မာတိကာသို့ ခုန်သွားရန်

မောဃရာဇ

ဝီကီပီးဒီးယား မှ
(အရှင်မောဃရာဇထေရ် မှ ပြန်ညွှန်းထားသည်)

မြတ်ဗုဒ္ဓခေတ်တွင် ခေါင်းပါးသည့်အဝတ်အထည်များကို သုံးဆောင်ရာ၌ နှစ်သက်သည့် မထေရ်မြတ်တစ်ပါး ပေါ်ထွန်းခဲ့သည်။ သာဝတ္ထိပြည်သား ဖြစ်သည်။ ပုဏ္ဏားမျိုး၌ ဖြစ်သည်။ ဉာဏ်ပညာ ကြီးမားသည်။ ထိုဉာဏ်ပညာကို အကြောင်းပြု၍ မာန်မာနထောင်လွှားသည့်သူဖြစ်သည်။ သူ့နာမည်ကား မောဃရာဇ ဖြစ်သည်။ သူသည် ထိုခေတ်က နာမည်ကျော် ပုဏ္ဏားကြီးဖြစ်သည့် ဗာ၀ရီပုဏ္ဏားကြီး၏ ထင်ရှားသည့် တပည့်တစ်ယောက်ဖြစ်သည်။ သူ့ဘ၀ ဇာတ်ကြောင်းကို လေ့လာသည့်အခါ တစ်ယောက်တည်းကျင်လည်မှုမျိုး သိပ်မရှိဘဲ၊ အစုလိုက်အပြုံလိုက် သံသရာ ကျင်လည်ခဲ့ကြောင်းကို လေ့လာတွေ့ရှိရသည်။ နောက်ပိုင်းတွင် မိမိသိလိုသည့် အမေးပုစ္ဆာအား မေးမြန်းပြီးနောက် မြတ်ဗုဒ္ဓ၏ အဖြေပြီးဆုံးသည့်အခါ တပည့်(၁၀၀၀၀)နှင့်အတူ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။ နောင်တွင် သာသနာတော်တွင် ဝင်ရောက်ခဲ့သည်။ မြတ်ဗုဒ္ဓ၏ လူခစီ၀ရဓာရီ-ခေါင်းပါးညံ့ဖျင်းသည် ပံ့သကူသင်္ကန်းကို ဆင်မြန်း ဝတ်ရုံသောအရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူးကို ထားရှိတော်မူခဲ့သည်။

အရှင်မြတ်လျောင်းလျာသည် ပဒုမုတ္တိုရ်မြတ်စွာဘုရားရှင်လက်ထက်တွင် ဟံသာ၀တီပြည်၌ အမျိုးကောင်း သားဖြစ်ခဲ့သည်။ တစ်ရက်၌ မြတ်ဗုဒ္ဓ၏တရားတော်ကို နာကြားနေစဉ် မြတ်ဗုဒ္ဓသည် ရဟန်းတော်တစ်ပါးအား အဝတ်အထည်၊ ချည်၊ ဆိုးရည်အားဖြင့် သုံးပါးစုံ ခေါင်းပါးညံ့ဖျင်းမှုရှိသည့် ပံ့သကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံ ကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူခဲ့သည်။ ထိုမထေရ်ကို အားကျ လျက် အဓိကာရကောင်းမှု ကုသိုလ်ကောင်းမှုများ ပြုပြီးလျှင် လူခစီ၀ရဓာရီအရာ၌ ဧတဒဂ်ဘွဲ့ထူးကို ဆုတောင်း တော်မူခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့် နတ်ပြည် လူ့ပြန်တို့၌ ကျင်လည်ခဲ့ရပြီး ကဿပဘုရားရှင်လက်ထက် တွင် ကဋ္ဌဝါဟနမြို့၌ အမတ်အမျိုး၌ ဖြစ်ခဲ့ရသည်။

ထိုမောဃရာဇမထေရ်၏ အကြောင်းကိုပြောဆိုရာတွင် ဗာ၀ရီပုဏ္ဏားကြီး၏ အကြောင်းကို ပြောဆိုမှ လုံလောက်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုပုဏ္ဏားကြီး၏ တပည့်အဖြစ် သံသရာကို အတူယှဉ်တွဲကာ ကျင်လည်ခဲ့သည်။ ပါရမီဖြည့်ကျင့်ခဲ့ကြသည်။ ဤကဲ့သို့ အစုလိုက်အပြုံလိုက် အတူတကွ ရှင်သန်နေထိုင်လျက် ပါရမီဖြည့်ကျင့်မှု သံသရာကျင်လည်မှုများကို မာဃလုလင်တို့၊ မဟာကပ္ပိနမင်းတို့လို အဖွဲ့လိုက်ကျင်မှုများလည်း တွေ့ရသည်။ ယခုလည်း ဗာ၀ရီရသေ့ကြီး၏ တပည့်အဖြစ် အဖွဲ့လိုက် ကျင်လည်ခဲ့ သည့်အတွက် သူတို့၏အကြောင်းကို ပြောပြဖို့ လိုအပ်ပေလိမ့်မည်။

ကဿပမြတ်ဘုရားရှင် ကိုယ်တော်မြတ် မပွင့်ထွန်းခင်အချိန်၊ ဗာရာဏသီပြည်၌ လက်သမားအလုပ်၌ လိမ္မာကျွမ်းကျင်သည့် ဆရာကြီးတစ်ယောက် ရှိသည်။ သူ့တွင် နာမည်ကျော်တပည့်ကြီး (၁၆)ယောက်တို့ ရှိသည်။ ထို(၁၆)တို့တွင် မောဃရာဇလျောင်းလျာသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ထိုတပည့်ကြီး (၁၆)တို့သည်လည်း တစ်ယောက်တစ်ယောက်လျှင် တပည့်ပေါင်း(၁၀၀၀)စီ ရှိသည်။ သို့အတွက် သူတို့အဖွဲ့သည် လူပေါင်း(၁၆၀၁၇) ယောက်ရှိသည့် အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ သူတို့သည် ညီညွတ်သည်။ မနာလိုဝန်တိုမှုများ မရှိကြ။ စုစုစည်းစည်းဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ အဖွဲ့အစည်းများ၏ အားကျအတုယူစရာ ကောင်းသည့် အချက်တစ်ခုပင် ဖြစ်သည်။

သူတို့အဖွဲ့သည် ဗာရာဏသီတောအုပ်တွင် ပရိဘောဂလုပ်ငန်းများ လုပ်ဆောင်လျက် အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ပရိဘောဂပစ္စည်းမျိုးစုံကို တောတွင်ပြုလုပ်ကြပြီး ထိုပစ္စည်းများဖြင့် ဗာရာဏသီမင်းအား အလိုရှိပါက ဘုံအဆင့်ဆင့်ပြာသာဒ်တို့ကို တပ်ဆင်ဆောက်လုပ်ပေးကြရန် ရည်ရွယ်ထားသည်။ ဗာရာဏသီမင်း အလိုမရှိပါက ထိုပရိဘောဂပစ္စည်းတို့ကို ထုခွဲရောင်းချပြီး သားမယားကျွေးမွေးမှုကို ပြုလုပ်ကြရန်ဖြစ်သည်။ ထိုလက်သမား ဆရာကြီးသည် အခြားအခြားသော တပည့်များထက် လက်သမားအတတ်ကို ဆန်းစစ်လေ့လာ၊ တီထွင်လေ့ရှိသည်။ တစ်နေ့တွင် ဂဠုန်ငှက်ရုပ်ကြီးတစ်ခု ပြုလုပ်ခိုင်းသည်။ ထိုငှက်ရုပ်ကြီးထဲတွင် ယန္တရားများတပ်ဆင်သည်။ ယန္တရားကို ဖွင့်ကာ အထက်ကောင်းကင်တွင် ပျံသန်းနိုင်သည့် ဂဠုန်ပျံစက်ရုပ်ကြီးကို ဖန်တီးသည်။ ယခုခေတ်တွင် လေယာဉ် ပျံလိုမျိုး ဖြစ်ပေလိမ့်မည်။

တစ်ရက်တွင် ဆရာကြီးတို့သည် မိမိတို့၏ ဂဠုန်ပျံယာဉ်များဖြင့် ဟိမဝန္တာအနီးရှိမြို့တစ်မြို့ကို ဝင်ရောက် သိမ်းပိုက်လိုက်ကြသည်။ ဆရာကြီးအား မင်းအဖြစ် တင်မြှောက်လိုက်ကြသည်။ ဂဠုန်ပျံစက်ရုပ်တို့၏ အရှင်သခင် ဖြစ်သောကြောင့် ထိုမင်းကို 'ကဋ္ဌဝါဟနမင်း'ဟု ခေါ်တွင်ကြသည်။ ထိုမင်းအုပ်ချုပ်သည့် တိုင်းပြည်ကိုလည်း ကဋ္ဌဝါဟနပြည်၊ ကဋ္ဌဝါဟနမြို့ဟုပင် ခေါ်ဝေါ်ကြသည်။ သူတို့သည် တရားသဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ် ကြသည်။ တိုင်းသူပြည်သားတို့သည်လည်း ထိုမင်းတို့အား နှစ်သက်မြတ်နိုးကြသည်။ အခွန်ဘဏ္ဍာတို့ကိုလည်း ဆက်သကြသည်။ ထို့နောက် ဗာရာဏသီမင်းနှင့် မဟာမိတ်ဖြစ်ကာ လက်ဆောင်ပဏ္ဏာများအသီးသီး ဆက်သ ကြသည်။ ထိုစဉ် ဗာရာဏသီမင်းအနေဖြင့် ကဋ္ဌဝါဟနမင်းတို့ထက် သာလွန်ကောင်းမွန်သည့် လက်ဆောင်ပဏ္ဏာ ကို ဆက်သွင်းလိုက်ကြသည်။ ယင်းကား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့သည် လောက၌ပွင့်ထွန်း ပေါ်ပေါက်တော်မူနေပြီဆိုသည့် သတင်းစားလက်ဆောင် ဖြစ်သည်။ ထိုသို့ လောက၌ဘုရားပွင့်တော်မူသည့် အကြောင်းကို ကြားသိရသည်နှင့်တစ်ပြိုင်နက် ဘုရားအား ဖူးတွေ့လိုစိတ်ဖြစ်သည်။ တရားတော်ကို နာယူလိုစိတ် ဖြစ်ကြသည်။ သို့အတွက် မင်းကြီးသည် ထိုဘုရားပွင့် မပွင့်အကြောင်းကို သေချာစွာစုံစမ်းရန်အတွက် အမတ်တို့ကို စေလွှတ်ကာ စုံစမ်းခိုင်းလေသည်။

ထိုအခါ တပည့်ကြီး(၁၆)ယောက်နှင့်အတူ တစ်သောင်းခြောက်ယောက်သော အမတ်တို့သည် မင်းကြီးအား အကျိုးအကြောင်းပြောခဲ့ကာ စုံစမ်းရန် ထွက်လာခဲ့ကြသည်။

မြတ်သောမင်းကြီး၊ လောကမှာတကယ်ပဲ မြတ်ဗုဒ္ဓ ထင်ရှားပွင့်တော်မူခဲ့မယ်ဆိုရင်၊ အကျွန်ုပ်တို့ ဒီနေရာကို ပြန်မလာတော့ပါ။ ထိုမြတ်စွာဘုရားရှင်ထံမှာ ရှင်ရဟန်းပြုကြပါမည်။ အကယ်၍ မပွင့်ထွန်းခဲ့လျှင်တော့ အသင်မင်းကြီးထံသို့ အကျွန်ုပ်တို့အားလုံး ပြန်လာခဲ့ကြပါမည်ဟု ဆိုကာ ထွက်လာခဲ့ကြသည်။ ထိုစဉ် ကဋ္ဌဝါဟနမင်းသည် မိမိ၏တူအရင်းဖြစ်သူအား အမှန်တကယ် မဇ္ဈိမတိုင်းမှာ ဘုရားပွင့်တယ်ဆိုရင် ငါ့ကိုပြန်လာပြီးတော့ လျှောက်ထားပါဦးဆိုပြီး မှာလိုက်သည်။

မဇ္ဈိမတိုင်း၌ အမှန်ပင် ကဿပဘုရားရှင် ပွင့်တော်မူခဲ့ပေသည်။ သို့သော် အလာကောင်းသော်လည်း အခါနှောင်းသွားခဲ့လေပြီ။ သူတို့မရောက်ခင်အချိန်တွင်းမှာပင် ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူသွားခဲ့သည်။ ထိုစဉ် မထေရ်ကြီးများသည် အမတ်တို့အား သရဏဂုံ၌ တည်ရန်၊ ငါးပါးသီလ စောင့်ထိန်းရန်၊ ရှစ်ပါးသီလကိုလည်း ဥပုသ်နေ့များ၌ စောင့်ထိန်းရန်။ အလှူဒါနကိုလည်း ပေးလှူကြရန်။ ကိုယ်တိုင်လည်း သာသနာ့ဝန်ထမ်းရှင်ရဟန်း ပြုကြပြီး တရားဘာ၀နာ အားထုတ်ရန်အတွက် မိန့်တော်မူလေသည်။ အမတ်အားလုံးတို့သည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော် ကဋ္ဌဝါဟနမင်း၏ တူကတော့ မင်းကြီးအား ပြန်လည်ပြီးတော့ လျှောက်ထားရန် အတွက် ရဟန်းမပြုဘဲ ရှိခဲ့သည်။ တူဖြစ်သူသည် ပိဋကတ်သုံးပုံဆောင် ရဟန်းတော်တစ်ပါးနှင့်တကွ မြတ်ဗုဒ္ဓ၏ ပရိဘောဂများကိုဆောင်ယူခဲ့ပြီး ကဋ္ဌဝါဟနအရပ်သို့ ပြန်လာခဲ့သည်။ ဦးရီတော်မင်းကြီးထံရောက်စဉ် အကျိုးအကြောင်းများကို လျှောက်ထားပြီး စေတီတည်ထားလျက် မထေရ်မြတ်အတွက် ကျောင်းသင်္ခန်းဆောက် လုပ်လှူဒါန်းကာ ဒါန သီလ ဘာ၀နာစသော ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက် ကွန်လွန်ခဲ့ပြီး ကာမာ၀စရ နတ်ပြည်၌ ဖြစ်ခဲ့သည်။ ရဟန်းပြုခဲ့သော အမတ်များသည်လည်း ပျံလွန်တော်မူကြပြီးသည့်နောက် ထိုနတ်ပြည်၌ပင် ကဋ္ဌဝါဟနနတ်မင်းကြီး၏ အခြံအရံများ ဖြစ်ခဲ့ကြသည်။

ထိုဘ၀မှစုတေ၍ ဂေါတဗုဒ္ဓမပွင့်သေးခင် ပသေနဒိကောလမင်း၏ ခမည်းတော် မဟာကောသလမင်းကြီး၏ ပုရောဟိတ်ကြီး၏ သားဖြစ်သည့် ဗာ၀ရီထံတွင် တပည့်ဖြစ်ခဲ့သည်။ ထိုဗာ၀ရီပုဏ္ဏားကြီးသည် မဟာပုရိသလက္ခဏာ ကြီးသုံးပါးနှင့် ပြည့်စုံသူဖြစ်သည်။ ဗာ၀ရီပုဏ္ဏားထံ၌ အတိတ်ဘ၀တွင် အတူကျင်လည်ခဲ့သူ တပည့်ပေါင်း တစ်သောင်းခြောက်ထောင်တို့သည်လည်း ရသေ့ကြီး၏ထံတွင် တပည့်အဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ထို(၁၆)ယောက် သော တပည့်တို့သည်ကား (၁)အဇိတလုလင် (၂) တိဿမေတ္တယျလုလင် (၃) ပုဏ္ဏကလုလင်၊ (၄) မေတ္တဂူလုလင်၊ (၅) ဓောတကလုလင် (၆)ဥပသီ၀လုလင် (၇)နန္ဒလုလင် (၈) ဟေမကလုလင် (၉) တောဒေယျလုလင် (၁၀) ကပ္ပလုလင် (၁၁)ဇတုကဏ္ဏီလုလင် (၁၂) ဘဒြာဝုဓလုလင် (၁၃) ဥဒယလုလင် (၁၄) ပေါသာလလုလင် (၁၅) မောဃရာဇလုလင် (၁၆)ပိင်္ဂိလုလင်တို့ဖြစ်သည်။ ထို(၁၆)ယောက်တို့တွင် (၁၅)ယောက်မြောက် လုလင်သည် အရှင်မောဃရာဇမထေရ်လောင်း ဖြစ်လာမည့်သူဖြစ်သည်။

မဟာကောသလမင်း နတ်ရွာစံသည့်အခါ သားတော် ပသေနဒိကောသသည် မင်းဖြစ်လာသည်။ ဗာ၀ရီဆရာ ကြီးသည် ထိုကောသလမင်းလက်ထက်တွင်လည်း မင်း၏အတိုင်ပင်ခံ ပုရောဟိတ်ဆရာကြီးပင် ဖြစ်သည်။ နောက် တွင် တပည့်များနှင့်တူ ရသေ့ရဟန်းပြုခဲ့သည်။ မင်းကြီး၏ဥယျာဉ်တွင်သာ သီတင်းသုံးနေထိုင်ကြသည်။ ထိုမှနောက် တောအရပ်ဆီသို့ ထွက်လာခဲ့သည်။ မိမိတို့နေထိုင်မည့်မြေနေရာအား ကောသလမင်းထည့်ပေးလိုက်သည့် ငွေအသပြာ များဖြင့် ဝယ်ယူကာ ကျောင်းသင်္ခန်းများ ဆောက်လုပ်ကာ နေတော်မူခဲ့သည်။ ထိုနေရာသို့ အခြားအခြားသော လူသားများလာရောက်နေထိုင်ကာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ ထိုရွာတွင်နေထိုင်ကြသည့် လူသားများသည် ရသေ့ကြီးအား အခွန်ဘဏ္ဍာများ ဆက်သကြသည်။ ထိုအခွန်ဘဏ္ဍာများကို ရသေ့ကြီးသည် ဆင်းရဲသူများအား လှူဒါန်းမှုပြုသည်။ တစ်နေ့တွင် ဇူဇကာပုဏ္ဏားတို့၏ အမျိုးအနွယ်မှဖြစ်သော ပုဏ္ဏားတစ်ယောက် ဗာ၀ရီရသေ့ကြီးထံသို့ လာရောက်၍ လိမ်ညာကာ အသပြာတို့ကို အလှူခံသည်။ မရသည့်အခါ အမျိုးမျိုးခြိမ်း ခြောက်သည်။ ထိုခြိမ်းခြောက်မှုတွင် ရသေ့ကြီး၏ ဦးခေါင်းကွဲမည်ဆိုသည့် ခြိမ်းခြောက်သံကို ဟုတ်ခဲ့သည်ရှိ သော်ဆိုပြီး ရသေ့ကြီး တုန်လှုပ်မှုဖြစ်ခဲ့သည်။ ထိုစဉ် ဘ၀ဟောင်း၌ အမိဖြစ်ခဲ့သည့်နတ်သမီး၏ ဖြေသိမ့်မှုဖြင့် နောက်ဆုံး မြတ်ဗုဒ္ဓထံတွင် ရောက်ရှိကာ ခေါင်းဆောင်(၁၆)တို့၏ ပုစ္ဆာများဖြင့် မြတ်ဗုဒ္ဓ၏ ပြန်လည်ဖြေဆိုသည့် အခါ နောက်ပါတပည့်များနှင့်အတူ ရဟန္တာ များဖြစ်ခဲ့ကြသည်။ ထိုပုစ္ဆာများသည် သုတ္တနိပါတ ပါဠိတော်၊ ပါရာယနဝဂ်အနေဖြင့် လာရှိသည်။ ထိုတွင် (၁၅)ယောက်မြောက်ဖြစ်သော မောဃရာဇလုလင်၏ အမေးအား မြတ်ဗုဒ္ဓပြန်လည်ဖြေဆိုထားသည့် စကားကိုသာ ဤနေရာနှင့်သက်ဆိုင်သည့်အတွက် အကျဉ်းဖော်ပြပေအံ့။

အရှင်ဘုရားတပည့်တော်သည်၊ မြတ်စွာဘုရားကို ရှေးပိုင်းတွင် နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အရှင်ဘုရားသည် တပည့်တော်၏အမေးကို ပယ်ချခဲ့သည်။ ယခုအခါ သုံးကြိမ်မြောက် တပည့်တော် မေးလျှောက်လိုသည်ဘုရား။ လူနတ်ဆရာတို့၏ အရှင်သခင်ဖြစ်သည့် အရှင်ဘုရား၏ အယူဝါဒကို တပည့်တော် မသိရိုး အမှန်ပါဘုရား။ သေခြင်းတရားမှလွတ်အောင် သင်္ခါရလောကကို အဘယ်သို့ ရှုရပါမည်နည်း ဘုရား ဟု မေးလျှောက်တော်မူသည်။

သက္ကာယဒိဋ္ဌိကို ခွါ၍ သင်္ခါရတရားတို့ကို အနတ္တဟူ၍၊ သုညဟူ၍ ရှုမှတ်ရမည်။ ထိုသို့ရှုမှတ်မှုများ လာသည်ရှိသော် သေခြင်းတရားကို လွန်မြောက်နိုင်ပေ၏။ အရဟတ္တဖိုလ်သို့ရောက်လျှင် သေခြင်းတရားကို လွန် မြောက်နိုင်ပေသည် ဟု ပြန်လည်မိန့်တော်မူလိုက်သည်။ တရားဂါထာအဆုံး၌ မောဃရာဇလုလင်သည် ရှေ့လုလင် များနည်းတူ မိမိ၏တပည့်(၁၀၀၀)တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်။ ထို့နောက် လူခစီ၀ရဓရ=ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကိုဆင်မြန်းဝတ်ရုံ သုံးဆောင်သောအရာ၌ ဧတဒဂ်ဘွဲ့ထူး၌ ထားအပ် လေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  • တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၁၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ)။ သာသနာရေးဦးစီးဌာန။ pp. ၅၉၈-၆၃၇။
  • အင်္ဂုတ္တရအဋ္ဌကထာ၊
  • သုတ္တနိပါအဋ္ဌကထာ(ပါရာယနဝဂ်)