ပိဏ္ဍောလဘာရဒွါဇ
အရှင်ပိဏ္ဍောလဘာရဒွါဇ သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်သော စကားကို ပြောဆိုသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရသည်။[၁]
ကြုံးဝါးမြွက်ဆိုပုံ
[ပြင်ဆင်ရန်]အရဟတ္တဖိုလ် ရောက်သောနေ့၌ သံကောက်သော့ကို ယူပြီး ကျောင်းစဉ် ပရိဝုဏ်စဉ်သွားကာ “မဂ်ဖိုလ်အရာ ယုံမှားရှိလျှင် တပည့်တော်ကို မေးပါ”ဟု ပြောဆိုလှည့်လည်သည်၊ ဘုရားရှင် ရှေ့တော်မှာပင် “ဤသာသနာ၌ တပည့်တော် ပြုသင့်သမျှကိစ္စ အထွတ်အထိပ် ရောက်ပါပြီဘုရား”ဟု လျှောက်ထားသောကြောင့် အမြတ်ဆုံးဖြစ်ရသည်။ [၂]
တိရစ္ဆာန်လည်း မဟာကုသိုလ်အပြည့်ရသည်
[ပြင်ဆင်ရန်]အရှင်ကား ပဒုမုတ္တရဘုရားလက်ထက် တောင်ခြေနေ ခြင်္သေ့ဖြစ်သည်၊ ခြင်္သေ့ အစာရှာသွားချိန် ဘုရားရှင်သည် ခြင်္သေ့ဂူဝင်ပြီး ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ သမာပတ်ဝင်စားသည်၊ ခြင်္သေ့ပြန်လာပြီး ဂူတံခါးရပ်ကြည့်စဉ် ဂူတွင်း၌ ဘုရားကိုပြင်၍ “ငါ့နေရာ လာနေဝံ့သူ ယောက်ျားမြတ် ဖြစ်ရမည်၊ ဂူတွင်း ထိုင်ကာ ကိုယ်ရောင်ကိုယ်ဝါ ဖြာဖြာတင့်တယ် အံ့ဖွယ်ပုဂ္ဂိုလ်ကို ငါမမြင်ဖူးပါ၊ အမြတ်ဆုံး အပူဇော်ခံပုဂ္ဂိုလ် ဖြစ်လိမ့်မည်၊ စွမ်းအား အတော် ပူဇော်သင့်သည်” ကြံပြီး ရေပန်း ကုန်းပန်းတို့ဖြင့် နေရာခင်းပူဇော်ကာ တညလုံး ရှိခိုးနေသည်၊ နောက်နေ့ ပန်းဟောင်းပယ် ပန်းသစ်များဖြင့် ပူဇော်သည်။ [၂]
ခြင်္သေ့ သောက သေအောင်ပင်ဖြစ်ရသည်
[ပြင်ဆင်ရန်]၇-ရက်လုံး ပူဇော်ကာ ကြီးစွာသော ပီတိသောမနဿကို ဖြစ်စေပြီး ဂူတံခါး၌ စောင့်ရှောက်သည်၊ စောင့်ရှောက်သည်။ သမာပတ်မှထ၍ ဂူတံခါး ဘုရားရပ်တည်စဉ် ၃-ကြိမ် လက်ယာရစ်လည်၍ ၄-နေရာ ရှိခိုးသည်၊ ဘုရားရှင်သည် “ခြင်္သေ့အတွက် ဥပနိဿယအကြောင်း ကောင်းကောင်း ဖြစ်လောက်ပြီ” ဟု ကြံ၍ ကောင်းကင်ခရီးမှ ကျောင်းတော် ပြန်ကြွသည်။
ခြင်္သေ့သည် ဘုရားရှင်နှင့် ကွေကွင်းခြင်းဖြင့် ဒုက္ခရောက်ကာ ကွယ်လွန်ပြီး ဟံသာဝတီမြို့ သဌေးသားဖြစ်လာသည်၊ ဘုရားတရားကြားနာစဉ် ရဲရင့်စွာ ကြုံးဝါးမြွက်ဆိုနိုင်သော ရဟန်းတစ်ပါး အားကျ၍ ၇-ရက်ပတ်လုံး ကုသိုလ်ပြု၊ ယင်းဆုတောင်းသဖြင့် ဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားသည်။ [၂]
ဘာရဒွါဇ၏ လျှပ်ပေါ်သောသဘော
[ပြင်ဆင်ရန်]ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်မြို့ ပုဏ္ဏား သဌေးသား ဘာရဒွါဇ ဖြစ်လာပြီး ဗေဒ ပါရဂူဖြစ်ကာ တပည့် ၅၀၀-အား ပို့ချသင်ကြားပေးသည်။ ဘာရဒွါဇကား အကြီးအမှူးဖြစ်၍ ပင့်ဖိတ်ရာတို့၌ ဆွမ်းအားလုံးကို ကိုယ်တိုင်ပင် ခံယူရသည်။ အနည်းငယ် လျှပ်ပေါ်သော သဘောရှိရကား “ယာဂုဘယ်မှာ ဆွမ်းဘယ်မှာဟု သွားလေ ရာရာ၌ ငုံမျှော်ကာ သွားတတ်၍” ပိဏ္ဍောလဘာရဒွါဇဟု ထင်ရှားသည်။ [၂]
ဘုရားရှင်နှင့် တွေ့ဆုံခြင်း
[ပြင်ဆင်ရန်]ရာဇဂြိုဟ်တွင် မြတ်စွာဘုရား၏ တရားကို နာကြားရကာ ရဟန်းပြု၏။ မထေရ်သည် ကြီးမားသော အိုးကင်းသပိတ်ဖြင့် ယာဂုလည်း အပြည့်သောက်၏။ မုန့်လည်း အပြည့်စား၏။ ဆွမ်းလည်း အပြည့်ဘုဉ်းပေး၏။ မထေရ်၏ အစားကြီးသည့်အကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားရှင်အား ပြောပြသဖြင့် သိရလေသည်။[၁]
မထေရ်၏ သပိတ်
[ပြင်ဆင်ရန်]မထေရ်သည် သူ၏ ကြီးမားသည့် သပိတ်ကို ခုတင်အောက်တွင် ထား၏။ နေ့တိုင်း အသွင်းအထုတ်ပြုရာ သပိတ်သည် အနာရေးများ ပြတ်ကုန်သည်။ ထို့ကြောင့် သပိတ်ကြီးသည် တစ်ခွက်ချက်ခန့်သာ ဆံ့တော့သည်။ ဤသည်ကို အကြောင်းပြုကာ မြတ်စွာဘုရားလည်း သပိတ်အိတ်ကို အသုံးပြုရန် ခွင့်ပြုလိုက်သည်။[၁]
ရဟန္တာဖြစ်ခြင်း
[ပြင်ဆင်ရန်]မထေရ်သည် တရားကို ကြိုးစားအားထုတ်ရာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။ မထေရ်သည် ရဟန္တာဖြစ်သောအခါ ကျောင်းတိုက်တစ်ခုမှ တစ်ခုသို့ကူးကာ ရဟန်းတို့အား "မဂ်တရား၊ ဖိုလ်တရားတို့၌ သံသယရှိသောသူတို့သည် မိမိအား မေးစမ်းပါ" ဟု မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့သော အသံဖြင့် ပြော၏။ မထေရ်မြတ်သည် ကောသမ္ဗီပြည့်ရှင် ဥတေနမင်းကြီးကို သရဏဂုံတည်သူ ဥပါသကာ ဖြစ်အောင် တရားဟောကြားခဲ့သည်။[၁]
တန်ခိုးပြခြင်း
[ပြင်ဆင်ရန်]ရာဇဂြိုဟ်သဌေးသည် ဝါးလုံးများဆက်ကာ ကောင်းကင်၌ ချိပ်ထားသော စန္ဒကူးနှစ် သပိတ်ကို တန်ခိုးဖြင့်ယူ၍ ကောင်းချီးပေးသော လူများခြံရံကာ ကျောင်းသို့သွား၊ ဘုရားလက်တော်၌ ကပ်လှူသည်၊ သိလျက်ပင် ဘုရားရှင်က မေးသဖြင့် အကြောင်းစုံ ပြန်လျှောက်ရာ “ဤသို့ ထူးမြတ်သောတရားကို လူများအား ပြုခြင်းသည် မသင့်တာပြုတာပဲ”ဟု ကဲ့ရဲ့တော်မူပြီး “လူများအားပြလျှင် ဒုက္ကဋ်အာပတ်”ဘုရားရှင် ပညတ်တော်မူသည်။
သံဃာ၌ထင်ရှားသော ဘာရဒွါဇ၏ဂုဏ် ၃-ပါး
[ပြင်ဆင်ရန်]ဘာရဒွါဇထေရ်နှင့် စပ်၍—
- ၁။ ရဟန်းကိစ္စပြီးသောနေ့ နေရာတကာကြွကြွေကြော်ခြင်း။
- ၂။ ဘုရားရှင်ကိုပင့်သွား လျှောက်ခြင်း။
- ၃။ စန္ဒကူးသပိတ် တန်ခိုးဖြင့်ယူခြင်း၊
ဂုဏ် ၃-ပါးကို သံဃာများ ပြောဆိုနေကြကြောင်း ရဟန်းများက ဘုရားလျှောက်ထားရာ ဘုရားရှင်တို့မည်သည် မသင့်တာကို ကဲ့ရဲ၍ သင့်တာကို ချီးမွမ်းမြဲဖြစ်ရာ ဤနေရာ၌ မထေရ်၏ ချီးမွမ်းသင့်သော အကြောင်းကိုသာ ယူတော်မူ၍ သတိ သမာဓိ ပညာ ဣန္ဒြေ ၃-ပါး ပွားများလေ့လာသောကြောင့်သာ ဘာရဒွါဇ ရဟန်း အရဟတ္တဖိုလ်ကို ကြွေးကြော် မိန့်ကြားသည်-ဟု မထေရ်ကို ချီးကျူးပြီး ဤဧတဒဂ် ချီးမြှင့်တော်မူသည်။
ဧတဒဂ်ရခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် ငါဘုရား၏ သားတော်ရဟန်းတို့တွင် မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက် စကားကိုပြာဆိုသည့်အရာတွင် ပိဏ္ဍောလဘာရဒွါဇ သည် အသာဆုံး အမြတ်ဆုံး ဖြစ်သည်ဟု ဧတဒဂ်ပေးတော်မူ၏။[၁]
မဟာဗုဒ္ဓဝင်၌ပါသော အရှင်ပိဏ္ဍောလဘာရဒွါဇကို သည်မှာ ဖတ်ပါ။