ဖိုးစိန်၊ ဦး (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
(ဦးဖိုးစိန် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ဦးဖိုးစိန် (၁၂၃၄ - ၁၃ဝ၆)[ပြင်ဆင်ရန်]

မြန်မာ စာပေနှင့် မြန်မာစကားတို့ မှေးမှိန် သေးသိမ်လျက် ရှိသည့် အင်္ဂလိပ် အစိုးရများ လက်ထက် အတွင်း တိမ်မြုပ် ပါးရှား နေသော မြန်မာ့ စာပေ ကျမ်းဂန် အများကို ပြန်လည် သုတ်သင် ပြင်ဆင် တည်းဖြတ်၍ ကိုယ်တိုင် ကိုယ်ကျပင် ရိုက်နှိပ် ထုတ်ဝေ ဖြန့်ဖြူး ပေးခဲ့သော စာချစ် ပုဂ္ဂိုလ်ကြီး တဦး သည်ကား 'ဝဇီရဗုဒ္ဓိ' ဘွဲ့ ရ မြန်မာ ပညာရှိ ဦးဖိုးစိန်ပင် ဖြစ်ပါ၏။


ဦးဖိုးစိန်သည် အဖ ဦးတန်ကျူ၊ အမိ ဒေါ်ရွှေပွင့် တို့၏ သားကြီး ဖြစ်၍ သက္ကရာဇ် ၁၂၃၄ ခုနှစ်၊ နှောင်းတန်းခူး လဆန်း ၈ ရက်၊ စနေနေ့ နံနက် ၁ ချက်တီးကျော် အချိန်တွင် ရန်ကုန်မြို့၌ ဖွားမြင် ခဲ့သူ ဖြစ်ပေသည်။ ငယ်စဉ်ကပင်လျှင် မြန်အောင်မြို့ ရွှေဘုံသာတိုက် ဝဲပျံကျောင်း ဆရာတော် ဦးသူရိယ ထံရင်း၌ သဒ္ဒါ၊ သဂြိုဟ်၊ မကာရနႝ တွက်ရိုး စသည် တို့ကို သင်အံ ဆည်းပူး ခဲ့၏။


အသက် ၂၃ နှစ် အရွယ် သက္ကရာဇ် ၁၂၅၇ ခုနှစ် အတွင်း သရက်မြို့ ဆိမ့် အန်ဒြူ - အက်စ်၊ ပီ၊ ဂျီ၊ အင်္ဂလိပ် ကျောင်း၌ လက်ထောက် ဆရာ အဖြစ် စတင် လုပ်ကိုင်သည်။ နောက် အသက် ၂၇ နှစ် သက္ကရာဇ် ၁၂၆၁ ခုနှစ်တွင် လက်ပံတန်းမြို့ အင်္ဂလိပ် အလယ်တန်း ကျောင်း၌ ဆရာကြီး အဖြစ် ထမ်းရွက်ရ ပြန်သည်။ ထိုစဉ် အခါက ပင်လျှင် 'ဒေါ်ကျော့' ဆိုသူ နှင့် အိမ်ထောင် ပြုခဲ့၏။


သက္ကရာဇ် ၁၂၆၈ ခုနှစ်သို့ ရောက်သော အခါ တောင်ငူ မြို့၌ ပညာအုပ် အဖြစ် ခန့်အပ် ချီးမြှင့်ခြင်း ခံရသည်။ ဤတွင် ပညာအုပ် ဖြစ်စဉ်က အမှုထမ်းပုံကား ထိုအခါက ဗုဒ္ဓဘာသာ စာများကို သင်ပြ စေရမည်ဟု အစိုးရက အမိန့် မရှိ သော်ငြားလည်း မိမိ လက်အောက်ရှိ စာစစ်ခံ ကျောင်းများ၌ 'ဩကာသ' မှစ၍ ကျနစွာ သင်စေပြီးလျှင် မိမိ လစာငွေ ထဲမှ ငွေတံဆိပ်များ ပြုလုပ်၍ ကောင်းစွာ ဖြေဆို နိုင်စွမ်းသော ကျောင်းသားများကို ဆုတံဆိပ်များ ချီးမြှင့်ခြင်းဖြင့် စာပေ ဘက်တွင် သာမက ဗုဒ္ဓ သာသနာတော်၏ အမှုတော် ကိုပါ စေတနာ ကြီးမားစွာဖြင့် ထမ်းရွက်ခဲ့သူ ဖြစ်ပေသည်။ တဖန် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ရပြန်သော အခါ ၌လည်း ကျောင်းဆရာကြီး များနှင့် ညှိ၍ လခ တလစာစီ ထည့်လှူ ငွေပင် ငွေရင်း ထူကြ၍ ဘာသာ စာရိတ္တ စာမေးပွဲ များကို နှစ်စဉ် နှစ်တိုင်း ပြုလုပ် ပေးခဲ့သည်။


သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် အစိုးရက အထူး တာဝန် ပေးသဖြင့် သူငယ်တန်း မှသည် ဆဋ္ဌမတန်း အထိ ကျောင်းသုံး ဖတ်စာအုပ် များကို ရေးသား ပေးရသည်။ ထို ဖတ်စာအုပ် များကို ရေးသားပြီး စီးသော အခါ အစိုးရက ကျောင်းသုံး ဖတ်စာအုပ်များ အဖြစ် ပြဋ္ဌာန်း လိုက်ပေ၏။


သက္ကရာဇ် ၁၂၇၅ ခုနှစ်အတွင်း မန္ဈလေးမြို့ နော်မံ ကျောင်းကြီးတွင် ခေတ္တ ကျောင်းအုပ်ကြီး အဖြစ် ၁ဝ လခန့် လုပ်ကိုင် ရသေးသည်။ ထို့နောက် မြင်းခြံ စီရင်စုနယ်တွင် ရဟန်းတော် ကျောင်းများကို အစိုးရ စာစစ်ခံ ကျောင်းများ အဖြစ် ဝင်ရောက် လာအောင် ဟောပြောရန် အထူး အလုပ် ဝတ္တရားနှင့် စေလွှတ်ခြင်း ခံရ ပြန်လေသည်။ ဦးဖိုးစိန်၏ ကြိုးပမ်းချက် ကြောင့်လည်း ရဟန်း ကျောင်းပေါင်း ရဝဝ ကျော်မျှ ဝင်ရောက် လာသောကြောင့် အစိုးရ ချီးကျူးခြင်းကို အထူး ခံရသည်။


နောက် သက္ကရာဇ် ၁၂၇၈ ခုနှစ်တွင် အစိုးရက ကျောင်းအဖွဲ့ များကို စတင် ဖွဲ့စည်းသော အခါ ဦးဖိုးစိန်ကို မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ ခေါ်ယူ၍ ရန်ကုန်မြို့ ကျောင်းအဖွဲ့ စက္ဗရီတေရီနှင့် ရန်ကုန်မြို့ ပညာအုပ် အလုပ် နှစ်ရပ်ကို တွဲဖက် လုပ်ကိုင် စေပြန်သည်။ ထို့နောက် သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရမင်း (အေ-တီ-အမ်) ဘွဲ့ဖြင့် အစိုးရက ချီးမြှင့်ခြင်း ခံရ၏။ သို့နှင့် ဦးဖိုးစိန်သည် ပညာဝန်ထောက် ရာထူးကို ရပြီး သည့်နောက် အသက် ၅၅ နှစ်သို့ ရောက်သော အခါ ရန်ကုန် မြို့ကပင် အငြိမ်းစား ရိက္ခာတော်ကို ခံယူ ရလေသည်။ အငြိမ်းစား ရိက္ခာတော်ကို ခံယူပြီးသည့် နောက်တွင်မှ ဩဝါဒ ဖတ်စာစဉ် မလှတင် ဝတ္ထု၊ ကျေးဇူးရှင် ဝတ္ထု စသော ဝတ္ထုတိုများ၊ စာစီ စာကုံးကျမ်း၊ မြန်မာ ကဗျာ ဖွဲ့နည်းကျမ်း၊ မြန်မာ သဒ္ဒါ ကျမ်းများနှင့် ဂမႝီသာရပျို့၊ လောကသာရပျို့ စသော ပျို့များ၏ ခက်ဆစ် အဖြေကျမ်း များကို ရေးသား ဖြေဆိုသည်။


အထူး သဖြင့်ကား မြန်မာ သဒ္ဒါ အရာ၌ ရှေးဆရာတို့ မဖော် မထုတ်ခဲ့ သေးသော မြန်မာ ကရိယာ ပြုနည်းကို လည်းကောင်း၊ ရရစ်၊ ယပင့်၊ ဝဆွဲ၊ ဟထိုး တို့သည် ပစ္စည်း ဖြစ်ကြောင်း၊ လ၊ တ၊ ပစ္စည်းတို့ ရှိကြောင်းနှင့် ထိုပစ္စည်းတို့၏ သဘောကိုလည်းကောင်း၊ ကောင်းစွာ ဖော်ထုတ်ပြဆိုခဲ့ပေသည်။


အထက်ပါ ကျမ်းများနှင့် ခက်ဆစ် အဖြေများကို အခြား ပုံနှိပ်စက် များ၌ ငှားရမ်း ပုံနှိပ်ရသည် တို့ကို စိတ်အလိုကျ မရရှိ နိုင်ရကား စာပေ့ အတွက် ရှိသမျှသော အခိန်၊ ငွေ၊ အသက် တို့ကို ပေးလှူ ပြဋ္ဌာန်းပြီး ဖြစ်သော ဆရာကြီး ဦးဖိုးစိန်သည် သက္ကရာဇ် ၁၂၉၅ ခုနှစ်မှ စ၍ မိမိကိုယ်တိုင် ကြီးကြပ်၍ 'တိုး စာပုံနှိပ်တိုက်' ကို ရန်ကုန်မြို့ အရှေ့ပိုင်း ကရိလမ်း (ဗိုလ်မြတ်ထွန်းလမ်း) အိမ်အမှတ် ၂၅၃ ၌ တည်ထောင် ဖွင့်လှစ် လိုက်လေသည်။ ထို စာပုံနှိပ်တိုက်နှင့် အတူလည်း ဇနီး၏ အမည်နှင့် "ဒေါ်ကျော့ ကျောင်းသုံး စာအုပ်ဆိုင်" ကို တည်ထောင် ဖွင့်လှစ် ခဲ့ပေသည်။ ထို စာပုံနှိပ်တိုက်၊ ထိုကျောင်းသုံး စာအုပ်ဆိုင် တို့ကို တည်ထောင် ဖွင့်လှစ် လိုက်သည့် အတွက် မြန်မာ စာပေကို ရှာဖွေ လိုက်စားသူတို့ အဖို့ မည်မျှ အကျိုး ဖြစ်ထွန်း သည်ကို အထူး ချဲ့ထွန်ရန် လိုမည် မထင်ပါ။


ထိုအခါမှ စ၍လည်း ဦးပုည ဝတ္ထု ပေါင်းချုပ် - အဖြေ၊ ဦးပုည မေတ္တာစာ - အဖြေ၊ ကန်တော်မင်းကျောင်း - အဖြေ့ အဖြေ၊ ကိုးခန်းပျို့ - အဖြေ၊ ရဲတင်းမော်ကွန်း - အဖြေ၊ ကျည်းကန်ရှင်ကြီး မေတ္တာစာ - အဖြေ စသည် တို့ကို အစဉ်တဆက် စက်တင် ပုံနှိပ် ခဲ့လေသည်။ ထို့နောက် အစိုးရ ကျောင်းများ၌ သင်ကြားသော ဇာတ်ကြီး ဆယ်ဘွဲ့မှ ဇာတ်တော်ကြီးများ ကိုလည်း တည်းဖြတ်၍ ခက်ဆစ် - အဖြေများ ကိုပါ ထည့်သွင်း ပုံနှိပ် ခဲ့သေးသည်။ ပုဂံ ဝန်ထောက်မင်း ဦးတင်၏ ကဗျာ ဗန္ဓသာရ ကျမ်းကြီး ကိုလည်း ပြုပြင် ဖြည့်စွက်၍ ထို တိုးပုံနှိပ် တိုက်၌ပင် ကိုယ်တိုင် ကြပ်မတ်၍ တိုးချဲ့ ပုံနှိပ် ခဲ့လေသည်။ ဘာသာရေးနှင့် သာသနာရေးတို့ ဘက်တွင်လည်း စိတ်ပါ ဝင်စားစွာ ဆောင်ရွက် ခဲ့သေးကြောင်းနှင့် ပတ်သက်၍ မူကား ဦးဖိုးစိန်သည် ကျောင်းသင် ပရိယတ္တိ အသင်း၊ စေတီ ယင်္ဂဏ အသင်း၊ ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်း စသည်တို့၌ အမှုဆောင် လူကြီး အဖြစ် ဆောင်ရွက်သည် တို့ကို ထောက်ရှုခြင်း အားဖြင့် ကောင်းစွာ သိသာ နိုင်ပေသည်။


ထို့အပြင် မြန်မာပြည် ပါဠိဘာသာ ပထမပြန် စာမေးပွဲ ကော်မတီ ၌လည်း ဆောင်ရွက် ခဲ့သေး၏။ ထို စာမေးပွဲ၌ နှစ်စဉ် နှစ်တိုင်း အသုံးပြုနိုင်ရန် အတွက်မူ 'ဦးဖိုးစိန် - ဒေါ်ကျော့' ရန်ပုံငွေ အဖြစ် အမြဲ ထောက်ပံ့ စာချုပ်ကို ပြုလုပ် ထားသေးသည်။ သက္ကရာဇ် ၁၂၉၇ ခုနှစ် တပို့တွဲ လပြည့်ကျော် ၃ ရက်နေ့တွင် မန္ဈလေး နေပြည်တော် မဟာ သံဃရာဇာ သာသနာပိုင် ဆရာတော် ထံမှ 'ဝဇီရဗုဒ္ဓိ' ဘွဲ့ကို ချီးမြှင့်ခြင်း ခံရသည်။


သက္ကရာဇ် ၁၃ဝ၃ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားသော အခါ ဆရာကြီး ဦးဖိုးစိန်သည် ရန်ကုန်မြို့မှ သရက်မြို့ကို ဂျပန်များ ဝင်ရောက် လာပြီး ဗုံးများ ချသဖြင့် မြို့ပေါ်တွင် မနေ ဝံ့သောကြောင့် သရက်မြို့မှ တဖန် အင်းမငယ် ရွာသို့ တဆင့် ပြောင်းရွှေ့ နေထိုင်ရ ပြန်သည်။ ထိုရွာ၌လည်း အလဟဿ အချိန် မဖြုန်းတီး။ ကျေးလက် တောရွာ ပြုပြင်ရေးများ၊ မသိ နားမလည် သူတို့ လာရောက် မေးမြန်း သမျှသော စာပေ ဆိုင်ရာ ပြဿနာ ရပ်များကို စိတ်ရှည် လက်ရှည် သင်ကြား ပေးခြင်းများ၊ အလွန် ဝေးလံသော ရွာများ သို့ပင် လှည်းများဖြင့် စာပေ ကျမ်းဂန် အတွက် ဆွေးနွေး သိမှတ် လိုသူတို့ ထံသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကာ ဖြေရှင်း သင်ကြား ပေးခြင်း များကို ပြုလုပ်ပေ သေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ထိုအတော အတွင်း အသက်အရွယ်လည်း ကြီးပြင်း လာပြီ ဖြစ်သည်က တစ်ကြောင်း၊ ရုတ်တရက် အစားအသောက် ပြောင်းလဲ စားသောက် ရသည်က တစ်ကြောင်းကြောင့် အစာအိမ်၌ အနာ ဖြစ်နေသော ရောဂါ စွဲကပ် လာသည်။ ထို့နောက် ဂျပန်ခေတ် အတွင်း ဆေးဝါးများ ကလည်း ရှားပါး လေရကား ဂရုတစိုက် ကုသကြ ပါငြား သော်လည်း သက်သာသည် မရှိဘဲ နောက်ဆုံး သက္ကရာဇ် ၁၃ဝ၆ ခုနှစ် တပို့တွဲ လဆန်း ၁၄ ရက် သောကြာနေ့ နံနက် ၃ နာရီနှင့် မိနစ် ၂ဝ အချိန် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့) အသက် ၇၂ နှစ်တွင် အင်းမငယ် ရွာ၌ပင် ဘဝ တစ်ပါးသို့ ပြောင်းသွား ကွယ်လွန် ရှာလေသည်။


ဦးဖိုးစိန်တွင် သား တစ်ယောက်နှင့် သမီး တစ်သောက် ကျန်ရစ်ခဲ့၏။ ထိုသားနှင့် သမီး တို့ကား ဖခင်ကြီး ကွယ်လွန် သွားပြီ ဖြစ်သော်လည်း တိုး စာပုံနှိပ်တိုက်ကို ပြန်လည် ဖွင့်လှစ်ကာ ဖခင်ကြီး၏ မွန်မြတ်လှသော ရည်ရွယ်ချက် ဖြစ်သည့် စာပေကျမ်းဂန်များကို ပုံနှိပ်ထုတ်ဝေ မြှင့်တင် ဖြန့်ဖြူးရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လျက် ရှိကြပါသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  • စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
  • ဦးဖိုးစိန်၏ သမီးများ၊ မြေးများထံမှ ရရှိသော မှတ်စု မှတ်တမ်းများ။