ကျိုင်းတုံမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကျိုင်းတုံမြို့ is located in မြန်မာ
ကျိုင်းတုံမြို့
စော်ဘွားနန်းတော် - ၁၉၉၁ ခုနှစ်တွင် မြန်မာစစ်အစိုးရက ဖြိုဖျက်ခဲ့သည်။

ကျိုင်းတုံမြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်း တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်မှာ ကျိုင်းတုံမြို့ ဖြစ်ပါသည်။ ကျိုင်းတုံခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။ ကျိုင်းတုံမြို့တွင်ခရိုင် (၄)ခု နှင့် မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။ ကျိုင်းတုံနယ်သည် စတုရန်းမိုင်ပေါင်း ၁၂၃ဝဝ ခန့် ကျယ်ဝန်း၍ တောင်ထူထပ်ပေါ များသည်။ တောင်များ အနက် အချို့မှာ ပေ ၅ဝဝဝ မှ ရဝဝဝ အထိ မြင့်ကြသည်။ မြေပြန့် ဒေသများတွင် လယ်စပါးကို စိုက်ပျိုး၍ တောင်တန်းဒေသ များတွင်မူ ယာစပါးနှင့် ဘိန်းများ စိုက်ပျိုးကြသည်။ ကျိုင်းတုံ တစ်နယ်လုံးတွင် ဂုံဂေါ့လားဟူလီရှောရှမ်းကွီအင်းသားရှမ်းတရုတ်မြန်မာအစရှိသော လူမျိုးပေါင်း ၄ဝ ကျော် မှီတင်းနေထိုင်ကြသည်။ ၁၉၅၂ ခုနှစ် သန်းခေါင် စာရင်းအရ နယ်အတွင်း အိမ်ခြေပေါင်း ၄၅၄၉၂ အိမ်ရှိ၍ လူဦးရေ ၂၆၇၈၃၆ ယောက်ရှိသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ကျိုင်းတုံမြို့ကို ခေမာရဋ္ဌတုံကပူရီဟု ခေါ်၍ ဘယားဂါဟပ် ဘုရင်လက်ထက်ကစပြီး ထင်ပေါ်ကျော်ကြားလာခဲ့သည်ဟု ရှေးဟောင်း သမိုင်းများတွင် ဖော်ပြပါရှိသည်။ ကျိုင်းတုံဟူသော အမည်နာမ ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ရာ ကောင်း၏။ ခေမာရဋ္ဌ ဟူ၍လည်း အမည်ရပြီး ရှမ်းစော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့သော ဂုံရှမ်းတို့၏ မြို့တော်ဖြစ်သည်။ မြို့ရံပေါင်း (၃၂) မြို့ရှိသည် ဟုဆိုသည်။ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်အခါက ယခု ကျိုင်းတုံမြို့ တည်နေရာ၌ ဆွမ်းဆန်ဆေးရာမှ စီးဆင်းသောရေသည် ကန်တစ်ခု ဖြစ်လာ၏။ ထိုကန်ကို နောင်တုံးဟု ခေါ်ကြ၏။ ရှမ်းဘာသာ အားဖြင့် နောင်မှာ အင်း၊ တုံးမှာ ခံယူ သည်ဟု အဓိပ္ပါယ် ရ၏။ နောင်ကာလရွေ့လျောသဖြင့် နောင်တုံးသည် နောင်တုံ ဖြစ်လာသည်။ ထိုမှတစ်ဆင့် ကျိုင်းတုံဟူသော အမည်နာမ ဖြစ်တည်လာလေသည်။

ဘာသာစကား[ပြင်​ဆင်​ရန်​]

အရွယ်ရောက် လူလားမြောက်ပြီးသော ယောက်ျားတိုင်း မိမိတို့ မိရိုးဖလာ ရှမ်းဘာသာစကားနှင့် စာပေအပြင် ယိုးဒယားဘာသာစာပေ ဂုံဘာသာစာပေတို့ကို တတ်ကျွမ်းနားလည်ကြသည်။

စစ်အတွင်း ဂျပန်များ အုပ်စိုးသည့်ခေတ်၌ ကျိုင်းတုံ နယ်သည် မိုင်းပန်နယ်နှင့်အတူ ယိုးဒယားနိုင်ငံအတွင်းသို့ သွတ်သွင်းခြင်းခံရသည်။ သို့သော် မဟာမိတ်များ ပြန်ဝင်လာ၍ စစ်အုပ်ချုပ်ရေးခေတ်၌ ရှမ်းပြည်နယ်အုပ်ချုပ်ရေးထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဟူ၍ ၃ ပိုင်း ပိုင်းခြား သတ်မှတ်လိုက်သဖြင့် ကျိုင်းတုံနယ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပါဝင်သော နယ်ကြီးတစ်နယ် ဖြစ်လာသည်။ ကျိုင်းတုံမြို့ကား ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အကြီးဆုံး မြို့ ဖြစ်သည်သာမက ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ရှမ်း ပြည်နယ်နှင့် ယိုးဒယားနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် [[အင်ဒိုချိုင်းနား ပြည်]]တို့ကို ကူးသန်းသွားလာနိုင်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး၏ အရှေ့ပိုင်းတံခါးပေါက်လည်း ဖြစ်ပေသည်။

ကျိုင်းတုံမြို့၌ လူဦးရေ ၁၂ဝဝဝ ခန့်ရှိ၍ ကျိုင်းတုံစော်ဘွား ရုံးစိုက်ရာမြို့ ဖြစ်သည်။ ယခုလက်ရှိ စော်ဘွားမှာ စဝ်စိုင်းလုံဖြစ်သည်။ မြို့သည် ဇင်းမယ်သွား လမ်းပေါ်တွင် တည်ရှိ၍ လွယ်လင်မြို့မှ ၂၂၆ မိုင် ကွာဝေးသည်။ မြို့နှင့် ၈ မိုင်ကွာနေရာ၌ လေယာဉ်ပျံ ကွင်းသစ်ကြီး ရှိသည်။

ပြည်တော်သာညီလာခံကို ကျိုင်းတုံမြို့၌ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ကျိုင်းတုံမြို့ အုပ်ချုပ်ရေးမှာ နယ်အုပ်ချုပ်ရေးနှင့် တစ်ပူး တစ်ပေါင်းတည်း ဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဆိုင်ရာ နယ်ခြားဝန်သည် လွယ်မွေတွင် ရုံးစိုက်၍ နယ်ခြား ဝန်ထောက်၏ အကူအညီဖြင့် ကျိုင်းတုံမြို့သို့ ရံဖန်ရံခါ လာရောက်ကြည့်ရှု စစ်ဆေးလေ့ရှိသည်။ ကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရက ကြည်းတပ်တပ်ရင်းတစ်ခုနှင့် စစ်ရဲများ ထားရှိ စောင့်ရှောက်ပေးသည်။ ကျိုင်းတုံမြို့ရှိ အကျဉ်းထောင် သည် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြီးဆုံး အကျဉ်းထောင် ဖြစ်သည်။

မြို့ပေါ်၌ ထင်ရှားသောအဆောက်အုံများမှာ အထက်တန်း ကျောင်း၊ ဗရင်ဂျီသာသနာပြုများ၏ စိန် လူးဝစ် အလယ်တန်း ကျောင်း၊ အမေရိကန် ဗက်ပတစ်စာသင်ကျောင်း၊ တရုတ်ဘုံ ကျောင်းနှင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသော ဂုံလူမျိုးနှင့် မြန်မာ လူမျိုးတို့ ကိုးကွယ်ဆည်းကပ်သော ဘုန်းတော်ကြီးကျောင်းများ ဖြစ်ပေသည်။ ထို့ပြင် ကျိုင်းတုံဆေးရုံကြီးမှာလည်း ကျိုင်းတုံ နယ်တွင် အကြီးဆုံးဆေးရုံကြီး ဖြစ်သည်။

ကျိုင်းတုံမြို့တွင် ထူးခြားသောဘုရားစေတီများစွာ ရှိပါသည်။ ကျိုင်းတုံမြို့လယ်၌ တည်ရှိသည့် ရခိုင်ဘုရားကြီးဟူ၍လည်း ခေါ်သော မဟာမြတ်မုနိဘုရားကြီးဖြစ်၍ စဝ်ဖကွန်ကျောက်လက်ထက်တွင် တည်ထား ကိုးကွယ်ခဲ့လေသည်။ ဘုရားဖူးများ အမြဲမပြတ် စည်ကားလျှက် ရှိပါသည်။ ဘော်လုံးကွင်းနှင့် နောင်တုံကန်လည်း ရှိပြီး ၎င်းနေရာများတွင် အမြဲစည်ကားလျှက် ရှိပါသည်။ ထိုစေတီအပြင် စွန်စလီ၊ စွန်တောင်နှင့် စွန်လွဲစေတီများလည်း ရှိသေးသည်။ ယင်းတို့ အနက် စွန်လွဲစေတီတော်ကြီး၏ ထူးခြားချက်တစ်ရပ်ကား ကျိုင်းတုံနယ်ကို အုပ်ချုပ်သော မည်သည့်စော်ဘွားမျှ ထိုစေတီ တော်ကို သွားရောက် ဖူးမြော်ခြင်း မပြုကြပေ။ အကြောင်းသော် ကား စေတီတော်ကို တည်ခဲ့သူများဖြစ်ကြသည့် ဝ ဇနီးမောင်နှံ တို့သည် သူတို့အား စေတီတည်ရန် တားမြစ်သောမင်းကို စိတ်နာသဖြင့် ကြောက်မက်ဖွယ်ကျိန်စာဆိုထားခြင်းကြောင့် ပေတည်း။ ကျိန်ဆိုပုံမှာ ကျိုင်းတုံနယ်အတွင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်သော ဘုရင်အဆက်ဆက်သည် မိမိတို့ ဝ မောင်နှံ တည်ထားသောဘုရားကို ကိုးကွယ်လျှင် မူးဝေခြင်း၊ လေသင်တုန်းဖြတ်ခြင်း ရောဂါနှင့် သေပါစေ၊ အန္တရာယ် ရောက်ပါစေဟူ၍တည်း။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)