မာတိကာသို့ ခုန်သွားရန်

ကိသာဂေါတမီထေရီ

ဝီကီပီးဒီးယား မှ

ကိသာဂေါတမီထေရီမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် သင်္ကန်း ခေါင်းပါးစွာ ခြိုးခြံ၍ ကျင့်ကြံနိုင်ခြင်းကြောင့် "လူခစီဝရဓာရန" ဧတဒဂ်အရာဖြင့် ချီးမြှောက်ခြင်းခံရသော ဘိက္ခုနီရဟန္တာဖြစ်သည်။ ကိသာဂေါတမီသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်ကစ၍ ပါရမီဆည်းပူးခဲ့ရာ ကဿပဘုရားရှင် လက်ထက်တော်တွင် ကိလီမင်းကြီး၏ သမီးတော်ခုနစ်ပါးအနက် ဓမ္မာမင်းသမီး ဖြစ်လာသည်။ ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် သာဝတ္ထိပြည် သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ အမည်မှာ ကိသာဂေါတမီဟု တွင်သည်။

အရွယ်ရောက်သော် မိဘများ ဆင်းရဲသွားသဖြင့် ဆင်းရဲပင်ပန်းစွာ နေရသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦးသည်လည်း သူ၏ ပိုင်ဆိုင်သော ရွှေ၊ ငွေများ အားလုံး မီးသွေးဖြစ်ကာ ဆင်းရဲသွားသည်။ ထိုအခါ မိတ်ဆွေတစ်ဦး၏ အကြံပေးချက်အရ "ထိုက်တန်သူနှင့် တွေ့လျှင် မီးသွေးများ ရွှေငွေအဖြစ်သို့ ပြန်၍ ပြောင်းလဲလာမည်" ဟု ယုံမှတ်ကာ ထိုသူဌေးကြီးသည် မီးသွေးများကို ဈေးတွင် ဆိုင်ခင်း၍ ရောင်းချသည်။

တစ်နေ့သ၌ ကိသာဂေါတမီသည် ဈေးသို့သွားရာ ထို သူဌေးဟောင်း၏ဆိုင်မှ မီးသွေးများကို ရွှေများအဖြစ်နှင့်သာ တွေ့မြင်ရသဖြင့် "ဤရွှေများကို ကုန်အောင် ဘယ်သူ ဝယ်နိုင်ပါမည်နည်း" ဟု ဆိုင်ရှင်သူဌေးအား မေးမြန်းမိသည်။ ထိုအခါ သူဌေးဟောင်းသည် "ဘုန်းကံရှိသူကို တွေ့ရပြီ" ဟု ဝမ်းသာစွာ ကိသာဂေါတမီ၏ နေရပ်များကို မေးမြန်း၍ မိမိ၏သားကြီးနှင့် ထိမ်းမြားရန် စီစဉ်သည်။ ကိသာဂေါတမီ၏ လက်နှင့်ကိုင်ခဲ့သော မီးသွေးများအားလုံးသည်လည်း ရွှေစင်အတိ ပြန်၍ ဖြစ်ခဲ့သည်။ သို့ဖြင့် ကိသာဂေါတမီသည် သူဌေးသားနှင့် လက်ထပ်ရလေသည်။

သို့သော် နောက်များမကြာမီတွင် သူဌေးကတော် ယောက္ခမကြီးမှာ ရက်စက်ငြိုငြင်တတ်သဖြင့် များစွာ စိတ်မချမ်းမသာ ဖြစ်ရလေသည်။ ထို့နောက် အချိန်ကာလကြာသော် သားတစ်ယောက်ကို ဖွားမြင်ရာ သားငယ်ကလေးမှာ သုံးလေးနှစ်အရွယ်တွင် ဆုံးပါးသွားသည်။ ထိုအခါ ကိသာဂေါမတမီသည် သားငယ်ကို ချစ်ခြင်း၊ ယောက္ခမတို့အိမ်တွင် နေရဆင်းရဲ စိတ်ဆင်းရဲခြင်း ပြင်းထန်မှုတို့ကြောင့် ရူးသွပ်ကာ သားငယ်အလောင်းကို ချီပိုး ပြေးလွှား၍ နေတော့သည်။

ထိုအခါ တွေးခေါ်တတ်သူတစ်ဦးက ကိသာဂေါတမီကို "သင်၏ သားငယ်ကို ဂေါတမမြတ်ဗုဒ္ဓက အသက်ရှင်အောင် ကုသပေးနိုင်လိမ့်မည်" ဟု တရားရစိမ့်သောငှာ မြတ်စွာဘုရားထံသို့ ညွှန်လိုက်၏။ ကိသာဂေါတမီလည်း ဝမ်းမြောက်စွာဖြင့် သားငယ်၏အလောင်းကိုပိုက်၍ မြတ်စွာဘုရားထံတော်သို့ သွားလေသည်။ မြတ်စွာဘုရားသည် ကိသာဂေါတမီကို မြင်သောအခါ ကယ်တင်လို၍ ပရိယာယ်ဖြင့် "လူမသေဖူးသော အမျိုးနွယ်ရှိသည့်အိမ်မှ မုန့်ညင်းဆီကို ရအောင်ရှာယူခဲ့လျှင် အသက်ရှင်အောင် ပြုလုပ်ပေးမည်" ဟု မိန့်တော်မူသည်။

ကိသာဂေါတမီသည် လူမသေဖူးသော အမျိုးအနွယ်အိမ်မှာ မုန်ညင်းဆီကို ရရှိရန် တစ်အိမ်တက်ဆင်း လှည့်လည် ရှာဖွေသည်။ ထိုသို့ ရှာဖွေရာတွင် လူမသေဘူးသော အိမ် မိသားစု ဟူ၍ မတွေ့ရသည့်အပြင် သူ၏အဖြစ်ကို စာနာတတ်သော လူတစ်ယောက်က "လူမသေဖူးသေးသောအိမ်ကို ရှာဖွေ၍ အဘယ်အခါမျှ တွေ့နိုင်မည်မဟုတ်ကြောင်း" ပြောပြလေသည်။ ထိုအခါမှ ကိသာဂေါတမီသည် သတိရကာ မသေခြင်း ဟူသည်မရှိဘဲ လူအားလုံးကား သေတတ်သော သဘောတရားရှိကြောင်းကို ဆင်ခြင်စဉ်းစားမိ၍ သားငယ်အလောင်းကို စွန့်ပစ်လိုက်ပြီးလျှင် "မရဏနုဿတိကမ္မဋ္ဌာန်း"ကို စီးဖြန်းသည်။

ထို့နောက် မြတ်စွာဘုရားထံသို့ ပြန်ရောက်သောအခါ မြတ်စွာဘုရားက "မုန်ညင်းဆီရပြီလော" ဟု မေးသည်။ ကိသာဂေါတမီလည်း မိမိသံဝေဂရပုံကို လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက တရားဟောပြော၍ သောတပတ္တိမဂ်ရရှိကာ ရဟန်းဝတ်လေသည်။

တစ်နေ့သ၌ ဆီမီးကိုအကြောင်းပြု၍ ခန္ဓာချုပ်ငြိမ်းသော သဘောတရားကို ထင်မြင်ကာ ဝိပဿနာဉာဏ်ရသည်။ ထို့နောက် ရဟန္တာဖြစ်တော်မူရာ ကောင်းမွန်သောသင်္ကန်းကို မတပ်မက်ဘဲ "ပံ့သုကူလ" (ခေါ်) ပံ့သကူသင်္ကန်းကိုသာ ဆင်းရဲခံ၍ ဝတ်ဆင် တတ်သောကြောင့် မြတ်စွာဘုရားက "လူခစီဝရဓာရနဧတဒဂ်ဘွဲ့ထူး"ဖြင့် ချီးကျူးခြင်း ပြုတော်မူသည်။

ထိုမှစ၍ ကိသာဂေါတမီထေရီအဖြစ် ထင်ရှားကျော်ကြားခဲ့လေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)