ဂျပ်မြွေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂျပ်

ဂျပ်မြွေသည် ပင်လယ်၌လည်းကောင်း၊ ရေငန်ဒေသ အနှံ့ အပြား၌ လည်းကောင်း နေတတ်လေသည်။ ဂျပ်ကို သေချာစွာ မြင်ဖူးသူ နည်းပါးသည်။ ဂျပ်တို့သည် တစ်ကောင်နှင့် တစ်ကောင် မတူ။ အရောင်အဆင်း၊ ကိုယ်ဟန်၊ ဦးခေါင်းနေပုံ တို့သည် အမျိုးမျိုးကွဲပြားကြသည်။ ဂျပ်တို့ကို ဂျပ်ပြားမျိုး၊ ဂျပ်လုံးမျိုးဟူ၍ အောက်ပါအတိုင်း ခွဲခြားနိုင်ပေသည်။ ပါဏ ဗေဒအရ ဂျပ်ပြားကို 'လက်တီကောဒါစတုတာတာ'ဟုခေါ်၍ ဂျပ်လုံးကို 'ဟိုင်းဒရတ်' သို့မဟုတ် 'ဟိုင်ဒရိုဖစ်'ဟု ခေါ်သည်။

ဂျပ်ပြားများ[ပြင်ဆင်ရန်]

  1. ဂျပ်မွဲ
  2. ဂျပ်နက်
  3. ဂျပ်ဝါ
  4. ဂျပ်နီ
  5. ဂျပ်ညိုမှိုင်း
  6. ဂျပ်ချောင်ရွှေဝါ
  7. ဂျပ်လုံးများ
  8. ဂျပ်လုံး
  9. ဂျပ်ရက်ဖောက်
  10. ဂျပ်ငန်း

ဂျပ်သည် လူကို တမင်မကိုက်တတ်ချေ။ ရေထဲ၌ အနှံ့အပြား ရှိသော်လည်း လူကိုရှောင်ရှား၍ သွားတတ်သည်။ လှိုင်းလေထသော အချိန်မျိုးတွင် ရေငြိမ်ရာကမ်းခြေသို့ကပ်၍ သစ်ခက်သစ်ကိုင်းတို့ကို တွယ်နေတတ်သည်။ တစ်ခါတစ်ရံ မြစ်ထဲ ချောင်းထဲ၌ ရေချိုးနေသော လူကို လူမှန်းမသိသဖြင့် ပေါင်၊ ခြေသလုံး၊ ခါးတို့ကို ရစ်ပတ်ထားတတ်သည်။ ဂျပ်ပတ်ထားသည်ကို လူကသိ၍ အသာငြိမ်ငြိမ်နေလိုက်လျှင် ဂျပ်သည် သွားလိုသောအခါ အလိုအလျောက် ရစ်ပတ်ထားသည်ကိုဖြေ၍ ကူးသွားတတ်လေသည်။ သို့သော် လူက ကြောက်အားလန့်အား ဖြင့် ဂျပ်ကို ပုတ်ခတ်ဖယ်ရှားလျှင် ဂျပ်သည် တင်းကျပ်စွာ ပတ်ထားပြီးလျှင် ဦးခေါင်းကို ရမ်းခါ၍ နေတတ်သည်။ ဂျပ်၏ အစွယ်သည် ချေ၏အစွယ်ကဲ့သို့ အပြင်ထွက်နေသောကြောင့် အစွယ်သည် အသားနှင့် ငြိတတ်လေသည်။ ထိုသို့ငြိသော အစွယ်ရာသည် သက်ငယ်ရှသလောက်မျှပင်မရှိချေ။ သို့ရာတွင် ချက်ချင်း အဆိပ်တက်လာတတ်သည်။


ဂျပ်ကိုက်လျှင် နာကျင်ပူလောင်ခြင်း မရှိချေ။ ပါးစပ်၌ ချွဲပျစ်စေးကပ်လျက် မျက်စိမှုန်ဝေကာ စကားလည်းမပြောနိုင်ဘဲ လွန်စွာအိပ်ချင်လာသည်။ လူနာပြုစုတို့သည် လူနာကို မအိပ် အောင် မျက်နှာကိုရေပက်ခြင်း၊ လည်ကုပ်ကို ဆုပ်နယ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်းတို့ကို ပြုလုပ်ရသည်။ အကယ်၍ လူနာကို မအိပ်အောင်လုပ်၍ မရလျှင် ထိုလူနာသည် နောက် ဆုံး၌ အိပ်ပျော်ရာမှ မနိုးတော့ဘဲ တဖြည်းဖြည်း အသက်ရှူရပ် သွားတတ်သည်။

ဂျပ်ပြားအမျိုးမျိုး[ပြင်ဆင်ရန်]

ဂျပ်ပြားများသည် အထက်ကဆိုခဲ့သည့်အတိုင်း ပင်လယ်နှင့် ရေငန်ရောက်ရာဒေသတို့တွင် နေကြသည်။ ရေချိုတွင် လုံးဝ မနေကြချေ။ ယင်းတို့သည် ရေသက်ကိုမရှူကြဘဲ ငါးခူ၊ ငါးရံ့ တို့ကဲ့သို့ လေသက်ကို ရှူရှိုက်ကြသဖြင့် ရေပေါ်သို့ ဦးခေါင်း တစ်ထွာခန့်ဖော်ပြီးလျှင် ရှူးကနဲမြည်၍ ငုပ်သွားတတ်ကြလေ သည်။


ဂျပ်မွဲမှာ ငါးပုတ်သင်၏ အရောင်ကဲ့သို့ မွဲခြောက်ခြောက် အရောင်ရှိသည်။ အကွက်အစင်းများ မပါချေ။ လုံးပတ် လက် မောင်းခန့်ရှိ၍ အရှည်မှာ နှစ်တောင်တစ်ထွာခန့် ရှိလေသည်။ ဦးခေါင်းနှင့်ကိုယ်သည် မြွေခေါင်းနှင့် မြွေကိုယ်ကဲ့သို့ပင် ဖြစ် သည်။ အမြီးသည် ငါးမြွေထိုး၊ ငါးလင်ပန်းတို့၏ အမြီးကဲ့သို့ ပြားယောင်ယောင်ဖြစ်သည်။ လွန်စွာ အဆိပ်ပြင်းသည်။ ဂျပ်နက်သည် ဂျပ်မဲကဲ့သို့ ဦးခေါင်းနှင့်လိုက်သောကိုယ် ရှိသည်။ အမြီးပြားသည်။ တစ်ကိုယ်လုံး နက်သည်။ မျက်လုံး၊ အူ၊ အသည်း၊ အတွင်းသား၊ အာပေါင်၊ အစွယ်တို့လည်း နက်၏။ အဆိပ်ပြင်းထန်လှ၍ ကိုက်လျှင် ဆေးမရှိဟုဆို၏။ အခြား ဂျပ်မျိုးကဲ့သို့မပေါများ တွေ့ရခဲ၏။


ဂျပ်ဝါသည် ပုံသဏ္ဌာန်အားဖြင့် ဂျပ်မွဲနှင့် တစ်ထေရာတည်း တူသည်။ သို့သော် အရောင်အဆင်းကွဲသည်။ ဂျပ်ဝါ၏အရောင် သည် တစ်ကိုယ်လုံး ထိန်ဝါလျက်ရှိသည်။


ဂျပ်နီသည် ပုံသဏ္ဌာန်အားဖြင့် ဂျပ်မွဲ၊ ဂျပ်ဝါတို့နှင့် တစ်ထေရာတည်းတူသည်။ ကျောရိုးတစ်လျှောက်တွင် အညို ရောင်ရှိပြီးလျှင် ဘေးနှစ်ဖက်၌မူ ဟင်းသပြဒါးကဲ့သို့ နီးမြန်း သော အကြောင်းအစင်းများရှိသည်။ အဆိပ်လွန်စွာ ပြင်းထန် သည်။ ယင်းကို အချို့က ဂျပ်ဟင်းသပြဒါးဟု ခေါ်သည်။ ဂျပ်ညိုမှိုင်း၏ ဦးခေါင်းသည် စားတော်ပဲခန့်သာသာရှိသည်။ ဦးခေါင်းနှင့်လည်ပင်းတွင် အနက်နှင့်အဝါစင်းများ တစ်မိုက်ခန့် ရှိသည်။ ဦးခေါင်းကို လက်ယာလက်ဝဲသို့ လျင်မြန်စွာ စောင်းငဲ့ နိုင်သည်။ လည်ပင်းမှ တဖြည်းဖြည်းတုတ်လာသောကိုယ်သည် လက်မောင်းလုံးခန့် ရှိသည်။ အမြီးမှာ ပြားယောင်ယောင် ဖြစ်သည်။ ကျောရိုးတစ်လျှောက်တွင် ညိုမှိုင်းမှိုင်းအရောင်ရှိ၍ ဘေးနှစ်ဖက်တွင် ဝါဖန့်ဖန့်အရောင်ရှိသည်။ တစ်ကိုယ်လုံး၌ အဝါနှင့်အညိုစင်းများရှိသည်။


ဂျပ်ချောင်ရွှေဝါသည် ဂျပ်ညိုမှိုင်းနှင့် တူသည်။ ဦးခေါင်းမှာ ပဲကြီးစေ့ခန့် ရှိလေသည်။ကိုယ်လုံးကြီး၍ ကျောရိုးတစ်လျှောက် တွင် ဝါမှိုင်းမှိုင်းအရောင်ရှိသည်။ ဘေးနှစ်ဖက်သည် ထိန်ဝါ လျက် ကိုယ်လုံး၌ အဝါနှင့်အမဲစင်းများရှိသည်။


ဂျပ်လုံးအမျိုးမျိုး[ပြင်ဆင်ရန်]

ဂျပ်လုံး၏ ဦးခေါင်းနှင့်လည်ပင်းသည် အလွန်သေးငယ်၍ ကိုယ်လုံးမှာ မတ်စေ့သာသာခန့်ရှိသည်။ ခေါင်းမှအမြီးတိုင် အောင် မြွေနှင့် တစ်သမတ်တည်းတူသည်။ ဂျပ်ပြားကဲ့သို့ အမြီး မပြားလှချေ။ အမြီးဖျား လက် ၃ သစ်ခန့်သာ လျှင် မသိမသာ ပြားယောင်ယောင်ဖြစ်သည်။ ဂျပ်သည် မြွေနှင့် ကွဲပြားပုံမှာ ဂျပ်လုံးဟူသမျှတွင် ခေါင်းသေး၍ ဦးခေါင်းမှ အမြီးဖျားထိတိုင်အောင် အနက်တစ်တန်း၊ အဖြူတစ်တန်း သို့မဟုတ် အနက်တစ်တန်း၊ အဝါတစ်တန်း ပါရှိသည်။ ဂျပ်လုံးများကို ပင်လယ်နှင့်တကွ ကမ်းနားလတာများနှင့် ရေတက်ရေကျရှိသော ချောင်းတိမ်၊ ရိုးတိမ်တို့တွင် တွေ့ရသည်။ ထို့ပြင် မိုးအခါ ရေရောက်သော ကွင်းပြင်နှင့် လယ်ကွင်းများ၌ လည်း တွေ့ရလေသည်။ ဂျပ်လုံးသည် ဂျပ်ပြားထက် အဆိပ် ပြင်းသဖြင့် ကိုက်လျှင် နာရီဝက်နှင့် သေနိုင်သည်။ ကုန်းရှိမြွေ ထက် အဆိပ်ရှစ်ဆပိုသည်ဟု အဆိုရှိ၏။


ဂျပ်ရက်ဖောက်သည် အလွန်သေးငယ်၍ ဂျပ်လုံးနှင့်တူသည်။ အရောင်အမျိုးမျိုးရောနေ၍ အဝါတန့်၊ အနက်တန့်များလည်း ပါရှိသည်။ ရက်ဖောက်ခန့် ကိုယ်လုံးရှိသည်။ ဂျပ်ရက်ဖောက် နှင့် ဂျပ်လုံးတို့သည် အမူအကျင့်တူ၍ အရွယ်သာလျှင် ခြားနား ကြသည်။ ဂျပ်လုံးသည်များစွာမရှည်လှချေ။ ကိုယ်တုတ်သည်။ ဂျပ်ရက်ဖောက်မှာမူ ဝတုတ်ခြင်းမရှိဘဲ သေးသွယ်လျက် အလွန် ရှည်လျားလေသည်။


ဂျပ်ငန်းသည် ဂျပ်လုံး၊ ဂျပ်ရက်ဖောက်တို့ထက် အကောင် ကြီးမားသည်။ ကိုယ်မှာ ငန်းသံကွင်းစွပ်များကဲ့သို့ အနက်တန့်၊ အဝါတန့်၊ အဖြူတန့် ရောထွေးလျက်ရှိသည်။ ဦးခေါင်းပေါ်ရှိ နှာသီးဖျားမှာ အဖြူကွက်တစ်ကွက်၊ ထိပ်လည်မှာ အဖြူကွက် ၂ ကွက်တို့သည် ဖိုခုံလောက်သဖွယ်သုံးကွက်ဆိုင်လျက်ရှိသည်။ ကိုယ်သည် နှစ်ထောင်တစ်ထွာခန့် ရှိသည်။ အဆိပ်တက် လျင် မြန်သည်။


ဂျပ်ကိုက်သောအခါ ပင်လယ်ခရာမြစ်ဝါကို ဝါးမျို စား သောက်ခါမျှဖြင့် ပျောက်တတ်၏။ အချို့လည်း လတာနုန်းကို လက်ဖြင့်ကော်၍ စားမျိုးခြင်းဖြင့် ပျောက်တတ်၏ဟု အဆို ရှိသည်။ ဂျပ်ကိုကျပ်ဟူ၍လည်း ရေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)