စူဠပန်

ဝီကီပီးဒီးယား မှ
(အရှင်စူဠပန် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

အရှင်စူဠပန်ထေရ် သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် စိတ်ဖြင့်ပြီးသည့် ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ် နှစ်ခု ရတော်မူသည်။ အရှင်မဟာပန်၏ ညီတော်စပ်သူလည်း ဖြစ်သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ရာဇဂြိုဟ်ပြည်ရှိ သူဌေးကြီး ဓနသေဋ္ဌိတွင် သမီးတစ်ဦး ရှိ၏။သမီးဖြစ်သူသည် မိဘများက သဘောမတူနိုင်သည့် အိမ်ရှိ အခိုင်းအစေနှင့် ယူလိုက်သဖြင့် မိဘနှစ်ပါးက ပစ္စည်းများပေးကာ သားသမီးအဖြစ်မှ စွန့်ပယ်၏။ မြေးနှစ်ဦးကိုမူ မိမိ၏ အိမ်တွင် ခေါ်ယူကာ ထား၏။ မြေးနှစ်ဦးသည် အကြီး မဟာပန် နှင့် အငယ် စူဠပန် တို့ ဖြစ်ကြသည်။[၁]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

အရှင်မဟာပန်သည် ညီဖြစ်သူကို သာသနာ့ဘောင်သို့ ခေါ်ဆောင်ရန် အဘိုးဖြစ်သူထံမှ ခွင့်တောင်း၏။ အဘိုးဖြစ်သူလည်း ခွင့်ပြုရာ စူဠပန်သည် ရဟန်းအဖြစ်သို့ ရောက်လေ၏။ အရှင်မဟာပန်သည် အရှင်စူဠပန်ကို မြတ်စွာဘုရားရှင်၏ ကျက်သရေဘွဲ့ ဂါထာတစ်ပုဒ်ကို သင်ပေးရာ လေးလကြာသည်အထိ မတတ်မြောက်ဘဲ ရှိလေ၏။ ထိုအခါ အရှင်မဟာပန်သည် ရဟန်းအဖြစ်မဟုတ်ဘဲ လူအဖြစ်သာ ပို၍ အကျိုးများနိုင်မည် ဟုတွေးကာ အရှင်စူဠပန်ကို ကျောင်းမှ နှင်ထုတ်သည်။ အရှင်စူဠပန်သည် ရဟန်းဝတ်ဖြင့် ပျော်မွေ့၏။မထွက်ချင်ဘဲ ရှိလေ၏။ တစ်နေ့တွင် ဇီဝကသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များကို ဆွမ်းကပ်ရန် ပြောလေ၏။ ထိုအခါ အရှင်မဟာပန်သည် ညီဖြစ်သူကို ချန်လှပ်ကာ ရဟန်း ၄၉၉ ပါးဟု မှာကြားလိုက်လေသည်။ ထိုအခါ အရှင်စူဠပန်သည် အကိုဖြစ်သူ၏ လုပ်ရပ်အပေါ် အလွန်ဝမ်းနည်းကာ မနက်ဖြန် မိုးသောက်လျှင် လူထွက်မည်ဟု ဆုံးဖြတ်လိုက်၏။

မြတ်စွာဘုရားသည် နံနက်အချိန်ရောက်သော ကျောင်း၏ မုခ်ဝ၌ အရှင်စူဠပန်ကို စောင့်နေ၏။ ကျွတ်ထိုက်သော ဝေနေယျများတွင် အရှင်စူဠပန်ကို မြင်တော်မူသောကြောင့် ဖြစ်သည်။ အရှင်စူဠပန်သည်မြတ်စွာဘုရားကို မြင်သော် သွားရောက်ဦးချ၏။ မြတ်စွာဘုရားက ချစ်သား၊ ဘယ်ကိုသွားမလို့လဲ ဟု မေး၏။ အရှင်စူဠပန်သည် ဖြစ်ရပ်တို့ကို ပြောပြလေသည်။ ထိုအခါ ဘုရားရှင်သည် သာသနာသို့ ဝင်လာသူများသည် မိမိနှင့် ပတ်သက်၏။မဟာပန်က နှင်ထုတ်လျှင် ငါကနေရာပေးမည်ဆိုကာ ဂန္ဓကုဋီအတွင်းသို့ခေါ်သွားလေ၏။ မြတ်စွာဘုရားသည် အရှင်စူဠပန်ကို ပိတ်ဖြူစကို ပေး၏။ ထို့နေညက် ပိတ်ဖြူစကို ဆုတ်နယ်စေ၏။ ဘုရားရှင်လည်း ဆွမ်းဘုဉ်းပေးချိန် ရောက်လာပြီ ဖြစ်သဖြင့် သံဃာတော်များနှင့်အတူ ကြွလေ၏။ အရှင်စူဠပန်သည် ပိတ်ဖြူစကို ဆုပ်နယ်နေရင်းမှ ညစ်နွမ်းလာသည်ကို မြင်၏။ ထိုအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို မြင်ကာ ရဟန္တာ ဖြစ်တော်မူ၏။ အရှင်စူဠပန်သည် နိမ္မိတရုပ် ဖန်ဆင်းရာတွင်လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ခုကို ရတော်မူ၏။[၁]

တန်ခိုးတော် ပြခြင်း[ပြင်ဆင်ရန်]

ဇီဝက ကပ်သောဆွမ်းကို မြတ်စွာဘုရားသည် ဘုဉ်းမပေးသေးဘဲ နေ၏။ ထို့နောက် ဇီဝကအား ကျောင်းရှိ ကျန်နေခဲ့သော ရဟန်းတစ်ပါးကို အခေါ်ခိုင်းလိုက်၏။ အခေါ်သွားသောသူသည် ကျောင်းသို့ ရောက်သောအခါ ရဟန်းတော် တစ်ထောင်ကို တွေ့လေသည်။ ထိုယောက်ျားလည်း ကျောင်း၌ ရဟန်းများစွာ ရှိနေကြောင်း ဇီဝကထံ ပြန်၍ ပြော၏။ ဇီဝကလည်း စူဠပန် အမည်ရှိသော ရဟန်းကို ပင့်ခဲ့ဟု စေခိုင်းလိုက်ပြန်၏။ ကျောင်းရောက်သောအခါ "မည်သူသည် စူဠပန်ဖြစ်သနည်း" ဟုမေးရာ ရဟန်းတစ်ထောင်လုံးက "ငါစူဠပန်"ဟု ဖြေလေ၏။ ယောက်ျားလည်း ဇီဝကထံ ပြန်သွား၏။ မြတ်စွာဘုရားက ပထမဆုံး ပြောသောသူကို လက်ကိုင်၍ မြတ်စွာဘုရားက အခေါ်ခိုင်းလိုက်သည်ဟု ပြောကာ ခေါ်လာခဲ့ပါဟု မှာလိုက်၏။ ထိုအခါမှ အရှင်စူဠပန်သည် ရောက်လာလေသည်။ စူဠပန်သည် ဇီဝက၏ ဆွမ်းအနုမောဒနာတရား ဟောကြာရာ ပိဋကတ်သုံးပုံကို ချောက်ချားကာ ဟောတော်မူ၏။ [၁]

စူဠပန်၏ ဝဋ်[ပြင်ဆင်ရန်]

ရဟန်းတစ်ဦးအား ပြက်ရယ်ပြုခြင်း[ပြင်ဆင်ရန်]

ဝဋ်သည် လည်တတ်၏။ ကောင်းသောဝဋ်နှင့် မကောင်းသော ဝဋ်သာ ကွာ၏။ သံသရာအကြွေးသည် မဆပ်ဘဲ နေ၍ မရ။ ဆပ်ရ၏။ အရှင်စူဠပန်သည် ပိဋကတ်သုံးပုံကို ချောက်ချားနိုင်၏။ သို့သော် ဂါထာလေးတစ်ပုဒ်ကို မကျက်နိုင်ခဲ့သည်မှာ ကဿပဘုရားရှင်လက်ထက်က ဝဋ်ကြွေးဖြစ်၏။ ထိုအခါက အရှင်စူဠပန်သည် ပညာရှိရဟန်း ဖြစ်ခဲ့၏။ စာသင်သားရဟန်းတစ်ဦးအား စာပေမသင်ကြားရဲလောက်အောင် ပြက်ရယ်ပြုခဲ့သည့် အကြွေးသည် လက်ရှိဘဝရောက်မှ အကျိုးပေးလေ၏။[၁]

အနိစ္စသညာ ရဖူးခြင်း[ပြင်ဆင်ရန်]

တစ်ခုသော ဘဝတွင် မင်းဖြစ်ခဲ့၏။ နဖူးမှ ချွေးကို ပိတ်ဖြူစဖြင့်သုတ်ရာ စွန်းထင်းသည်ကို မြင်၏။ ထိုအခါ အနိစ္စသညာကို ရခဲ့၏။ ထိုကောင်းမှု၏ အကျိုးသည် နောက်ဆုံးလက်ရှိဘဝသို့တိုင် အကျိုးပေး၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ နိုဝင်ဘာလ ၂၀၀၂). ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်). အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်, ၃၁၉။