မဟာကပ္ပိန

ဝီကီပီးဒီးယား မှ
(အရှင်မဟာကပ္ပိန္န မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကုက္ကုဋဝတီပြည်၌ မွေးဖွားခဲ့သည်။ နာမည်ကား ကပ္ပိနဖြစ်သည်။ ထို့ဖခင်ကွယ်လွန်သွားပြီးနောက် မင်းအဖြစ် ရရှိခဲ့သည်။ မဟာကပ္ပိနမင်းဟု ထင်ရှားသည်။ ထိုမင်းကြီး၏ မိဖုရားကြီးသည်ကား မဒ္ဒတိုင်း သာလဂမြို့မှ အနောဇာမည်သော မင်းသမီး ဖြစ်၏။ သူမ၏ ကိုယ်ရေအဆင်းသည် လိပ်ဆူးရွှေပန်းကဲ့သို့ အဆင်း ဝါဝင်းသော အရောင်အသွေးနှင့် ပြည့်စုံသူဖြစ်သည်။ အရွယ်ရောက်သော် မဟာကပ္ပိနမင်းကြီး နန်းတော်သို့ ရောက်ရှိခဲ့ပြီး အနောဇာဒေဝီမိဖုရားကြီး ဖြစ်လာခဲ့သည်။ မဟာကပ္ပိနမင်းကြီး၏ ထူးခြားချက်မှာ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသည်။ ထူးခြားသည့် သတင်းစကားများကို အမြဲတမ်း နားစွင့်တတ်သည်။ ထိုမင်းတွင် ဗလ, ဗလဝါဟန, ပုပ္ဖ, ပုပ္ဖဝါဟန, သုပတ္တမည်သော နာမည်ကျော် မြင်းလေးစီး ရှိသည်။ ထိုတွင် သုပတ္တိ အမည်ရှိသောမြင်းကို ကိုယ်တော်တိုင်စီးလျက်၊ အခြားမြင်းလေးကောင်နှင့် မြင်းစီးသူရဲကောင်းများကို အနယ်နယ်အရပ်အရပ်သို့ စေလွှတ်ကာ ဗဟုသုတ သတင်းစကားဆောင်ရာ၌ အသုံးပြုခဲ့သည်။

တစ်ရက်တွင် မင်းကြီးသည် သုပတ္တမြင်းအား ကိုယ်တော်တိုင် စီးလျက် မိမိနှင့်ဘဝပေါင်းများစွာ အတူတကွ ရှင်သန်ခဲ့ကြသည့် အမတ်ပေါင်း(၁၀၀၀)ခြံရံလျက် ဥယျာဉ်သို့ ထွက်ခဲ့သည်။ ထိုစဉ် သာဝတ္ထိပြည်မှ ရောက်ရှိလာ သော ကုန်သည်များထံမှ ဂေါတမမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကို ကြားသိလိုက်သည်။ ဘုရားဆိုသည့် သတင်းစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မဟာကပ္ပိနမင်းကြီးသည် အားရဝမ်းသာ ပီတိဖြာလျက် ရှိခဲ့သည်။ သို့အတွက် ထိုဘုရားပွင့်နေပြီဆိုသည့် သတင်းပေးသော ကုန်သည်တို့အား အသပြာ(၁)သိန်းစီ ဆုလာဘ်ပေး၏။ ထိုနည်းတူစွာပင် တရားရတနာ၊ သံဃာရတနာအတွက်လည်း မင်းကြီးသည်ဆုလာဘ် အဖြစ်(၁)သိန်းစီ ဆုချတော်မူသည်။ ထို့နောက် မင်းကြီးသည် နန်းတော်သို့ ပြန်ဝင်ခြင်းမပြုတော့ဘဲ တောထွက်ခဲ့ သည်။ ထီးနန်းစည်းစိမ်အားလုံးကိုလည်း နန်းတော်တွင်ကျန်ရှိခဲ့သည့် အနောဇာ မိဖုရားကြီးထံကို စာဖြင့်အကြောင်း ကြားသိစေလျက် ကုန်သည်များမှတဆင့် စွန့်လွှတ် လွှဲအပ်ခဲ့သည်။ မင်းကြီးနှင့်ပါသည့် အမတ်တစ်ထောင်တို့ သည်လည်း မိမိတို့၏မင်းကြီးနှင့်အတူ ရဟန်းပြုရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ထို့နောက် သာဝတ္ထိပြည် မြတ်စွာဘုရားရှိရာသို့ ရည်မှန်း၍ တောထွက်တော်မူလေသည်။

အနောဇာမိဖုရားကြီးသည်လည်း မင်းကြီးနည်းတူ ဘုရား၊ တရား၊ သံဃာဆိုသည့် သတင်းစကားကို ဆောင်လာသည့် ကုန်သည်များအား ရတနာတစ်ခုလျှင်(၃)သိန်းစီ ဆုတော်ချတော်မူလိုက်သည်။ ထို့နောက် မိမိတို့ သည်လည်း မဟာကပ္ပိနမင်းကြီးနည်းတူ မြတ်ဗုဒ္ဓရှိရာ သာဝတ္ထိပြည်သို့ နောက်မှလိုက်ပါလာခဲ့ကြသည်။

မင်းကြီးသည် အမတ်တစ်ထောင် ခြံရံလျက် မြင်းကိုယ်စီ စီး၍ တောထွက်လာခဲ့သည်။ လမ်းခရီးတွင် အပရစ္ဆာအမည်ရသည့်မြစ်ကို တွေ့ရာတွင် မြတ်ဗုဒ္ဓ၏ဂုဏ်ကျေးဇူးကို ဆင်ခြင်ပွားများ အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကူးမြောက်နိုင်ခဲ့သည်။ ထို့နောက် နိလိဝါဟိနီအမည်ရသည့်မြစ်ကို တွေ့ရှိရာ တရားတော်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့လျက် အဓိဋ္ဌာန်ပြုကာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်တွင် စန္ဒဘာဂါအမည်ရသည့် မြစ်တစ်စင်းကို ထပ်မံတွေ့ရှိရာတွင် သံဃာ့ဂုဏ်ကို ဆင်ခြင်အောက်မေ့ အဓိဋ္ဌာန်ပြုလျက် သာမန်မြေပြင်ပေါ်တွင် သွားရသလို လွယ်ကူစွာပင် ကူးမြောက်နိုင်ခဲ့သည်။ မိဖုရားကြီးတို့သည်လည်း ထိုကဲ့သို့ပင် နောက်မှလိုက်ပါသွားကြပြီး ကူးမြောက်နိုင်ခဲ့ကြသည်။


မြတ်ဗုဒ္ဓသည် ယူဇနာ(၁၂၀)ရှိသော ခရီးကို ကိုယ်တော်တိုင်တစ်ပါးတည်း ထွက်ကြွလျက် စန္ဒဘာဂါ မြစ်ဆိပ်အနီးရှိ ပင်ညောင်ပင်ရင်း၌ ရောင်ခြည်တော်(၆)သွယ် လွှတ်တော်မူကာ မဟာကပ္ပိနမင်းတို့အလာကို စောင့်ကြို နေခဲ့သည်။ ထိုစဉ်မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောတော်မူသည်။ အားလုံး သောတာပန် တည်ကြသည်။ အားလုံး ဧဟိဘိက္ခု ရဟန်းအဖြစ် သာသနာတော်သို့ ဝင်ရောက်ကြသည်။ ထိုနည်းတူစွာပင် အနောဇာသို့ရောက်လာ၍ တရားဟောတော်မူသည် သောတာပန်တည်ကြသည်။ အနောဇာတို့ကို အရှင်မဥပ္ပလဝဏ်အား တန်ခိုးဖြင့် ခေါ်တော်မူ၍ ဘိက္ခုနီမကျောင်းသို့ခေါ်ဆောင်စေကာ ရဟန်းမပြုပေးခိုင်းသည်။ ထို့နောက် အရှင်မဟာကပ္ပိနမထေရ်သည် မိမိအတွက် ရဟန်းတရား ဆက်လက်ပွားများအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ခဲ့သည်။

ထိုမထေရ်သည် ပဒုမုတ္တိုရ်မြတ်စွာဘုရားလက်ထက်တွင် ဟံသာဝတီမင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်ခဲ့ပြီး ဘိက္ခုဩဝါဒက=ရဟန်းတို့အား ဆုံးမဟောကြားရာ၌ ဧတဒဂ်ဘွဲ့ထူးကို တောင်းခဲ့သည်။ ထိုမှ လူပြည် နတ်ပြည်ဖြစ်ခဲ့ပြီး တစ်ခုသောဘဝ၌ ဗာရာဏသီပြည်၌ ယက်ကန်းသည်မှူးကြီး ဖြစ်ခဲ့သည်။ ထိုစဉ် ပစ္စေကဗုဒ္ဓါ (၁၀၀၀)တို့အား ဆွမ်းကိစ္စ၊ နေဖို့ကျောင်းဆောင်များကို တစ်ရွာလုံးဝိုင်းဝန်းပြီး ဆောင်ရွက်လှူဒါန်းခဲ့ကြသည်။ ထိုစဉ် သူ၏ဇနီးသည်က ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။

အရှင်မဟာကပ္ပိနမထေရ်သည် သီလဝန္တရဟန္တာ ဖြစ်သည်။ သို့အတွက် တစ်ပါးတည်း နေတော်မူစဉ် စဉ်းစားမိသည်။ မိမိသည် သီလဖြူစင်သည်။ မည်သည့်အာပတ်ဟူ၍ ကျူးလွန်ထားခြင်းမျိုး မရှိ။ သို့အတွက် သံဃာ့ဥပုသ်ပြုရန်အတွက် ဥပုသ်သိမ်သို့ သွား၍ ပါတိမောက်ပြစရာမလိုဟူသော အတွေးကို ကြံစည်တွေးတော နေခဲ့သည်။ ထိုအတွေးကို တွေးနေသည့် အရှင်မြတ်၏ စိတ်အကြံအား မြတ်ဗုဒ္ဓ သိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွတော်မူကာ မိန့်တော်မူသည်။

''ချစ်သား ကပ္ပိန၊ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး တန်ဖိုးထားပြီး ရိုသေလေးစားကြရမည်။ သင့်အနေနဲ့ ဥပုသ်ပြုရာသို့ မသွားပဲ မနေပါနဲ့။ သွားကို သွားရမည်'' ဟု မိန့်ကြားတော်မူလေသည်။

အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတရား ပွားများအားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်တော် မူပြီးနောက် အေးအေးလူလူ သမာပတ်ဝင်စားပြီး ချမ်းချမ်းသာသာ နေလိုသည်။ သို့အတွက် မိမိ၏ အနီးနေ တပည့်ရဟန်းတစ်ထောင်တို့အား တရားဟောကြား ဆုံးမဩဝါဒပေးမှု မပြုဘဲ နေခဲ့သည်။ ရရှိထားသည့် အရဟတ္တ ဖိုလ်သမာပတ် ချမ်းသာကို ဝင်စားခြင်းဖြင့် အချိန်ကို ကုန်လွန်စေသည်။ မြတ်စွာဘုရားသည် ထိုအကြောင်း ကြားသိခဲ့သည်။ သို့အတွက် မဟာကပ္ပိန၏ တပည့်များကို ခေါ်ကာ ဆုံးမဩဝါဒပေးမှု လုပ် မလုပ် မေးမြန်းခဲ့ သည်။ ဩဝါဒပေးမှုမျိုး မရှိဘဲ တစ်ပါးတည်းသာ သမာပတ်ဝင်စား၍နေကြောင်း သိရသည်ရှိသော် မဟာကပ္ပိန မထေရ်အား ခေါ်တော်မူ၍ တပည့်ရဟန်း(၁၀၀၀)တို့အား ဤနေ့မှစ၍ တရားဟောခြင်း ဩဝါဒပေးဆုံးမခြင်း ပြုရန် တိုက်တွန်းစကား မိန့်ကြားတော်မူ၏။

မြတ်စွာဘုရား၏ မိန့်ကြားချက်ကို နာယူပြီးနောက် အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတစ်ထောင်တို့အား တရားဟောကြား ဩဝါဒပေးဆုံးမရာ တပွဲတည်းဖြင့်ပင် ရဟန်း(၁၀၀၀)တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြ လေသည်။ ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် မဟာကပ္ပိန မထေရ်မြတ်အား ''ဘိက္ခု ဩဝါဒက=ရဟန်းယောက်ျားတို့ကို ဆုံးမသော အရာဝယ်အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏''ဟူ၍ ချီးကျူး မိန့်မြွက်ကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

အရှင်မြတ်သည် ရဟန်းကိစ္စပြီးဆုံးပြီးနောက် တစ်ပါးတည်း ဖလသမာပတ်ချမ်းသာကို ခံစားလို၍ တော၊ တောင်၊ သစ်ပင်ရင်း၏ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် သီတင်းသုံးနေထိုင်၏။ မကြာခဏလည်း ထိုဆိတ်ငြိမ် မှုများကို အကြောင်းပြု၍ ''အဟော သုခံ၊ အဟော သုခံ=ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်သာ''ဆိုပြီး ဥဒါန်း စကားကျူးရင့်နေတတ်သည်။ ထိုအခြင်းအရာကို သိ၍ ရဟန်းများသည် မင်းအဖြစ်ကို ပြန်လည်တမ်းတလျက် ဥဒါန်းကျူးသည်ဟု ထင်မြင်နေကြသည်။ ထိုထင်မြင်မှုကို အမြင်မှန်ရစေရန်အတွက် မြတ်ဗုဒ္ဓသည် ရဟန်းတို့အား တရားစကား ဟောကြားတော်မူသည်။

''တရား အရသာကို သောက်သုံးနေသူသည် ချမ်းသာစွာ အိပ်ရ၏။ ပညာရှိသူသည် ဘုရားအစရှိသော အရိယာသူတော်မြတ်တို့ ဟောကြားအပ်သော ဗောဓိပက္ခိယတရား၌ သန့်ရှင်ကြည်လင်သော စိတ်ဖြင့် အခါခပ်သိမ်း မွေ့လျော်နေ၏''

ကိုးကား[ပြင်ဆင်ရန်]

  • တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၁၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ)။ သာသနာရေးဦးစီးဌာန။ pp. ၅၄၁-၅၆၈။
  • အပါဒါအဋ္ဌကထာ ဒုတိယတွဲ -၂၁၈