သိင်္ဂါလမာတုထေရီ

ဝီကီပီးဒီးယား မှ

သိင်္ဂါလမာတုထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဧတဒဂ်ရ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

အတိတ်ဘဝ[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ကမ္ဘာတစ်သိန်းအထက်တွင် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုအချိန်တွင် သိင်္ဂါလမာတုထေရီသည် ဥစ္စာပြည့်စုံသည့် အမတ်မျိုးတွင် ဖြစ်၏။ တစ်ခုသောအချိန်တွင် သိင်္ဂါလမာတုထေရီသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၏။ ထို့နောက် ရဟန်းဘောင်သို့ ဝင်သွား၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းမတစ်ဦးအား သဒ္ဓါတရားဖြင့် နှလုံးသွင်းသူတို့တွင် အမြတ်ဆုံးဟု ချီးကျူး၏။ ထိုအခါ သိင်္ဂါလမာတုထေရီသည် ထိုဧတဒဂ်ဆုကို တောင့်တကာ သိက္ခာသုံးပါးကို ဖြည့်ကျင့်၏။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ဂေါတမအမည်ရသည့် မြတ်စွာဘုရားလက်ထက်တွင် “သိင်္ဂါလလုလင်၏ အမိ” ဟူသော အမည်ဖြင့် တပည့်သာဝိကာမ ဖြစ်မည်ဟု မိန့်တော်မူ၏။[၁]

ဧတဒဂ်ရတော်မူခြင်း[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ရာဇဂြိုဟ်မြို့တွင် သူဌေးမျိုး၌ လူဖြစ်၏။ သိင်္ဂါလဟူသော သားတစ်ဦးအား ဖွားမြင်၏။ သားဖြစ်သူ သိင်္ဂါလသည် မှားယွင်းသော အယူရှိသူ ဖြစ်၏။ မြတ်စွာဘုရားသည် သိင်္ဂါလသတို့သားအား တရားတို့ကို ဟောကြားရာ မိခင်ဖြစ်သူသည် သောတာပန် ဖြစ်၏။ ထို့နောက်တွင် သာသနာ့ဘောင်သို့ ဝင်ခဲ့၏။

ထိုအခါ သိင်္ဂါလမာတုထေရီသည် ဗုဒ္ဓနုဿတိဘာဝနာကို ပွားများရာ ရဟန္တာဖြစ်တော်မူ၏။ သိင်္ဂါလမာတုထေရီသည် မြတ်စွာဘုရား၏ ရောင်ခြည်တော်တောက်ပလျက်ရှိသည့် ရုပ်အဆင်းတော်ကို ဖူးမြော်ရသော်လည်း မရောင့်ရဲနိုင်ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် သိင်္ဂါလမာတုထေရီအား သဒ္ဓါတရားဖြင့် နှလုံးသွင်းသူတို့တွင် အမြတ်ဆုံးဟူသော ဧတဒဂ်ဆုကို ပေးတော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ခတ္တိယာဝဂ်