မိလိန္ဒအမေးအဖြေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိလိန္ဒအမေးအဖြေများဟူသည်မှာ ဘီစီ ၁၀၀ ခုနှစ်ခန့်တွင်[ကိုးကားချက်လိုသည်] ပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များနှင့်ပက်သက်သည့် အမေးအဖြေများကို မှတ်တမ်းတင်ထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတစ်စောင် ဖြစ်သည်။ မေးခွန်းများမေးသည့် ဇမ္ဗူဒီပါကျွန်း သာဂလမြို့၏ဘုရင် မိလိန္ဒမင်းကို အစွဲပြု၍ မိလိန္ဒအမေးအဖြေများဟု အမည်တွင်ခြင်းဖြစ်သည်။ မိလိန္ဒမင်း၏ မေးခွန်းများကို ဖြေဆိုပေးသူမှာ အရှင်နာဂသေနဟု အမည်တွင်သည့် ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်သည်။

မေးသူက ဗုဒ္ဓဘာသာ၏ သိမ်မွေ့နက်နဲခြင်းများနှင့် အစွန်းနှစ်ဖက်ထွက်နေသော ပြဿနာများကို နှိုက်နှိုက်ချွတ်ချွတ်မေးသကဲ့သို့ ဖြေသူကလဲ ကြောင်းကျိုးဆီလျှော်အောင် ဥပမာ ဥပမေယျများနှင့် ဖြေရှင်းပေးထားသည့်အတွက် ဗုဒ္ဓဘာသာကျမ်းစာများအလယ်တွင် ထင်ရှားသည့် ကျမ်းတစ်စောင်လဲဖြစ်သည်။

သံဃာယနာတင်ရာတွင် ထည့်သွင်းမှတ်တမ်းတင်လေ့ရှိသည့် တစ်ခုတည်းသော ဘုရားဟောမဟုတ်သည့် ကျမ်းစာလည်းဖြစ်သည်[ကိုးကားချက်လိုသည်]

မိလိန္ဒမင်းနှင့် အရှင်နာဂသေနမထေရ်တို့၏ ဘဝနောက်ကြောင်း[ပြင်ဆင်ရန်]

ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ဂင်္ဂါမြစ်အနီးရှိ တစ်ခုသောကျောင်းဆောင်တွင် ရဟန်းအပေါင်းတို့ စုဝေးနေထိုင်ကြသည်။ သီလသမာဓိနှင့် ပြည့်စုံကြကုန်သော ရဟန်းတို့သည်နံနက်စောစောအခါတိုင်းတွင် ကဿပမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ဆင်ခြင်လျက် ကျောင်းဝင်းတစ်ခုလုံးအနှံ့ တံမြတ်စည်းလှည်း ရှင်းလင်းသုတ်သင်ကြသည်။ တံမြတ်စည်းလှည်း၍ ထွက်ပေါ်လာသော အမှိုက်သရိုက်တို့ကို ကျောင်းဝင်းပြင်ပဖြစ်သော အခြားနေရာသို့ သွားရောက် စွန့်ပစ် ကြလေ့ရှိသည်။

တစ်နေ့တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို တံမြတ်စည်းလှည်းရာမှထွက်ပေါ်လာသော အမှိုက်များကို သွားရောက်စွန့်ပစ်ရန် စေခိုင်းသည်။ သာမဏေက မကြားယောင်ပြုကာ တစ်ပါးသို့ ထွက်သွားသည်။ သုံးကြိမ်မြောက် ထပ်ဆင့်ခေါ်သည့်တိုင် မကြားယောင်ပြုနေသည်။ ထိုအခါ ရဟန်းသည် မိမိလက်တွင်းမှ တံမြတ်စည်းဖြင့် သာမဏေအား "ဆိုဆုံးမရခက်သည်” ဟု ဆိုကာ ရိုက်ပုတ်သည်။ ထိုအခါမှ သာမဏေသည် အမှိုက်များကို သွားရောက်စွန့်ပစ်ပြီး ဤသို့ ဆုတောင်းသည်။

"ငါသည် ဤတံမြတ်ချေးအမှိုက်များကို စွန့်ပစ်ရလေသော ကုသိုလ်အကျိုးကြောင့် နိဗ္ဗာန်မရောက်သေးသမျှကာလပတ်လုံး မွန်းတည့်နေ၏ အရှိန်အဟုန်ကဲ့သို့ ထက်မြတ်လွန်ကဲလှစွာသော တန်ခိုးအာနုဘော်နှင့် ပြည့်စုံရပါစေသတည်း...”

ထို့နောက် သာမဏေသည် ဂင်္ဂါမြစ်တွင် ရေးချိုးရန် မြစ်ဆိပ်သို့ဆင်းသည်။ ဂင်္ဂါမြစ်အတွင်းမှ အရှိန်အဟုန်ပြင်းစွာသော ရေလှိုင်းတို့ကိုမြင်လျှင် ဤသို့ ထပ်မံဆုတောင်းပြန်သည်။

“ငါသည် နိဗ္ဗာန်မရောက်သေးသမျှကာလပတ်လုံး ဤဂင်္ဂါမြစ်ရေလှိုင်းတံပိုးတို့ကဲ့သို့ ကြီးစွာသောပညာ မကုန်ခန်းနိုင်သောပညာနှင့် ပြည့်စုံရသည် ဖြစ်ပါစေသတည်း...”

သာမဏေထိုသို့ ဆုတောင်းနေစဉ် သာမဏေကို ရိုက်ပုတ်သော ရဟန်းသည်လည်း ဂင်္ဂါမြစ်ဆိပ်သို့ ဆင်းလာခဲ့သည်။ သာ မဏေ၏ဆုတောင်းသံကိုကြားသောအခါ ဤသို့အကြံဖြစ်၏။

“ဤသာမဏေ ယခုကဲ့သို့ ဆုတောင်းသည်မှာ ငါ၏ နှိုးဆော်ချက်ကြောင့်ဖြစ်သည်။ ငါက တံမြတ်ချေးပစ်ရန် နှိုးဆော်ခဲ့သည်ကို အကြောင်းရင်းပြု၍ ဤဆုတောင်းကို ဆုတောင်းခြင်းသာဖြစ်တော့သည်။ ငါသည် အရင်းခံနှိုးဆော်သူဖြစ်သဖြင့် ငါဆုတောင်းခဲ့လျှင်လည်း အဘယ်ကြောင့် မပြည့်စုံပဲ ရှိပါအံ့နည်း”

ယင်းသို့ တွေးကြံမိသည်နှင့် ဤသို့ ဆုတောင်းလိုက်၏။

“ငါသည် နိဗ္ဗာန်မရောက်သေးသမျှကာလပတ်လုံး ဤဂင်္ဂါမြစ်ရေလှိုင်းတံပိုးတို့ကဲ့သို့ ကြီးစွာသောပညာ မကုန်ခန်းနိုင်သောပညာနှင့် ပြည့်စုံရသည် ဖြစ်ပါစေသတည်း၊ ဤသာမဏေမေးသမျှသော ပြဿနာကို ထိုးထွင်းသိမြင်နိုင်စွမ်းသော ပညာနှင့်တကွ ကောင်းစွာဖြေရှင်းပေးနိုင်သူ ဖြစ်ရပါစေသတည်း...”

ဘုရား၏ ဗျာဒိတ်တော်[ပြင်ဆင်ရန်]

အထက်ပါ သာမဏေနှင့် ရဟန်းသည် ထိုဘဝမှ လွန်သောအခါ ကောင်းမြတ်သော လူ့ဘုံ၊ နတ်ဘုတို့တွင် ကျင်လည်ခဲ့၏။ ထို့နောက်မှ မြတ်စွာဘုရား၏ သာသနာတော်လက်ထက်တွင် လူ့ဘုံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ မြတ်စွာဘုရားသည် "ငါဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း (၅၀၀) ကျော်လွန်သည့်အခါ ထိုသူနှစ်ဦးသည် ဖြစ်ပေါ်လာကြကုန်လတ္တံ့။ သိမ်မွေ့စွာ ဟောကြားထားသော ငါဘုရား၏ သုတ်၊ အဘိဓမ္မာ၊ ဝိနည်း တရားတော်တို့ကို အမေးအဖြေပြုလုပ်ကာ ဥပမာ အမျိုးမျိုးပြ၍ ဝေဖန်ဆွေးနွေးကြကုန်လတ္တံ့" ဟု ဗျာဒိတ် မြွက်ကြားခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိလိန္ဒမင်း[ပြင်ဆင်ရန်]

သာမဏေငယ်သည် ဇမ္ဗူဒီပါကျွန်း သာဂလမြို့တွင် မိလိန္ဒဟူသောအမည်နှင့် မင်းဖြစ်လာသည်။ သဒ္ဒါ၊ သင်္ချာ၊ ဗိသုကာ စသော ယောင်္ကျားတို့တက်အပ်သည့် အတက်ပညာတစ်ဆယ့်ရှစ်ပါး နှင့် ဘုရားရှင်ဟောကြားခဲ့သော သုတ်ဝိနည်းအဘိဓမ္မာ စသည့် ပညာတို့ကို ကောင်းစွာ ကျွမ်းကျင်တက်မြောက်သူဖြစ်လာသည်။

ထိုမင်းသည် တိုင်းပြည်တွင်းရှိ ပညာရှိအခေါ်ခံ အသိပညာရှင်၊ အတက်ပညာရှင်များ ရဟန်း ပုဏ္ဏားများနှင့် ယှဉ်ပြိုင်ဆွေးနွေးလေ့ရှိသည်။ ဆွေးနွေးသမျှသော ပညာရှင်တို့သည် မိလိန္ဒမင်းကြီး၏ ယုံမှားသံသယများကို ရှင်းလင်းအောင် ဖြေဆိုနိုင်ခြင်းမရှိသည့်အတွက် မိလိန္ဒမင်းကြီးအတွက် စိတ်ပျက်အားလျှော့ရသကဲ့သို့ ပညာရှင်များအဖို့လဲ ညှိုးငယ်ကြရ သည်။

ပညာရှိဟု သတင်းကြားသည်နှင့် မိလိန္ဒမင်းကြီးက ဖိတ်ခေါ်ဆွေးနွေးသည်။ ပညာရှိများသာကုန်သွားသည် ကြီးမားလှစွာသော ဉာဏ်ပညာနှင့်ပြည့်စုံသည့် မင်းကြီး၏ မေးခွန်းများ၊ ယုံမှားသံသယများကို မည်သူကမှ ကျေနပ်အောင် မဖြေရှင်းနိုင်ဖြစ်နေသည်။ ဤသို့ဖြင့် တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး သာဂလမြို့တွင် ပညာရှိပုဂ္ဂိုလ်ဟူသော သတင်းကို မကြားရတော့ချေ။

ရဟန်းတို့သည်လည်း သာဂလမြို့ကိုရှောင်၍ ဟိမဝန္တာသို့သာ ပြောင်းရွှေ့သတင်းသုံးကြကုန်သည်။

အရှင်နာဂသေန[ပြင်ဆင်ရန်]

မှတ်သားဖွယ်ရာ မှတ်ချက်နှင့်အဖြေများ[ပြင်ဆင်ရန်]

ပြဿနာပင်ဖြစ်စေ ပုစ္ဆာပင်ဖြစ်စေ မေးမြန်းစမ်းစစ်သည်ဆိုသည်မှာ နည်းအမျိုးမျိုးရှိသည်။ အကြောင်းချင်းရာတစ်ခုကို အမှန်တစ်ကယ် မသိနားမလည်၍မေးခြင်း၊ သိပြီးပါလျှက် အဖြေမည်သို့ပေးမည်ကို သိလို၍မေးခြင်း၊ တစ်ဖက်သားကို ထိပါးနှိပ်စက်လို၍မေးခြင်း စသဖြင့် အမျိုးမျိုးရှိသည်။


အရှင်ဘုရားတို့သည် ငရဲမီးကို ပကတိသောမီးထက် အတိုင်းထက်အလွန်ပူသည်ဟု ဆိုကြ၏။ သေးငယ်လှစွာသော ကျောက်ခဲကို ပကတိမီးနှင့် တစ်နေကုန် ဖုတ်သော်လည်း မကြေညက်စေကာမူ အိမ်လောက်ရှိသော ကျောက်တုံးကို ငရဲမီးတွင်ချလျှင် တခဏချင်းပင် ကြေညက်ပျက်စီးခြင်းသိုရောက်၏ ဟူသောစကားကို မယုံကြည်နိုင်ပါ။
ငရဲသားတို့သည် နှစ်ပေါင်းများစွာ ငရဲမီးတွင်ကျခံရသော်လည်း မကြေညက်နိုင်ဟုလည်း ဆိုကြပြန်ပါသည်။ ထိုစကားကိုလည်း တပည့်တော် မယုံကြည်နိုင်ပါ။

မင်းကြီး၊ ခြင်္သေ့မ၊ ကျားမတို့သည် ကြမ်းတမ်းသောအသားကို စားသောက်ကြကုန်၏။ စားသမျှသော အရိုးအသားတို့သည် ဝမ်းတွင်းတွင် ကျေညက်ပျက်စီးကြသော်လည်း ၎င်းတို့၏ ပဋိသန္ဓေကား ဝမ်းတွင်းတွင်ပင် ရှိသော်လည်း ကျေညက်ပျက်စီးကြခြင်း မရှိပေဘူး။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • ဦးကောင်းထွန်း ၏ မိလိန္ဒအမေးအဖြေ - မိုးကျော်စာပေ (၂၀၀၃ ခုနှစ်)

ကိုးကား[ပြင်ဆင်ရန်]

  1. မာဏဝ (၂၀၀၅ ခုနှစ်၊ မတ်လ). မိလိန္ဒပဉှာ. အမှတ် (၅)၊ လမ်း (၁၀၀)၊ လွတ်လပ်ရေးရပ်ကွက်၊ သိမ်ဖြူဈေးအနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: နှလုံးလှစာပေ, ၂၅။