ပဋာစာရီထေရီ
ပဋာစာရီထေရီ သည် ဂေါတမမြတ်စွာဘုရားလက်ထက် သာသာနာတော်တွင် ဝိနည်းအရာတွင် အကျွမ်းကျင်ဆုံး၊ အလိမ္မာဆုံး ဧတဒဂ် ရရှိခဲ့သည့် ရဟန္တာမ ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဖခင်ဖြစ်သူမှာလည်း သာဝတ္ထိပြည်တွင် ထင်ရှားသည့် မြေပိုင်ရှင်သူဌေးကြီး ဖြစ်သည်။ မျိုးရိုးမှာလည်း မြတ်စွာဘုရားတို့ကဲ့သို့ ခတ္တိယ အနွယ်ဝင် ဖြစ်သည်။ ဖခင်ဖြစ်သူသည် ဗြဟ္မဏပုဏ္ဏားတို့ကို ကိုးကွယ်ယုံကြည် ဆည်းကပ်သူ ဖြစ်လေသည်။
ထိုအချိန်က ဘုရားရှင်သည် ဇေတဝန်ကျောင်းတော် ဝယ် တရားရေအေးများ တိုက်ကျွေးနေသော်လည်း ဖခင်ကြီး၏ အယူစွဲ ပြင်းထန်မှုသည် သမီးအပေါ်တွင် သက်ရောက်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို နာကြားချင်ပါလျက် နာကြားခွင့် မရပေ။[၁]
အိမ်ထောင်ပြုခြင်း
[ပြင်ဆင်ရန်]ပဋာစာရီသည် အရွယ်ရောက်လာသည့်အခါ မိမိ၏ အိမ်ရှိ အစေအပါး ဒါသ နှင့် ချစ်ကြိုးသွယ်မိလေသည်။ တစ်ဖက်တွင်လည်း ဖခင်ဖြစ်သူက မိမိနှင့် ဂုဏ်ရည်တူ သူဌေးသားတစ်ဦးနှင့် လက်ထက်ထိမ်းမြားပေးရန် စီစဉ်ကြလေသည်။ ထိုအချိန်ဝယ် ပဋာစာရီလည်း မိဘနှင့် ချစ်သူကြားဝယ် ဒွိဟဖြစ်ကာ ဗျာများလျက်ရှိသည်။ အဆုံးတွင် မိဘတို့၏ စကားကိုလွန်ဆန်ကာ ချစ်ရသူ ဒါသနှင့် တောရွာများဆီသို့ ခိုးရာလိုက်ပြေးလေသည်။[၁]
လင်ဖြစ်သူနှင့် ခွဲခွာရချိန်
[ပြင်ဆင်ရန်]ဤသို့ဖြင့် ပဋာစာရီတွင် ရင်သွေးရတနာလေးကို လွယ်ထားရသည်။ မကြာမီပင် သားရတနာလေးကို ဖွားမြင်ရမည် ဖြစ်လေသည်။ ထိုအခါ မိန်းမတို့၏ သဘာဝအတိုင်း မိဘရပ်ထံသို့ပြန်ကာ မီးဖွားလိုစိတ် ရှိလာသည်။ ခင်ပွန်းဖြစ်သူကို ပြောပြသည့်အခါ မိမိမှာ ကျွန်ဘဝမှ သခင်မကို ခိုးယူလာခဲ့သည့်အတွက် ယောက္ခမဖြစ်သူနှင့် ရင်မဆိုင်ရဲ ဖြစ်နေသည်။ သို့ဖြစ်သည့်အတွက် မယားဖြစ်သူကို ဖျောင်းဖျပြောဆိုသည်။ သို့သော် ပဋာစာရီသည် လင်ဖြစ်သူ မရှိခိုက် မိဘရပ်ထံသို့ ခိုးထွက်လာခဲ့ရာ ခရီးဆုံးမရောက်ခင် လမ်းခုလပ်ဇရပ်၌ပင် တစ်ယောက်တည်း သားငယ်ရင်သွေးလေးကို ဖွားမြင်ခဲ့သည်။ ခင်ပွန်းဖြစ်သူလည်း နောက်မှ ရောက်လာကာ ရွာသို့ ပြန်လည်ခေါ်ဆောင်သည့်အတွက် ပြန်လာခဲ့သည်။ ဤသို့ပင် ဒုတိယရင်သွေးကိုလည်း ပထမရင်သွေးကဲ့သို့ပင် လမ်းခုလပ်ဇရပ်၌ပင် ဖွားမြင်ခဲ့ရသည်။ သည်တစ်ခါတွင် ဒါသ သည် သာဝတ္ထိသို့ အရောက်သွားကာ မိဘတို့အားတောင်းပန်မည် ဖြစ်ကြောင်း ပြောလေသည်။ မိဘရပ်ထံ မပြန်ခင် ဇရပ်ပေါ်တွင် မီးဖိုရန် ဒါသလည်း တောထဲသို့ ထင်းရှာထွက်သွား၏။ နံနက်လင်း၍ ပြန်မရောက်လာသည့်အတွက် ပဋာစာရီသည် မွေးခါစရင်သွေးကို ရင်ဝယ်ပိုက်ကာ သားအကြီးကို လက်ကဆွဲ၍ ရှာလေသည်။ တောထဲတွင် မြွေဆိပ်တို့ဖြင့် တစ်ကိုယ်လုံး ညိုမဲပုပ်ကာ သေဆုံးနေသည့် ဒါသကို မြင်တွေ့ရလေသည်။ ပဋာစာရီလည်း လင်ဖြစ်သူ၏ အလောင်းကို သစ်ရွက်မျှပင် မဖုံးနိုင်ဘဲ စွန့်ခွာခဲ့လေသည်။ သူမ၏ ခြေလှမ်းများသည် မိဘရပ်ထံသို့ ဦးတည်ရွေ့လျားလေသည်။[၁]
သားတို့နှင့် ခွဲခွာရခြင်း
[ပြင်ဆင်ရန်]လင်ဖြစ်သူကို စွန့်ကာ သာဝတ္ထိကို လာရာလမ်းတွင် ချောင်းငယ်ကလေးတစ်ခုကို ဖြတ်ကျော်ရမည် ဖြစ်၏။ တောင်ကျချောင်းရေဖြင့် ရေတို့သည် စီးဆင်းလျက် ရှိသည်။ ရင်ဝယ်ပိုက်ထားသည့် သားကလေးကို တစ်ဖက်ကမ်းသို့ ဖြတ်ကူးကာ အနှီးထဲတွင် ထည့်၍ ထားခဲ့သည်။ သားကြီးသည်ကား သည်ဘက်ကမ်းတွင် ဖြစ်၏။ သားငယ်ကို ကူးပေးပြီးမှ သားကြီးကို ကူးပေးရန် ဖြစ်သည်။ သို့သော် အဖြစ်အပျက်တို့သည် မြန်ဆန်လှ၏။ အနှီးထုပ်ထဲတွင် ရှိသည့် ကလေးငယ်ကို သားတစ်မှတ်ကာ စွန်ကြီးသည် သုတ်ချီလေရာ ပဋာစာရီသည် စွန်ကို အော်ကာ လက်တို့ကို လှုပ်ရမ်းလေသည်။ ဤသည်ကို မြင်သော တစ်ဖက်ကမ်းမှ သားကြီးဖြစ်သူသည် မိမိကို ခေါ်သည်မှတ်ကာ ချောင်းထဲသို့ဆင်းရာ နစ်မြုပ်ကာ မျောပါသွားလေသည်။ ပဋာစာရီသည် မကြာလိုက်သော အချိန်ကလေးတွင် သားနှစ်ယောက်တို့ကိုလည်း ဆုံးရှုံးခဲ့ရ ပြန်လေသည်။[၁]
သာဝတ္ထိသို့ ရောက်လေပြီ
[ပြင်ဆင်ရန်]ပဋာစာရီလည်း ဆက်လက်ထွက်ခွာလာခဲ့ရာ သာဝတ္ထိသို့ အရောက် မိဘတို့၏ နေအိမ်ကို အံ့ဩခြင်းများစွာဖြင့် တွေ့ရလေသည်။ မနေ့က မိုးကြီးလေကြီးကျသဖြင့် မိဘနှစ်ပါးစလုံး နေအိမ်ပိကာ သေဆုံးလေပြီ ဖြစ်သည်။ ပဋာစာရီလည်း မိမိ၏ အပေါ်ဝတ်၊ အောက်အဝတ်တို့ကို ချွတ်ကာ သွားမိသွားရာ သွားနေတော့သည်။ (ပဋာ = ခါးဝတ်မပါ၊ ပဋာစာရ = လှည့်လည်သွားလာသူ)။ [၁]
ဘုရားရှင်နှင့် ဆုံလေပြီ
[ပြင်ဆင်ရန်]လှည့်လည်သွားလာရင်း ဘုရားရှင်၏ ကျောင်းတော်ရှေ့သို့ ရောက်သွားလေသည်။ လူအများက အမြင်မတင့်သော ပဋာစာရီကို မောင်းထုတ်ကြသည်။ သို့သော် မြတ်စွာဘုရားမူ "ချစ်သမီး ... ပဋာစာရီ"ဟု ခေါ်တော်မူသည်။ ထိုအခါ ပဋာစာရီသည် ကိုယ်ကို ကျုံ့ကာ လက်တို့ဖြင် ရင်ကိုဖုံးထားပြီး ဘုရားရှင်ထံ သွားလေသည်။ ဘေးမှ လူအပေါင်းတို့လည်း သူတို့၏ တဘက်များ စသည်တို့ကို ပေးသဖြင့် အရှက်မှ လုံခြုံရပေသည်။ ဤသို့ဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက် တရားတော်များကို ကြားနာရကာ ရဟန္တာမ ဖြစ်ခဲ့သည်။ ဘုရားရှင်ထံမှ ဝိနည်းတို့ကို သင်ယူတတ်မြောက်ခဲ့သည်။ နောင်အခါတွင် ဘုရားရှင်၏ ဝိနည်းအရာတွင် အကျွမ်းကျင်ဆုံး၊ အလိမ္မာဆုံး ဧတဒဂ် ဆုကိုပင် ရရှိခဲ့သည်။[၁]