နန္ဒမာတာ ဥတ္တရာ

ဝီကီပီးဒီးယား မှ

နန္ဒမာတာ ဥတ္တရာ မိန်းမမြတ်သည် ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာသနာတော်ဝယ် ဈာန် ဝင်စားရာ၌ အဂ္ဂဈာယီ ဧတဒဂ်ရသူ ဖြစ်သည်။ ရာဇဂြိုဟ်ပြည်၏ တောင်အရပ်ရှိ ဝေဠုကဏ္ဍကမြို့တွင် ဘုံခုနစ်ဆင့်ရှိ ပြဿာဒ်ထက်ဝယ်နေထိုင်သည့် သူဌေးမဖြစ်လေသည်။ သားဖြစ်သူ၏ အမည် နန္ဒလုလင်ကို အကြောင်းပြု၍ နန္ဒမာတာဟု တွင်သည်။[၁]

မဟာရာဇ်နတ်မင်းကြီးက ပူဇော်ခြင်း[ပြင်ဆင်ရန်]

ဘုံပြဿာဒ်ပေါ်ဝယ် နန္ဒမာတာသည် မိုးသောက်ယံချိန်ကာလတွင် ဈာန်သမာပတ်ဝင်စား၍ နေလျှင် ကောင်းမည်လော၊ ဘုရားရှင်၏ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်လျှင် ကောင်းမည်လောဟု စဉ်းစားလေသည်။ ဈာန်ချမ်းသာထက် တရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ပါက ပို၍မြတ်၏ဟု တွေးကာ ပါရာယနသုတ္တန်ကို ရွတ်ဖတ်ပူဇော်လေ၏။ ပါရာယနသုတ္တန်သည် ရာဇဂြိုဟ်ပြည်ရှိ ပါသာဏစေတိယကျောင်းတော်တွင် မြတ်စွာဘုရား ဟောကြားခဲ့သည့် တရားတော် ဖြစ်သည်။ ရသေ့တစ်ဆယ့်ခြောက်ယောက်တို့ကမေးသည့်ပြဿနာများကို ဖြေကြားတော်မူ၍ ရသေ့ ၁၆၀၁၇ ယောက်နှင့်တကွ တစ်ဆယ့်လေးကုဋေသော ပရိသတ်တို့ကိုချေချွတ်တော်မူခဲ့သည် ဖြစ်၏။

ထိုအချိန်တွင် ဝေဿဝဏမဟာရာဇ်နတ်မင်းကြီးသည် ကောင်းကင်ထက်ဝယ် ယာဉ်ကြီးကို စီးကာ မြတ်စွာဘုရားထံသို့ ပြဿနာအမေးသွားရာ နန္ဒမာတာ၏ တရားရွတ်ဖတ်သံကို ကြားသော် ရပ်တန့်ကာ တရားပြီးဆုံးသည်အထိ နာယူ၏။ တရားပြီးသောအခါ နှမကြီး အံ့ဖွယ်ဖြစ်ပေစွ ဟု ကောင်းချီးပေး၏။ မြတ်စွာဘုရားဟောတော်မူသည့် တရားတော်တို့မှာ ကောင်းမွန်လှပေသည်။ နှမကြီး၏ နာယူမှတ်သားကာ ရွတ်ဖတ်သံသည် အလွန်သာယာပေသည်ဟု ပြောကာ သာဓုခေါ်လေသည်။ ကောင်းချီးပေးသံကို ကြားသည့်အခါ နန္ဒမာတာသည် လေသာနန်းတံခါးဝသို့ထွက်ကာ မည်သူဖြစ်သည်ကို မေး၏။ နတ်မင်းကြီးလည်း မေးသည်ကို ဖြေကြား၏။ နတ်မင်းကြီးသည် သောတာပန်ဖြစ်၍ နန္ဒမာတာသည် အနာဂါမ်ဖြစ်သောကြောင့် နှမကြီးဟု ခေါ်ဆိုခြင်း ဖြစ်သည်။


နန္ဒမာတာလည်း မိမိ၏ တရားရွတ်ဖတ်ရသည့် ကုသိုလ်အစုတို့ကို နတ်မင်းကြီးကို အမျှပေးဝေကြောင်း ပြောလေ၏။ နတ်မင်းကြီးလည်း မနက်ဖြန်တွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့နှင့်အတူ သံဃာတော်များ ဇေတဝန်ကျောင်းတော်မှ ဒေသစာရီကြွတော်မူလာမည် ဖြစ်သည်။ ထိုအခါ အရှင်သူမြတ်တို့အား ဆွမ်းကျွေးမွေးလှူဒါန်းကာ မိမိကိုလည်း အမျှပေးဝေပေးပါရန် ပြောလေသည်။ ပါရယနသုတ္တန်ကို ရွတ်ဖတ်ဟောကြားခြင်း၊ မိမိလည်းနာကြားခဲ့ရသည့်အတွက် သလေးစပါးနီကျီး ၁၅၅၀ ကို ဆောက်လုပ်ပေးခဲ့သည်။ နှမကြီး အသက်ရှိသရွေ့ စပါးကျီတို့သည် ယူရာမထင် ပြည့်စေသတည်းဟု အဓိဋ္ဌာန်ခဲ့သည်။ နန္ဒမာတာလည်း နောက်တစ်နေ့နံနက်တွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့နှင့်အတူ သံဃာတော်တို့ကို ဆွမ်းဖြင့် လှူဒါန်းလေသည်။[၁]

နန္ဒမာတာဥတ္တရာ၏ အာနုဘော်တော်များ[ပြင်ဆင်ရန်]

(၁) သန့်ရှင်းစင်ကြယ်သော အာစာရသီတင်းအကျင့်ဖြင့် ပြည့်စုံခြင်း။

(၂) အခါခပ်သိမ်း နေ့လွဲညစာမစား၊ ရှောင်ကြဉ်နိုင်သော အကျင့်လည်းရှိခြင်း။

(၃) မြတ်စွာဘုရားရှင် ဟောကြားတော်မူသမျှ တရားတော်များဖြစ်သည့် ပိဋကတ်သုံးပုံကို အလေ့အကျက်ဆောင်ရွက်နိုင်ခြင်း။

(၄) အကျွတ်သုံးတန်ရလျက် ဈာန်သမာပတ်ချမ်းသာနှင့် ပြည့်စုံသော အနာဂါမ်အရိယာ မိန်းမမြတ်အဖြစ် ထင်ရှားခြင်း။

(၅) ကြွယ်ဝချမ်းသာသော အမျိုးသမီးဖြစ်ကာ ၁၂၅၀ သော သလေးစပါးနီကျီကြီးများကို ပိုင်ဆိုင်ခြင်း။ ထိုစပါးကျီတို့သည် အသက်ရှင်သရွေ့ ယူငင်စားသုံးသော်လည်း ယူရာမျှပင်မထင် ပြည့်မြဲပြည့်နေခြင်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ရှင်မဟာသီလဝံသ။ ပါရာယနဝတ္ထု