မဟာပညာကျော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မဟာပညာကျော်သည် ရခိုင်ပညာရှိ အမတ်ကြီးတစ်ဦးဖြစ်၍ သက္ကရာဇ် ၉၁၅-၉၅၅ ခုနှစ် အတွင်း ဓညဝတီပြည် မြောက်ဦးမြို့၌ နန်းစံတော်မူသော မင်းဖလောင်း လက်ထက်တွင် ထင်ရှားကျော်စော၏။ မင်းရေးကိစ္စဟူသမျှတွင် မင်းဖလောင်းသည် မဟာပညာကျော်နှင့် တိုင်ပင်၍ တိုင်းရေးပြည်မှုကို မလိပ်လည်းရအောင် ဆောင်ရွက်ခဲ့လေသည်။ ပညာရှင်ကြီးဖြစ်သည့်အလျောက် တရားရေးရာ အမှုအခင်း ခဲရာခဲဆစ်တို့ကို အမတ်ကြီးသည် လွယ်ကူစွာ ဖြေရှင်းပေးနိုင်ခဲ့၏။ မင်းဖလောင်း လွန်လေပြီးသည့်နောက် သားတော် မင်းရာဇာ ကြီးလက်ထက် တိုင်အောင် အပါးတော်၌ ဆက်လက်ခစားခဲ့ရ၏။ မဟာပညာကျော် လျှောက်ထားသဖြင့် ပြီးမြောက်သမျှသော ကိစ္စအဝဝတို့ကို စုဆောင်း၍ မဟာပညာကျော် လျှောက်ထုံး ဟူသော ကျမ်းတစ်စောင်ရှိရာ မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်။

သက္ကရာဇ် ၉၅၈ ခုနှစ်တွင် ဟံသာဝတီကို အုပ်စိုးသော ငါးဆူဒါယကာ-နန္ဒဘုရင်အား သားတော် ပြည်ဘုရင် သတိုးဓမ္မရာဇာက ပုန်ကန်၏။ ယိုးဒယားကလည်း မကြာခဏ အနှောင့်အယှက်ပြု၏။ ထို့ကြောင့် နန္ဒဘုရင်သည် မိမိ၏ ညီတော်များအပေါ်၌ မယုံမကြည်ရှိသဖြင့် တောင်ငူမင်းမှာ သားတော် နတ်ရှင်နောင်နှင့် ဥပေါသထဆင်ကို လည်းကောင်း၊ ဇင်းမယ်မင်းမှာ ဇင်းမယ်မင်း၏ သားတော် ကုလောင်နှင့် ဇမ္ဗုကျက်သရေ ဆင်ကိုလည်းကောင်း၊ ညောင်ရမ်းမင်းမှာ ညောင်ရမ်းမင်း၏ သားတော်ကြီး သခင်ကြီးလက်နှင့် ဇမ္ဗုတံဆိပ်ဆင်တို့ကိုလည်းကောင်း ပေးရန်တောင်းလေ၏။

ထိုအခါ တောင်ငူမင်း၊ ဇင်းမယ်မင်းတို့က ငါတို့ကား နောင်တော်၏အမှုကို ကြိုးစားထမ်းဆောင်ပါလျက် သားသမီး ဆင်မြင်းတို့ကို တောင်းတော်မူရက်သည်။ နောင်တော်၏ သားတော် ပြည်ဘုရင် သတိုးဗမ္မရာဇာ ပုန်ကန်သည်ကို အဆိုးမဆိုသာပြီဟု မှတ်ယူကာ တောင်းသည်ကို မပေးဘဲ ပုန်ကန်ကြလေသည်။

တောင်ငူမင်းသည် ယင်းသို့ပုန်ကန်ရာ၌ ဟံသာဝတီကို တိုက်ရန် ရခိုင်မင်းထံ စစ်အကူအညီ တောင်း၏။ ဟံသာဝတီအောင်လျှင် ဆင်ကြီးမြင်းကြီးနှင့် သမီးကညာပေးပါမည်ဟူသော စာသဝဏ်ကို ကြည်းတောင်စားနှင့် ကင်းသားစားတို့အား ဆောင်ယူစေ၍၊ ရခိုင်မင်းအား လျှောက်တင်စေ၏။ ရခိုင်မင်း မင်းရာဇာကြီးလည်း သဘောတူတော်မူ၍ စစ်အကူအညီပေး၏။ဤအရေးတွင် အမတ်ကြီးမဟာပညာကျော်လည်း ပါဝင်သည်။ အမတ်ကြီးမဟာပညာကျော်သည် တောင်ငူမင်း၏ စစ်ကူအဖြစ် ဟံသာဝတီကို လုပ်ကြံအောင်မြင်ပြီး၍ လက်ဆောင် ပဏ္ဏာများဖြင့် ရခိုင်သို့အပြန်လမ်းခရီးတွင် ကွယ်လွန်လေသည်။ အမတ်ကြီးက ရုပ်ကလာပ်ကို မော်တင်စွန်း စေတီအနီးတွင် သင်္ဂြိုဟ်လေသည်။[၁]"မဟာပညာကျော်လျှောက်ထုံး" ဟူသည့် ရခိုင့်တရားစီရင်လျှောက်ထုံးကျမ်းမှာလည်း ထင်ရှားလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)