ဧတဒဂ်

ဝီကီပီးဒီးယား မှ
(ဧတဒဂ်ဘွဲ့ မှ ပြန်ညွှန်းထားသည်)

ဧတဒဂ် ဟူသော ပါဠိစကား၏အဓိပ္ပာယ်မှာ (ဧတံ+ဒဂ္ဂ) = ဧတဒဂ္ဂ = ဤသူသည်မြတ်၏ဟု မြတ်စွာဘုရား မိန့်တော်မူသော ပုဂ္ဂိုလ်ဖြစ်သည်။ မြတ်စွာဘုရား လက်ထက်တော်အခါက တပည့်သာဝကနှင့် ဒါယကာ ဒါယိကာမတို့တွင် ရှေးရှေးသော ဘဝသံသရာတို့က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီကုသိုလ်နှင့် တောင့်တခဲ့ဖူးသော ဆုတောင်းနှင့် ဖြည့်ကျင့်ခဲ့သော ပါရမီအလျောက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည်တို့ဖြင့် ကဲလွန်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ကို ပရိသတ်တို့အလယ်တွင် ဘုရားရှင်ကိုယ်တော်တိုင် ရွေးချယ်ကာ ဧတဒဂ် ဘွဲ့တံဆိပ်ထူးကို ချီးကျူးပေးအပ်လေ့ရှိသည်။ [၁]

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး[ပြင်ဆင်ရန်]

(၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည

(၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ

(၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလာန်

(၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ

(၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ

(၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ၊ (၎င်းသည် ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏။)

(၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ

(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ (၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူသည် ငါ့ကိုမေးကြလော့ဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံဖြင့်ဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏။)

(၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ

(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း

(၁၁) စိတ်နှလုံးဖြင့်ပြီးသောကိုယ် (နိမ္မိတရုပ်) ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ဝိဝဋ္ဋ' ဘွဲ့ ကိုလည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ခုကို ရသူ အရှင်စူဠပန်

(၁၂) 'အဂ္ဂ သညာ ဝိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်

(၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိထေရ်

(၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေဝတထေရ်

(၁၅) ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေဝတ

(၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘဝက ဝတ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ

(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘဝက တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ

(၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ

(၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝက္ကလိ

(၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ

(၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ

(၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍဒါန

(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝနဝန္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝင်္ဂီသ

(၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန

(၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ

(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ဝိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒဝစ္ဆ

(၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ

(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ

(၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ

(၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင်အာနန္ဒ

(၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ

(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ

(၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ (၎င်းသည် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ)

(၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ

(၃၅) ဝိနည်းဓိုရ်ရာထူး၌ 'အဂ္ဂဝိနယဓရ' ဘွဲ့တံဆိပ်ရသူ ဥပါလိထေရ်

(၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက

(၃၇) ဣန္ဒြေကောင်းရာ၌'အဂ္ဂဣေ`န္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ

(၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု ဩဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န

(၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓာတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်

(၄၀) ဒေသနာတော် အသစ်အသစ် တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ

(၄၁) ညစ်နွမ်းခေါင်းပါးသောပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး[ပြင်ဆင်ရန်]

(၁) မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီ - 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်။

(၂) ခေမာထေရီ 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်။

(၃) ဥပ္ပလဝဏ်ထေရီ - 'တန်ခိုးကြီး' ဘွဲ့တံဆိပ်တော်ရသည်။ (ဘုရားရှင် ယမိုက်ပြာဋိဟာပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။ )

(၄) ပဋာစာရီထေရီ- ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ဝိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်။

(၅)ဓမ္မဒိန္နာထေရီ 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်။ (ဝိသာခါ ဒါယိကာကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ စူဠဝေဒလ္လ သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။)

(၆) နန္ဒာထေရီ- ဈာန်ဝင်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်။

(၇) သောဏာထေရီ- 'လုံ့လ ဝီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်။

(၈) ဗကုလာထေရီ- 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ သကုလာဟု ရှိသည်။)

(၉) ဘဒ္ဒါကုဏ္ဍလကေသာထေရီ - အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂခိပ္ပါဘိည' တံဆိပ်တော်ရသည်။

(၁၀) ဘဒ္ဒကာပိလာနီထေရီ- 'ပုဗ္ဗေနိဝါသဉာဏ်' တံဆိပ်တော်ရသည်။

(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- 'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော်ရသည်။

(၁၂) ကိသာဂေါတမီထေရီ - ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်။

(၁၃) သိင်္ဂါလမာတုထေရီ- သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်။

ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက်[ပြင်ဆင်ရန်]

(၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမသရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်။

(၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်။

(၃) ခုဇ္ဇုတ္တရာ- 'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်။ ၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ၎င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။

(၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ဝိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်။

(၅) နန္ဒမာတာ ဥတ္တရာ- ဈန်ဝင်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်။

(၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်။

(၇) သုပ္ပိယာ - သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။

(၈) ကာတိယာနီ - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အဝေစ္စ ပသန္န'ဘွဲ့တံဆိပ်တော်ရလေသည်။

(၉) နကုလမာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ဝိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ)

(၁၀) ကာဠီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂအနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။

ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁၀-ယောက်[ပြင်ဆင်ရန်]

(၁) တဖုဿ ဘလ္လိက ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်။ ၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားရှင်က်ု အဦးဆုံး ဖူးမြင်ရသော ထူးမြတ်သောသူတို့ပင်တည်း။ သို့သော် သံဃာရတနာ မပေါ်ထွန်းသေးရကား ဒွေဝါစိက သရဏဂုံသာ ရသည်။

(၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်ရလေသည်။

(၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၎င်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌ အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော စိတ္တသံယုတ်ကိုဟောရာတွင် ဧတဒဂ်ဘွဲ့ တံဆိပ်တော်မြတ်ရလေသည်။

(၄) ဟတ္ထကာဠာဝက - သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိသတ်အား မိမိထံသို့ရောက်အောင် ဆွဲဆောင်ရာ၌ ဘွဲ့တံဆိပ်တော်ရလေသည်။

(၅) မဟာနာမ သာကီဝင်မင်းသား- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်။

(၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂမနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်။

(၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂတသူကြွယ် - သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်။

(၈) သူရမ္ဗဋ္ဌသူဌေး - မတုန်မလှုပ် ကြည်ညိုရာ၌ 'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။

(၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်ဟူ၏။

(၁၀) နကုလပိတာ သူကြွယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်။ သူသည် ဘုရားရှင်ကို ရှေးဦးအကြိမ်တွေ့ကာမျှပင် ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ကြွနေသနည်းဟု အကျွမ်းတဝင်ပြောဆိုလေသည်။ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏ အဘဖြစ်ဖူးပြီ။ ထို့အတူ ဘကြီးငါးရာ၊ ဘထွေးငါးရာ၊ ဝရီးအဖြစ် အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကို စွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား ချစ်သား ချစ်သားနှင့် ခေါ်လေ့ရှိသတတ်။ ထို့ကြောင့် 'ဝိဿာသက'ဘွဲ့တံဆိပ်ရလေသည် ဟူ၏။[၂]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅) ဥ-အွန်
  2. အင်္ဂုတ္တရ။ ပါဠိ။ ပ-အုပ်၊ နှာ-၂၃။