ဤဆောင်းပါးသည် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်သည်။ အသေးစိတ်သိရှိရန် ဤနေရာတွင်နှိပ်ပါ။

ပင့်ကူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပင့်ကူ
Temporal range: ပန်ဆဗေးနီးယန်းလက်ရှိ၊ ၃၁၉ MYA မှ ယနေ့ထိ 319–0 Ma
Spiders Diversity.jpg
ပင့်ကူအမျိုးမျိုး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်းစုသေး: Chelicerata
မျိုးပေါင်း: Arachnida
မျိုးစဉ်: Araneae
Clerck, 1757
မျိုးစဉ်ခွဲများ
ဇီဝမျိုးစုံမျိုးကွဲ[၁]
မျိုးစိတ် (၄၆,၀၀၀) ပါဝင်သည့် မျိုးရင်း (၁၁၃) ခု

ပင့်ကူသည် လေကိုရှူ၍ အသက်ရှင်သည့် ခြေဆစ်များသတ္တဝါဖြစ်ပြီး၊ ခြေချောင်း ရှစ်ချောင်းနှင့် ချီလစ်ဆာရီ (Chelicerae) ခေါ် အဆိပ်စွယ်များ ပါရှိသည်။ ပင့်ကူအများစုသည် "ပင့်ကူမျှင်" ဟုခေါ်သော ပိုးချည်မျှင် ထုတ်နိုင်စွမ်းရှိကြသည်။ အာရက္ကနစ် (Arachnids) ဟု သိပ္ပံအမည်ပေးထားသည့် တိရစ္ဆာန် မျိုးပေါင်းမျိုးစဉ်တစ်ခုဖြစ်သော ပင့်ကူသည် တိရစ္ဆာန်မျိုးစဉ်အားလုံး၌ သတ္တမမြောက် မျိုးစိတ်အရေအတွက် အများဆုံးဖြစ်သည်။[၂] ၁၉၀၀ ပြည့်နှစ်မှစ၍ မျိုးရိုးခွဲခြမ်းစိတ်ဖြာသည့် ပညာရှင်များက မတူညီသည့် ပင့်ကူအမျိုးအစားကွဲ နှစ်ဆယ်ကျော်အား စတင်အဆိုပြုခဲ့ကြရာ[၃] ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပင့်ကူမျိုးစိတ်ပေါင်း ၄၉၆၂၃ မျိုးကို မျိုးရင်းစုစုပေါင်း ၁၂၉ ခုအတွင်း ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားပြီးဖြစ်သည်ဟုသိရသည်။[၄] အန္တာတိကတိုက်ကလွဲ၍ ကမ္ဘာပေါ်ရှိ ကျန်တိုက်ကြီးများအားလုံး၏ (ပင်လယ်ရေထုနှင့် လေထုမှအပ) နေရာဒေသနီးပါးတိုင်းတွင် ပင့်ကူများ နေထိုင်ကျက်စားကြသည်ကို မြင်တွေ့နိုင်သည်။ ပင့်ကူ အားလုံးနီးပါးသည် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး အင်းဆက်များအား အများဆုံး ဖမ်းယူစားသောက်လေ့ရှိကြသည်။ သားကောင်ကို အမဲလိုက်ရာတွင်လည်း နည်းလမ်းမျိုးစုံသုံးလေ့ရှိကြသည်။ အချို့က ထောင်ချောက်ဆင်ဖမ်းရန် ပင့်ကူအိမ်ဆောက်လုပ်ကြပြီး အချို့က သားကောင်ထံသို့ ပင့်ကူကြိုးမျှင်ပစ်၍ဖမ်းကြသည်။ အချို့သော ပင့်ကူများမှာ မြေတွင်း၌ ဦးစွာပုန်းအောင်းနေကာ အနီးအနားမှဖြတ်သွားသည့် သားကောင်အား ပြေးထွက်ဖမ်းကြသည်။ အချို့မှာမူ ပင့်ကူမျှင်ဖြင့် ပိုက်ကွန်တစ်ခုရက်လုပ်ပြီး ဖြတ်သွားသည့် သားကောင်အား ထိုပိုက်ကွန်ဖြင့် ကွန်ပစ်သကဲ့သို့ ပစ်၍ဖမ်းယူကြသည့် ပင့်ကူမျိုးလည်းရှိ၏။ အချို့မှာ ခပ်ဝေးဝေးသို့ပင် ခုန်နိုင်ကြပြီး သားကောင်အနီးအနားသို့ တိတ်တဆိတ်ချဉ်းကပ်ကာ ခုန်အုပ်၍ဖမ်းယူကြသည်။[၅]

ခန္ဓာဗေဒ[ပြင်ဆင်ရန်]

ပင့်ကူ၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပြ ပုံကြမ်း

ပင့်ကူ၏ ခန္ဓာကိုယ်ကို ခန္ဓာကိုယ်ရှေ့ပိုင်း (Cephalothorax) နှင့် ဝမ်းဗိုက်ပိုင်း (Abdomen) ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားကြည့်နိုင်သည်။ ပင့်ကူ၌ အင်းဆက်များကဲ့သို့ ဦးမှင်များ မပါရှိပေ။ ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံစံ ပို၍ အဆင့်မြင့်သည့် အချို့ပင့်ကူများ၌ ဗဟိုအာရုံကြောစနစ်ပင် ပါရှိလေ၏။ အခြားသော ခြေဆစ်များ သတ္တဝါ အများစုနှင့် မတူညီသည်မှာ ပင့်ကူ၏ ခြေထောက်များတွင် ဆန့်ထုတ်နိုင်သည့် ကြွက်သားများ မပါရှိခြင်းဖြစ်ပြီး ထိုလုပ်ဆောင်ချက်မျိုး လုပ်ဆောင်နိုင်ရန်အတွက် ဟိုက်ဒရောလစ် ဖိအားကဲ့သို့ ခြေထောက်များအား လှုပ်ရှားဆောင်ရွက်ပေးရလေသည်။[၅][၆]

အရွယ်အစား ကွဲပြားမှု[ပြင်ဆင်ရန်]

ဂိုလိုက်ယက် ငှက်ဖမ်းပင့်ကူ (မျိုးစု - Theraphosa blondi; အင်္ဂလိပ်: Goliath birdeater) သည် ကမ္ဘာ့အကြီးဆုံး ပင့်ကူမျိုးဖြစ်သည်။

အရွယ်ရောက်ပြီးသော ပင့်ကူငယ်များသည် ၀.၁ လက်မ (၄ မီလီမီတာ) ထက် သေးနိုင်ပြီး၊ အကြီးဆုံး ပင့်ကူများသည် ခန္ဓာကိုယ်အရှည် ၁၀ လက်မကျော်အထိပင် ရှိနိုင်သည်။ အကြီးဆုံးပင့်ကူ၏ အလေးချိန်မှာ ဂရမ် ၁၅၀ (၅.၃ အောင်စ) ရှိသည်ဟု သိရသည်။ ပင့်ကူများအနက် ထရန်ကျူလာ ပင့်ကူ (Tarantulas) နှင့် ဟန့်စ်မန်း ပင့်ကူ (Huntsman) မျိုးနွယ်များမှာ အရွယ်အားဖြင့် အကြီးဆုံးဖြစ်သည်။ အရှေ့တောင်အာရှဒေသရှိ အချို့ ဟန့်စ်မန်း ပင့်ကူများသည် ခြေထောက် ပတ်လည်တဝိုက် အရွယ်အစားအကွာအဝေး ၁၀ လက်မ နှင့် ၁၂ လက်မ (၂၅၀ မှ ၃၀၀ မီလီမီတာ) ကြားအထိရှိကြသည်။[၇][၈]

ပင့်ကူ၏ မျက်လုံးများနှင့် အခြားအာရုံခံအင်္ဂါများ[ပြင်ဆင်ရန်]

ခုန်ပျံပင့်ကူ၏ ပင်မမျက်လုံးများသည် ခန္ဓာကိုယ်ရှေ့တွင် နီးကပ်စွာ တည်ရှိသည်။ ဘေးနှစ်ဖက်နှင့် ဦးခေါင်းထိပ်တွင် အရန် မျက်လုံးတစ်စုံစီလည်း ပါရှိသည်။

ပင့်ကူအများစုတွင် ခန္ဓာကိုယ်ရှေ့၌ မျက်လုံးလေးစုံပါကြသော်လည်း မျိုးရင်းတစ်ခုနှင့် တစ်ခု ကွဲပြားမှုရှိသည်။ ရှေ့တွင်ရှိသော ပင်မမျက်လုံးများသည် ပုံရိပ်များဖော်နိုင်စွမ်းရှိသည်။[၉] ခုန်ပျံပင့်ကူများသည် အင်းဆက်များအထဲမှ အဝေးသို့မြင်နိုင်စွမ်း အကောင်းဆုံးဖြစ်သည့် ပုစဉ်းရင်ကွဲများထက်ပင် အမြင်အာရုံ ဆယ်ဆပိုကောင်းကြသည်။ ပင့်ကူ၏ မျက်လုံးများတွင် တယ်လီဖိုတို (Telephoto) ဟုခေါ်သည့် မှန်ဘီလူးကဲ့သို့သော အရာများ အတွဲလိုက်ပါရှိသည့်အပြင် အလွှာ လေးလွှာပါသော မျက်ကြည်လွှာများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းမျက်လုံးများဖြင့် ပုံရိပ်လှည့်လည်ရယူကာ အဆင့်တစ်ဆင့်ချင်းစီတွင် ရယူထားသည့် ပုံရိပ်များကို ပေါင်းစပ်၍ မြင်ကွင်းကျယ် ပုံရိပ် ဖော်နိုင်စွမ်းလည်းရှိကြသည်။ သို့ရာတွင် အားနည်းချက်မှာ ပုံရိပ်ဖမ်းခြင်းနှင့် ပေါင်းစပ်ပုံရိပ်ဖော်ခြင်းလုပ်ငန်းစဉ်များသည် အတော်ပင် နှေးကွေးခြင်းပင်ဖြစ်သည်။[၁၀]

အစွယ်များ[ပြင်ဆင်ရန်]

ဆေးထိုးအပ်များကဲ့သို့ပင် အစွယ်များထဲတွင် အခေါင်းပေါက်ပါရှိပြီး အဆိပ် ထိုးသွင်းမှုပြုလုပ်ရာတွင် အသုံးပြုကြသည်။ ပင့်ကူများသည် ၎င်းတို့၏အစာအတွက် အမဲလိုက်ရာ၌ သားကောင်ကို အဆိပ်ထိုးသွင်းရန် အစွယ်များကို အသုံးပြုကြသည်။ အချို့ပင့်ကူများ၏ အဆိပ်သည် သားကောင်များ၏ အာရုံကြောစနစ်ကို ဖျက်ဆီးကြပြီး၊ အချို့ပင့်ကူများ၏ အဆိပ်မှာ သားကောင်၏ ခန္ဓာကိုယ်တစ်သျှူးများကို ဖျက်ဆီးနိုင်စွမ်းရှိကြသည်။[၅]

"တနည်းအားဖြင့် ပင့်ကူ ဆိုသည်မှာ အစာအတွက် အမဲလိုက်ရာ၌ အဆိပ်ကိုအသုံးပြုသည့် သားရဲတိရစ္ဆာန်တစ်မျိုးပင် ဖြစ်သည်။"

နေထိုင်ပြုမူပုံ[ပြင်ဆင်ရန်]

ပင့်ကူတို့ အများဆုံးစားလေ့ရှိသော အရာ[ပြင်ဆင်ရန်]

မုဆိုးမပင့်ကူနက် (Latrodectus mactans; အင်္ဂလိပ်: Black Widow Spider)

ပင့်ကူများသည် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး အင်းဆက်နှင့် အခြားခြေဆစ်များ သတ္တဝါများ (အခြားပင့်ကူများ အပါအဝင်) ကို စားလေ့ရှိကြသည်။ ပင့်ကူ အများစုသည် ၎င်းတို့၏ အစွယ်များဖြင့် အဆိပ်ကိုသုံး၍ သားကောင်ကို အမဲလိုက်ကြသည်။ ပင့်ကူများသည် ၎င်းတို့ထက် ခန္ဓာကိုယ်အရွယ်အစား ကြီးမားသည့် သားကောင်များကို အမဲလိုက်ခဲသည့်အပြင် ၎င်းတို့ထက် အလွန်သေးငယ်သော သားကောင်များကိုလည်း လွယ်လွယ်ကူကူ ဖမ်းယူနိုင်စွမ်းမရှိကြပေ။ ပင့်ကူအများစုသည် မိတ်လိုက်ချိန်မှလွဲ၍ သားကောင်ဖမ်းချိန်အပါအဝင် ကျန်အချိန်များတွင် တစ်ကောင်တည်းသာ နေထိုင်ကြသော်လည်း အသိုက်အအုံများဖြင့် နေထိုင်ကျက်စားကြသည့် အနည်းစုသော ပင့်ကူမျိုးများလည်းရှိသည်။[၆]

ဇာတ်တူသားစားသည့် အလေ့အထ[ပြင်ဆင်ရန်]

သေးငယ်သော ရွှေရက္ကန်းလုံးပင့်ကူ (မျိုးစု - Nephila clavipes;အင်္ဂလိပ်: Golden Orb Weaver Spider) အထီးတစ်ကောင်သည် ပင့်ကူအမထံသို့ ချဉ်းကပ်ရာတွင် အရွက်ထိပ်အနီး ပင့်ကူမျှင်၌ စည်းချက်မှန်မှန်တီးခတ်၍ ၎င်းပင့်ကူအမ၏ အစားမခံရစေရန် ပြုလုပ်နေခြင်းဖြစ်သည်။

ပင့်ကူများသည် အခြားမျိုးရင်းဝင် ပင့်ကူများသာမက၊ မျိုးရင်းတူ ပင့်ကူများကိုပါ အစာအဖြစ် စားလေ့ရှိကြသည့် ဇာတ်တူသားစားတတ်သော သတ္တဝါလည်းဖြစ်သည်။ မုဆိုးမပင့်ကူနက် (Black widow spider) ဟုခေါ်သော မျိုးစိတ်သည် ထိုကဲ့သို့ နာမည်တွင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပင့်ကူအမများသည် ၎င်းတို့နှင့် မိတ်လိုက်သည့် ပင့်ကူအထီးများအား မိတ်လိုက်ပြီးချိန်၌ စားပစ်လေ့ရှိကြသောကြောင့်ဖြစ်သည်။[၁၁] ထိုကဲ့သို့ကိစ္စမျိုးသည် အခြားမျိုးစိတ်များတွင်လည်း ဖြစ်လေ့ရှိသည်။ ပင့်ကူမျိုးစိတ် တစ်ခုစီတွင် ၎င်းတို့အချင်းချင်းတွေ့ဆုံဆက်သွယ်ရာတွင်သုံးသည့် ကိုယ်ပိုင်နည်းလမ်း အသီးသီးစီရှိကြသည်။ အချို့မျိုးစိတ်များ၏ အထီးများသည် အစားခံရမည့် အန္တရာယ်ရှိသဖြင့် မိတ်လိုက်ချိန်တွင် သူတို့၏ ပေါင်းသင်းဖက် ပင့်ကူအမ၏ ခန္ဓာကိုယ်တွင် ချိတ်ထားရန် အရှေ့ခြေထောက်များတွင် ထူးခြားသည့် ချိတ်များပါရှိသည်။ အချို့သောမျိုးစိတ်မှ ပင့်ကူထီးများကမူ မိမိတို့အစား ပင့်ကူအမ စားသောက်ရန် အစာတစ်ခုခု ယူလာပေးကြသည်။ အချို့အနည်းငယ်မျှသော မျိုးစိတ်များမှ ပင့်ကူထီးများမှာ ပင့်ကူအမ၏ ပင့်ကူအိမ်နှင့် ဆက်သွယ်ထားသည့် ၎င်းတို့၏ ကိုယ်ပိုင် ပင့်ကူအိမ်များ ပြုလုပ်ကြသည်။ အချို့မျိုးစိတ်များတွင် ပင့်ကူအထီးသည် ပင့်ကူအမ မဖမ်းနိုင်လောက်အောင်ပင် အဆများစွာ သေးငယ်ကြလေသည်။[၆]

"ပင့်ကူလောကသည် အမ ကြီးစိုးသည့် ကမ္ဘာလောကပင် ဖြစ်၏။"

သားရဲမဟုတ်သည့် ပင့်ကူ မျိုးစိတ်[ပြင်ဆင်ရန်]

ပင့်ကူအများစုမှာ အသားစား သားရဲတိရစ္ဆာန်များဖြစ်သော်လည်း ဘက်ဂီးရာ ကစ်ပလင်ဂီ (Bagheera kiplingi) ဟုခေါ်သော ခုန်ပျံပင့်ကူ မျိုးစိတ်တစ်မျိုးမှာမူ ၎င်း၏ အစာအာဟာရ ၉၀% အား အကေးရှားပင်မှ ပမာဏ အသင့်အတင့်ထွက်ရှိတတ်သော အစိုင်အခဲပုံစံ အပင်ထွက်ပစ္စည်းတစ်မျိုးမှ ရယူလေသည်။[၁၂]

အမဲလိုက်သည့် နည်းလမ်းများ[ပြင်ဆင်ရန်]

ပင့်ကူအိမ် သို့မဟုတ် ကွန်ယက်ပုံပင့်ကူအိမ်[ပြင်ဆင်ရန်]

သားကောင်ဖမ်းရာ၌ ပင့်ကူများသုံးလေ့ရှိသည့် လူသိအများဆုံးနည်းလမ်းမှာ ပင့်ကူအိမ်ဆောက်လုပ်၍ ထောင်ချောက်ဆင်ခြင်းဖြစ်သည်။ ပင့်ကူအိမ်များကို နေရာချဆောက်လုပ်ခြင်းဖြင့် တူညီသည့် ဧရိယာတစ်ခုထဲ၌ ပင့်ကူ အများအပြားသည် မတူညီသော အင်းဆက်များကို ထောင်ချောက်ဆင်ဖမ်းယူနိုင်စေသည်။ ပြင်ညီအပြားပုံစံ ပင့်ကူအိမ်များသည် အပင်အောက်မှ ပျံတက်လာသည့် ပိုးကောင်များကို ဖမ်းရန် ထောင်ချောက်ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ အပေါ်အောက် ဒေါင်လိုက် အပြားပုံစံ ပင့်ကူအိမ်များသည် ပျံသန်းလာသော ပိုးကောင်များကို ထောင်ချောက်ဆင်ခြင်းဖြစ်သည်။ ပင့်ကူအိမ်ဆောက်လေ့ရှိသည့် ပင့်ကူ မျိုးစိတ်များတွင် အများစုမှာ အမြင်အာရုံမကောင်းကြပေ၊ သို့သော် တုန်ခါမှုကို အာရုံခံရာ၌ အလွန်ကောင်းမွန်ကြသဖြင့် ၎င်းတို့ဆောက်လုပ်ထားသော ပင့်ကူအိမ်၏တုန်ခါမှုမှတဆင့် သိမြင်နိုင်စွမ်းရှိကြလေသည်။[၁၃]

ရေအောက်တွင် အိမ်ဆောက်သော ပင့်ကူ[ပြင်ဆင်ရန်]

ရေပင့်ကူ (Argyroneta aquatica) မျိုးစိတ်တွင် ပင့်ကူ အမများသည် ဖမ်းမိထားသော သားကောင်များကိုစားရန်၊ မိတ်လိုက်ရန်နှင့် သားပေါက်ရန်အတွက် "ရေငုပ်ခေါင်းလောင်း" (Diving Bell) ဟုခေါ်ကြသော လေပူစီဖောင်းကဲ့သို့ ရေအောက် ပင့်ကူအိမ်တစ်မျိုးကို ဆောက်လုပ်ကြသည်။ ၎င်းတို့သည် အမြဲတမ်းနီးပါး ခေါင်းလောင်းအတွင်း၌သာ နေကြပြီး၊ သားကောင်များမှ ခေါင်းလောင်းအား လာထိသည့်အခါ သို့မဟုတ် ခေါင်းလောင်းကို ကျောက်ချထားသည့် ပင့်ကူမျှင်အား လာထိသည့်အခါမှသာ သားကောင်ကို ဖမ်းရန် ထွက်လာလေ့ရှိသည်။[၁၄] အချို့ပင့်ကူများသည် ရေကန်များနှင့် ရေအိုင်လေးများ၏ ရေမျက်နှာပြင်ကို ၎င်းတို့၏ "ပင့်ကူအိမ်ပိုက်ကွန်" အဖြစ် အသုံးပြုကာ ရုန်းကန်နေစဉ်တွင် ဖြစ်ပေါ်လာသော ရေမျက်နှာပြင်တုန်ခါမှုများမှတဆင့် ပိတ်မိနေသော ပိုးမွှားများကို အာရုံခံထောက်လှမ်းကြသည်။[၁၅]

ပိုက်ကွန်ပုံ ပုံသွင်းထားသော ပင့်ကူအိမ်[ပြင်ဆင်ရန်]

ကွန်ပုံသွင်း (Net-casting) ပင့်ကူမျိုးများသည် သေးငယ်သည့် ပိုးမျှင်များလုံးထွေးထားသည့်ဟန် ပင့်ကူအိမ်များကို ရက်လုပ်ကြပြီး ၎င်းပိုက်ကွန်ကို လောက်လေးကဲ့သို့ လိုသလိုထိန်းကျောင်းပစ်ထုတ်၍ သားကောင်ကို ထောင်ချောက်ဆင်ဖမ်းယူကြသည်။[၁၆]

အဖုံးပါသည့် တွင်းပေါက် ပင့်ကူအိမ် ထောက်ချောက်များ[ပြင်ဆင်ရန်]

ခြုံခိုအမဲလိုက်တတ်သော သားရဲ တွင်းအောင်းပင့်ကူ (မျိုးရင်း Ctenizidae; အင်္ဂလိပ်: Trapdoor Spider)

လီဖီစတီဒေး (Liphistiidae) မျိုးစု၊ တန်နီဇီဒေး (Ctenizidae) မျိုးရင်းဝင် ပင့်ကူများနှင့် ထရန်ကျူလာ ပင့်ကူ (Tarantula) များမှာ ခြုံခိုအမဲလိုက်သည့် သားရဲများဖြစ်သည်။ တံခါးကဲ့သို့ အဖုံးများပါသည့် တွင်းပေါက်များပြုလုပ်ကြပြီး ထိုတွင်းပေါက်၏ပတ်လည် ဝန်းကျင်တွင် သားကောင်များရောက်ရှိနေခြင်းကို သိရှိနိုင်ရန် ပင့်ကူမျှင်များဖြင့် ဝန်းရံ၍ ထောင်ချောက်ဆင်ကြပြီး တွင်းပေါက်အတွင်း၌ ပုန်းအောင်းကာ သားကောင်အား ခြုံခိုစောင့်ဆိုင်းကြသည်။[၁၇]

ကဏန်းပင့်ကူများ[ပြင်ဆင်ရန်]

အချို့သော ခြုံခိုအမဲလိုက်တတ်သည့် ပင့်ကူများ အထူးသဖြင့် ကဏန်းပင့်ကူအများစုမှာမူ ထောင်ချောက်အကူအညီမပါဘဲ သားကောင်ကို ဖမ်းနိုင်စွမ်းရှိကြသည်။ ပျားကို အမဲလိုက်သည့် အချို့သော ကဏန်းပင့်ကူ မျိုးစိတ်များသည် ခရမ်းလွန်ရောင်ခြည်ကိုပင် မြင်နိုင်စွမ်း၊ ချိန်ညှိနိုင်စွမ်းရှိကြသည်။ ထိုပင့်ကူများသည် ဝတ်ရည်စုပ်ရန်နှင့် ဝတ်မှုန်ကူးရန်လာသည့် ၎င်းတို့၏အစာ သားကောင်ဖြစ်သော ပျားကလေးများ မမြင်နိုင်စေရန် ပုံသဏ္ဌာန်အသွင်ယူတုပထားသော ပန်းပွင့်များနှင့် လိုက်ရောညီထွေဖြစ်နေစေရန် ၎င်းတို့ခန္ဓာကိုယ်၏ ခရမ်းလွန်ရောင်ခြည် ပမာဏကို ချိန်ညှိနိုင်စွမ်းလည်းရှိကြသေးသည်။[၁၈] ဝံပုလွေပင့်ကူများ၊ ခုန်ပျံပင့်ကူများ၊ ငါးဖမ်းပင့်ကူများနှင့် ကဏန်းပင့်ကူအချို့သည် သားကောင်ကိုလိုက်လံဖမ်းယူရာ၌ အမြင်အာရုံကိုသာ အဓိကအားထားကြသည်။[၉]

ဝံပုလွေပင့်ကူများ[ပြင်ဆင်ရန်]

ဟော့ဂနာ ကာရိုလီနန်းစစ် (Hogna carolinensis) မျိုးစုဝင် ကာရိုလိုင်းနား ဝံပုလွေပင့်ကူ (အင်္ဂလိပ်: Carolina Wolf-Spider) အမ၏ ခန္ဓာကိုယ်ပျမ်းမျှအရှည်သည် ၂၅ မီလီမီတာခန့်ရှိသည်။

ဝံပုလွေပင့်ကူသည် အများအားဖြင့် ပိုးကောင်တစ်ကောင် အနားရောက်လာသည်အထိစောင့်ပြီး ရောက်လာချိန်၌ လျင်မြန်စွာဖမ်းယူကြသည်။ ထို့နောက် ရှေ့ခြေထောက်များဖြင့် ပိုးကောင်ကို ဖမ်းချုပ်ထားပြီး အဆိပ် ထိုးသွင်းကြသည်။[၁၉]

ခုန်ပျံပင့်ကူများ[ပြင်ဆင်ရန်]

ခုန်ပျံပင့်ကူ (အင်္ဂလိပ်: Jumping Spider)

ခုန်ပျံပင့်ကူများတွင် အမြင်အာရုံဖမ်းယူနိုင်သည့် အလွန်ကောင်းသော မျက်လုံးများရှိကြသည်။[၂၀] ၎င်းပင့်ကူများမှာ ပိုးကောင်၏အနီးသို့ တတ်နိုင်သမျှချဉ်းကပ်ပြီး အပေါ်မှ ခုန်အုပ်၍ဖမ်းလေ့ရှိပြီး သစ်ပင်များ၊ ချုံပုတ်များနှင့် နံရံများတစ်ဖက်မှ တစ်ဖက်သို့ ခုန်၍ သားကောင် လိုက်လံရှာဖွေကြရာ တစ်ခါတရံတွင် တစ်ဖက်ဆီသို့ မရောက်ဘဲ ပြုတ်ကျတတ်ကြသည်။ သို့သော် ထိုပင့်ကူများ၌ ထိုသို့မဖြစ်စေရန် ပြုလုပ်လေ့ရှိသော နည်းလမ်းတစ်ခုမှာ တစ်ဖက်သို့မခုန်မီ ၎င်းတို့ရပ်နေသောနေရာ၌ လုံခြုံရေးခါးပတ်ကြိုး (Safety Belt) ကဲ့သို့သော ပိုးမျှင်ထုတ်၍ချိတ်ဆွဲထားပြီး ခုန်သည့်အခါတွင် ပင့်ကူမျှင်ထုတ်သည့်အင်္ဂါအစိတ်အပိုင်းမှ တစ်ခါတည်း ပင့်ကူမျှင်ထုတ်လိုက်ခြင်းပင်ဖြစ်လေ၏။[၅][၂၁][၂၂]

အခြားပင့်ကူများကို အမဲလိုက်သည့် အလေ့အထ[ပြင်ဆင်ရန်]

ခုန်ပျံပင့်ကူမျိုးစုဝင်အချို့သည် အခြားပင့်ကူများကိုသာ အစာအတွက် အမဲလိုက်လေ့ရှိကြသည်။[၂၁][၂၂]

မျိုးပွားခြင်းနှင့် ဇီဝစက်ဝန်းလည်ပတ်ပုံ[ပြင်ဆင်ရန်]

ပင့်ကူ၏ လိင်ဖြင့် မျိုးပွားခြင်းနှင့် မျိုးအောင်ခြင်းသည် ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပွားခြင်းဖြစ်သော်လည်း တိုက်ရိုက်နည်းဖြင့်မဟုတ်ကြပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် အထီးသည် သုက်ပိုးအား အမ ၏ ခန္ဓာကိုယ်တွင်းသို့ လိင်အင်္ဂါဖြင့် ထိုးသွင်း၍ ထည့်ခြင်းမဟုတ်ဘဲ အခြားပြုလုပ်ရသည့် ကြားခံအဆင့်တစ်ခုရှိသေးသည်။ မြေပြင်ပေါ်တွင် နေထိုင်ကြသည့် အာ့သရိုပေါ့ဒ်များကဲ့သို့ ပင့်ကူအထီးများသည် သုက်လှောင်အိတ် (Spermatophores) ဟုဆိုသည့် အရန်သင့်ထုပ်ပိုးထားသော သုက်ပိုးထုပ်များကို မထုတ်လုပ်နိုင်ပေ။ ထိုလုပ်ဆောင်ချက်အစား သုက်ပိုးထည့်ရန် ပင့်ကူမျှင်ထုတ်ကို သီးခြားထုတ်ပြီး ၎င်းထဲသို့ သုက်ပိုးထုတ်လွှတ်ကာ ထိုမှတဆင့် အမ၏ မျိုးပွားအင်္ဂါထံ ပို့ဆောင်ခြင်းဖြစ်သည်။[၉]

ယေဘုယျအားဖြင့် ပင့်ကူ အထီးများသည် ပိုးပန်းမှုပြုလုပ်ခြင်းကဲ့သို့သော ဓလေ့ထုံးတမ်းဆန်သည့် လုပ်ဆောင်မှုများဖြင့် မျိုးမအောင်မီတွင် အမများ၏ အစားခံရခြင်းမရှိစေရန် ကာကွယ်ကြသည်။ အချို့မျိုးစိတ်များမှ ပင့်ကူအထီးများသည် ၎င်းတို့အတွက် အန္တရာယ်ပေးနိုင်ချေနည်းသော အရွယ်ရောက်စ မြီးကောင်ပေါက် ပင့်ကူအမများနှင့်သာ မိတ်လိုက်ရန် စိတ်အားထက်သန်ကြသည်။[၂၃]

ပင့်ကူ နှင့် လူသား အခန်းကဏ္ဍ[ပြင်ဆင်ရန်]

ဆစ်ဒနီ ဖန်နယ်ဝဘ် ပင့်ကူ (Atrax robustus)

ပင့်ကူ အမျိုးအစားပေါင်း ၄၀,၀၀၀ ကျော်ရှိသည့်အနက် လူကို အသက်အန္တရာယ်ပေးနိုင်သည့် အမျိုးအစား အရေအတွက်မှာမူ ဆယ်ဂဏန်းမျှသာရှိသည်။[၂၄] ပင့်ကူတစ်ကောင် အကိုက်ခံရလျှင် အများအားဖြင့် နာကျင်မှုကို ခံစားရမည်ပင်ဖြစ်သည်။ ပင့်ကူအများစုသည် ၎င်းတို့၏သားကောင်ကိုအမဲလိုက်ရာတွင် သေစေနိုင်သည့် အဆိပ်ကိုသုံးကြသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ထို့ကြောင့် အချို့သော ပင့်ကူများ၏အဆိပ်သည် အားအင်ယုတ်လျော့နေသူများနှင့် ဓာတ်မတည့်မှုရှိသူများအတွက် အသက်အန္တရာယ်ရှိစေနိုင်သည်။[၂၅] ဩစတြေးလျနိုင်ငံတွင် ဆစ်ဒနီ ဖန်နယ်ဝဘ် ပင့်ကူ (Atrax robustus) အမျိုးအစား ပင့်ကူများ၏ အကိုက်ခံရမှုကြောင့် ၁၉၂၇ ခုနှစ်မှ ယနေ့ထိ သေဆုံးခဲ့သူပေါင်း ၁၃ ဦးရှိပြီဟု သိရသည်။[၂၆]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ချဲ့ရန် ပုံကိုထိပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. Currently valid spider genera and speciesWorld Spider Catalog။ Natural History Museum Bern။ 7 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-19 တွင် ပြန်စစ်ပြီး။
  2. Sebastin PA & KV Peter (ed) 2009.
  3. "Spider Diversification Through Space and Time" (7 January 2021). Annual Review of Entomology 66 (1): 225–241. doi:10.1146/annurev-ento-061520-083414. ISSN 0066-4170. 
  4. Platnick၊ Norman I. (၂၀၀၉ ခုနှစ်)။ Peter Merrett နှင့် H. Don Cameron:ကမ္ဘာ့ပင့်ကူအမျိုးအစားများစာရင်း။ အမေရိကန် သဘာဝသမိုင်း ပြတိုက်။ 21 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-04-25 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ Foelix၊ Rainer F. (1996)။ Biology of Spiders။ New York: Oxford University Press။ p. 3ISBN 978-0-19-509593-7
  6. ၆.၀ ၆.၁ ၆.၂ Barth၊ Friedrich G. (2013)။ A Spider's World: Senses and Behavior။ Springer။ ISBN 9783662048993
  7. "Spiders are much smarter than you think" (28 October 2021). Knowable Magazine. doi:10.1146/knowable-102821-1. 
  8. Levi, Herbert W. and Levi, Lorna R. (2001) Spiders and their Kin, Golden Press, pp. 20, 44. ISBN 1582381569
  9. ၉.၀ ၉.၁ ၉.၂ Ruppert၊ E.E.; Fox၊ R.S.; Barnes၊ R.D. (2004)။ Invertebrate zoology။ 7th ed, Brooks / Cole။ ISBN 0030259827
  10. Harland D.P. & Jackson R.R. 2000. "“Eight-legged cats” and how they see - a review of recent research on jumping spiders (Araneae: Salticidae)". Cimbebasia 16: 231–240. Retrieved on 2008-10-11.  Archived 28 September 2006 at the Wayback Machine.
  11. "Evidence of insemination of multiple females by the male Black Widow Spider, Latrodectus mactans (Araneae, Theridiidae)" (1985). The Journal of Arachnology 13 (3): 331–335.  Archived 11 August 2017 at the Wayback Machine.
  12. Exploitation of the Pseudomyrmex–Acacia mutualism by a predominantly vegetarian jumping spider (Bagheera kiplingi)
  13. Ruppert, Fox & Barnes 2004, pp. 571–84
  14. Schütz D. and Taborsky M. (2003). "Adaptations to an aquatic life may be responsible for the reversed sexual size dimorphism in the water spider, Argyroneta aquatica" (PDF). Evolutionary Ecology Research 5 (1): 105–117. Retrieved on 2008-10-11.  Archived 16 December 2008 at the Wayback Machine.
  15. Ruppert, Fox & Barnes 2004, pp. 571–84
  16. Coddington, J., and Sobrevila, C. (1987). "Web manipulation and two stereotyped attack behaviors in the ogre-faced spider Deinopis spinosus Marx (Araneae, Deinopidae)." (PDF). Journal of Arachnology 15: 213–225. Retrieved on 2008-10-11.  Archived 9 December 2008 at the Wayback Machine.
  17. Coddington J.A. & Levi H.W. (1991). "Systematics and evolution of spiders (Araneae)". Annu. Rev. Ecol. Syst. 22: 565–592. doi:10.1146/annurev.es.22.110191.003025. 
  18. "Evolution and Ecology of Spider Coloration" (1998). Annual Review of Entomology 43: 619–43. doi:10.1146/annurev.ento.43.1.619. PMID 15012400. 
  19. Wolf Spiders: Lycosidae Sundevall 1833Australasian Arachnology Society။ 2 October 2008 တွင် ပြန်စစ်ပြီး။
  20. Jumping Spiders' Unique Vision Revealed။ Livescience.com (26 January 2012)။ 13 August 2013 တွင် ပြန်စစ်ပြီး။
  21. ၂၁.၀ ၂၁.၁ Shah၊ Abhishek (2021-08-24)။ Cute Jumping Spiders: Why are they so Friendly and Adorable? (in en-gb)။ 2021-08-26 တွင် ပြန်စစ်ပြီး။
  22. ၂၂.၀ ၂၂.၁ "A review of the ethology of jumping spiders (Araneae, Salticidae)" (1992). Bull. Br. Arachnol. Soc. 9 (2): 33–37. 
  23. Foelix, Rainer F. (1996)။ "Reproduction"Biology of Spiders (2nd ed.)။ Oxford University Press US။ pp. 176–212ISBN 978-0-19-509594-4
  24. "Medical Aspects of Spider Bites" (2008). Annual Review of Entomology 53: 409–29. doi:10.1146/annurev.ento.53.103106.093503. PMID 17877450. 
  25. Spiders။ Illinois Department of Public Health။ 2008-10-11 တွင် ပြန်စစ်ပြီး။
  26. Australian Venom Research Unit, University of Melbourne. 2008။ 9 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။