ပန်ဝါမြို့

ဝီကီပီးဒီးယား မှ
ပန်ဝါမြို့
မြို့
ပန်ဝါမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပန်ဝါမြို့
ပန်ဝါမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°59′N 98°20′E / 25.983°N 98.333°E / 25.983; 98.333
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်ချီဖွေ
မြို့နယ်ချီဖွေမြို့နယ်
လတ္တီကျု(၂၅)ဒီဂရီ၊ (၅၉)မိနစ်
လောင်ဂျီကျု(၉၈)ဒီဂရီ၊ (၂၀)မိနစ်
လူဦးရေ (၂၀၁၄)၈,၇၃၆[၁]
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ပန်ဝါမြို့သည် ကချင်ပြည်နယ် ချီဖွေခရိုင်ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည်။ မေခမြစ်ကမ်းပေါ်ရှိ ချီဖွေမြို့မှ ၄၀ မိုင်ခန့်ကွာဝေးသည်။ ပန်ဝါမြို့တွင် ဦးစခုတ်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အခြေစိုက်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ပန်ဝါမြို့သည် ဧရိယာစတုရန်းမိုင် ၁၃၅၅ မိုင်ကျယ်ဝန်းပြီး[၂] အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ဝိုင်းမော်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ချီဖွေမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြင့်မားမတ်စောက်သည့် တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားသောကြောင့် မြေပြန့်လွင်ပြင်နည်းပါးသည့် မြို့လေးဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

တစ်နှစ်ပတ်လုံး ချမ်းအေးသည့် ရာသီဥတုရှိခြင်းကြောင့် အမြင့်ဆုံးအပူချိန်မှာ ၁၈ ဒီဂရီဆဲလ်စီးယပ်သာ ရှိသည်။ ဆောင်းရာသီတွင် အအေးဒဏ်ကို ပိုမိုခံစားရပြီး အနိမ့်ဆုံး အပူချိန် ရေခဲမှတ်အောက် (-၁၀) ဒီဂရီဆဲလ်စီးယပ်ထိ ကျဆင်းကာ တစ်မြို့လုံး ရေခဲနေတတ်သည့် မြို့ဖြစ်သည်။[၂]

လူနေမှု[ပြင်ဆင်ရန်]

ပန်ဝါမြို့တွင် ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လာချိတ်၊ငေါ့ချန်း၊ လီဆူးမျိုးနွယ်တို့ အများစုနေထိုင်ကြပြီး အိမ်ထောင်စု ၁၇ဝ ကျော် တွင် လူဦးရေ ၁၁ဝဝ ကျော် နေထိုင်သည်။ ကျေးလက်ဒေသတွင် အိမ်ခြေ ၁၂ဝဝ ကျော်ရှိပြီး လူဦးရေ ၆၉ဝဝ ကျော်နေထိုင်သောကြောင့် ပန်ဝါ မြို့တွင် လူဦးရေစုစုပေါင်း ၈ဝဝဝ ကျော်ရှိသည်။ အများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။[၂]

စီးပွားရေး[ပြင်ဆင်ရန်]

သတ္တုတွင်းလုပ်ငန်းကို အများစု လုပ်ကိုင်ကြသည်။ စိုက်ပျိုးမြေရှိသော်လည်း သီးနှံအနည်းငယ်သာစိုက်ပျိုးကြပြီး ချဉ်စော်ခါးသီးကို အများဆုံးစိုက်ပျိုးကြသည်။ နယ်စပ်မြို့လေး တစ်မြို့ဖြစ်သဖြင့် ကုန်သွယ်ခြင်းကိုလည်း အဓိကထား လုပ်ကိုင်ကြသည်။

ထင်ရှားသည့် နေရာများ[ပြင်ဆင်ရန်]

မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာသင်ကျောင်း သုံးကျောင်းရှိပြီး ဘောလုံး အားကစားကွင်း တစ်ကွင်းသာရှိသည်။ မြို့ပေါ်တွင် (၂၅) ခုတင် ဆံ့ပန်ဝါဆေးရုံကြီး တည်ရှိကာ၊ လန်းဂျော၊ရှီးကျန်၊ လုပီကျန်း၊ ဖီမော ကျေးရွာလေးရွာတွင် ကျန်းမာရေး ဌာနခွဲ တစ်ခုစီရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ စည်ပင်၊ နတလ၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ တိ/မွေးကု၊ ရုပ်သံ၊ ပြန်/ဆက်၊ လျှပ်စစ်၊ သတင်းတပ်ဖွဲ့၊ နကသ စသည်ဖြင့် စုစုပေါင်းအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း ၁၇ ခု လည်းရှိသည်။

ဗုဒ္ဓဘာသာ ဘုရားစေတီ နှစ်ဆူနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းနှင့် စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းတို့သည် ထင်ရှားသည့် နေရာများဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ခင်ဇာလီ (၂၃ ဒီဇင်ဘာ ၂၀၁၅)။ ပန်ဝါမြို့ (သို့မဟုတ်) တောင်တန်းတွေအလယ်ကနှင်းဝေသည့်မြို့။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ ၃၀ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။