ဝိသာခါ

ဝီကီပီးဒီးယား မှ
(ဝိသာခါ ကျောင်းအမ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ဝိသာခါ ကျောင်းအမ[ပြင်ဆင်ရန်]

ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်း၏ အခွန် ထမ်းရာဖြစ်သော အင်္ဂတိုင်း၊ ဘိဒ္ဒယမြို့ မေဏ္ဍကသူဌေးကြီး၏သား၊ ဓန ဉ္စယသူဌေးနှင့် သုမနာအမည်ရှိသော သူဌေးကတော်မှ ဝိသာခါ သတို့သမီး ဖွားမြင်၏။ ဝိသာခါသည် ဂေါတမမြတ်စွာဘုရားအလောင်း ဒုက္ကစရိယာ ကျင့်၍ နှစ်နှစ်ကျော်တွင် ဖွားဟန်ရှိသည်။ ဝိသာခါခုနစ်နှစ်သမီးအရွယ်သို့ အရောက်တွင် ဂေါတမမြတ်စွာဘုရား ကြွရောက်လာမည်ဖြစ်၍ ထိုအ ကြောင်းကို အဖိုးဖြစ်သူမေဏ္ဍကသူဌေးကြီးက ပြောသဖြင့် အခြံအရံဖြစ်သော သတို့သမီးငါးရာတို့နှင့်အတူ ဘုရားသခင်အား ခရီးဦးကြိုဆိုခြင်းပြုခဲ့ရာမှ တရားတော်ကို နာကြားခဲ့ရပြီးလျှင် တရားတော်၏အဆုံးတွင် ငါးရာကုန် သော သတို့သမီးငယ်တို့နှင့်အတူ ဝိသာခါသည် သောတာပတ္တိဖိုလ်၌ တည် လေသည်။

ထို့နောက်တွင် ဗိမ္ဗိသာရမင်း၏ ယောက်ဖတော်သာဝတ္ထိပြည် ပသေနဒီကောလသလမင်းက တောင်းဆိုသောကြောင့် ဝိသာခါ၏အဖ ဓနဉ္စယသူဌေးသည် ပသေနဒီကောသလမင်း၏နောက်သို့ လိုက်ပါသွားရပြီး လျှင် သာဝတ္ထိပြည်နှင့် ခုနစ်ယူဇနာကျော်ဝေးကွာသည့်အရပ်၌ သာကေတ မြို့တည်ကာ နေထိုင်ခွင့်ရလေသည်။ ဝိသာခါ၏အဖ သာကေတမြို့တည်၍ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိလာသောအခါ သာဝတ္ထိပြည် မိဂါရသူဌေး၏သား ပုဏ္ဏဝဃန သတို့သား နှင့် ဝိသာခါ သတို့သမီးကို ထိမ်းမြားလက်ထပ်ပေးလေသည်။ ဓနဉ္စယ သူဌေးသည် ယောက္ခမအိမ်သို့ လိုက်သွားရလတ္တံ့သော သမီးအား အသပြာ ကိုး ကုဋေထိုက်တန်သော မဟလ္လတာ တန်ဆာနှင့်တကွ ပစ္စည်းဥစ္စာ အမြောက်အမြား ပေးလိုက်သည့်အပြင် (၁) အတွင်းမီးကို အပပြင်ဘက်သို့ မထုတ်ဆောင်အပ်၊ (၂) အပပြင်ဘက်ဖြစ်သော မီးကို အတွင်းသို့ မသွင်း အပ်၊ (၃) ပေးကမ်းသော သူအားသာလျှင် ပေးကမ်း၏၊ (၄) မပေးကမ်း သောသူအား မပေးမကမ်းအပ်၊ (၅) ပေးကမ်းသောသူအားလည်းကောင်း၊ မပေးမကမ်းသော သူအားလည်းကောင်း ပေးကမ်းအပ်၏။ (၆) ချမ်းသာစွာ နေထိုင်အပ်၏။ (၇) ချမ်းသာစွာ စားသောက်အပ်၏။ (၈) ချမ်းသာစွာ အိပ်အပ်၏။ (၉) မီးကို လုပ်ကျွေးအပ်၏။ (၁ဝ) အိမ်တွင်း နတ်ကို ရိုသေညွှတ်လျှိုး ရှိခိုးအပ်၏ဟု ဤဆယ်ပါးသော အဆုံးအမ ဩဝါဒ ကို ပေးလိုက်လေသည်။

မိဂါရသူဌေးသည် သားပုဏ္ဏဝဃနအား ထိမ်းမြားမင်္ဂလာပြုသော် အဦးဖြစ်သော ကျောင်းတော်၌နေသော မြတ်စွာဘုရားကို ပစ်ထား၍ အခါ လေးမြင့်ဖြစ်သော ချစ်ခြင်းရှိသော အချည်းစည်း အဝတ်မဝတ်သော တိတ္ထိ တို့ကိုသာ ကျွေးမွေးလျက် ငါ၏အရှင်တို့အား ပူဇော်သက္ကာရပြုအံ့ဟု များစွာကုန်သော အိုးသစ်တို့ဖြင့် ရေမရှိသော နို့ဃနာကို ချက်စေ၍ ငါးရာ သော အစေလကတိတ္ထိတို့ကိုပင့်ဖိတ်၍ အိမ်တွင်းသို့ ဝင်စေပြီးသော် ချွေးမ သည်လည်းလာ၍ ရဟန္တာအရှင်ကောင်းတို့ကို ရှိခိုးလှည့်ဟု ဝိသာခါသို့ စေလိုက်၏။ အရိယာတပည့်မ သောတာပန်ဖြစ်သော ဝိသာခါသည် ထို တိတ္ထိတို့ ထမင်းကျွေးရာသို့လာ၍ ကြည့်သော် ဤသို့ အရှက်အကြောက်ကို ကြဉ်၍ ရဟန္တာမဖြစ်ကုန်၊ စက်ဆုတ်ဖွယ်သာ ဖြစ်သည်ဟု ကဲ့ရဲ့၍ မိမိ နေရာသို့ သွားလေသည်။

ထိုအခါ အဝတ်မဝတ်သော တိတ္ထိတို့က ရဟန်းဂေါတမ၏ တပည့် သူယုတ်မကို နှင်ထုတ်ပစ်ရန် တိုက်တွန်းပြောဆိုရာ၊ သူဌေးကြီးက အမျိုး ကြီး၏ သမီးဖြစ်၍ ထိုသူတို့၏စကားဖြင့် နှင်ထုတ်အံ့သောငှာ မတတ်ကောင်းဟုကြံ၍ တိတ္ထိတို့ကို တောင်းပန်ပြောဆို၍ လွှတ်လိုက် လေသည်။

ထို့နောက် သူဌေးကြီးသည် မြတ်သောနေရာ၌နေ၍ ရွှေခွက်ဖြင့် ရေမရှိသော နို့ဃနာကို စားနေသည့်အခိုက် ဆွမ်းခံသွားသော မထေရ် တစ်ပါးသည် ဆွမ်းအလို့ငှာ ထိုအိမ်သို့ ဝင်လေသည်။ သို့သော်သူဌေးမိုက် သည် မထေရ်ကိုမြင်သော်လည်း မမြင်သကဲ့သို့ အောက်သို့ မျက်နှာချ၍ စား၏။ ထိုအခါ ယောက္ခမကိုယပ်ခပ်၍ ပေးနေသော ဝိသာခါက မထေရ်ကိုမြင်၍လည်း ငါ၏ယောက္ခမသည် ရဟန်းဟူသော အသိအမှတ်ကို မျှ မပြုဟုသိ၍ ကန်တော့ပါ၏ အရှင်ဘုရား၊ အကျွန်ုပ်၏ ယောက္ခမသည် အသစ်ကိုမပြု၊ အဟောင်းကိုသာ စားပါ၏ဟုဆို၏။ သူဌေးကြီးသည်နိဂဏ္ဌ တို့ကို ဆိုသောအခါ သည်းခံ၍၊ အဟောင်းကိုသာစားသည်ဟုဆိုသော ခဏ ၌ လက်ကိုဖယ်၍ ဤဃနာကို ဆောင်လေကုန်၊ ဤသူယုတ်မကိုလည်း အိမ်မှ နှင်ထုတ်လေကုန်၊ ဤချွေးမသည် ငါ့အားဤ မင်္ဂလာအခါ၌ မစင် စားမည်သည်ကို ပြု၏ဟုဆို၏။

ဝိသာခါသည် ယောက္ခမ၏စကားကိုကြား၍ ဤမျှဖြင့် ငါတို့ သည် မထွက်ကုန်သေး။ အဖတို့သည် ငါ့ကို ရေဆိပ်မှ ရေခပ်ကျွန်မကဲ့သို့ ဆောင်အပ်သည်မဟုတ်။ ထင်ရှားရှိသော မိဖ၏သမီးတည်း။ ဤမျှဖြင့် မထွက်သေး။ ဤသို့သောအကြောင်းကြောင့်ပင် အကျွန်ုပ်အဖသည် ဤမြို့သို့ လာသောအခါ၌ ဤရှစ်ယောက်သော သူကြွယ်တို့ကို အကယ်၍ ငါ၏ သမီးအား အပြစ်ဖြစ်အံ့၊ သင်တို့ သုတ်သင်ပါလေကုန်ဟု အကျွန်ုပ်ကို ထိုသူတို့၏ လက်၌အပ်ထား၏။ ထိုသူကြွယ်တို့ကိုခေါ်၍ ကျွန်ုပ်၏အပြစ်ကို သုတ်သင် ပါစေကုန်လော့ဟုဆိုသော် ဤချွေးမသည် ကောင်းသော စကားကို ဆို၏ဟု သူကြွယ်တို့ကိုခေါ်စေ၍ ဤသူငယ်မသည် မင်္ဂလာပြု သောအခါ ရွှေခွက်ဖြင့် နို့ဃနာစားသော ငါ့ကို မစင်စားသည်ဆို၏။ ထို့ကြောင့် ဤ ချွေးမအား အိမ်မှ နှင်ထုတ်ကုန်လောဟုဆို၏။ ဤသို့ဆိုသည် မှန်လေ သလောဟု သူကြွယ်တို့ကမေးသော် အကျွန်ုပ် ဤသို့မဆိုပါ။ မထေရ် တစ်ပါး ဆွမ်းရပ်လာသည်ရှိသော် ယောက္ခမသည် ရေမရှိသော နို့ဃနာကို မိမိသာစား၍ ထိုမထေရ်ကို သတိမမူပါသောကြောင့် ငါ၏ ယောက္ခမသည် ကောင်းမှုသစ်ကိုမပြု၊ အဟောင်းကိုသာ စားသည် ဟုကြံ၍ ယောက္ခမသည် အဟောင်းကိုသာလျှင် စားသည်ဟုဆို၏။ ဤစကား၌ ငါ့အား အဘယ် အပြစ်ရှိအံ့နည်းဆို၏။

ထိုအခါ သူကြွယ်တို့က ရှင်သူဌေး ဤစကား၌ အပြစ်မရှိ၊ ငါတို့၏သမီးသည် သင့်သည်ကိုသာ ဆိုပေ၏။ သင် အဘယ်ကြောင့် အမျက်ထွက်သနည်းဟုဆိုကြသော် အရှင်တို့ ဤချွေးမသည် တစ်နေ့ ညဉ့် သန်းခေါင်ယံ၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမခြံရံလျက် အိမ်အနောက်သို့ သွားလေသည်ဟုဆိုပြန်၏။ ဝိသာခါကလည်း ဤအိမ်၌ မြည်းမ သားဖွား သည်ကို အမှတ်မဲ့နေအံ့သောငှာ မသင့်ဟုကြံ၍ ဆီမီးထွန်းလျက် ကျွန်မ များနှင့်သွား၍ မြည်းမအား ရေနွေးနှင့် ဆေးကြောသုတ်သင်ခြင်းကိုပြု၏။ ဤသို့ပြုရာ၌ အဘယ်အပြစ်ရှိအံ့နည်းဟုဆိုလေသည်။ သူကြွယ်တို့ကလည်း ငါတို့၏ သမီးသည် ကျွန်ုပ်တို့ မပြုသည့်အမှုကိုပင် ပြုပေသည်။ ဤသို့ သွားရာ၌ အဘယ်အပြစ်မြင်သနည်းဟု မေးလေသည်။ သူဌေးကြီးက အရှင်တို့ ဤ၌ အပြစ်မရှိသော်လွတ်စေ။ ဤ

သူငယ်မ၏ အဖသည် ဤမြို့သို့လာခါနီးတွင် ပုန်းကွယ်ရာ၌နေ၍ အတွင်း ကမီးကို အပြင်သို့မထုတ်အပ် စသည်ဖြင့် ဆယ်ပါးသော အဆုံးအမကို ဤ သူငယ်မအားပေး၏။ ဤဆယ်ပါးတို့၏ အနက်အဓိပ္ပာယ်ကို ဆိုအံ့သောငှာ အပ်၏။ ငါတို့သည် အိမ်နီးချင်းတို့အား မီးကိုမပေးဘဲ နေအံ့သောငှာ လည်းကောင်း၊ ထိုသူတို့၏ မီးကိုမယူဘဲ နေအံ့သောငှာလည်းကောင်း မတတ်နိုင်ကုန်ဟုဆို၏။ ဤသို့ဆိုတိုင်း မှန်သလောဟု မေးလေသော်

အကျွန်ုပ်၏အဖသည် ဤအကြောင်းများကို ရှည်၍ဆိုသည်မဟုတ်။ ထိုဆုံးမ ခြင်းတို့၏ အနက်အဓိပ္ပာယ်မှာမူ အတွင်းဖြစ်သော ယောက္ခမ လင်တို့၏ ကျေးဇူးမဲ့စကားကို အပြင်ဖြစ်သော မိန်းမ၊ ယောကျာ်းတို့ကို မပြောဆိုလင့်၊ ပြင်ပ မိန်းမ ယောကျာ်းတို့၏ ယောက္ခမ လင်တို့၏ ကျေးဇူးမဲ့စကားကို ဆောင်ခဲ့၍ ယောက္ခမ လင်တို့အား မပြောဆိုလင့်၊ တစ်ခဏ ငှားရမ်းသော ဥစ္စာကို ပြန်ပို့လာသူတို့အား ပေးကမ်းအပ်၏။ ပြန်မပို့သူတို့အား မပေး အပ်။ ပေးပြန်လာသည်ဖြစ်စေ၊ မပေးပြန်လာသည်ဖြစ်စေ ဆွေဆင်းရဲ မျိုးဆင်းရဲတို့အားကား သင်္ဂြိုဟ်ထောက်မသဖြင့် ပေးအပ်၏။ ယောက္ခမ လင်တို့ကိုမြင်လျှင် ထရ ပြောင်းရမည့်အရပ်၌ မနေမူ၍ ချမ်းသာစွာ မပြောင်းမထရမည့် အရပ်၌နေအပ်၏။ ယောက္ခမ လင်တို့မစားခင် မစား မူ၍ အရိုအသေပြုအပ်၏။ ယောက္ခမ လင်တို့ကိုလုပ်ကျွေး၍ ထိုသူတို့ စားရသည် မစားရသည်ကိုသိ၍ နောက်မှစားအပ်၏။ ယောက္ခမ လင်တို့၏ ရှေးဦးစွာ အိပ်ရာသို့တက်၍ မအိပ်မူ၍ ထိုသူတို့အား ပြုအပ်သော ဝတ်ကြီး ဝတ်ငယ်တို့ကိုပြု၍ နောက်မှအိပ်အပ်၏။ ယောက္ခမ လင်တို့ကို မီးပုံကြီး ကဲ့သို့မှတ်၍ အရိုအသေပြုအပ်၏။ ယောက္ခမ လင်တို့ကို နတ်တို့ကဲ့သို့ ပြု၍ ရှုအံ့သောငှာအပ်၏ ဟူ၍သာ ဆိုလိုကြောင်းနှင့် ဖြေလေသည်။ ထို့နောက်တွင် သူဌေးကြီးသည် မည်သို့မျှ နောက်ထပ်၍ အပြစ် မဆိုနိုင်ရှိသည့်အပြင် မသိ၍ဆိုမိသည်များကိုပင် သည်းခံရန် တောင်းပန်ရ လေသည်။ ဝိသာခါကိုလည်း သူ၏ သဘောအတိုင်း ရဟန်းသံဃာတို့အား လုပ်ကျွေးခွင့်ပေးရလေသည်။

ဝိသာခါသည် ထိမ်းမြားမင်္ဂလာပြု၍ မိုးသောက်သောနေ့၌ မြတ်စွာဘုရားကို ဆွမ်းဖိတ်၍ လုပ်ကျွေး၏။ တိတ္ထိတို့သည် မြတ်စွာ ဘုရား မိဂါရသူဌေးအိမ်သို့ ကြွတော်မူသောအဖြစ်ကို သိလျှင် အိမ်၏နောက်ဘက်၌ ခြံရံ၍ နေကုန်၏။ ဝိသာခါသည် အလုံးစုံပူဇော်သက္ကာရကို စီရင်ပြီး၍ ငါ၏ယောက္ခမသည်လာ၍ မြတ်စွာဘုရားကို လုပ်ကျွေးလှည့်ဟု စေလိုက် ၏။ သို့သော် တိတ္ထိတို့ကတားမြစ်၍ မလာဘဲနေလျှင် ဝိသာခါသည် ဘုရား အမှူးရှိသော သံဃာတို့ကိုလုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးပြီးသော် တရားနာရန် ခေါ်ပြန်၏။ ထိုအခါတွင် မိမိဆရာ တိတ္ထိတို့ ပြောဆိုသည့်အတိုင်း ကန့် လန့်ကာအပြင်၌နေ၍ တရားကိုနာလေသည်။ သူဌေးလည်း ကန့်လန့်ကာ အပြင်၌နေလျက်သော တာပတ္ထိဖိုလ်၌တည်လေသည်။ ထိုအခါ ကန့်လန့်ကာ ကိုမယလျက် ဝင်လာပြီးလျှင် ဝိသာခါ၏သားမြတ်ကို နှုတ်သီးဖြင့်စုတ်၍ ယနေ့မှစ၍ သင်သည် ငါ၏အမိတည်းဟု ဝိသာခါကိုအမိ၏အရာ၌ ထား ၏။ ထိုကြောင့် ဝိသာခါသည် မိဂါရမာတာဟူ၍တွင်လေသည်။ ထို့နောက် တွင် မိဂါရသူဌေးကြီးက ငါ၏ချွေးမဝိသာခါသည် ကျေးဇူးရှိလေစွ၊ ကြည် ညိုသောအချင်းအရာကို ပြုကုန်အံ့ဟု အဖိုးတစ်သိန်းထိုက်သော မဟလ္လတာ တန်ဆာကိုပြု၍ပြီးသည်ရှိသော် ဘုရားအမှူးရှိသော သံဃာတော်တို့ကို ဆွမ်း ဖိတ်၍ ဆွမ်းလုပ်ကျွေး၏။ ဝိသာခါကို တစ်ဆယ့်ခြောက်လုံးသော နံ့သာရေ တို့ဖြင့် ချိုးစေ၍ ထိုတန်ဆာကိုဆင်စေ၍ မြတ်စွာဘုရားကိုရှိခိုးစေ၏။ ဝိသာခါသည် ထိုအခါမှစ၍ အလှူအစရှိသောကောင်းမှုတို့ကိုပြု၍ မြတ်စွာဘုရားအထံ၌ ဆုရှစ်ပါးတို့ကိုရ၍ ကောင်းကင်၌လကဲ့သို့ ထင်ရှား၏။ သားသမီးတို့ဖြင့် ပွားစီးခြင်းသို့ရောက်၏။ သားယောက်ျား တစ်ကျိပ်၊ သမီးမိန်းမ တစ်ကျိပ်တို့သည်ဖြစ်ကုန်၏။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၌လည်း သားတစ်ကျိပ် သမီးတစ်ကျိပ်အားဖြင့် နှစ်ကျိပ်စီဖြစ်၍ မြေးလေးရာဖြစ်၏။ မြေးတို့တွင်လည်း တစ်ယောက် တစ်ယောက်၌ နှစ်ကျိပ်စီဖြစ်၍ မြစ်ရှစ်ထောင်ဖြစ်၏။ ဝိသာခါသည် အသက်တစ်ရာ့နှစ် ဆယ်နေ၍ ဆံဖြူတစ်ပင်မျှမပေါက်။ တစ်ဆယ့်ခြောက်နှစ်အရွယ်ကဲ့သို့ အမြဲ ဖြစ်၏။ သားမြေးမြစ်တို့နှင့် ကျောင်းသို့သွားသော် ဤသူတို့တွင်ဝိသာခါ သည် အဘယ်နည်းဟုမေးရကုန်၏။ ဣရိယာပုထ်လေးပါးလုံး၌ပင် တင့် တယ်၏။ ဝိသာခါသည် ဆင်ငါးစီးအားကိုဆောင်၏။ ထိုအခါ သာဝတ္ထိပြည်၌ ဝိသာခါသည် သားမြေးမြစ် များစွာ ဖြစ်၍ အလွန်မင်္ဂလာရှိသောသူဟု သမုတ်အပ်၏။ သားမြေးမြစ်တို့တွင် တစ်ယောက်သောသူမျှအကြား၌ သေသူဟူ၍ မရှိ၊ မင်္ဂလာပွဲလမ်းသဘင်တို့၌ ဝိသာခါကို ဖိတ်မန်၍ ရှေးဦးစွာကျွေးမွေးကုန်၏။ ဝိသာခါသည် သာဝတ္ထိပြည် အရှေ့တံခါး၌ ကျောင်းရာမြေအတွက် အသပြာ ကိုးကုဋေ၊ အလှူ၌ အသပြာ ကိုးကုဋေအားဖြင့် ၂၇ ကုဋေသော အသပြာတို့ကို အကုန်အကျခံလျက် ဘုံခုနစ်ဆင့်ရှိသော ပုဗ္ဗာရုံကျောင်းကို ဆောက်လုပ်လှူဒါန်းသည်။ ထိုအခါမှစ၍ ဝိသာခါကို ပုဗ္ဗာရုံကျောင်းအမ ဝိသာခါ ဟုလည်းခေါ်စမှတ်ပြုကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)