သန်းခေါင်စာရင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသောလူဦးရေအားလုံးကို တစ်ယောက်စီ တစ်ယောက်စီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောက်ျား၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာ အစုံအလင်မှတ်သားထားသောစာရင်းကိုသန်းခေါင်စာရင်းဟုခေါ်၏။ တစ်နည်းအားဖြင့်သန်းခေါင်စာရင်းကို လူဦးရေစာရင်းဟုဆိုနိုင်၏။ သန်းခေါင်စာရင်းကောက်ယူရေး ဝန်ထမ်းတို့ကအိမ်များတွင်လူစုံရှိတတ်သည့်ညဉ့်အချိန်များ၌ တစ်အိမ်တက်ဆင်းလှည့်လည်ကောက် ယူခဲ့သောကြောင့် သန်းခေါင်စာရင်းဟုခေါ်တွင်ခဲ့ဟန်တူသည်။ သို့ရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ တဖြည်းဖြည်းတိုးတက်ကောင်းမွန်၍ လွယ်ကူမှုရှိလာသောကြောင့် ညဉ့်အချိန် တစ်အိမ် တက်ဆင်းလှည့် လည်ကောက်ယူသောစံနစ် မရှိတော့သလောက်ဖြစ်နေပေပြီ။ ယခုအခါတွင် သန်းခေါင်စာရင်းကောက်ယူ ရန်အတွက်ခန့်ထားသော ဝန်ထမ်းများသည် သက်ဆိုင်ရာ ကျေးရွာနယ်မြေများသို့ သွားရောက်ကာဆိုင်ရာ ရွာသူကြီးအကူအညီဖြင့် သန်းခေါင်စာရင်းကိုညွှန်ကြားချက်အတိုင်းကောက်ယူမှတ်သားကြရသည်။ အိမ်တိုင်းအိမ်တိုင်းသို့ မိမိတို့၏ အမည်၊ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ယောက်ျား၊ မိန်မ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာအစုံအလင်ကို ဖြေဆိုရန် မေးခွန်းပုံစံစာ ရွက်များဝေငှ၍ နေထိုင်သူတို့ကထိုပုံစံများကိုဖြည့်သွင်းပေးကြရသည်။


ထိုအခါတွင်ဝန်ထမ်းကထိုစာရင်း မှန်မမှန်ကို ကိုယ်တိုင်စစ်ဆေးပြီးမှ ကျေးရွာအလိုက် စာရင်းချုပ်ပြုလုပ်ရသည်။ ယင်းသို့ဝန်ထမ်းများက ကောက်ယူပေးသော စာရင်းများကို မြို့ပိုင်ရုံးမှတစ်ဖန် စစ်ဆေးပြီးလျှင်မြို့နယ်အလိုက်စာရင်းချုပ်ပြုလုပ်၍ ဆိုင်ရာနယ်ပိုင်ရုံးသို့တင်ရ၏။ နယ်ပိုင်ရုံးမှလည်းထိုအတူစစ်ဆေးကာ စာရင်းချုပ်အဆင့်ဆင့်ပြုလုပ်ရ လေသည်။ ဤသို့ဖြင့်စာရင်းကောက်ယူခြင်းပြီးစီးသောအခါ သန်းခေါင်စာရင်းစစ်ဆေးရေးအထူးအရာရှိများ ခန့်ထား၍ သေချာသည်ထက်သေချာအောင် စစ်ဆေးရပြန်သည်။ ယင်းသို့စစ်ဆေးပြီး၍ သေချာသောအခါတွင် သန်းခေါင်စာရင်းမှာ အတည်ဖြစ်သဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မပြုရတော့ချေ။


မြန်မာနိုင်ငံတွင်သန်းခေါင်စာရင်းကိုအင်္ဂလိပ်အစိုးရလက်ထက်၌ ဆယ်နှစ်တစ်ကြိမ်ကောက်ယူခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၁၈ရ၂ ခုနှစ်တွင် ပထမဆုံးသန်းခေါင်စာရင်းကို ကောက်ယူခဲ့၏။ ထိုနောက် ၁၈၈၁ ခုနှစ်မှ စ၍ ဆယ်နှစ်တစ်ကြိမ်၊ ၁၉၄၁ ခုနှစ်အထိ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည် ၁၉၅၃ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိအဆင့်သုံးဆင့်ဖြင့် သန်းခေါင်စာရင်းကောက်ယူရန် စီမံကိန်းချမှတ်ခဲ့၍ ပထမဆင့်အနေဖြင့် ၁၉၅၃ ခုနှစ်တွင်မြို့ပေါင်း ၂၅၂မြို့၏ သန်းခေါင်စာရင်းကို ကောက်ယူခဲ့၏။ ၁၉၅၄ ခုနှစ်တွင် ဒုတိယဆင့်အနေဖြင့်ကျေးရွာအုပ်စု ပေါင်း ၂၁၄၃ အုပ်စု၏ သန်းခေါင်စာရင်းကိုကောက်ယူခဲ့သည်။ သို့သော် ထိုသို့အဆင့်ဆင့်ကောက်ယူခဲ့သော သန်းခေါင်စာရင်းများသည် မြန်မာနိုင်ငံ၏အကျယ်အဝန်း ၃ဝ ရာခိုင်နှုန်းအတွက်ခန့်သာ ဖြစ်ခဲ့ရကား ကျန်နိုင်ငံ၏ ၇ဝ ရာခိုင်နှုန်းအကျယ်အဝန်း အတွက် သန်းခေါင်စာရင်းကို ၁၉၆၁ ခုနှစ်တွင် ကောက်ယူရန်ရွှေ့ဆိုင်းခဲ့သော်လည်းမကောက်ယူဖြစ်ခဲ့ပေ။


ထိုသို့ကောက်ယူခဲ့သောသန်းခေါင်စာရင်းများသည် ကိုလိုနီခေတ်နှင့် အရင်းရှင်ခေတ်တို့၏အခြေ အနေများသာ ဖေါ်ပြသည့်စာရင်းအင်းများဖြစ်နေပြီးလျှင်လက်ရှိအခြေအနေဖြင့် မကိုက်ညီတော့သဖြင့်လက်ရှိတိုင်းပြည်၏အခြေအနေနှင့်ကိုက်ညီသော အခြေခံလူဦးရေ စာရင်းအင်းများ၊ လူမှုရေး၊စီးပွားရေး အခြေအနေကို ဖေါ်ပြသည့်စာရင်းအင်းများကို ကောက်ယူရန်လိုအပ်လာသည့်အတွက် ၁၉ရ၃ ခုနှစ်ဧပြီ လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်းသန်းခေါင်စာရင်းကောက်ယူခဲ့သည်။


သန်ခေါင်စာရင်းယူသောစံနစ်သည် ရှေးရောမတို့ ခေတ်ကပင်လျှင်ရှိခဲ့၏။ ထိုအခါကနိုင်ငံသူနိုင်ငံသားတို့သည် ငါးနှစ်တစ်ကြိမ်မိမိတို့၏အသက်၊ အလုပ်အကိုင်၊ သားသမီး၊ ကျေးကျွန်၊ မြေယာမှအစ အကြောင်းအရာအစုံအလင်ကို ဆင်ဆာလူကြီးများထံ သွားရောက်စာရင်းပေးကြရသည်။ အင်္ဂလန်ပြည်၌ ဝီလျံ·သ·ကွန်ကားရား လက်ထက် ၁ဝ၈၆ ခုနှစ်တွင်မြေခွန်တော်နှင့်အခြား အခွန်တော်များ ကောက်ခံ ရေး နှင့် ဘုရင်ပိုင်မြေယာများမည်မျှရှိသည်ကို သိနိုင်ရေးအတွက် လူဦးရေနှင့် မြေယာစာရင်းများကိုကောက်ယူ ၍ ဒွမ်းစဒေး စစ်တမ်းဟူသောအမည်ဖြင့်မှတ်တမ်းတင်ခဲ့လေသည်။ ထိုစာရင်းမှာအင်္ဂလန်ပြည်အတွင်းရှိ လူဦးရေ စိုက်ပျိုး လုပ်ကိုင်သောမြေယာများ၊ မြင်းကျွဲနွားမှအစ သက်ရှိ သက်မဲ့ ပစ္စည်းများ၏စာရင်းဖြစ်၍ ဘုရင်သည်စာရင်းကိုကြည့်ရုံမျှဖြင့် မိမိ၏မှူးမတ်မြို့စားနယ်စားများ မည်မျှချမ်းသာကြွယ်ဝ၍ မည်မျှတန်ခိုးအာဏာရှိသည်ကိုသိနိုင်သည်။ ထိုစာရင်းတွင် မှတ်တမ်းတင်ထား သောအချက်အလက်မှာ အတည်ဖြစ်၍ ပြုပြင်ဖြည့်စွက်ခြင်းမရှိရချေ။


ရောမခေတ်ကသန်းခေါင်စာရင်းသည် ရောမအုပ်ချုပ်ရေးအရ အခွန်တော်ကောက်ခံရန်နှင့် လက်နက်ကိုင်၍ တိုက်နိုင်သည့်ဦးရေ မည်မျှရှိသည်ကို သိရန်ဖြစ်၏။ ဝီလျံဘုရင်လက်ထက်က ဒွမ်းစဒေးစစ်တမ်းမှာလည်း ထိုရည်ရွယ်ချက်နှင့်ပင်ကောက်ယူသော်လည်း ပိုမိုစုံလင်၏။


မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းက သန်းခေါင်စာရင်းကောက်ယူ သည့်အစီအစဉ်များ ရှိခဲ့သည်။ သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၉၉၉ ခုနှစ်တွင်စီး ပွားရေးပြန်လည်ထူထောင်ရန်နှင့် လူဦးရေအင်အား ပြန်လည်ဖြည့်တင်းရန် လက်ရှိအခြေအနေမှန်ကိုသိရှိရန်အတွက် နိုင်ငံတော်လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့် အသီးအနှံ၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းတို့ကိုစစ်သည့်စစ်တမ်းတခုကောက်ယူခဲ့သည်။


ဘိုးတော်ဘုရားလက်ထက် ၁၁၄၅ ခုနှစ်တွင်သာလွန်မင်းတရားလက်ထက်ကကဲ့သို့မြို့ရွာ နယ်ပယ်လူနေအိမ်ခြေထွက်သောသီးနှံ၊ အရောင်းအဝယ်အခွန်အကောက်နှုန်း စသည်တို့ကိုစစ်တမ်းထုတ်စေခဲ့သည်။


ယင်းသည့် စစ်တမ်းများကား ယခုခေတ်သန်းခေါင်စာရင်းများပင်ဖြစ်၏။ ယခုခေတ်တို်င်အချို့လူများသည်သန်းခေါင်စာရင်းကို အခွန်တော်စည်းကြပ်ကောက်ခံရန်၊ မင်းတိုင်းကြေးခန့်ခွဲရန် သက်သက်ဟုယူဆကြကာ မိမိတို့၏အမည်စာရင်းကို မပေးသွင်းဘဲထားတတ်ကြ၏။ သို့မဟုတ် ပေးသွင်းရန် သတိမရဘဲ အမှတ်မဲ့ပင်နေတတ်ကြသည်။ သို့ရာတွင် ထိုသို့စာရင်းမသွင်းဘဲထားခြင်း၊ အမှတ်မဲ့နေခြင်းတို့မှာ ထိုသို့နေသူ၏အမှားသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သန်းခေါင်စာရင်းကောက်ယူပုံနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်း၏ သဘောတို့မှာ ရှေးရှေးအခါကနှင့် မတူတော့သော ကြောင့်ဖြစ်သည်။


ယခုအခါအခွန်တော်မှအစ မင်းတိုင်းကြေးများအတွက် ဆိုင်ရာဌာနအသီးသီးရှိနေသောကြောင့် သန်းခေါင်စာရင်းမှာ တိုင်းပြည်အုပ်ချုပ်ရေးတွင် အရေးကြီးသော အချက်အလက်များ အတွက်ဖြစ်လေသည်။ သန်းခေါင်စာရင်းအရ တိုင်းပြည်တွင် လူဦးရေမည်မျှ၊ လယ်ယာစိုက်ပျိုးသူမည်မျှ၊ စာတတ်သူ မည်မျှ၊ လက်နက်ကိုင်တိုက်ခိုက်သူမည်မျှစသည်တို့ကိုသိနိုင်၍ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကိုစီမံခန့်ခွဲရာတွင် သန်းခေါင်စာရင်းကိုအခြေပြု၍စီမံရသည်။ တိုင်းပြည် အုပ်ချုပ်ရေးတွင်ပါဝင်သောဌာနတိုင်း ဌာနတိုင်း၏ အင်အားသည်တိုင်းပြည်ရှိ လူဦးရေအပေါ်တွင် အမှီပြု၍ရှိရပေသည်။


ထိုအချက်များအပြင် တိုင်းသူပြည်သားများအဖို့ အလွန်အရေးကြီးသောမဲပေးပိုင်ခွင့်ကို သန်းခေါင်စာရင်းအရသာလျှင် အတည်ပြုသောကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ ပြည်သူလူထု၏ အကျိုးဖြစ်သည်ဟု ဆိုရပေမည်။ ရှေးရောမသန်းခေါင်စာရင်းနှင့် ဝီလျံဘုရင်၏ ဒွမ်းစဒေးစစ်တမ်းတို့၏နောက်တွင် အင်္ဂလန်ပြည်၌ ၁၈ဝ၁ ခုနှစ်မှအစပြုကာ ၁ဝ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းမှန်မှန် ကောက်ယူခဲ့၏။ ၁၉၄၁ခုနှစ် တွင်ကား ဒုတိယကမ္ဘာစစ်ကြီးကြောင့် မကောက်ခဲ့ရချေ။ အမေရိကန်ပြည်ထောင်စုတွင်၁ရ၉ဝ ပြည့်နှစ်မှစ၍ ၁ဝ နှစ်တကြိမ်သန်းခေါင်စာရင်းကောက်ခဲ့၏။ ရုရှနိုင်ငံတွင်လည်း၁၈၉ရ ခုနှစ်မှစ၍ သန်းခေါင်စာရင်း ကောက်ယူခဲ့လေသည်။


စစ်ကြိုခေတ်သန်းခေါင်စာရင်းသည် လူဦးရေကိုသာ အဓိကထားပြီးလျှင် စစ်ပြီးခေတ်သန်းခေါင်စာရင်းများတွင်မူ လူဦးရေအပြင် စီးပွားရေးရာ၊လူမှုရေးရာတို့နှင့် စပ်လျဉ်းသည့် အချက်အလက် အများအပြားပါဝင်လေသည်။ စစ်ကြိုခေတ်သန်းခေါင်စာရင်းများကောက်ယူရာ၌ လူဦးရေတစ်ခုတည်းနှင့်စပ်လျဉ်း သည့်မေးခွန်းပေါင်း ၂ဝ ခန့်သာမေးခဲ့၍ စစ်ပြီးခေတ်သန်းခေါင်စာရင်းများကောက်ယူရာတွင်မူ လူဦးရေ၊စီးပွားရေး၊လူမှုရေးတို့နှင့်စပ်လျဉ်းသည့် မေးခွန်းပေါင်း ၃ဝဝကျော်မေးမြန်းအချက်အလက်များ စုဆောင်း လာကြသဖြင့် တစ်နည်းအားဖြင့်စီးပွားရေးစစ်တမ်းဟုပင် ခေါ်ဆိုလောက်ပေသည်။[၁]

သန်းခေါင်စာရင်းဟူသော ဝေါဟာရမှာ ဆယ်နှစ်တစ်ကြိမ် လူဦးရေ ရေတွက်ခြင်းနှင့် လူဦးရေစာရင်းများ ကောက်ယူခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၈၇၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ညသန်းခေါင်အချိန်တွင် အောက်မြန်မာပြည်၌ ဗြိတိသျှတို့ ပထမအကြိမ် လူဦးရေစာရင်း ကောက်ယူခဲ့ရာမှ ယခုထက်တိုင် သန်းခေါင်စာရင်းဟု အမည်တွင်လာခြင်းဖြစ်သည်။

ယခုခေတ် သန်းခေါင်စာရင်း၏ အဓိပ္ပါယ်မှာ လူဦးရေ ရေတွက်ခြင်းနှင့် လူတို့နှင့်ပတ်သက်သည့် ကိုယ်ရေးအကြောင်းအရာ စာရင်းအင်းများသာမက လူတို့၏ လူမှုရေး၊ စီးပွားရေး အကြောင်းအရာ အားလုံးကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော စာရင်းကို သန်းခေါင်စာရင်းဟု ခေါ်ပေသည်။ သန်းခေါင်စာရင်းများတွင် လူဦးရေ သန်းခေါင်စာရင်း၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စိုက်ပျိုးရေး အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှု အကြောင်းအရာ သန်းခေါင်စာရင်း၊ စီးပွားရေး ကုန်သွယ်ရေး သန်းခေါင်စာရင်း စသည်တို့ ပါဝင်ပေသည်။

သာမန်အားဖြင့် အခြေခံ စာရင်းအင်းများသာ ပါဝင်သော သန်းခေါင်စာရင်းကြီးကို ဆယ်နှစ်တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသော်လည်း လူမှုရေး၊ စီပွားရေး အကြောင်းအရာ အရပ်ရပ်၏ အသေးစိတ် စာရင်းအင်းများကို နမူနာနည်းဖြင့် ကောက်ယူခြင်း သို့မဟုတ် အပြည့်အဝ ကောက်ယူခြင်း၊ လစဉ် သို့မဟုတ် နှစ်စဉ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် သို့မဟုတ် သုံးနှစ်တစ်ကြိမ် စသည်ဖြင့် စာရင်းအင်းအမျိုးအစားနှင့် လုပ်ဆောင်သည့် စီမံကိန်း အမျိုးအစားပေါ်မူတည်၍ ဆောင်ရွက်ရပေသည်။ ထို့ကြောင့် သန်းခေါင်စာရင်းများမှာ လူအများထံမှ မေးမြန်းခြင်းအားဖြင့် ရယူသော အချိန်မှန်ကောက်ယူသည့် စာရင်းအင်းများနှင့် အခါအားလျော်စွာ ကောက်ယူသည့် စီးပွားရေး၊ လူမှုရေး စာရင်းအင်းအားလုံး ပါဝင်ပေသည်။


မာတိကာ

အရေးကြီးပုံနှင့် အသုံးဝင်ပုံ[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းသည် ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး စသည့်အကြောင်းအရာ အားလုံးနှင့် သက်ဆိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ၊ သန်းခေါင်စာရင်းနှင့် ကင်းကွာမရပေ။ သန်းခေါင်စာရင်းကို အခြေခံရမြဲ ဖြစ်ပေသည်။ တိုင်းပြည်၏ လူဦးရေ၊ ပြည်နယ်တိုင်းနှင့် ဒေသအသီးသီးအလိုက် လူဦးရေပျံ့နှံ့မှု၊ အသက်အပိုင်းအခြားအလိုက် ယောက်ျား၊ မိန်းမဦးရေ၊ ပညာသင်ကြားလျှက်ရှိသူ၊ ပညာတတ်မြောက်သူ၊ အမျိုးမျိုး အစားစားသော လုပ်ငန်းများတွင် လုပ်ကိုင်လျှက်ရှိသူ လူဦးရေ၊ အိမ်ထောင်ရေး အခြေအနေနှင့် ကလေးမွေးဖွားမှု စသည်တို့ပါဝင်သော လူမှုရေး၊ စီးပွားရေး အကြောင်းအချက်များကို တိုင်းပြည်တစ်ဝန်းလုံးအတွက် လည်းကောင်း၊ဒေသအသီးသီးအတွက် လည်းကောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ မှန်ကန်စွာ သိရှိလေ့လာနိုင်ရန် သန်းခေါင်စာရင်းများကို ကောက်ယူရပေသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများအားလုံး၏ စီးပွားရေးကို စီမံကိန်းဖြင့် အကောင်အထည်ဖော်ရေးအတွက် သန်းခေါင်စာရင်းသည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်သန်းခေါင်စာရင်းသည် ပြည်သူ တစ်ဦးချင်းအတွက် လည်းကောင်း၊ တိုင်းပြည်အတွက် လည်းကောင်း များစွာအရေးကြီးပေသည်။

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းကြောင်းကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရပေသည်။

  1. မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
  2. ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
  3. မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု၊
  4. တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု။

(က) မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကပင် လူဦးရေနှင့် အိမ်ထောင်စုများ အရေအတွက်ကို ရေတွက် ကောက်ယူခဲ့ခြင်းကို “စစ်တမ်း” ကောက်ယူသည်ဟု ခေါ်ဆိုခဲ့သည်။ စစ်တမ်းသည် အခွန်တော် ကောက်ခံရေး၊ စစ်သား စုဆောင်းရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြင့် ခန့်မှန်းခြေ လူဦးရေစာရင်းများ ရရှိနိုင်သည်။ ထို့ပြင် မြို့ရွာများ၌ အခွန်ကောက်ခံပုံ မရှင်းမလင်းဖြစ်သော အခါ၌ လည်းကောင်း၊ ထမ်းရိုးရွက်ရိုး အစီအစဉ်များ မရှင်းမလင်းသော အခါ၌ လည်းကောင်း၊ နယ်နိမိတ်များ မရှင်းမလင်းသော အခါ၌ လည်းကောင်း၊ မင်းက အခွန်ဘဏ္ဍာ လျော့ပါးသည်ဟု ထင်မြင်သော အခါ၌ လည်းကောင်း စစ်တမ်းများ ကောက်ယူလေ့ ရှိသည်။ စစ်တမ်းများတွင် ယေဘူယျအားဖြင့် အစဉ်အလိုက် ပါတတ်သည့် အကြောင်းအရာတို့ကား မည်သည့်ခုနှစ်၊ မည်သည့်နေ့၌ မည်သူအားစစ်မေးပုံ၊ နယ်မြေသမိုင်း၊ အုပ်ချုပ်သူတို့၏ မျိုးရိုး၊ နယ်မြေ အပိုင်းအခြား၊ ယင်းနယ်မြေရှိ မြေအမျိုးအစား၊ ယင်းနယ်ပယ်တွင် စိုက်သောသီးနှံနှင့် အခွန်ကောက်ခံပုံ၊ ပစ္စည်းရောင်းဝယ်ရာ၌ အခွန်တော် ပေးရပုံ၊ ထွက်ကုန်အပေါ် အခွန်ကောက်ခံပုံ၊ အရှင်မရှိသော ကျွဲနွားများကို စီရင်ပုံ၊ ဘုရင်က မြို့သူကြီးများအား မည်သို့ အဆောင်အရွက် တာဝန်ပေးထားပုံ၊ ယင်းမြို့သူကြီး ကွယ်လွန်က သင်းဂြိုဟ်ရသည့် ထုံးစံ၊ မြို့စား နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပဏ္ဏာ ဆက်ရပုံ စသည်တို့ဖြစ်သည်။

စစ်တမ်း စတင်ပေါ်ပေါက်သော ကာလကို တိကျစွာ မသိရပေ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၅၀ဝ) ခန့်က တကောင်းမင်းဆက် သတိုးဇမ္ဗူဒီပ မဟာဓဇရာဇာ မင်းလက်ထက်တွင် လူဦးရေ ရေတွက်မှု လုပ်ငန်းကိုစတင်ဆောင်ရွက်သည်ဟု သိရပေသည်။ ၎င်းမင်းလက်ထက်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန်အတွက် ယင်းအုပ်စိုးသော နယ်မြေ ဒေသများတွင်ရှိသော တိုင်းသူ ပြည်သားများကို တစ်အိမ်ထောင် အုပ်တစ်ချပ်လှူစေပြီး တိုင်းပြည်၏ အိမ်ထောင်ဦးရေနှင့် လူဦးရေကိုသိအောင် ဆောင်ရွက်ခဲ့သည်ဟု သိရပေသည်။ ပုဂံပြည်အနော်ရထာမင်း (အေဒီ ၁၀၄၄-၇၇) လက်ထက်ကလည်း မြို့ရွာများကို စနစ်တကျ စုစည်း၍ လူအင်အားအရေအတွက် စိစစ်ပြီး ရာပြု၊ ထောင်ပြု၊ သောင်းပြု၊ သိန်းပြု စသည်ဖြင့် ကာကွယ်ရေး အရေးအခင်းများပေါ်ပေါက်လျှင် သတ်မှတ်ထားသော လူအင်အား ပို့ဆက်ရသည်ဟု သမိုင်းကျမ်းများက ဆိုသည်။


မင်းကြီးစွာစော်ကဲ လက်ထက်မှစတင်၍ စစ်တမ်းကောက်ခံသည်ဟု မှတ်သားရသော်လည်း ထိုစစ်တမ်းကိုယခုအခါ ရှာဖွေမတွေ့ရှိဟု သိရသည်။ သာလွန်မင်းတရား (အေဒီ ၁၆၃၇) မြန်မာသက္ကရာဇ် ၉၉၉ညောင်ရမ်းဆက် တွင်လည်းကောင်း၊ ဆင်ဖြူရှင်မင်းလက်ထက် ကောက်ခံသော ၁၁၂၆ ခုနှစ် စစ်တမ်းများ၊၁၁၂၇ ခုနှစ် စစ်တမ်းများ၊ ဘိုးတော်ဘုရား (ဗဒုံမင်း၊ အေဒီ ၁၇၈၂၊ မြန်မာသက္ကရာဇ် ၁၁၄၅) လက်ထက်၁၁၄၅ ခုနှစ် စစ်တမ်းများ၊ ၁၁၄၆ ခုနှစ် စစ်တမ်းများ၊ ၁၁၆၄ ခုနှစ် စစ်တမ်းများကိုသာ တွေ့ရသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရား လက်ထက်မှတစ်ပါး အခြားမင်းများ လက်ထက်တွင် စစ်တမ်းများကောက်ခံကြသည်ဟု အဆိုရှိသည်။ သီပေါမင်းလက်ထက်တွင် ၁၂၄၄ ခုနှစ်၊ တပို့တွဲလ၌ ၁၁၄၅ ခုနှစ် စစ်တမ်းမှာ နှစ်တစ်ရာ ရှိပြီဖြစ်၍ စစ်တမ်း ထပ်မံကောက်ယူ ဆက်သွင်းစေသည်ဟု သိရပေသည်။

(ခ) ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု[ပြင်ဆင်ရန်]

မြန်မာ-အင်္ဂလိပ် ပထမ စစ်ပွဲနှင့် ဒုတိယ စစ်ပွဲများ ပြီးဆုံးသွားသောအခါ ရခိုင်တိုင်း၊ တနင်္သာရီတိုင်းနှင့်ပဲခူးတိုင်းတို့သည် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ နယ်ချဲ့တို့သည် ၁၈၇၂ ခုနှစ်တွင် ထိုတိုင်းသုံးတိုင်း၌ သန်းခေါင်စာရင်း ပထမအကြိမ် ကောက်ယူသည်။ သန်းခေါင်စာရင်း ကောက်ယူမည့်နေ့ကို ၁၈၇၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ မြန်မာသက္ကရာဇ် (၁၂၃၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်) ကြာသာပတေးနေ့ဟု သတ်မှတ်ပြီး ယင်းည သန်းခေါင်ယံ အချိန်တွင် ရန်ကုန်မြို့၏ လူဦးရေစာရင်းကို ကောက်ယူခဲ့သည်။ ထိုသို့သန်းခေါင်အချိန်တွင် လူဦးရေစာရင်း ကောက်ယူမှုကို အစွဲပြု၍ “သန်းခေါင်” စာရင်း ကောက်ယူသည်ဟု ခေါ်ဝေါ်သုံးစွဲကြောင်း သိရပေသည်။


၁၈၇၂ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အလိုက် ခွဲခြားကောက်ခံခဲ့ရာ ရခိုင်တိုင်းတွင် စစ်တွေခရိုင်၊ ရမ်းဗြဲခရိုင်၊ သံတွဲခရိုင်၊ ရခိုင်မြောက်ပိုင်းခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေစုစုပေါင်း လေးသိန်းရှစ်သောင်းကျော်၊ တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကျိုက္ခမီခရိုင်၊ သံလွင်ခရိုင်၊ ရွှေကျင်ခရိုင်၊ တောင်ငူခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေ ခြောက်သိန်းကျော်၊ ပဲခူးတိုင်းတွင် ရန်ကုန်ခရိုင်၊ ပုသိမ်ခရိုင်၊ မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ သရက်ခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေ တစ်သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ ဒုတိယ အကြိမ်အဖြစ် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည်။


၁၈၉၁ ခုနှစ်တွင် တတိယအကြိမ် သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူပြန်ရာ ၁၈၈၅ ခုနှစ်၌ ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သော အထက်မြန်မာပြည်၏ စာရင်းများ ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်းများကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် လူဦးရေ သုံးသန်းကျော်၊ ၁၈၉၁ ခုနှစ်တွင် ရှစ်သန်းကျော်၊ ၁၉၁၁ ခုနှစ်တွင်(၁၂) သန်းကျော်၊ ၁၉၂၁ ခုနှစ်တွင် (၁၃) သန်းကျော်၊ ၁၉၃၁ ခုနှစ်တွင် (၁၄) သန်းကျော်နှင့် ၁၉၄၁ ခုနှစ်တွင်(၁၆) သန်းကျော် ရှိခဲ့ကြောင်း သိရပေသည်။

(ဂ) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး အကြောင်း အချက်အလက်များပိုမိုပြည့်စုံစွာ ရရှိရန် သန်းခေါင်စာရင်းများကို ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း (၂၅၂) မြို့နှင့် ချင်းပြည်နယ်တို့တွင်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မ ကျေးရွာအုပ်စုပေါင်း (၂,၁၄၃) အုပ်စုနှင့် ကချင်ပြည်နယ်ရှိကျေးရွာအုပ်စု (၁,ဝ၁၆) အုပ်စုတွင်လည်းကောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ကျန်ဒေသများတွင် အခြေအနေအရပ်ရပ်ကြောင့် ဆက်လက်ကောက်ယူခြင်း မပြုနိုင်ခဲ့ပေ။

(ဃ) တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သန်းခေါင်စာရင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအားဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာများကို အပ်နှင်းခဲ့ပေသည်။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြည်နယ်၊တိုင်း၊ မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီတို့ အဆင့်ဆင့်အားလည်း သန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ သန်းခေါင်စာရင်း ကော်မရှင် အဆင့်ဆင့်၏ လုပ်ကိုင်ခွင့်အာဏာများကိုလည်း အပ်နှင်းခဲ့ပေသည်။


သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ယခင်က အစိုးရဝန်ထမ်းများသာ ကောက်ယူခဲ့သော အစဉ်အလာမှယခုအခါ အမျိုးသားရေးလှုပ်ရှားမှုကြီး တစ်ရပ်အဖြစ် ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်တပ်မတော်သားများပါ ပူးပေါင်းပါဝင် ကောက်ယူရမည့် လုပ်ငန်းဖြစ်လာပြီး အသွင်သဏ္ဌာန်ရော အနှစ်သာရပါပြောင်းလဲခဲ့သည်။ ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထား လုပ်ဆောင်ရမည် ဖြစ်သဖြင့်သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်ကိုလည်း ကျောင်းသားများ အားလပ်သော နွေရာသီ ကျောင်းပိတ်ရက် အတွင်း ဖြစ်အောင် စီစဉ်ခဲ့သည်။ ဤသို့ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထားသုံးရန်စီစဉ်ရခြင်းမှာ ကျောင်းသားများအနေဖြင့် အမျိုးသားရေး လုပ်ငန်းကြီး တစ်ရပ်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်ခွင့် ရရှိစေရန်နှင့် လုပ်သားပြည်သူတို့၏ ဘဝကို လက်တွေ့ လေ့လာရရှိစေရန် ဖြစ်ပေသည်။


မြန်မာတစ်ပြည်လုံးတွင် ထိုစဉ်က တည်ဆဲ အခြေအနေအရ မြို့နယ်ပေါင်း (၃၁၄)၊ မြို့ (၃၁၅)၊ ရပ်ကွက်ပေါင်း(၃,၃၃၄) နှင့် ကျေးရွာအုပ်စုပေါင်း (၁၃,၃၃၆) ရှိပေသည်။ ဤသို့ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်တစ်ကွက်လျှင် အိမ်ထောင်စု (၅၀) ပါဝင်မည့် စာရင်းကောက်ကွက်ပေါင်း (၁၃၃,၁၆၀) ကို ဖွဲ့စည်းခဲ့သည်။စာရင်းကောက် အကွက်တစ်ကွက်လျှင် စာရင်းကောက်အဖွဲ့ဝင် သုံးဦးနှုန်းနှင့် အဖွဲ့ငါးဖွဲ့လျှင် စာရင်းစစ်တစ်ဦးနှုန်းဖြင့် စာရင်းကောက် အဖွဲ့ဝင်ပေါင်း (၃၉၉,၄၈၀) နှင့် စာရင်းစစ်ပေါင်း (၂၆,၆၃၁) ဦးကို တာဝန်ပေး ဆောင်ရွက်ခဲ့ပေသည်။ စာရင်းကောက်အဖွဲ့ ခေါင်းဆောင်အဖြစ် အထက်တန်း ကျောင်းသား၊စာရင်းကောက်များအဖြစ် အလယ်တန်း ကျောင်းသား၊ စာရင်းစစ်များအဖြစ် တက္ကသိုလ် ဆရာများနှင့်တက္ကသိုလ် ကျောင်းသားများက ဆောင်ရွက်ခဲ့ပေသည်။


ယင်းသို့ တာဝန်ပေးမည့် စာရင်းကောက်ယူရေး၊ စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ကျွမ်းကျွမ်းကျင်ကျင်ဆောင်ရွက်နိုင်ရန် လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ ဝန်ထမ်းများအတွက် သင်တန်းအဆင့် သုံးဆင့်နှင့် ဆင့်ပွား သင်တန်းများလည်း ဖွင့်ပေးခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင်လှုပ်ရှားမှုနှင့် လှုံ့ဆော်ပညာပေး လုပ်ငန်းများ[ပြင်ဆင်ရန်]

သန်းခေါင်စာရင်း ကောက်ယူရာ၌ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ပါဝင်ဆောင်ရွက်မည့် သူများကို သင်တန်းများပေးခဲ့သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ဗဟိုသန်းခေါင်စာရင်း ကော်မတီက ဦးဆောင်၍တစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ရာ၌ ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်နေ့ထိသန်လျင်မြို့နယ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ တာမွေမြို့နယ်တွင် လည်းကောင်းစမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြသည်။ ယင်းမြို့များမှရရှိသည့် သင်ခန်းစာအတွေ့အကြုံများကို နမူနာယူ၍ တစ်နိုင်ငံလုံးတွင် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ပေသည်။

၎င်းအပြင် လှုံ့ဆော်ပညာပေး လုပ်ငန်းများကိုလည်း ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ရာ သန်းခေါင်စာရင်းများကောက်ယူမည့် အကြောင်းနှင့် ကောက်ယူမည့် အချိန်ကာလများကို ဖော်ပြသော နံရံကပ်ပိုစတာ၊လက်ကမ်းကြော်ငြာများအပြင် ပိုစတာကြီးများကိုလည်း ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု တစ်ဝှန်းလုံးတွင်စိုက်ထူခြင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှစ်အဖြစ် အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်း ထုတ်ဝေခြင်း၊သန်းခေါင်စာရင်းအကြောင်း စာနယ်ဇင်းများတွင် လှုံ့ဆော်ပညာပေး ဆောင်းပါးများ ရေးသားထည့်သွင်းခြင်း၊မြန်မာ့အသံမှလည်း သန်းခေါင်စာရင်းအကြောင်း ဟောပြောချက်များ၊ မြန်မာ့အသံ ကိုယ်စားလှယ်နှင့်မေးမြန်းခန်းများ၊ သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် တေးသီချင်းများ အသံလွှင့်လှုံ့ဆော်ခြင်း၊ သတင်းစာများမှလည်း သန်းခေါင်စာရင်းကောက် အဖွဲ့များက မေးမြန်းမည့် မေးခွန်းများ၊ သန်းခေါင်စာရင်းကောက်ယူရမည့် ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနှင့် အစီအစဉ်များ၊ ဥပဒေ ပြဌာန်းချက်များ၊ ရှင်းလင်းချက်များကို ထည့်သွင်း ဖော်ပြပေးခြင်းနှင့် စာရင်းများ မကောက်ယူမီ နှစ်လခန့်ကြိုတင်၍ ပြည်သူပိုင်ရုပ်ရှင်ရုံ (၁၈၂) ရုံနှင့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံ (၂၄၀) တို့တွင်လည်း ပိုစတာများကို ရုပ်ရှင်ဆလိုက်များဖြင့်ကြေငြာလှုံ့ဆော် ဆောင်ရွက်ခဲ့ပေသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်း[ပြင်ဆင်ရန်]

သန်းခေါင်စာရင်း ကောက်ယူရန် မှတ်သားထားသော (၁-၄-၇၃) နေ့တွင် တစ်နိုင်ငံလုံးရှိ လူဦးရေစာရင်းရယူနိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးကို လုပ်သားပြည်သူ လူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စတင်ကောက်ယူခဲ့သည်။ ယင်းသန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံး လူဦးရေမှာ (၂၈) သန်းကျော် (၂၈,၈၈၄,၂၆၇ ဦး)၊ အမျိုးသား (၁၄,၃၅၅,၆၉၃ ဦး)၊ အမျိုးသမီး (၁၄,၅၂၈,၄၇၄ ဦး) ရှိကြောင်း သိရှိရသည်။

ဒုတိယအကြိမ် ကောက်ယူခြင်း[ပြင်ဆင်ရန်]

၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသည် ဇန်နဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်းမင်္ဂလာဒုံမြို့နယ်စမ်းချောင်းမြို့နယ်တို့၌ စမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဒေသဆိုင်ရာ ပါတီ၊ ကောင်စီတို့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

၁၉၈၃ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ ၃၁-၃-၈၃ရက်နေ့တွင် ပြည်ထောင်စုတစ်ဝှန်းလုံးရှိ လူဦးရေသည် ၃၅,၃၁၃,၉၀၅ (၃၅ ဒဿမ ၃၁) သန်း ရှိကြောင်းသိရသည်။ ယင်းလူဦးရေအရ အမျိုးသား ၁၇,၅၁၃,၅၄၁ ဦးနှင့် အမျိုးသမီး ၁၇,၈၀ဝ,၃၆၄ ဦး ဖြစ်ကြသည်။

အစိုးရသစ်လက်ထက် သန်းခေါင်စာရင်း ကောက်ယူခြင်း (၂၀၁၄)[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့သည်။ နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များမှ ဖော်ထုတ်ရရှိခဲ့သော သန်းခေါင် စာရင်းမှ ညွှန်းဆိုသည့် မြန်မာ့ပုံရိပ် အကျဉ်းချုပ် [၂]-

လူဦးရေဆိုင်ရာ ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

  • သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၄၉ သန်း၊
  • အမျိုးသားဦးရေ ၂၄ ဒသမ ၈၂ သန်း၊
  • အမျိုးသမီးဦးရေ ၂၆ ဒသမ ၆၆ သန်း၊
  • အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းပိုများပြီး
  • အမျိုးသမီးဦးရေသည် စုစုပေါင်းလူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်း

အဆိုပါ စာရင်းများမှာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက် ယူနိုင်ခဲ့သော ကချင်ပြည် နယ်၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် တွင်း ရှိ ဒေသအချိုးအတွက် ခန့်မှန်းလူဦးရေ ၁ ဒသမ ၂ဝ သန်းထည့်သွင်း တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏လူဦးရေ ကျား/မ အချိုးမှာ ၉၃ ဖြစ်ပါသည်။ အမျိုးသမီးဦးရေ ၁ဝဝ တွင် အမျိုးသားဦးရေ ၉၃ ဦးဖြစ်သည်။ ကချင်ပြည်နယ်တွင် အမျိုးသမီး ၁ဝဝ တွင် အမျိုးသား ၁ဝ၈ ဦးရှိပြီး ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသား ဦးရေနှင့် အမျိုးသမီးဦးရေ အချိုးတူညီမှုရှိသည်။

လူဦးရေအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၁၄ ရာခိုင်နှုန်း နှင့် လူဦးရေ အနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်၍ ဝ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ခန့်မှန်းလူဦးရေ ၆၁၅ သန်းတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ပြီး လူဦးရေအရွယ်အစားသည် အာဆီယံဒေသ အတွင်း အဆင့် (၅)နေရာတွင်ရှိသည်။ လူဦးရေသိပ်သည်းဆအနေဖြင့် ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးနေထိုင်ပြီး ရန်ကုန် တိုင်း ဒေသကြီးတွင် ၁ စတုရန်းကီလိုမီတာ၌ ၇၁၆ ဦးနေထိုင်ပြီး ချင်းပြည်နယ် တွင် ၁၃ဦးသာနေထိုင်သည်။

ကျေးလက်၊ မြို့ပြ အချိုးအနေဖြင့် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ၇ဝ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ဧရာဝတီ တိုင်းဒေသကြီး၌ ၈၆ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ တွင် နေထိုင်ကြသည်။ လူဦးရေတိုးနှုန်းအနေဖြင့် ဝ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေအား လူဦးရေပိရမစ်ရေးဆွဲရာတွင် အိုးပုံပိရမစ်ဖြစ်ပေါ်လျက် ရှိသည်။ လူဦးရေပိရမစ် အရ မြန်မာနိုင်ငံ တွင် မွေးဖွားနှုန်းကျဆင်းနေခြင်း၊ အလုပ်လုပ် နိုင်သည့် အသက်အပိုင်း အခြားဖြစ်သော ၁၅ နှစ်မှ ၆၄ နှစ်အကြား လူဦးရေများပြား နေခြင်းကြောင့် လူဦးရေဆုလာဘ် (Population Bonus) ရရှိနေ သည်ကို တွေ့ရှိရသည်။ အလုပ်လုပ်နိုင်သော ဦးရေများပြားနေခြင်း သည် နိုင်ငံအတွက် အလားအလာကောင်း များဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းအကျိုးကျေးဇူး မှာ နောင်နှစ် ပေါင်း ၂ဝ ခန့် အထိ ဆက်လက်အကျိုးခံစားနေရမည်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သက်ကြီးရွယ်အို များ များပြားလာပြီး သက်ကြီး ရွယ်အိုစောင့်ရှောက်မှု လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရ မည်ဖြစ်သည်။

၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကာလများတွင် မြန်မာနိုင်ငံ၏ လူဦးရေ သည် လူငယ်များ စွာ ပါဝင်သည့်အတွက် လူဦးရေပိရမစ်များ သည် အောက်ခြေကား သည့် ပုံစံဖြစ်ပြီး ၂ဝ၁၄ ခုနှစ် လူဦး ရေပိရမစ်သည် အိုးပုံစံဖြစ်သဖြင့် နှစ် ၄ဝ ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုပုံစံ သိသာစွာ ပြောင်းလဲခဲ့သည်။ အသက်အရွယ်အမျိုးအစားအလိုက် ၁၅ နှစ်အောက် အုပ်စုတွင် အမျိုးသား ဦးရေသည် အမျိုးသမီးဦးရေ ထက် ပိုမိုများပြားပြီး အသက် ၁၅ နှစ်အထက်တွင် အမျိုးသားဦးရေ အချိုး စတင်ကျဆင်းလာကြောင်း သိရသည်။

မှီခိုသူအချိုးအနေဖြင့် မြန်မာနိုင်ငံတွင် မှီခိုသူများဖြစ်သော အသက် ၁၅ နှစ်အောက် ကလေးများနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ အချိုးကျဆင်းလျက် ရှိသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းမှီခိုမှုအချိုးသည် ၅၂ ဒသမ ၅ ဖြစ်သည်။ အိမ်ထောင်စုအကြောင်းအရာများတွင် နောက်ဆုံးသန်းခေါင်စာရင်းကောက်ယူခဲ့သော ၁၉၈၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၄ ခုနှစ်အတွင်း အိမ်ထောင်စုအရေ အတွက် ၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရသည်။ ၁၉၈၃ ခုနှစ် တွင် အိမ်ထောင်စု ၆ယ ၄၉၅၆၂၁ စုရှိပြီး ၂ဝ၁၄ ခုနှစ်တွင် အိမ်ထောင်စု ၁ဝယ၈၇၇၈၃၂ စုအထိ တိုးတက်လာခဲ့ သည်။

ပျမ်းမျှအိမ်ထောင်စုအရွယ်အစားအနေဖြင့် ၄ ဒသမ ၄ ဦးရှိသည်။ ယေဘုယျအားဖြင့် အိမ်ထောင်စု တစ်ခုတွင် လူလေးဦးကျော်ရှိ သည်။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ပျမ်းမျှအိမ်ထောင်စုအရွယ် အစား ၅ ဒသမ ၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေး၊ ဧရာဝတီနှင့် နေပြည်တော် တို့တွင် ၄ ဒသမ ၁ ဦးဖြင့် အနည်းဆုံးဖြစ်ပါသည်။ အိမ်ထောင်စု ၇ဝ ရာခိုင်နှုန်းခန့်သည် လူဦးရေ နှစ်ဦးမှ ငါးဦးအကြားတွင် ရှိကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://www.moi.gov.mm/?q=news/31/05/2015/id-6822
  3. ကိုလိုနီခေတ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းများ