ရှမ်းလေးမြို့သမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တာပိန်မြစ်ညာတွင် တာလီပြည် ဟူသောတိုင်းပြည်တစ်ပြည်ရှိ၏။ တာလီပြည်ဘုရင်တွင်မျက်မမြင်သမီးတော်တစ်ပါးဖွားရာ မင်းကြီးကကျက်သရေမရှိဟုဆိုကာ ကွပ်မျက်စေသည်။ မိခင်ဖြစ်သူမိဖုရားကြီးဖြစ်သူက ပါးကွက်သားများအားလာဘ်ထိုးပြီး သမီးဖြစ်သူအားစောင့်ရှောက်ထားလေသည်။ စောလှမယ်ဟုအမည်တွင်၏။သမီးဖြစ်သူ အရွယ်ရောက်လာချိန်တွင်၎င်းကိစ္စကို ဖခင်ဘုရင်သိသွားသောအခါသမီးဖြစ်သူအားဖောင်ဖြင့်တင်၍တာပိန်မြစ်အတိုင်းမျှောလေသည်။ သမီးတော်သည်ဖောင်ပေါ်တွင်မျှောပါလာသည်။ ထိုအချိန်တွင် ယခုအင်းတော်ကြီးဖြစ်လာမည့်နေရာတွင် ‘စည်ခမ်း’ အမည်ရှိတိုင်းပြည်တစ်ခုရှိသည်။ ၎င်းတိုင်းပြည်မှလူများသည် နာနာရုပ်အတတ်ဖြင့်လူအဖြစ်မှကျားဖြူအဖြစ်သို့ပြောင်းလဲနိုင်ကြသည်။ စည်ခမ်းပြည်မှ မင်းသားတစ်ပါးသည်နာနာရုပ်အတတ်ဖြင့် မိမိကိုယ်ကိုကျားအဖြစ်ပြောင်းလဲပြီးအမဲလိုက်ထွက်လာရာ တာပိန်မြစ်ကမ်းဘေးရောက်လာသည်။ မြစ်ထဲတွင်ဖောင်ဖြင့်မျှောပါနေသောမိန်းမပျိုကိုမြင်လျှင် ချခဲ့ဘူးသောရေစက်ကြောင့်မြင်မြင်ခြင်းချစ်ခင်သဖြင့် ဖောင်အားမြစ်ကမ်းဘေးသို့ဆွဲယူပြီးလျှင် မိန်းမပျိုအားပြုစုစောင့်ရှောက်ထားရင်းညားကြလေသတည်း။ သို့ဖြင့်သားသုံးယောက်ထွန်းကား၏။ သားများအရွယ်ရောက်သောအခါ သားတို့သည်မိခင်ဖြစ်သူအားမိမိတို့မည်သည့်အမျိုးဖြစ်သည်ကို မေးမြန်းကြရာ မိခင်က “ငါ့သားတို့သည်သာမန်လူများမဟုတ်ကြ၊ ငါ့သားတို့၏ဘိုးအေသည် တာလီပြည်ကိုအစိုးရသောမင်းကြီးပေတည်း။” ဟုဆို၏။ သားသုံးယောက်လည်းမိခင်မရှိသောတစ်နေ့တွင် တိတ်တဆိတ် တာလီပြည်သို့ ထွက်လာကြ၏။ ဖခင်ဖြစ်သူသိသော်သားများအားစိတ်မချသဖြင့် ကျားအဖြစ်ဖန်ဆင်းပြီးသားများနောက်လိုက်လေသည်။ အသက်ကြီးပြီဖြစ်၍ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီးနောက် အမောဆို့ကာသေဆုံးလေသည်။ တာလီပြည်ရောက်သော်အဘိုးဖြစ်သူအား ဝင်ရောက်ဖူးမျှော်ပြီးနောက်မိခင်ဖြစ်သူ၏လက်ဝတ်ရတနာများကိုပြသလျှင် အဘိုးဖြစ်သူကလည်းမြေးများအဖြစ်အသိအမှတ်ပြုသည်။ ထို့နောက်အဘိုးဖြစ်သူက မြေးများအား “မောင်တို့၊ သည်တိုင်းပြည်မှာတော့ မင်းလျာရွေးနှင့်ပြီးဖြစ်သည်။ မောင်တို့အတွက်အခွင့်မရှိတော့ပေ။ မောင်တို့သည်မင်းမျိုးမင်းနွယ်များဖြစ်ကြရာ ငါ့ထံမှစစ်သည်များယူပြီးတိုင်းသစ်ပြည်သစ်ထူထောင်ကြလော့ဟု စစ်သည်ဗိုလ်ပါများခွဲဝေပေး၏။ လက်ဆောင်အဖြစ် စည်တစ်လုံး၊ ဓားမြောင်တစ်ချောင်းကိုလည်းပေးလိုက်၏။ ညီအစ်ကိုသုံးဦးလည်း စစ်သည်ဗိုလ်ပါများနှင့်နောက်လိုက်နောက်ပါများကိုခေါ်ယူလာခဲ့ပြီး တိုင်းသစ်ပြည်သစ်ထူထောင်ရန်ထွက်လာကြသည်။ တောတွင်းတစ်နေရာအရောက်တွင် စည်ကြီးသည်တီးသူမရှိပဲ မြည်ဟီးလေရာထိုနေရာတွင်မြို့တည်ပြီး အစ်ကိုအကြီးဆုံးဖြစ်သူနန်းစိုက်လေသည်. မြို့အမည်ကို မိန်းကောင်း(မိန်း-မြို့၊ ကောင်း-စည်)ဟူ၍မှည့်ခေါ်သည်။ မြန်မာဘာသာအားဖြင့် စည်မြို့ဟုအဓိပ္ပယ်ရသည်။ ကာလကြာသော်မိုးကောင်းဟူ၍အမည်ရွှေ့လျောသွားလေသည်။ ကျန်ညီအစ်ကိုနှစ်ယောက်ဆက်လက်ထွက်လာခဲ့ကြရာ တောတွင်းတစ်နေရာအရောက်တွင် ညီအလတ်ဖြစ်သူ၏ဆင်ဦးကင်းတွင်ဗျိုင်တစ်ကောက်လာနားသည်။ ထိုနေရာတွင်ညီအလတ်ဖြစ်သူက မြို့တည်ကာစိုးစံ‌ေလသည်။ မြို့အမည်ကို မိန်းယန်း(မိန်း- မြို့၊ ယန်း -ဗျိုင်း)ဟူ၍မှည့်ခေါ်သည်။ မြန်မာလိုအားဖြင့် ဥဗျိုင်းမြို့ဟုအဓိပ္ပာယ်ရသည်။ ကာလကြာသော်မိုးညှင်းမြို့ဟုအမည်တွင်လေသည်။ ညီအထွေးသည်ဆက်လက်ထွက်ခွာခဲ့ရာ တစ်နေရာအရောက်တွင် ဓားမြောင်သည်အလိုလိုကျွတ်ထွက်ကာမြေတွင်စိုက်လေသည်။ ထိုနေရာတွင်မြို့တည်ပြီးမြို့အမည်ကို မိန်းမစ်(မိန်း- မြို့၊ မစ်- ဓားမြှောင်)ဟူ၍မှည့်ခေါ်သည်။ မြန်မာဘာသာအားဖြင်‌့ ဓားမြှောင်မြို့ဟုအဓိပ္ပာယ်ရသည်။ ကာလကြာသော်မိုးမိတ်ဟူ၍တွင်လေသည်။ ထို့နောက်မှမယ်တော်အားသတိရသဖြင်‌့လိုက်ရှာကြရာ ၎င်းတို့ငယ်စဉ်ကနေခဲ့သောတာပိန်မြစ်ကမ်းပေါ်တွင်တွေ့သည်။ မိခင်ကသားများအားစိတ်ခုနေသည်။ သင်တို့အားစိတ်မချသဖြင့်သင်တို့အဖေလိုက်သွားသည်။ ပြန်ရောက်မလာ။ သင်တို့ကြောင့်သင်တို့အဖေသေပြီ။ သင်တို့အားငါစိတ်နာသည်။ ဟုဆို၏။ သားများကလည်း ဖခင်ဖြစ်သူအားလိုက်ရှာရာ ဧရာဝတီမြစ်ကမ်းအရှေ့ဖက်ရှိ ရေအိုင်တစ်အိုင်ဘေးတွင်သေဆုံးနေသော ကျားဖြူအရိုးများကိုတွေ့ရှိသဖြင့် မိခင်ထံယူလာပြီးမည်သို့ပြုလုပ်ရမည့်အကြောင်းမေးမြန်းကြသည်။ မိခင်က မောင်တို့ကြောင့် မောင်တို့ဖခင်သေရသည်။ မောင်တို့မှာအပြစ်ကြီးလှသည်။ ဖခင်အရိုးကိုမောင်တို့ကိုးကွယ်မှ အပြစ်ကျေမည်ပြော၏။ သို့ဖြင့်ကျားရိုးများအားဂူတည်ကြရန်နေရာစဉ်းစားရာ ညီအစ်ကိုသုံးဦး၏မြို့သုံးမြို့အနက် အလယ်တွင်ကျရောက်သောမိုးညှင်းမြို့တွင် တည်ကြသည်။ ထို့နောက်ညီအစ်ကိုသုံးယောက်နှစ်စဉ်နှစ်တိုင်းလာရောက်ကန်တော့ကြသည်။ နောင်ဗုဒ္ဓသာသနာထွန်းကားလာသောအခါ အဆိုပါအုတ်ဂူပေါ်တွင်စေတီထပ်ငုံပြီး စေတီတော်ဘွဲ့အမည်ကိုဆေခေါင်းဖိတ်စေတီတော်(ဆေ- ကျား၊ ဖိတ်-အဖြူ)မြန်မာလို ကျားဖြူစေတီတော်ဟုခေါ်ကြလေသည်။ မိခင်ဖြစ်သူစောလှမယ်သည် သားများအားစိတ်နာသဖြင့်မည်သည်‌့သားနှင့်မျှအတူမနေဘဲ မြို့သစ်တစ်ခုတည်၍နေလေသည်။ မြို့အမည်ကို ခင်ပွန်းသည်ကျားဖြူအားသတိရသောအားဖြင့်ဝိန်းဆေ(ဝိန်း- မြို့၊ ဆေ-ကျား)ဟူ၍မှည့်ခေါ်သည်။ မြန်မာလိုအားဖြင့် ဗျဂ္ဃနာဂရ(ကျားမြို့)ဟူ၍တွင်သည်။ ကာလကြာသော် ဝန်းသိုမြို့ဟုအမည်တွင်၏။ ဤကား မိုးကောင်းမြို့မိုးညှင်းမြို့မိုးမိတ်မြို့နှင့်ဝန်းသိုမြို့များ၏ရာဇဝင်ပေတည်း။