ဥရုဝေလ ကဿပထေရ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဥရုဝေလ ကဿပထေရ်သည် ဂေါတမမြတ်စွာဘုရားလက်ထက် အယူအကျင့်လွဲမှားသော ရသေ့တို့၏ခေါင်းဆောင်ဖြစ်သည်။ နောင်အခါ၌ မြတ်စွာဘုရားသခင်၏ တရားတော်ကို နာကြားပြီးနောက် အကျွတ်တရားရသည်။

ဥရုဝေလကဿပသည် နဒီကဿပ၊ ဂယာကဿပဟူသော ညီနှစ်ယောက်နှင့်အတူ ဥရုဝေလတော၌ ရသေ့ပြု၍နေသည်။ ဥရုဝေလကဿပတွင် တပည့်ရသေ့ငါးရာ၊ နဒီကဿပတွင် တပည့်ရသေ့သုံးရာ၊ ဂယာကဿပတွင် တပည့်ရသေ့ နှစ်ရာ ရှိလေသည်။

ဥရုဝေလကဿပသည် အခြွေအရံ တပည့်များနှင့်အတူ တော၌ ရဟန္တာဖြစ်ရန်ကျင့်ကြံသည်။ သူ၏ကျင့်ကြံပုံမှာ ကိလေသာခန်းခြောက်အောင် ပင်ပန်းစွာကစားသည်။ နေမထွက်မီ ရေ၌ဆင်း၍ ကစားပြီးလျှင် ဆွမ်းစားချိန်မှဆွမ်းစားသည်။ပြီးသော် ကျည်းသားရိုက်ခြင်း၊ ဇယ်ခတ်ခြင်း၊ ကြိုးခုန်ခြင်း စသည်တို့ကို ပြု၍ ကိုယ်ကိုမီးကင်ပြီးမှ ကိလေသာကို ရေ၌မျောရန် ရေထဲတွင် ဆင်း၍ငုပ်သည်။ အိပ်ချိန်တိုင်မှ ပြန်တက်သည်။ ဤသို့အားဖြင့် နေ့စဉ်ကျင့်ကြံသည်။ ဤကိုအစွဲပြု၍ ရေငုပ်၊ မီးလှုံ၊ ကြိုးခုန်၊ ဇယ်ခတ် ဟူသော တိတ္တိတို့၏ ကျင့်ဝတ်စကားဖြစ်လာသည်။

ဂေါတမမြတ်စွာဘုရားသည် ပထမဝါအကုန်တွင် ရသေ့တို့ထံသို့ တရားဟောရန်ရောက်ရှိတော်မူရာ ဥရုဝေလကဿပ၏ ကျောင်းအနီးမီးဖိုတွင် ခေတ္တတည်းခိုခွင့်တောင်းသည်။ ရသေ့က မီးဖိုအနီးတွင် နဂါးကြီးတစ်ကောင်ရှိ၍ မနေသင့်ကြောင်းပြောဆိုရာ မြတ်စွာဘုရားက နေခွင့်သာပြုပါဟု ခွင့်တောင်းလျက် တစ်ညဉ့်နေတော်မူသည်။ ထိုညဉ့်တွင် မာန်စွယ်ပြင်းသောနဂါးကို တန်ခိုးတော်ဖြင့် နှိမ်နင်း ဆုံးမတော်မူ၍ နံနက်လင်းသောအခါ နဂါးကို သပိတ်တော်၌ထည့်ပြီးလျှင် ဥရုဝေလရသေ့တို့အား ပြသည်။

ထိုအခါ ရသေ့တို့သည် အံ့ဩကြလျက် ကြည်ညိုစွာဖြင့် မိမိတို့နှင့်အတူနေရန် လျှောက်ထားသည်။ မြတ်စွာဘုရားလည်း ဝန်ခံ၍နေတော်မူသည်။ ညဉ့်အခါ စတုမဟာရာဇ် နတ်မင်းကြီးလေးပါး လာရောက်ဖူးမြော်သည်။ နံနက်လင်းသော် ရသေ့တို့မေးမြန်းသိရှိရ၍ အတိုင်းထက်အလွန် ကြည်ညိုသည်။ ထိုနည်းဖြင့် နောက်နေ့များတွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ လာရောက်ဖူးမြော်သည်ကို ရသေ့တို့တွေ့မြင်ကြသည်။

တစ်နေ့သော် မာဂဓတိုင်း အင်္ဂတိုင်းတို့မှ တိုင်းသူပြည်သားတို့သည် ရသေ့တို့ကိုပူဇော်မြဲအတိုင်း ပူဇော်ကြရန် စီမံကြသည်။ ထိုအခါ ရသေ့တို့က မြတ်စွာဘုရားသည် မိမိတို့ထက် တန်ခိုးကြီးသဖြင့် ပြည်သူပြည်သားတို့ တွေ့မြင်လျှင် မိမိတို့ကို မကြည်ညိုဘဲရှိမည်ဟု တွေးကြံလျှက် မြတ်စွာဘုရား မကြွလာစေရန် အကြံပြုသည်။ မြတ်စွာဘုရားကလည်း ရသေ့တို့၏အလိုကိုသိ၍ မလာဘဲနေ၏။ ရသေ့တို့ အကြောင်းကိုသိရသော် မိမိတို့ကြံစည်ရုံမျှဖြင့်ပင် သိပေသည်ဟု အံ့ဩကြပြန်သည်။

မြတ်စွာဘုရားသည် တန်ခိုးတော်အတန်တန် ပြတော်မူသော်လည်း ဥရုဝေလကဿပနှင့် အသင်းအပင်းတို့သည် မိမိတို့ကဲ့သို့ ရဟန္တာမဟုတ် ဟူ၍သာမှတ်ယူကြသည်။ ထိုအခါ မြတ်စွာဘုရားက နှုတ်ဖြင့် ဖွင့်ဟ၍ ရှင်းလင်းဟောကြားရာတွင် ဘုရားဖြစ်မှန်းသိ၍ မိမိတို့မာနကိုစွန့်ပယ်ကာ ရဟန်းပြုကြသည်။

ညီတော်နဒီကဿပနှင့် တပည့်တို့လည်း နောင်တော်နှင့် နောင်တော်၏တပည့်တို့ ရဟန်းပြုမှန်းသိ၍ ရဟန်းပြုကြပြန်သည်။ ညီတော်ဂယာကဿပနှင့် တပည့်တို့လည်း ထိုနည်းတူ ရဟန်းပြု၍ ရဟန်းပေါင်း ၁ယဝဝဝ ဖြစ်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းပေါင်းတစ်ထောင်နှင့်အတူ ဥရုဝေလတောမှထွက်ကြွ၍ ဂယာသီသသို့ ရောက်လျှင် အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူသည်။ ထိုအခါ ဥရုဝေလကဿပ ခေါင်းဆောင်သော ညီနောင်နှင့် တပည့်ရဟန်းပေါင်း တစ်ထောင်တို့သည် တရားတော်၏အဆုံး၌ ဧဟိဘိက္ခုရဟန္တာ ချည်း ဖြစ်ကြကုန်သည်။

ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပ အစရှိသော ရဟန္တာအပေါင်းတို့ ခြံရံလျက် ဂယာသီသမှ ကြွတော်မူ၍ ရာဇဂဂြိုဟ်ပြည်မှ သုံးဂါဝုတ်ကွာသော လဋ္ဌိဝန ဥယျာဉ်၌ နေတော်မူ၏။ ထိုအကြောင်းကို ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးကြားသိလျှင် တစ်သိန်း နှစ်သောင်းကုန်သော ပုဏ္ဏားသူကြွယ်တို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားအထံသို့ကပ်၍ ရိုသေစွာရှိခိုး၍နေ၏။ ထိုအခါ တစ်သိန်း နှစ်သောင်းကုန်သော လူတို့တွင် ရှေးက ဥရုဝေလကဿပတို့ကို ကိုးကွယ်သူများပါလေရာ မြတ်စွာဘုရားနှင့်အတူ တွေ့ရှိသောအခါ မည်သူကဆရာ မည်သူကတပည့်ဖြစ်သည်ကို ရှင်းလင်းစွာမသိနိုင်ကြ သဖြင့် ဥရုဝေလကဿပ စသောသူများက မိမိတို့သည်သာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကများဖြစ်ကြောင်းကို သိရှိစေသည်။ ထိုအခါ ဤသို့လျှင် မြတ်စွာဘုရားသည် ဥရုဝေလကဿပကို ဆုံးမတော်မူနိုင်သဖြင့် ရဟန်းပြုရပေသည်ဟု ချီးမွမ်းကြရာ၊ မြတ်စွာဘုရားက ဥရုဝေလကဿပကို ယခုသာ ငါဆုံးမသည် မဟုတ်သေး၊ ရှေးကလည်း ဆုံးမဖူးပြီဟု မိန့်တော်မူပြီးနောက် အတိတ်ကိုဆောင်၍ မဟာနာရဒဇာတ်ကို ဟောတော်မူလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)