စိတ္တသူကြွယ်

ဝီကီပီးဒီးယား မှ

စိတ္တသူကြွယ် သည် ဂေါတမဘုရားရှင်လက်ထက် သာသနာတော်တွင် တရားစာပေရေးရာများ ဟောပြောတတ်သောအရာတွင် ဧတဒဂ်ရသည့် အမျိုးသားဖြစ်သည်။ [၁]

ရှေးဘဝက ဆုတောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရဘုရားလက်ထက်[ပြင်ဆင်ရန်]

အချိန်မှာ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်ကာလ ပဒုမုတ္တရဘုရားရှင်လက်ထက်တွင်ဖြစ်သည်။ ဟံသာဝတီဟု အမည်ရသော တိုင်းပြည်တွင် စိတ္တသူကြွယ်သည် မြတ်သောအမျိုး၌ ဖြစ်လေသည်။ ပဒုမုတ္တရဘုရားရှင်သည် ဒါယကာတစ်ယောက်ကို တရားစာပေဟောပြောတတ်သောအရာ၌ ဧတဒဂ်ထားသည်ကို မြင်သော် အလှူအတန်းပေးကာ မိမိလည်း ထိုသူကဲ့သို့ ဖြစ်ချင်ပါသည်ဟု ဆုတောင်းခဲ့သည်။ [၁]

ကဿပဘုရားရှင်လက်ထက်[ပြင်ဆင်ရန်]

ကဿပဘုရားရှင် လက်ထက်တော်အခါက စိတ္တသူကြွယ်သည် မုဆိုးဘဝ၌ ဖြစ်ခဲ့ရသည်။ တောထဲဝယ် သားငါးအရှာထွက်လာသော မုဆိုးသည် ဘုရားရှင်၏ တပည့်သားတစ်ယောက်ကို မြင်လေသည်။ ထိုအခါ မုဆိုးက အိမ်မှဆွမ်းကို ယူကာ ဆွမ်းလှူလေသည်။ ထို့နောက် ပန်းနံ့သာတို့ဖြင့် လှူဒါန်းပူဇော်ခဲ့သည်။ မုဆိုးလည်း "အကျွန်ုပ်သည် ပန်းလှူရသော အမှုကို နှစ်သက်သည်။ နှစ်သက်သည့် ပန်းလှူရသော ကောင်းမှုကို ပြုရသည့်အတွက် သံသရာဝယ် ဖြစ်လေရာ ဘဝတိုင်းတွင် များစွာသော လာဘ်ကာရတို့ ရရှိကာ အဆင်းငါးပါးရှိသော ပန်းမိုးသည် ကောင်းကင်မှ ရွာပါစေ" ဟု ဆုတောင်း၏။ ဘုရားတပည့်သားတော် အရှင်လည်း ပြည့်စေဟု ဆုပေးလေသည်။ အရှင်လည်း မုဆိုး၏ အလိုကိုသိသဖြင့် ဒွတ္တိံ သာကာရ ကမ္မဋ္ဌာန်းကို သင်ပေးလေသည်။ ဒကာမုဆိုးလည်း အသက်ရှင်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှု ပြု၏။ သေလွန်သော် နတ်ပြည်သို့ ရောက်လေသည်။ သူပြုခဲ့သော ကောင်းမှုကုသိုလ်၏ အကျိုးသည် အကျိုးပေးမြန်ပေသည်။ နတ်ပြည်၌ ဖြစ်သော ခဏလေးတွင်ပင် သူ၏ဗိမာန်ဝယ် နတ်ပန်းမိုးသည် ဒူးဆစ်မျှ မြုပ်အောင် ရွာလေသည်။ သူ၏ ပန်းပူဇော်ရသော ကုသိုလ်တို့၏ အကျိုးကြောင့် အခြားသော နတ်တို့၏ အဆင်းထက် သာလွန်လေသည်။ [၁]

အနာဂါမ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

ကဿပဘုရားရှင်လက်ထက်မှစကာ နတ်ဘဝ၊ လူ့ဘတို့၌သာ ကျင်လည်ခဲ့ကာ ဂေါတမဘုရားရှင်လက်ထက်တွင် စိတ္တသူကြွယ်ဟူ၍ ဖြစ်လေသည်။ စိတ္တသူကြွယ်သည် မဂဓတိုင်း၊ မစ္ဆိကသဏ္ဍပြည်တွင် သူဌေးမျိုး၌ ဖြစ်လေသည်။ မွေးဖွားသောခဏ၌ပင် အဆင်းငါးပါးရှိသော ပန်းမိုးတို့သည် တိုင်းပြည်လုံးအနှံ့ ပုဆစ်ဒူးမျှကျွံအောင် ပန်းမိုးရွာလေသည်။ ပြည်လုံးအနှံ့ ပန်းမိုးရွာသည်ကို အကြောင်းပြု၍ အမည်ကို စိတ္တဟု မှည့်လေသည်။ စိတ္တသူကြွယ်သူ အရွယ်ရောက်သော် အိမ်ရာတည်ထောင်သည်။ ဖခင်သူဌေးကြီး ကွယ်လွန်၍ အမွေဆက်ခံသောအခါ မစ္ဆိကသဏ္ဍပြည်၏ သူဌေးကြီး ဖြစ်လာသည်။ တစ်နေ့သောအခါတွင် ပဥ္စဝဂ္ဂီငါးဦးတို့တွင် တစ်ဦးဖြစ်သော မဟာနာမထေရ်ကို ဖူးတွေ့ရလေသည်။ ထိုအခါ ကြည်ညိုကာ အမ္ပါဋကာရာမ ဟု အမည်တွင်သော ဥယျာဉ်တွင် ကျောင်းဆောက်လုပ်လှူဒါန်းကာ အလုပ်အကျွေးပြုလေသည်။ အရှင်မဟာနာမသည် စိတ္တသူကြွယ်အား တရားဟောသောအခါ အကျွတ်တရားရကာ အနာဂါမ် ဖြစ်လေသည်။ [၁]

ဘုရာရှင်အား ဖူးမြော်ခြင်း[ပြင်ဆင်ရန်]

အနာဂါမ်ဖြစ်သော်လည်း ဘုရားရှင်အား တွေ့ကာ ဖူးမြော်ဖူးခြင်း မရှိသေးပေ။ မစ္ဆိကသဏ္ဍနှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာသုံးဆယ် ကွာဝေး၏။ ဘုရားဖူးသွားရန် ပစ္စည်းလေးပါးတို့ကို လှည်းပေါ်တင်လေ၏။ ထို့ပြင် မိမိနှင့်အတူ ဘုရားအတူဖူးရန် ဘုရားဖူးပရိသတ်တို့ကိုခေါ်၏။ ပရိသတ် နှစ်ထောင်ဖြင့် ခြံရံကာ ရာဇဂြိုဟ်သို့ ဘုရားဖူး သွားလေသည်။ သွားရာ ခရီးလမ်းတလျှောက်တွင် နတ်တို့သည် ပူဇော်ကြလေသည်။ ဘုရားရှင်ထံသို့ ရောက်၍ ရှိခိုးပူဇော်သောအခါ အဆင်းငါးပါးရှိသော ပန်းမိုးတို့သည် ရွာလေသည်။ စိတ္တသူကြွယ်သည် အယနတရားကို ကြိုက်နှစ်သက်၏။ ဘုရားရှင်သည် ဒါယကာ ကြိုက်နှစ်သက်တတ်သော အယနတရားခြောက်ပါးကို အကျယ်တဝင့် ဟောပြောတော်မူသည်။ သူဌေးလည်း ဘုရားရှင်ထံတွင် လဝက်ခန့် နေ၍ အလှူအတန်း ပြုခဲ့သည်။ ဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့အား လှူတန်းပြီး၍ ပြန်လာရာ အလွတ်ဖြစ်နေသော လှည်းငါးရာတို့သည် နတ်တို့၏ ရတနာ ခုနစ်ပါးတို့ဖြင့် ပြည့်လေသည်။ [၁]

ပညာရှိတို့၏ အကျင့်သုံးပါးနှင့် ပြည့်စုံခြင်း[ပြင်ဆင်ရန်]

စိတ္တသူကြွယ်သည် ပညာရှိ၏။ ပညာရှိတို့၏ အကျင့်ကို ကျင့်၏။ ပိဋကတ်သုံးပုံကို စ-လယ်-ဆုံး သုံးပါးစလုံး မွှေနှောက်ချောက်ချားစေနိုင်သည်။ စိတ္တသူကြွယ် ပြည့်စုံသည့် ပညာရှိတို့၏ အကျင့်သုံးပါးတို့မှာ -

(၁) သူ့မေးခွန်းကို အသင့်အားဖြင့် သိသာအောင် ဖြေတတ်ခြင်း။

(၂) မိမိလည်း အသင့်အားဖြင့် ဖြေသာနိုင်အောင် သူတပါးကိုလည်း မေးတတ်ခြင်း။

(၃) အသင့်အားဖြင့် သိသာအောင် ဖြေလေသော်လည်း နှစ်လိုဝမ်းမြောက်စွာဖြစ်ကာ ကောင်းချီးပေးတတ်ခြင်း။ [၁]

ဧတဒဂ်ရခြင်း[ပြင်ဆင်ရန်]

တခါသော် ဘုရားတပည့်သားတော်တို့အား သူကြွယ်သည် တစ်ခုသော ပြဿနာကို မေးလေသည်။ နိရောဓသမာပတ်ဝင်စားသူသည် စိတ်မရှိ၊ သေသောသူသည်လည်း စိတ်မရှိ။ ထိုနှစ်ခုတွင် ထူးခြားချက်ကို ဖြေပေးရန် ဖြစ်လေသည်။ ဘုရားတပည့်သားတော်တို့၏ အဖြေမှာ သေသောသူသည် အသက်ဣန္ဒြေမရှိ။ မျက်စိ၊ နား၊ ပါး စသည်တို့ဖြင့် ဖောက်ပြန်၏။ နိရောဓသမာပတ်ဝင်စားသူသည် အသက်ဣန္ဒြေရှိ၏။ သို့သော် မျက်စိ၊ နား၊ ပါး စသည်တို့ဖြင့် မဖောက်ပြန်ဟု ဖြေကြား၏။ သူကြွယ်လည်း အဖြေကို အလွန်နှစ်သက်၏။ ချီးမွမ်းထောပနာပြုကာ ပစ္စည်းလေးပါးတို့ဖြင့်လှူဒါန်းလေသည်။

မြတ်စွာဘုရားရှင်သည် သူကြွယ်၏ ပညာကျေးဇူးတို့ကို အကြောင်းပြု၍ တရားစကားကို ဆိုတတ်သော ဒါယကာတို့တွင် ဧတဒဂ် ပေးတော်မူခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ရှင်မဟာသီလဝံသ။ ပါရာယန