ကင်းမြီးကောက်

ဝီကီပီးဒီးယား မှ
ကင်းမြီးကောက် (Scorpion)
Temporal range: 435–0 Ma
Early Silurianpresent
Hottentotta tamulus, the Indian red scorpion
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်းစုသေး: Chelicerata
မျိုးပေါင်း: Arachnida
မျိုးစဉ်: Scorpiones
C. L. Koch, 1837
မျိုးရင်း

see Taxonomy

Native range of Scorpiones
အမြီးဖျားတွင်အဆိပ်ဆူးပါသည့် ကင်းမြီးကောက်

ကင်းမြီးကောက်၏ပုံပန်းမှာ မြင်ရုံနှင့်ပင် ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။ အမည်နှင့်လိုက်အောင် အမြီးမှာကောက်လျက်ရှိ၏။ ဦးခေါင်းမှာ ကိုယ်နှင့် ကပ်လျက် ရှိသဖြင့် အလျင်းမရှိဟု ထင်မှတ်ရသည်။ ကြီး မားသော လက်မကြီး ၂ ခုမှာ ပခုံးဆီမှ ထွက်ပေါ်လာသည် ထင်ရသော်လည်း အမှန်အားဖြင့် ပိုးမွှားတိရစ္ဆာန် ကလေး များကို ဖမ်းယူရန်အတွက် ဦးခေါင်းမှ ထူးဆန်းစွာ ပေါက်ပွား လာသော အင်္ဂါထူးတစ်ခုဖြစ်သည်။ သေးငယ်သော မျက်လုံး ကလေးများမှာ ဦးခေါင်းထိပ်တွင်ရှိ၍၊ ကျောပေါ်၌လည်း မျက်လုံးတစ်စုံအပိုပါတတ်သည်။

ကင်းမြီးကောက်တွင် ပင့်ကူနည်းတူခြေ ၈ ချောင်းရှိ၍ 'အာရက်နီဒါ'ခေါ် တိရစ္ဆာန်မျိုးပေါင်း၌ ပါဝင်သည်။ သို့သော် လက်မ ၂ ခုမှာ ခြေထောက်များရှေ့ဖက်တွင် ရှိသောကြောင့် ပုစွန်တုပ်ကြီးနှင့် တစ်နည်းတဖုံဆင်တူ၍နေသည်။ ကင်းမြီး ကောက်အမြီး၏အဆုံးတွင် အလွန်မာကျော ချွန်ထက်သော အဆိပ်ဆူးတစ်ခုရှိသည်။ အဆိပ်ဆူး၏ထိပ်ဖျားတွင် သေးငယ် သော အပေါက်ကလေးတစ်ပေါက်ရှိ၍၊ ထိုအပေါက်မှ အမြီး၏ နောက်ဆုံးအဆစ် အပိုင်းအတွင်း၌ သိုလှောင်ထားသော အဆိပ် ကို လွှတ်ထုတ်နိုင်သည်။ ကင်းမြီးကောက်သည် မိမိဖမ်းဆီးရမိ သော သားကောင်ကို သန်မာလှသောလက်မကြီး ၂ ဖက်ဖြင့် မြဲမြံစွာ ညှပ်ထားပြီးသော်၊ ထိုသားကောင်၏ကိုယ်ပေါ်သို့ အမြီးကို ကွေးချလျက်အဆိပ်ဖြင့် ထိုးသတ်လေ့ရှိသည်။

ကင်းမြီးကောက်ကြီးတစ်ကောင်၏ အဆိပ်သည် ကြွက်စသော သတ္တဝါအငယ်စားကလေးများကို သေစေနိုင်လောက်အောင် ပြင်းထန်၏။ လူသည် ကင်းမြီးကောက်ထိုး၍ မသေနိုင်သည့် တိုင်အောင် ခံစားရသောဝေဒနာမှာ မသက်သာလှချေ။ ချည့်နဲ့ အားနဲနေသူဖြစ်က သေပင်သေနိုင်သည်ဟု သိရသည်။

ကင်းမြီးကောက်တွင် အရွယ်အစားစားရှိ၏။ အချို့ကင်းမြီး ကောက်အငယ်စားကလေးများမှာ တစ်လက်မခွဲ ၂ လက်မခန့် သာ ရှိသော်လည်း၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံတွင် တွေ့ရ သော ကင်းမြီးကောက်အကြီးစားမျိုးမှာ အလျား ၈ လက်မ ခန့် အထိပင် ကြီးမားကြောက်မက်ဖွယ် ကောင်းတတ်ပေသည်။

ကင်းမြီးကောက်တို့သည် အကယ်စင်စစ် အပူပိုင်းဒေသတွင် နေထိုင်ကြသော်လည်း နေပူကိုကြောက်၍ နေရောင်စူးစူးကို မခံလိုကြချေ။ ထို့ကြောင့် ပူပြင်းသည့်နေ့အချိန်များတွင် အရိပ် ကျရာကျောက်ကြိုကျောက်ကြား၊ သစ်ပင်ကြိုသစ်ပင်ကြားများ၌ ခိုအောင်း၍နေလေ့ရှိသည်။ သို့သော်ဖက်သို့ရောက်လာလျှင် လန်းဆန်းဖျတ်လတ်လာပြီးသော် ခိုလှုံနေရာ အကြိုအကြားမှ ထွက်၍ အစာရှာတော့သည်။

ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွ နှင်းကျသည့်အရပ်ဒေသမှာပင် တွေ့ရသည်။ ကင်းမြီးကောက်တို့၏အစာများမှာ သေးငယ်သောပိုးမွှား၊ ပင့်ကူ၊ ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ ဖားပြုတ်၊ ပက်ကျိခရု ပက်ကျိ စသော အကောင်ကလေးများအပြင် ကြွက်စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြသည်။ ကင်းမြီးကောက် တို့သည် ယင်းတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပေ။ လူကိုလည်း သာမန်အားဖြင့် ရန်ပြု ခဲပေသည်။ ကင်းမြီးကောက်တို့ ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင်စားဖွယ်ကောင်း၏။ ကင်းမြီးကောက်အမသည် အဖိုထက်ကိုယ်လုံးကိုယ်ထည် ကြီးမားသည်။ မိမိထံပါးသို့ ကင်းမြီးကောက် အဖိုတစ်ကောင်လာ၍ချစ်ရေးဆိုလျက်ရှိစဉ်၊ သဘောကောင်းချိန် ကြုံကြိုက်၍ စိတ်ကြိုက်နှင့်တွေ့ပါက၊ ကြည်သာစွာပင် လက်ခံတတ်သည်။ အခန့်မသင့်က ထိုအဖိုကိုကိုက်သတ်၍ စားပစ်တတ်၏။ နှစ်ဦးနှစ်ဝ ချစ်ရေးကြည်ဖြူခဲ့သော် အဖိုသည် အမ၏လက်မ ၂ ဖက်ကို မိမိ၏လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် ရှေ့တိုးနောက်ငင်စုံတွဲလျက် နေပြီးနောက်၊ မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားလေသည်။ သို့သော် ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးသောအခါ အမသည် အဖိုကို စားပစ်လိုက်တတ်သည် သာများသည်။

သို့ရာတွင် ကင်းမြီးကောက်အမသည် မိမိသားငယ်များ အပေါ်၌မူများစွာခင်မင်ကြင်နာသည်ကိုတွေ့ရ၏။ ကင်းမြီး ကောက်တို့သည် အကောင်လိုက်ပေါက်ဖွားကြ၍၊ မိခင် ကင်းမြီးကောက်မကြီးသည် သားငယ်များကို ကျောပေါ်၌ သယ်ဆောင် သွားလာလေ့ရှိသည်။ ကင်းမြီးကောက်ပေါက်စ သည် ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပ အမအဖဖြစ်သော ကင်းမြီးကောက် ကြီးများနှင့် ပုံသဏ္ဌာန်ချင်းတူသည်။ ယင်းတို့သည် ကြိမ်ဖန်များစွာအရေလဲပြီးမှ တဖြည်းဖြည်း ကြီးပြင်းကြရသည်။

ကုန်းနေသတ္တဝါများတွင် ကင်းမြီးကောက်သည် အလွန် ရှေးကျသောသမယ၌ပင် ရှိခဲ့လေသည်။ ကျောက်မီးသွေးထွက်သော ဒေသများတွင် ရှေးခေတ်ကရှိခဲ့သော ကင်းမြီးကောက်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရ၍၊ ယင်းတို့၏ပုံသဏ္ဌာန်မှာ ယခုခေတ်ကင်းမြီးကောက်များနှင့် အနည်းငယ်သာ ကွာခြားသည်။ တစ်ဖန် ကင်းမြီးကောက်ဆိုလျှင် ကုန်းပေါ် တွင်သာရှိ သည်ဟု မမှတ်သင့်ပေ။ ပင်လယ်ကင်းမြီးကောက်များလည်း ရှိခဲ့ဘူးကြောင်း သက်သေအထောက်အထားများ တွေ့ရသည်။ ပင်လယ်ကင်းမြီးကောက်တွင် ဆွေမျိုးဖြစ်သော ကုန်းနေကင်းမြီး ကောက်များနည်းတူ အဆိပ်ရှိသည်ဟု ထင်ရသည်။ သို့သော် ယင်းတို့ကို ကြီးကြီးမားမားမတွေ့ရ၊ အလျားတစ်လက်မ ၂ လက်မအရွယ်များကိုသာ တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)