတွင်လည်းကောင်း ကောင်းစွာသွားလာနိုင်၍ ခြေချောင်း ကြားတွင် အရေပြားရှိကြသည်။ ရေချိုလိပ်အားလုံးပင် အပင်စား သတ္တဝါများဖြစ်ကြ၏။ မြန်မာ့ ပင်လယ်လိပ်များမှာမူ အကောင်ကြီးမားလှ၍ အချို့မှာ ငါးပေခွဲမှ ခြောက်ပေအထိ ရှည်သည်။ ပင်လယ်လိပ်တို့သည် ကုန်းသို့တက်၍ အုကြရာ၊ ယင်းတို့ ဥချသော သီးသန့်ထားသည့် ကမ်းခြေများတွင် ဥများကောက် သိမ်းရန်အတွက် အစိုးရထံ အခွန်ပေးရ၏။ အချို့သော မြန်မာ့ပင်လယ်လိပ်အခွံမှ အဖိုးတန် လိပ်ခွံဘီးများ ပြုလုပ်ရ၏။ လိပ်သားကို ကမ်းခြေတွင် နေထိုင်သူအများပင် စားသောက်ကြ၏။ အေဗီမျိုးပေါင်းသည် ကော်ဒက်တာ မျိုးပေါင်းစုတွင် ဒုတိယ အမြင့်ဆုံးဖြစ်၍ ငှက်များပါဝင်သည်။ ရေတွင် ကျင်လည်ကျက်စားသော မြန်မာ့ရေငှက် အမျိုးမျိုးရှိသော်လည်း ယင်းတို့အားလုံးပင် အဆုတ်ဖြင့် လေရှူကြသဖြင့် ရေသတ္တဝါ စစ်စစ် မဟုတ်ကြချေ။ ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် အလေ့အထကို ထောက်ရှု၍ မြန်မာ့ရေငှက်များကို သုံးမျိုးသုံးစားခွဲခြား ထားနိုင်သည်။ ပထမ အမျိုးအစားတွင် ခန္ဓာကိုယ် ပုဝိုင်း၍ ပြားသောနှုတ်သီး ရှိကြပြီးလျှင် ခြေချောင်းများ တစ်ခုနှင့်တစ်ခု အရေ ပြားဖြင့် ဆက်စပ်နေသည်။ ထို့အပြင် ခြေထောက်များသည် တိုကြသည်။ တစ်နည်းအားဖြင့် ဘဲမျိုးဟုလည်း ခေါ်နိုင်ပေ သည်။ ရေဝမ်းဘဲ၊ ငှက်ကြီး ဝံပိုငှက်၊ စစ်စလီ၊ ကလကတ်၊ ဇင်ယော်၊ တင်ကျီးစသော ငှက်များ ဤအမျိုးတွင် ပါဝင်သည်။
ရေထဲမှ ငါးများ ပိုးကောင်များကိုလည်းကောင်း၊ အမှုံကောင်များကိုလည်းကောင်း ဖမ်းယူးစားသောက်တတ်ကြသည်။ ရေတွင်ကျင်လျင်စွာ ကူးခတ်နိုင်၊ ငုပ်နိုင်သော ငှက်မျိုးဖြစ်ကြသည်။ ဒုတိယ အမျိုးအစားကို ရှည်လျားသော နှုတ်သီး၊ ခြေထောက်၊ ခြေချောင်းများဖြင့် အလွယ်တကူ သိနိုင်သည်။ ရေစပ်၌ရှိသော မြက်တော၊ ဗွက်တောများတွင် လမ်းလျှောက်ကာ ပိုးကောင်၊ မွားကောင်းနှင့် ငါး၊ ဖားများကို ရှာဖွေ စားသုံးသော ငှက်မျိုးဖြစ်ကြသည်။ ဤအုပ်စုတွင် ဗျိုင်း၊ လင်းဝက်၊ ခရုစုတ်ငှက်၊ ငှက်ကျား၊ စနိုက်ငှက်၊ ကြိုးကြာ၊ ရေကြက်၊ ကြာဖက်နင်းငှက်နှင့် စိမ်း စသောငှက်တို့ ပါဝင် ကြသည်။
တတိယ ရေငှက်မျိုးတွင် ပိန်ညင်းငှက်နှင့် ပျံလွှားတို့
ပါဝင်သည်။
ယင်းတို့ သည် မြင့်မားသော နေရာတွင် သစ်ကိုင်းများ၊ သံကြိုးတန်း များပေါ်၌ နားနေရန်အတွက် သင့်လျော်သော ခြေထောက်များ ရှိသည်။ ယင်းသို့ နားနေရာမှ ရေမျက်နှာပြင်ပေါ်သို့ တက်လာသော ငါးငယ်များ၊ အင်းဆက်ပိုးမွှားများကို သုတ်ဖမ်းစားတတ်ကြသည်။ ပျံလွှားများမှာ ရေမျက်နှာပြင်အနီး လျင်မြန်စွာပျံဝဲပြီးမှ ရေထဲမှ ပိုးကောင်မွားကောင်များကို ကျင်လျင်စွာ ဖမ်းယူတတ်သော ငှက်မျိုးဖြစ်သည်။ ရေတွင် ကျက်စားပေါက်ပွားသော မြန်မာ့နို့တိုက် သတ္တဝါသုံးမျိုးခန့်ရှိရာ ယင်းတို့မှာ ဖျံမျိုး၊ လင်းပိုင်(လပိုင်) မျိုးနှင့် ဝေလငါးခေါ် ငဆင်မျိုးတို့ ဖြစ်ကြသည်။ ယင်းတို့အားလုံး၌ပင် လေရှူခြင်း၊ အကောင်လိုက် မွေးခြင်း၊ အမိက နို့တိုက်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အမွေးရှိခြင်း စသည့်နို့တိုက် သတ္တဝါတို့၏ ဂုဏ်လက္ခဏာများ ရှိကြသည်။ ရေတွင် ကျင်လည် ကျက်စားရန် သင့်လျော်သော ခန္ဓာကိုယ်အနေအထားရှိသဖြင့် ကုန်းနေနို့တိုက်သတ္တဝါတို့နှင့် ပုံပန်းသဏ္ဌာန် အတော်ကွာခြားကြသည်။ ရေချိုရပ်၌ရှိသော အင်းအိုင်ချောင်းမြောင်းများတွင် ကျက်စားသည့် ဖျံနှစ်မျိုးရှိသည်ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ယင်းနှစ်မျိုးလုံး၌ပင် ရှည်လျားသော ခန္ဓာကိုယ်၊ တိုသော ခြေလက်များအပြင် ပြားဝိုင်သော ခြေဖျားလက်ဖျားနှင့် အမြီးတို့ရှိကြသောကြောင့် ရေတွင် ကျင်လျင်စွာ ကျက်စားနိုင် ကြသည်။ မြန်မာဖျံကြီးမျိုးသည် ကျောတွင် ညိုမောင်းသော အရောင်ရှိ၍ ဝမ်းဘက်တွင် အဖြူရောင်သန်းလျှက် ရှိတတ်သည်။ မြန်မာ ဖျံငယ်များမှာမူ နေထိုင်ကျက်စားရာ အရပ်ဒေသသို့ လိုက်၍ အရောင် ကွဲပြားပြီးလျှင် ဆယ်ကောင်၊ ဆယ့်နှစ်ကောင်ခန့်ထိ အုပ်ဖွဲ့၍ နေတတ်ကြသည်ဟု ဆိုသည်။ လင်းပိုင်း နှစ်မျိုးကို မှတ်တမ်းတင်ထားသည့်အနက် တစ်မျိုးသည် ရေငန်ရပ်တွင်သာ ကျက်စား၍၊ ကျန်တစ်မျိုး သည် ရေချိုရပ်အထိ လာရောက်နေထိုင် ကျက်စားသည်ဟု ဆိုသည်။ ယင်းတို့အနက် ဒုတိယမျိုးသည် ခုနစ်ပေခွဲခန့် အလျားရှိသည်ဟု ဒေါက်တာမေဆင်က ဆိုသည်။ ထိုလင်းပိုင်မျိုးသည် ကျောဘက်တွင် မဲနက်နက် အရောင်ရှိပြီးလျှင် ဝမ်းဘက်တွင် အရောင်ဖျော့သည်။ ပထမ အမျိုးကို နီကိုဗားကျွန်း တစ်ဝိုက်တွင် တွေ့ခဲ့သည်ဟု ဗလိုက်ဆိုသူက အရောင်း အဆင်းရှိကြောင်းကိုကား ဖော်မပြခဲ့ချေ။ လင်းပိုင်နှစ်မျိုးမှာ အော်ဆယ်လာ ဖလူဗီယေတီးလစ်နှင့် ဒဲလဖီနိုရင်းခပ် ရော့စတြေးတပ်တို့ ဖြစ်ကြသည်။ မြန်မာ့ ရေငန်ပိုင်နက်အတွင်း ရံဖန်ရံခါ တွေ့ရသော ငဆင် ( ဝေလငါး ) နှစ်မျိုးကို မှတ်တမ်းတင်ထားသည်။ ယင်းတို့မှာ ဗာလီးနော့ပတဲရာ အင်ဒိကာနှင့် ဗာလီးနော့ပတဲရာ အက်ဒနီတို့ ဖြစ်ကြသည်။ ပထမ အမျိုးကို ရခိုင်ကမ်းရိုးခြေ တွင် အသေကောင် တွေ့ရှိခဲ့ဘူး၍ ဒုတိယ အမျိုးကို သဲဖြူချောင်း၏ သောင်ကမ်းစပ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။ အလွန် ကြီးမားသော တိရစ္ဆာန်များ ဖြစ်ကြပြီးလျှင် ရံဖန်ရံခါသာလျှင် မြန်မာ့ရေငန်ပိုင်း၌ တွေ့ရသဖြင့် ယင်းတို့အကြောင်းကို ကောင်းစွာ မသိရသေးချေ။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)