ခရုစုတ်ငှက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သာမန်အရပ်သားတို့က ခရုကို စုတ်၍ စားတတ်သော ငှက်မျိုးအားလုံးကို သိမ်းကျုံး၍ ခရုစုတ်ငှက်ဟု ခေါ်သည်။ သို့သော် ထိုငှက်မျိုးကို ပါဏဗေဒ အလိုအားဖြင့် ခွဲခြားလိုက်လျှင် -

  1. ခါရာဒြီဖောင်း မျိုးစဉ် စကိုလိုပါစိဒေ မျိုးရင်း၌ အပါအဝင်ဖြစ်သည့် နျူမင်နိယပ် အာကွာတာခေါ် ခရုစုတ်ငှက်(Asian Openbill)နှင့်
  2. စိကိုနီဖောင်းမျိုးစဉ် သရက်စကီအောနိသိဒေ နှင့် စီကွန်နီဒေမျိုးရင်း၌ အပါအဝင်ဖြစ်သည့် ခရုစုတ်ငှက် (Curlew)မျိုးဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။ ခါရာဒြီဖောင်း မျိုးစဉ်ဟု သတ်မှတ်သည်မှာ ကြာဖက်နင်းငှက်တို့ကဲ့သို့ ရေတွင် ပေါလော ပေါ်လျက်ရှိသော သစ်ရွက်သစ်ပင်တို့ကို နင်း၍ သွားနိုင်အောင် ခြေသည်းရှည်သောကြောင့် ဖြစ်သည်။ စီကိုနီဖောင်း မျိုးစဉ်၌ ပါဝင်သော ငှက်တို့၏ နှုတ်သီးသည် ရှည်လျားကောက်ကွေ့၍သော် လည်းကောင်း၊ ပြား၍သော်လည်းကောင်း ရှိတတ်သည်။

ခရုစုတ်ငှက်များအား ခွဲခြားခြင်း[ပြင်ဆင်ရန်]

ရှေးမြန်မာတို့က မိန်းမလက်သည်းဟု ခေါ်သော ခရုစုတ်ငှက်မှာ ပထမ မျိုးစဉ်တွင် ပါဝင်သော နျူမင်နိယပ် အာကွာတာငှက်ဖြစ်သည်။ အင်္ဂလိပ်အခေါ်အားဖြင့် ကာလျူးဟု ခေါ်သည်။ ရခိုင်တိုင်းတွင်း ဤငှက်ကလေးမျိုးကို ပါဏဗေဒပညာရှင်တို့က စနိုက်ငှက်နှင့် မျိုးတူဟု ပြဆိုကြသည်။ ထိုငှက်မျိုးတွင် နှုတ်သီးသည် ရှည်၍ အောက်ဖက်သို့ စိုက်ကာ ကွေးနေတတ်သည်။ အချို့သော ခရုစုတ်ငှက်တို့၏ နှုတ်သီးမှာ ၈ လက်မအထိ ရှည်သည်။ ခြေတံလည်း ရှည်သည်။

ဤငှက်သည် အလျား ၂၃ လက်မခန့် ရှိ၍ ပျံသန်းနေစဉ် ဖြူဖွေးသော နောက်ပိုင်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ အသံမှာ ကျယ်လောင်၍ သာယာပေသည်။ တေးလည်း ဆိုတတ်သည်။ သို့သော် မြန်မာနိုင်ငံ၌ကား ထိုငှက်သည် တေးကို တစ်ပိုင်းတစ်စသာ ဆိုတတ်၍ ထိုတေးသံကို ညဖက်တွင်သာ ကြားရတတ်သည်။ “ကွပ်၊ ကွပ်” ဟုလည်းကောင်း၊ “ကရူး၊ ကရူး” ဟုလည်းကောင်း အော်တတ်သည်။ ဤခရုစုတ်ငှက်မျိုးသည် မြစ်ကမ်းခြေတစ်လျှောက်ရှိ လဟာပြင်တွင် ကျက်စားလေ့ရှိသည်။ အလွန်သတိရှိ၍ လူအနားကပ် မခံချေ။ ပျံသန်းရာတွင် လျှင်မြန်သည်။ သို့သော် တောင်ပံချင်း ဖြည်းညှင်းစွာ ရိုက်၍ ပျံတတ်သည်။ ရေတိမ်ထဲတွင် လမ်းလျှောက်၍ အစာရှာဖွေသည်။ ယင်းတို့သည် အုပ်သင်းဖွဲ့၍ နေမြဲဖြစ်သော်လည်း၊ တစ်ကောင်ချင်း နေသည်ကိုလည်း မကြာမကြာ တွေ့ရတတ်သည်။ ရေကောင်းစွာ ကူးနိုင်သည်။ သို့သော် ချောင်းမြောင်းကို ဖြတ်သည့်အခါမှာ ရေကူး၍ သွားလေ့ရှိသည်။ အဆိုပါ ခရုစုတ်ငှက်မျိုးသည် အခြားနိုင်ငံ၌ သားပေါက်၍ မြန်မာနိုင်ငံသို့ ဆောင်းရာသီကျမှ လာရောက် ကျက်စားလေ့ရှိသည်။ စစ်တောင်းမြစ်ဝ တစ်ဝိုက်တွင်မူ မေလမှ ဇူလိုင်လအတွင်းတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်တွေ့ရ၍ ရန်ကုန်မြို့ကို တစ်ခါတစ်ရံ ဖြတ်သန်းပျံတတ်သည်ကို သိရလေသည်။ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် မြင်းခြံတစ်ဝိုက်တွင် ဆောင်းရာသီ၌ အများအပြား တွေ့ရ၍၊ မိုးဥတုတွင် နှစ်ကောင်ချင်း နေထိုင်သည်ကိုလည်း တွေ့ရတတ်သည်။ မေမြို့နှင့် မြစ်ကြီးနား တစ်ဝိုက်တွင် ငှက်များ အသိုက်ပြောင်း၍ ပျံလာသည်ကို တွေ့ရတတ်သည်။

ခရုစုတ်အဖြူ[ပြင်ဆင်ရန်]

ပါဏဗေဒအလိုအားဖြင့် သရက်စကီအော်နိသိဒေ မျိုးရင်း တွင် ပါဝင်သော ခရုစုတ်၌ ခရုစုတ်ငှက်အဖြူမျိုးနှင့် အနက်မျိုးဟူ၍ နှစ်မျိုးရှိသည်။ နှစ်မိုးစလုံးကို မြန်မာနိုင်ငံ၌ တွေ့နိုင်သည်။ ခရုစုတ် အဖြူမျိုးမှာ မီလာနိုစီဖလာဟု ခေါ်သည်။ အလျား လက်မ ၃၀ ခန့်ရှိ၍၊ တစ်ကိုယ်လုံး ဖြူသည်။ အကောင်ကြီးလာလျှင် ဦးခေါင်းနှင့် လည်တိုင်တွင် အမွှေးမရှိဘဲ ပြောင်နေသည်။ ငှက်ငယ်များသည် ဦးခေါင်းနှင့် လည်ကုပ်ညို၍ လည်တိုင်၌ အမွှေးဖြူ အတိုကလေးများ ပေါက်နေသည်။ ခရုစုတ်အဖြူသည် လယ်တော၊ စိမ့်တောနှင့် ရွံ့ပေါသော မြစ်ကမ်းပါးများတွင် ကျက်စား၍၊ အထူးသဖြင့် ရေဝပ်၍ သစ်ပင်ချုံဖုတ် ထူပြောသည့် နေရာမျိုးကို နှစ်သက်သည်။ မကြာမကြာလည်း ပင်လယ်ကမ်းစပ်သို့ သွားရောက်တတ်ရာ၊ တစ်ခါတစ်ရံ အကောင် ၁၀၀ နီးပါး ပါသော ခရုစုတ်ငှက်အဖြူအုပ်ကြီးကို တွေ့မြင်ရတတ်သည်။ ယင်းတို့သည် ခြေတံရှည်ဖြင့် ရေထဲ၍ လျှောက်၍ ပုဇွန်၊ ကနန်း၊ ခရုနှင့် ငါးများကို ရှာဖွေစားသောက်ပြီးနောက် အစာဝသည့်အခါ ရေတိမ်တွင်ဖြစ်စေ၊ ကမ်းစပ်တွင် ဖြစ်စေ၊ ရေစပ်ရှိချုံပေါ်တွင် ဖြစ်စေ နားနေတတ်သည်။ ခရုစုတ်ငှက်အဖြူ၏ အသံမှာ လိုဏ်သံပါ၏။ သို့သော် အသံပြုခဲသည်။ ခရုစုတ်ငှက်သည် ပျံသောအခါ ရှေ့တွင် နှုတ်သီးနှင့် လည်ကိုဆန့်၍၊ နောက်တွင် ခြေနှစ်ချောင်းကို တန်းပြီး ပျံတတ်သည်။ အုပ်လိုက် ပျံသန်းလျှင် မြားဦးသဏ္ဌာန်ပျံသန်းတတ်သည်။ ခရုစုတ်အဖြူသည် မိုးဥတုအတွင်း သားပေါက်၍ အသိုက်ကို သစ်ပင်ပေါ်၌ တုတ်ချောင်းများဖြင့် ပြုလုပ်တတ်သည်။ တစ်မြုံလျှင် ရှည်မြော၍ ထိပ်ချွန်သော ဥ ၂ လုံးမှ ၄ လုံးအထိ ရှိတတ်ပြီးလျှင် ဥအရွယ်မှာ အလျား ၂.၅၀ လက်မနှင့် ပြက် ၁.၇၀ လက်မခန့်ရှိသည်။ ဤငှက်မျိုးကို အိန္ဒိယနိုင်ငံ၊ သီဟို၊ မြန်မာ၊ တရုတ်နိုင်ငံများနှင့် ဂျပန်ပြည်တောင်ပိုင်းတွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံ၌ သားပေါက်မပေါက်ကို အသေအချာ မသိရချေ။ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်းမှလွဲ၍ ကျန်အပိုင်းများတွင် တွေ့ရပြီးလျှင် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ တနင်္သာရီတိုင်းများတွင် ပေါပေါများများတွေ့ရလေသည်။

ခရုစုတ်အနက်[ပြင်ဆင်ရန်]

ပါဏဗေဒအလို၊ ခရုစုတ်အနက်ကို ဆူဒီဗစ်ပပစ်လိုဆပ်ဒေဗစ်ဆန်နီဟု ခေါ်သည်။ ခရုစုတ်အနက်ကို တွေ့မြင်ဖူးသူနည်းပေလိမ့်မည်။ အလျားလက်မ ၃၀ ခန့်ရှိသည်။ ခရုစုတ်အဖြူနှင့် ရွယ်တူပင်ဖြစ်သည်။ သို့သော် တစ်ကိုယ်လုံး မည်းနက်နေသည်။ ဦးခေါင်းတွင် အမွှေးမရှိဘဲ ပြောင်နေ၍ နှုတ်သီး၌ အပြာရောင် သန်းနေပြီးလျှင် ခြေထောက်များမှာ သန္တာရောင် ခပ်ဖျော့ဖျော့နီလျက် ရှိသည်။ ငှက်ငယ်များမှာ ခရုစုတ်အဖြူကလေးများနှင့် ဘာမျှမခြားပေ။

ခရုစုတ်အနက်သည် အအုပ်အသင်းနှင့် မနေဘဲ တစ်ကောင်ချင်းသော်လည်းကောင်း၊ ဖိုမနှစ်ကောင်တွဲသော်လည်းကောင်း နေတတ်သည်မှ လွဲ၍၊ ယင်းတို့၏ အလေ့အကျင့်နှင့် အစာမှာ ခရုစုတ်အဖြူနှင့် အတူတူလိုပင်ဖြစ်သည်။ ရွှံ့ ဗွက်တောနှင့် ချောင်းကမ်းပါးများတွင် ကျက်စား၍ နွေရာသီတွင် မီးရှို့ပြီး လယ်ကွင်းများ၌ အနေများသည်။ ဤငှက်သည် မြေကြီးပေါ်၌ အပူတပြင်း အစာရှာဖွေလေ့ ရှိ၍ အခြားမျိုးတူငှက်များကဲ့သို့ အေးဆေးစွာနေတတ်သော ငှက်မဟုတ်ချေ။ သစ်ပင်ပေါ်၌ အိပ်တန်းနားတက်သည်။ တစ်ကွဲတစ်ပြားစီ အစာရှာဖွေရာမှ အိပ်တန်းသို့ ပြန်သောအခါ အအုပ်အသင်းနှင့် ပျံတတ်သည်။ လှည်းထောက်ခွသဏ္ဌာန် ပျံသန်းလေ့ရှိသည်။ မြေမှ ပျံတက်စဉ် မသာမယာ အသံအောဖြင့် အော်မြည်တတ်သည်။ သားပေါက်ချိန်တွင် အော်သံမှာမူ ထူးခြားပြီးလျှင် ၂ မိုင်ခရီးလောက်မှ ကြားနိုင်လောက်အောင် ကျယ်လောင်လှလေသည်။ ဤငှက်မျိုး၏ သားပေါက်ချိန်မှာ ဖေဖော်ဝါရီလနှင့် မတ်လဖြစ်သည်။ အသိုက်မှာ ကြီးမား၍ ယင်းတို့ကို တုတ်ချောင်းများဖြင့် ပြုလုပ်ထားကာ အတွင်းဘက်၌ မြက်၊ ကောက်ရိုး၊ အမွှေးအတောင် အဝတ်စများဖြင့် ခံထားသည်။ အသိုက်ကို များသောအားဖြင့် မြင့်မားသော သစ်ပင်ထိပ်ဖျားတွင် ထီးတည်း ဆောက်လုပ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် စွန်နှင့် သိမ်းတို့၏ အသိုက်ဟောင်းများကို ပြုပြုင်၍ သုံးစွဲလေ့ရှိသည်။ လက်ပံပင်ပေါ်၌ အသိုက်လုပ်တတ်သည်။ တစ်မြုံလျှင် ဥ ၃၊ ၄ လုံးရှိတတ်သည်။ ဥများမှာ ရှည်မျောကြမ်းတမ်း၍ အစိမ်းရောင်သန်းနေသည်။ တစ်ခါတစ်ရံ ဥအချို့တွင် အဝါရောင် သို့မဟုတ် ဝါညိုအစက်အပြောက်များသော် လည်းကောင်း၊ အစင်းများသော်လည်းကောင်း ပါတတ်သည်။ ဥအရွယ်မှာ ပျမ်းမျှအလျား ၂.၄၀ လက်မ၊ ပြက် ၁.၇၀ လက်မရှိသည်။ ခရုစုတ်ငှက်အနက်ကို အိန္ဒိယနိုင်ငံမှ အစ၊ အာသံပြည်၊ မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံနှင့် ကိုချင်းချိုင်းနားပြည်အထိ တွေ့ရသည်။ မြန်မာနိုင်ငံ၌ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရ၍၊ ပဲခူးနှင့် မြင်ခြံနယ်များတွင် သားပေါက်သည်။ ရခိုင်တိုင်း၌လည်း သားပေါက်သည်ဟု အမှတ်အသား ရှိသည်။

ငှက်ကျားမျိုးဝင် ခရုစုတ်ငှက်များ[ပြင်ဆင်ရန်]

အထက်ဖော်ပြရာ ခရုစုတ်မျိုးအပြင်၊ ပါဏဗေဒအားဖြင့် အနာစတိုမပ်အောစိတန်ခေါ်သော ငှက်ကျားမျိုး၌ ပါဝင်သည့် ခရုစုတ်ငှက်ဟူ၍ ရှိသေးသည်။ ဤငှက်၏ ထူးခြားချက်မှာ အပေါ်နှုတ်သီးရိုးနှင့် အောက်နှုတ်သီးရိုးနှစ်ခုတို့သည် အရင်းနှင့်အဖျား ထိ၍နေသော်လည်း အလယ်တွင် နှုတ်သီးမစေ့ဘဲ တိုးရိုပေါက် မြင်ရသည်။ ထို တိုးရိုပေါက်ကို ပျံသန်းရာ၌ပင် ကောင်းစွာမြင်နိုင်သဖြင့်၊ ထိုငှက်ကို အခြားငှက်များနှင့် မှားရန် ခဲယဉ်းလှပေသည်။

ဤငှက်သည် မြစ်ချောင်း၊ ရေအိုင်နှင့် စိမ့်မြေများတွင် ကျက်စားသည်။ အုပ်သင်းဖွဲ့နေတတ်၍ မြင့်မားစွာပျံဝဲနေတတ်သည်။ အဓိက အစာမှာ ရေချိုခရုမျိုးဖြစ်၍ ခရုကို ချေပြီးမှ မျိုချသည်။ သစ်ပင်များပေါ်တွင်လည်း နားနေတတ်၍ တစ်ကောင်နှင့်တစ်ကောင် နှုတ်သီးချင်းရိုက်ကာ ကျီစယ်မြူးထူးနေလေ့ရှိသည်။

ဤငှက်မျိုးသည် မိုးရာသီအတွင်း သားပေါက်သည်ဟု ယူဆရသည်။ မောင်နှံစုံ ၄၀၀ မှ ၅၀၀ အထိတစ်နေရာတွင် စုရုံးသားပေါက်ကြသည်။ အသိုက်ကို တုတ်ချောင်း၊ မြက်၊ သစ်ရွက်တို့ဖြင့် ဆောက်လုပ်ကြ၍၊ သစ်ပင် တစ်ပင်၌ အသိုက်ပေါင်း ၆၀ ခန့်မျှ ရှိတတ်သည်။ တမြုံလျှင် ၃၊ ၄၊ ၅ လုံးခန့် ရှိတတ်သည်။ ဥသည် ရှည်မျော၍ ဥအုခါစ၌ ဖြူဖွေးပြီး နောက်တွင် တဖြည်းဖြည်း ညိုမည်းသွားသည်။ ဥအရွယ်မှာ ပျမ်းမျှ အလျား ၂.၃၀ လက်မနှင့် ပြက် ၁.၆၀ လက်မ ရှိလေသည်။ ဤငှက်ကို အိန္ဒိယ၊ မြန်မာ၊ ယိုဒယား၊ ကိုချင်ချိုင်းနားနိုင်ငံများတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်သည်ဟု ယုံကြည်ရ၍ တစ်နိုင်ငံလုံးမှာပင် အနှံ့အပြား တွေ့ရသည်။ ဤငှက်ကို “ငှက်သဘင်” စာအုပ်တွင် ခရုတုတ်ငှက်ဟူ၍ ဖော်ပြသည်။ ငှက်ကြီးဒုံးစပ်၊ ငှက်ကျား စသော ငှက်တို့နှင့် အမျိုးချင်း နီးစပ်သည့် ခရုစုတ်ငှက်များကို ကမ္ဘာပေါ်ရှိ တိုက်ကြီးအားလုံး၌ပင် တွေ့ရသည်။ နိုင်းမြစ်ဝှမ်း၌ တွေ့ရသော (အင်္ဂလိပ်ဘာသာဖြင့်) အိုင်းဗစ်ခေါ် ခရုစုတ်ငှက်မျိုးကို အီဂျစ်လူမျိုးတို့က အမြတ်တနိုး ထားကြသည်။ ထိုငှက်သေလျှင် အသေကောင်ကို ဆေးစိမ်၍ မပုပ်မသိုးအောင် ထားသည်။ ရှေးဟောင်း အီဂျစ်သင်္ချိုင်းဂူများမှ အဆိုပါ ငှက်အလောင်းများကို တူးဖော်ရရှိခဲ့သည်။ ယခုအခါ ထိုငှက်မျိုးကို အာဖရိကတိုက်ရှိ အရပ်ဒေသအချို့၌ တွေ့ရသေးသော်လည်း အီဂျစ်နိုင်ငံတွင် လုံးဝမတွေ့ရတော့ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂၊ နှာ-၂၅၇