တောင်ငူ-ဟံသာဝတီစစ်ပွဲများ

ဝီကီပီးဒီးယား မှ

တောင်ငူ-ဟံသာဝတီစစ်ပွဲများ

ပထမအကြိမ် (၁၅၃၃-၁၅၃၄)[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၈၉၄ မှ ၈၉၆ အတွင်းတွင် တပင်ရွှေထီးသည် အင်အားကိုစုစည်းလျက်နေပြီး ၈၉၆ (အေဒီ ၁၅၃၃) တွင်နယ်ပယ်ချဲ့ထွင်ရန် အတွက်မှူးမတ်များကို ရှမ်းမင်းသိုဟန်ဘွားသိမ်းပိုက်ထားသည့် အင်းဝကိုသော်လည်းကောင်း၊ သုရှင်တကာရွတ်ပိ၏ ဟံသာဝတီကို သော်လည်းကောင်း၊ နရပတိစိုးစံသည့် ပြည်မြို့ သော်လည်းကောင်း မည်သည့်အရပ်သို့စစ်စမ်းချီတိုက်လျှင်ကောင်းမည် တိုင်ပင်ကြရာ ဟံသာဝတီကို စတင်တိုက်ခိုက်လျှင် ကောင်းမည်ဟု အကြံကိုရသဖြင့် ဟံသာဝတီသို့စစ်ချီလေသည်။ သို့ဖြင့် သက္ကရာဇ် ၈၉၆ တွင် တိုက်ဆင် ၄၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၄၀ဝ၀ ပါသည့်တပ်ဖွဲ့ကာ ပဲခူးသို့ချီလေသည်။ လမ်းခရီးတလျှောက်တွင် အခုအခံကြီးမားစွာမတွေ့ပဲ ဟံသာဝတီနေပြည်တော်သို့တိုင်ရောက်ပြီး မြို့ကိုရံကာတိုက်လေသည်။ သို့သော် မွန်အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ အခုအခံကောင်းလှသောကြောင့် ခုနှစ်ရက်အကြာတွင် တပ်ကို ဆုတ်လေသည်။ မြို့ကိုမရသော်ငြား တောင်ငူစစ်ကို ဟံသာဝတီကြောက်ရွံစေခြင်းဖြင့် အမြတ်ကြီးစွာရလေသည်။

ဒုတိယအကြိမ် (၁၅၃၄-၁၅၃၅)[ပြင်ဆင်ရန်]

နောက်တစ်နှစ် မြန်မာသက္ကရာဇ် ၈၉၇ (အေဒီ ၁၅၃၄) တွင် အင်အားကို တိုက်ဆင် ၆၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၆၀ဝ၀ ဖြင့်ချီတက်ပြန်သည်။ ပဲခူးမြောက်ဘက် ကျပ်ကတိုး အရပ်တွင် တပ်ချကာ သုံးလတိုင်တိုင်တိုက်သော်လည်း ပဲခူးဖက်မှ ပေါ်တူဂီတို့၏ အမြောက်မြား ကို အသုံးပြုလေသဖြင့် အထိအပါးများသည်။ နောက် မိုးကာလရောက်သောကြောင့် တပ်ခေါက်ကာတောင်ငူသို့ ပြန်လေသည်။

တတိယအကြိမ် (၁၅၃၆-၁၅၃၇)[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၈၉၈ တွင် တပင်ရွှေထီးသည် အထိန်းတော် မင်းရဲသိင်္ခသူ (ရှင်ရဲထွတ်၏ဖခင်)ကို မြို့စောင့်ထားလျက် ရှင်ရဲထွတ်ကို ရှေ့မှချီစေပြီး သတိုးဓမ္မရာဇာကို နောက်တပ်ဦးစီးစေကာ ဟံသာဝတီသို့ချီပြန်သည်။ ယခုတစ်ခေါက်အင်အားမှာ ရှေ့နှစ်ကြိမ်ထက်ကြီးပြီး တိုက်ဆင် ၂၀ဝ၊ မြင်းသည် ၈၀ဝ၊ သူရဲ ၇၀ဝ၀ဝဖြစ်ကာ တပ်ပေါင်း ၇ တပ်ရှိသည်။ ကော်လိယ အရပ်တွင် မွန်တပ်ကြီးနှင့် ရှေဲဖျားချီ ကျော်ထင်နော်ရထာတပ်တို့ ရင်ဆိုင်တိုက်ရာ အင်အားမမျှသော်လည်း တောင်ငူတပ်မှာ ရဲရင့်လှသည့်အတွက် မွန်တို့အကျအဆုံးများလျက် ဆုတ်ခွာရပြီး မွန်တပ်ဗိုလ်မှူးတစ်ဦးဖြစ်သူ သမိန်ဖရူး နှင့်တကွ လူသူသုံ့ပန်းအများကို ဖမ်းရလေသည်။ တပင်ရွှေထီး ထံဆက်သရာ အလွန်ဝမ်းမြောက်အားရသဖြင့် စီးတော်မြင်း သတ္တရုဇေယျ ကို ဆုအဖြစ်ချီးမြှင့်သည်။ နောက် ဟံသာဝတီအနီးရှိ တနက်ခုံ အရပ်သို့ချီတက်စခန်းချပြီး ဟံသာဝတီကိုလုပ်ကြံရာ ယခင်အကြိမ်ကဲ့သို့ပင် အမြောက်မြား၏ အခုအခံကြောင့် မြို့ကိုမရနိုင်ပဲဖြစ်ရပြန်သည်။ နောက် ကျော်ထင်နော်ရထာ၏ အကြံပေးချက်အရ ဒဂုံ(ရန်ကုန်)သို့ချီကာ ရွှေတိဂုံစေတီ ခြေရင်းတွင် တပ်ချနေသည်။ ထိုနောက် တပင်ရွှေထီးသည် ရွှေတိဂုံစေတီတွင် တပ်စွဲနေပြီး ကျော်ထင်နော်ရထာက အနောက်ဘက်တစ်လွှားရှိ မွန်မြို့ရွာများကို သွားရောက်တိုက်ခိုက်ရာ ပုသိမ်၊မြောင်းမြ၊ ဒေးပသွယ်၊ သရိုင်းသရာ၊ခဲပေါင် မြို့များကိုရပြီး တောင်ငူသို့ပြန်လေသည်။

စတုတ္ထအကြိမ် (၁၅၃၈-၁၅၃၉)[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၉၀၀ တွင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့်တိုင်ပင်ပြီး ဟံသာဝတီကို အပြီးတိုင်သိမ်းပိုက်ရန် ကြည်း၊ရေနှစ်မျိုးပါသည့်စစ်တပ်ကြီးဖွဲ့လေသည်။ ကြည်းတပ်တွင်တိုက်ဆင် ၁၂၀၊မြင်းသည် ၈၀ဝ နှင့် သူရဲ၇၀ဝ၀ ဖြစ်ပြီး ရေတပ်တွင် အမြောက်ကြီးတင်သည့် တိုက်လှေ ၂၀ဝ နှင့်သူရဲ ၁၀ဝ၀ ဖြစ်သည်။ ဟံသာဝတီသို့မရောက်မှီတွင် သုရှင်တကာရွတ်ပိ လည်းအားကိုးဖွယ် အမတ်၊စစ်သူကြီး မရှိတော့သဖြင့် ယခင် အကြိမ်များကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို နားလည်ကာ ယောက်ဖတော် ပြည်ဘုရင်နရပတိ ထံသို့ စစ်သည် ၄၀ဝဝ၊လှေ၇၀ဝဖြင့်ပြေးသည်။ ကြည်းတပ်တွင်ဆင်၂၀ဝ၊မြင်း၈၀ဝ၊သူရဲ ၂၀၀ဝဖြင့် ဗညားဒလ အားဦးဆောင်စေလျက်နောက်မှလိုက်စေသည်။ ထိုသို့ မွန်မင်းပြေးသော် တပင်ရွှေထီး၏ တောင်ငူတပ်မှာ ဟံသာဝတီကို အလွယ်တကူရလေသည်။

ပဥ္စမအကြိမ် (၁၅၄၀-၁၅၄၁)[ပြင်ဆင်ရန်]

ဘုရင့်နောင်သည်ဟံသာဝတီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀ဝ၊ တံစွတ်လှေငယ် ၁၀ဝ၊ ရိက္ခာလှေ ၁၀ဝ နှင့် စစ်သည် ၄၀ဝ၀ ပါဝင်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ ဆင် ၄၀ဝ၊ မြင်း ၅၀ဝ၀ နှင့် စစ်သည် ၁၁၀ဝ၀ ပါဝင်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာဝတီသို့ ချီသည်။ ထိုသို့ဖြင့် ဟံသာဝတီ နှင့်နီးသော် မှူးမတ်တို့က လျှောက်တင်သဖြင့် မြင်း ၅၀ဝ၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။ ထိုအခါ ဘုရင့်နောင်သည် ဥပေါသထဆင်ကိုစီး၍ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာဝတီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓာတ်ကျမည်။ ထိုသို့ စိတ်ဓာတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာဝတီကို မီးတိုက်ရန် စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာ စိတ်ဓာတ်ကျလေတော့သည်။ သမိန်ထောရာမသည် ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာသည်။ ဘုရင့်နောင်လည်း ဥပေါသထဆင်ကို စီး၍ တိုက်ခိုက်ရာ သမိန်ထောရာမ ရှုံးနိမ့်သဖြင့် မြင်းဖြင့် ဟံသာဝတီသို့ပြေးကာ ဟံသာဝတီမြို့တွင်းမှ ခုခံရန် ကြံသည်။ သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာဝတီအား မီးရှို့တိုက်ခိုက်ပြီး ဖြစ်သဖြင့် ဟံသာဝတီသို့ မဝင်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဘက်သို့ပြေးထွက်ပြေးသည်။ သို့ဖြင့် ဟံသာဝတီသည် ဘုရင့်နောင်၏ လက်အောက်ရောက်သည်။ ဟံသာဝတီတွင် ၁၀ ရက်မျှ ရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်သည်။ သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စား ဗြပိုက်သည် ဘုရင့်နောင်ထံ အညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြှောက်သည်။ ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီး ဖြစ်ပြန်သည်။ သမိန်ထောရာမ ရှုံးနိမ့်ပြီး စစ်သည်ဗိုလ်ပါ၊ သားသမီး၊ မိဖုရား နှင့်ယောက္ခမကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးရသည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  • မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး
  • မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ

ဆက်စပ်စာမျက်နှာများ[ပြင်ဆင်ရန်]