အီရန်နိုင်ငံ
| အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān | |
|---|---|
ဆောင်ပုဒ်: လွတ်လပ်ရေး၊ လွတ်လပ်မှု၊ အစ္စလာမ်မစ်သမ္မတနိုင်ငံ | |
| မြို့တော် နှင့် အကြီးဆုံးမြို့ | တီဟီရန်မြို့ |
| ရုံးသုံး ဘာသာစကားများ | ပါရှား |
| အမျိုးအစား | အစ္စလာမ်မစ် သမ္မတနိုင်ငံ |
| အစိုးရ | |
• အဓိပတိ | မိုဂျ်တာဘာ ခါမေနီ |
• သမ္မတ | မာဆော့ ပါဇက်ရှ်ကီရမ် |
| တည်ထောင် | |
• အစ္စလာမ် သမ္မတနိုင်ငံ | ၁ ဧပြီ ၁၉၇၉ |
• ဖွဲ့စည်းပုံ အခြေခံဥပဒေ | ၂၄ အောက်တိုဘာ ၁၉၇၉ |
| ဧရိယာ | |
• စုစုပေါင်း | ၁,၆၄၈,၁၉၅ km² (၆၃၆,၃၇၂ sq mi) (အဆင့်: ၁၈) |
• ရေထု (%) | ၀.၇ |
| လူဦးရေ | |
• ခန့်မှန်း | ၇၇,၈၉၁,၂၂၀ (အဆင့် - ၁၇) |
• သိပ်သည်းမှု | ၄၅/km² (၁၁၆.၆/sq mi) |
| ငွေကြေး | ရိုင်ယယ် |
| အချိန်ဇုန် | +၃:၃၀ |
| တယ်လီဖုန်းကုဒ် | +၉၈ |
| Internet TLD | .ir |
အီရန်နိုင်ငံ (Iran)၊ တရားဝင်အားဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသည် ယူရေးရှားအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်းတွင် တည်ရှိသော မဟာဗျူဟာမြောက်နိုင်ငံတစ်ခု ဖြစ်သည်။ "အီရန်" ဟူသော အမည်ကို ဒေသခံများက အေဒီ ၂ ရာစု ဆက်ဆေးနီးယမ်းခေတ်ကတည်းက သုံးစွဲခဲ့ကြသော်လည်း နိုင်ငံတကာတွင်မူ ၁၉၃၅ ခုနှစ်မှစတင်၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထိုအချိန်မတိုင်မီက အနောက်တိုင်းတွင် "ပါရှား" ဟူသော အမည်ဖြင့်သာ လူသိများခဲ့သည်။ ယဉ်ကျေးမှုအရ "အီရန်" နှင့် "ပါရှား" နှစ်ခုစလုံးကို အလဲလဲအလှယ်လှယ် သုံးစွဲနိုင်သော်လည်း နိုင်ငံရေးအရမူ "အီရန်" ဟူသော အမည်ကိုသာ တရားဝင်သုံးစွဲပါသည်။
၂၀ ရာစုအစောပိုင်းတွင် ပါရှန်ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး၊ ၁၉၂၅ ခုနှစ်တွင် နောက်ဆုံး ကာဂျာရှာဘုရင် (Qajar Shah) ကို နန်းချကာ ရီဇာရှာ (Reza Shah) က ဖာလဝီမင်းဆက် (Pahlavi dynasty) ကို ထူထောင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အင်္ဂလိပ်-ဆိုဗီယက်တို့ အီရန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၎င်း၏သားဖြစ်သူ မိုဟာမက် ရီဇာ ဖာလဝီ (Mohammad Reza Pahlavi) အာဏာရလာခဲ့သည်။ မိုဟာမက် မိုဆာဒက် (Mohammad Mosaddegh) က ရေနံလုပ်ငန်းကို နိုင်ငံပိုင်သိမ်းရန် ကြိုးပမ်းခဲ့ရာမှ ၁၉၅၃ ခုနှစ်တွင် အင်္ဂလိပ်-အမေရိကန်တို့ ဦးဆောင်သည့် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချခဲ့ပြီး၊ နိုင်ငံ၏ ပထမဆုံးအဓိပတိ (Supreme Leader) ဖြစ်သူ ရူဟိုလာ ခိုမေနီ (Ruhollah Khomeini) က အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံကို ထူထောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အီရတ်က အီရန်ကို ကျူးကျော်ခဲ့ရာမှ ၈ နှစ်ကြာ အီရန်-အီရတ်စစ်ပွဲ ဖြစ်ပွားခဲ့ပြီး မည်သူမျှ အနိုင်မရဘဲ အဆုံးသတ်ခဲ့သည်။
ထိုအချိန်မှစ၍ အီရန်သည် အစ္စရေး၊ ဆော်ဒီအာရေးဗီးယားတို့နှင့်အတူ ကြားခံစစ်ပွဲများတွင် ပါဝင်ပတ်သက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ရာမှ တင်းမာမှုများ မြင့်တက်လာကာ (၁၂) ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ပွဲအပြီး စီးပွားရေးအကျပ်အတည်းများကြားတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်၌ ၁၉၇၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်နိုင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ [၁][၂]
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို ဆင်နွှဲခဲ့သည်။ [၃]အဆိုပါတိုက်ခိုက်မှုအတွင်း အဓိပတိ အလီ ခါမေနီ(Ali Khamenei) လုပ်ကြံခံခဲ့ရပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ မတ်လတွင် ၎င်း၏သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) သည် နိုင်ငံ၏ အဓိပတိအသစ် ဖြစ်လာခဲ့ပါသည်။[၄]
ပထဝီဝင်နှင့် လူဦးရေ
[ပြင်ဆင်ရန်]အီရန်သည် ကမ္ဘာပေါ်တွင် ၁၈ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဧရိယာအားဖြင့် ၁,၆၄၈,၁၉၅ စတုရန်းကီလိုမီတာ (၆၃၆,၃၇၂ စတုရန်းမိုင်) ကျယ်ဝန်းကာ လူဦးရေ ၇၈ သန်းခန့် (ယခုခေတ်ခန့်မှန်း) ရှိသည်။ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၀,၅၅၀,၀၀၀ ယောက် ရှိခဲ့သည်။
၎င်း၏ ပထဝီအနေအထားအရ အရေးပါသောနေရာတွင် တည်ရှိပြီး မြောက်ဘက်တွင် အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်တို့နှင့် နယ်နိမိတ်ချင်းထိစပ်ကာ ကုန်းတွင်းပင်လယ်တစ်ခုဖြစ်သော ကက်စပီယန်ပင်လယ်၏ တစိတ်တပိုင်းလည်း ပါဝင်သည်။ ကာဇက်စတန်နှင့် ရုရှားနိုင်ငံတို့သည်လည်း အီရန်၏ မြောက်ဘက်အိမ်နီးချင်းများဖြစ်သည်။ အရှေ့ဘက်တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၊ တောင်ဘက်တွင် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့၊ အနောက်ဘက်တွင် အီရတ်နှင့် အနောက်မြောက်ဘက်တွင် တူရကီတို့ တည်ရှိသည်။
အီရန်နိုင်ငံမြောက်ဘက်နယ်နမိတ်တစ်လျှောက်တွင် အယ်လဗုဇ်တောင်တန်းများရှိပြီး ဒင်မာတောင်ထိပ် (ပေ ၁၈,၆၀၀) သည် အီရန်တွင် အမြင့်ဆုံးဖြစ်သည်။ ဇာဂရို့စ်တောင်တန်းသည် အီရန်နှင့် အီရတ်ကို ပိုင်းခြားတည်ရှိကာ အနောက်ဘက်မှ တောင်ဘက်ပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်သို့ ကွေး၍ဆင်းသည်။ ထိုတောင်တန်းနှစ်ခုသည် အီရန်အနောက်မြောက်ပိုင်းတွင် အာမီးနီးယန်းကုန်းပြင်မြင့်အဖြစ် ပေါင်းစပ်ကြသည်။ သို့ဖြစ်၍ အီရန်သည် တောင်တန်းများရံလျက်ရှိသော ကုန်းပြင်မြင့်ဒေသဖြစ်သည်။ မြေပြန့်ပိုင်းဟူ၍ အနောက်တောင်ထောင့်ရှိ ကူးဇစ္စတန်နယ်သာ ရှိသည်။ နိုင်ငံတွင် ကြီးကျယ်ထင်ရှားသောမြစ်မရှိဘဲ မြစ်အများစုသည် သဲကန္တာရထဲ၌ ခန်းခြောက်ပျောက်ကွယ်သွားကြသည်။ ရေငန်အိုင်ကြီးများလည်း ရှိရာ အနောက်မြောက်စွန် အဇာဘိုင်ဂျန်နယ်ရှိ ရီဇာအီးယားအိုင်သည် အကြီးဆုံးဖြစ်သည်။
အီရန်၏ ရာသီဥတုမှာ ခြောက်သွေ့ပြီး ဆောင်းရာသီတွင် အေးကာ နွေရာသီတွင် ပူပြင်းသည်။ ဆောင်းရာသီ၌ မိုးအနည်းငယ်သာရွာပြီး တောင်များပေါ်တွင် ဆီးနှင်းထူထပ်စွာကျသည်။ မိုးအများဆုံးရွာသောဒေသမှာ အယ်လဗုဇ်တောင်မြောက်ဘက်ပိုင်းဖြစ်သည်။ အီရန်ကုန်းပြင်မြင့် သုံးပုံနှစ်ပုံမှာ ခြောက်သွေ့သော သဲကန္တာရဖြစ်၍ အီရန်နိုင်ငံအရှေ့ပိုင်းသည် ဆားပေါက်လျက်ရှိသော သဲကန္တာရဖြစ်သည်။
သမိုင်းနှင့် ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ယခင်က ပါရှားနိုင်ငံဟု လူသိများသော အီရန်သည် ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ကျယ်ပြန့်သောအင်ပါယာကြီးတစ်ခုအဖြစ် ထင်ရှားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပါးရှားအင်ပါယာသည် အရှေ့ဘက် အိန္ဒိယနိုင်ငံ အိန္ဒုမြစ်မှ အနောက်ဘက် ဥရောပတိုက် ဒန်းညုမြစ်အထိ ကျယ်ပြန့်ခဲ့သည်။ ထိုခေတ်က ပါးရှားနိုင်ငံတွင် ခိုင်ခံ့သော မြို့ကြီးများ၊ ခမ်းနားတင့်တယ်သော နန်းတော်များ၊ စနစ်တကျဖောက်လုပ်ထားသော ဆည်မြောင်းများဖြင့် ကြီးကျယ်ထင်ရှားခဲ့သည်။ ဇိုရိုအက်စတာအယူဝါဒ၊ အိုမာခယမ်၏ ကဗျာများနှင့် မြောက်မြားစွာသော သမိုင်းပုံပြင်၊ ဒဏ္ဍာရီပုံပြင်တို့သည်လည်း ပါးရှားနိုင်ငံမှ ပေါ်ထွက်လာခဲ့ကြသည်။ ကမ္ဘာကျော် ပါရှန်ကော်ဇောနှင့် စောင်ထွက်ရာဒေသလည်း ဖြစ်သည်။
ဘီစီ ၁၀၀၀ ခန့်မှစ၍ ထိုဒေသတွင် အဆီးရီးယန်းလူမျိုးနှင့် မိဒလူမျိုးတို့ ကြီးစိုးခဲ့ကြသည်။ ဘီစီ ၅၅၀ ခန့်တွင် ပါရှန်လူမျိုးခေါင်းဆောင် မဟာဆိုင်းရပ်စ်သည် မိဒလူမျိုးတို့ကို အောင်မြင်ပြီးနောက် ပါရှားအင်ပါယာကို တည်ထောင်ခဲ့သည်။ ဆိုင်းရပ်စ်ဘုရင်ကြီးလက်ထက်တွင် ပါရှားနိုင်ငံသည် အရှေ့ဘက် အိန္ဒိယပြည်နယ်စပ်မှ အနောက်ဘက် အီးဂျီးယန်းပင်လယ်အထိ ကျယ်ပြန့်ခဲ့သည်။ ဆိုင်းရပ်စ်၏ မြေးတော် ဒါးရီးယပ်စ်လက်ထက်တွင် တောင်ဘက် အီဂျစ်ပြည်သို့တိုင်အောင် အာဏာပြန့်နှံ့ခဲ့သည်။ သို့ရာတွင် ဂရိတို့နှင့်ဖြစ်ပွားသော ပါရှန်စစ်ပွဲ၌ ပါရှန်တို့ အရေးနိမ့်ခဲ့သဖြင့် အာဏာကျဆင်းခဲ့ရာ နောက်ဆုံး ဘီစီ ၃၃၃ ခုနှစ်တွင် မဟာအလက်ဇန္ဒားသည် ပါရှားနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်အုပ်စိုးခဲ့သည်။
ဂရိတို့၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၁၀၀ ခန့် ကျရောက်ခဲ့ပြီးနောက် ပါရှားနိုင်ငံသည် ပါးသီယန်ဘုရင်များ လက်အောက်သို့ ရောက်ရှိပြန်သည်။ ထို့နောက် တိုင်းရင်းသား ဆာဆာနစ်မင်းများက အေဒီ ၂၂၆ ခုနှစ်မှစ၍ ပါရှားနိုင်ငံကို အုပ်စိုးခဲ့ကြသည်။ တစ်ဖန် အေဒီ ၆၄၁ ခုနှစ်တွင် အာရပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ပြီး ၎င်းတို့လက်ထက်တွင် ပါရှားနိုင်ငံသို့ အစ္စလာမ်အယူဝါဒ ရောက်ရှိခဲ့သည်။ ၁၂ ရာစုနှစ်တွင် ပါရှားနိုင်ငံကို မွန်ဂိုဘုရင်များကလည်းကောင်း၊ ၁၈ ရာစုဦးပိုင်းတွင် တူရကီနှင့် ရုရှားတို့ကလည်းကောင်း အုပ်စိုးခဲ့ကြသည်။
၁၆ ရာစုနှစ်အတွင်း ပါရှားနိုင်ငံ၌ ဆူဖီမင်းဆက် ပေါ်ပေါက်လာခဲ့ရာ အဗ္ဗ-သ-ဂရိတ်ဘုရင် လက်ထက်တွင် နိုင်ငံသည် စည်ပင်ဝပြော၍ သုခုမပညာရပ်များလည်း တိုးတက်ခဲ့သည်။ ထိုမင်းဆက်တွင် နောက်ဆုံးဘုရင်ဖြစ်သော နဒါးရှားသည် တူရကီနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းသို့ စစ်ချီတိုက်ခိုက်ခဲ့သည်။ ထို့နောက် ခါဂျာမင်းဆက်က ၁၇၉၅ ခုနှစ်မှ ၁၉၂၅ ခုနှစ်အထိ အုပ်စိုးသည်။ ၁၉၂၅ ခုနှစ်တွင် ရီဇာခန် ပါးလာဗီက ရှားဘုရင်အဖြစ် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။
စီးပွားရေးနှင့် ခေတ်ပြောင်းလဲမှု
[ပြင်ဆင်ရန်]အီရန်နိုင်ငံ၏ အကြီးဆုံးဓနအင်အားမှာ ရေနံဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ရေနံအထွက်ဆုံးနိုင်ငံဖြစ်သည်။ ရေနံတွင်းများကို မြောက်ဘက် ကက်စပီယန်ပင်လယ်မှ တောင်ဘက် ပါရှန်ပင်လယ်ကွေ့အထိ ကျယ်ပြန့်သောဒေသတစ်လျှောက်တွင် တွေ့ရှိနိုင်သည်။ ပါရှန်ပင်လယ်ကွေ့မြောက်ဘက်တွင် တည်ရှိသော အာဗာဒန်မြို့၌ ရေနံချက်စက်ရုံကြီးရှိသည်။ ယခင်က အီရန်နိုင်ငံရေနံလုပ်ငန်းသည် နိုင်ငံခြားသားဗြိတိသျှတို့အုပ်ချုပ်သော အင်္ဂလို-အီရေနီးယန်း ရေနံကုမ္ပဏီ၏ လက်ထဲတွင်ရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်၌ အစိုးရက ပြည်သူပိုင်သိမ်းယူခဲ့သည်။ ထိုမှတစ်ပါး အီရန်နိုင်ငံသည် ခရိုမိုက်၊ ကြေးနီ၊ သံ၊ ခဲ၊ မန်ဂနိစ်၊ သွပ်၊ ကန့်နှင့် မီးသွေးစသည့် ဓာတ်သတ္တုတို့ဖြင့်လည်း ပေါကြွယ်ဝသည်။ ကော်ဇောရက်လုပ်ခြင်းသည်လည်း ထင်ရှားသော လုပ်ငန်းကြီးတစ်ခုဖြစ်သည်။
အီရန်နိုင်ငံသားတို့သည် များသောအားဖြင့် အစ္စလာမ်အယူဝါဒကို သက်ဝင်ယုံကြည်ကြပြီး ရှီအာဂိုဏ်းခေါ် အစ္စလာမ်အယူဝါဒဂိုဏ်း ထွန်းကားရာဒေသဖြစ်သည်။ မူလတန်းပညာကို မသင်မနေရအဖြစ် ပြဋ္ဌာန်းထားပြီး ၁၉၃၅ ခုနှစ်တွင် တီဟီရန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက အီရန်နိုင်ငံသည် ကြားနေနိုင်ငံအဖြစ် ကြေညာခဲ့သည်။ သို့ရာတွင် ရီဇာခန်ဘုရင်သည် ဝင်ရိုးတန်းနိုင်ငံများဘက်သို့ ယိမ်းယိုင်အားပေးသဖြင့် ၁၉၄၁ ခုနှစ်၊ ဩဂုတ်လ၌ ဗြိတိသျှနှင့် ရုရှားတပ်များက အီရန်နိုင်ငံတွင်း ဝင်ရောက်ထိန်းသိမ်း၍ ရှားဘုရင်ကိုလည်း ထီးနန်းမှချခဲ့ကြသည်။ သားတော် မိုဟာမက် ရီဇာ ပါးလာဗီက အီရန်ထီးနန်းကို ဆက်ခံအုပ်စိုးခဲ့သည်။ ရှားဘုရင် မိုဟာမက် ရီဇာ ပါးလာဗီ ဦးဆောင်မှုဖြင့် ခေတ်မီအင်အားထက်မြက်သည့် နိုင်ငံတစ်ခုဖြစ်အောင် စီးပွားရေးနှင့်လူမှုရေးတော်လှန်မှုကြီးတစ်ရပ်ကို ဆင်နွှဲခဲ့သည်။ ရှားဘုရင်၏ ပြုပြင်မှုများတွင် မြေယာစနစ်ပြုပြင်ရေး၊ မြို့ကြီးများတွင် စက်မှုလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ရေး၊ တိုင်းသူပြည်သားတို့ စာပေတိုးတက်တတ်မြောက်ရေးနှင့် အမျိုးသမီးများ အခွင့်အရေးပိုမိုရရှိရေးတို့ ပါဝင်သည်။
အီရန်နိုင်ငံသည် ဆိုဗီယက်ယူနီယံက ၁၉၄၅ ခုနှစ်တွင် အဇာဘိုင်ဂျန်နယ်ကို သိမ်းယူရန် ကြိုးပမ်းမှုကို တွန်းလှန်နိုင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် အီရတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော ရှက်တယ်အာရပ်မြစ်ဝကျယ်အတွင်း ကူးသန်းသွားခွင့်နှင့်စပ်လျဉ်း၍ ထိုနိုင်ငံနှင့် အငြင်းပွားခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် နယ်စပ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ပါရှန်ပင်လယ်ကွေ့အတွင်း ကြီးစိုးရန်အတွက် အင်အားချင်းပြိုင်မှုကို ဖော်ပြခဲ့သည်။ ၁၉၇၁ ခုနှစ်နောက်ပိုင်းတွင်လည်း အီရန်နိုင်ငံသည် အာရပ်စော်ဘွားနယ်ပေါင်းစုံနိုင်ငံပိုင် ကျွန်းသုံးကျွန်းကို သိမ်းယူခဲ့သည်။ အီရန်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ်လွန်များတွင် ရေနံတင်ပို့ရောင်းချမှုကို ကာကွယ်ရန်အတွက် အမေရိကန်ပြည်ထောင်စုမှ စစ်လက်နက်၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူကာ ၎င်း၏စစ်တပ်ကို ခေတ်မီအောင် ပြုပြင်ခဲ့သည်။
အုပ်ချုပ်ရေးစနစ်နှင့် အဓိကမြို့များ
[ပြင်ဆင်ရန်]အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ စည်းမျဉ်းခံဘုရင့်အုပ်ချုပ်ရေးဖြစ်၍ ဝန်ကြီးချုပ်ခေါင်းဆောင်သော ကက်ဘိနက်အဖွဲ့၌ အုပ်ချုပ်ရေးအာဏာတည်ရှိသည်။ ရှားဘုရင်က ဝန်ကြီးချုပ်ကို ခန့်သည်။ ဝန်ကြီးအဖွဲ့သည် လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ရသော ပါလီမန်လွှတ်တော်ကို တာဝန်ခံရသည်။ အောက်လွှတ်တော်တွင် အမတ်ဦးရေ ၂၀၀ ရှိ၍ လူထုမဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ရသည်။ အထက်လွှတ်တော်တွင် အမတ်ဦးရေ ၆၀ ရှိသည့်အနက် ထက်ဝက်ကို ရှားဘုရင်က ရွေးချယ်ခန့်ထားသည်။ ရှားဘုရင်တွင် ပါလီမန်လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိ၍ ဘဏ္ဍာရေးဥပဒေကြမ်းများကို ထပ်မံစဉ်းစားရန် ပါလီမန်သို့ ပြန်လွှဲနိုင်ခွင့်ရှိသည်။ ပါလီမန်က အတည်ပြုပြီးသော အခြားဥပဒေကြမ်းများကိုကား လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရသည်။
တီဟီရန်မြို့ (Tehran) သည် အီရန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး နိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့လည်း ဖြစ်ကာ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းတို့၏ အချက်အချာကျရာနေရာဖြစ်သည်။ အယ်လဗုဇ်တောင်ခြေတွင် ပေ ၄၀၀၀ ကုန်းမြင့်ပေါ်၌ တည်ရှိပြီး ကက်စပီယန်ပင်လယ်နှင့် မိုင် ၇၀ ခန့်သာဝေးသည်။ ၁၂ ရာစုနှစ်အတွင်း မြို့ကို တည်ခဲ့ပြီးနောက် ၁၇၈၈ ခုနှစ်တွင် ပါးရှားနိုင်ငံ၏ မြို့တော်ဖြစ်လာသည်။ ရှေးအခါက အရှေ့တိုင်းမြို့တစ်မြို့အသွင်ဆောင်ခဲ့သော်လည်း ၁၉၂၅ ခုနှစ်တွင် နန်းတက်သော ရီဇာရှားဘုရင်နှင့် သားတော်လက်ရှိရှားဘုရင်တို့လက်ထက်၌ ခေတ်မီမြို့တော်အဖြစ်သို့ ရောက်ရှိစေရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ မြို့တွင်း၌ လမ်းမကျယ်များကို စနစ်တကျ ဖောက်လုပ်၍ အစိုးရအဆောက်အအုံများကိုလည်း ရှေးပါရှန်ဗိသုကာပုံစံအရ ဆောက်လုပ်ထားရှိသည်။ အီရန်နိုင်ငံရှိ အခြားမြို့ကြီးများနှင့် မီးရထားလမ်းအဆက်အသွယ်ရှိပြီး လေကြောင်းခရီးအတွက် လေဆိပ်လည်းရှိသည်။ ၁၉၇၂ ခုနှစ်တွင် လူဦးရေ ၂,၇၁၉,၇၃၁ ယောက် နေထိုင်သည်။ ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံဝန်ကြီးချုပ် စတာလင်၊ အမေရိကန်နိုင်ငံ သမ္မတ ရူးဇဗဲ့နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ချာချီတို့သည် တီဟီရန်မြို့တော်၌ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။
အခြားထင်ရှားသောမြို့ကြီးများမှာ တာဗရိဇ်မြို့ (Tabriz)၊ အစ်စဖာဟန်မြို့ (Isfahan)၊ မက်ရှ်ဟတ်မြို့ (Mashhad) တို့ ဖြစ်ကြသည်။
- တာဗရိဇ်မြို့သည် အဇာဘိုင်ဂျန်၏ မြို့တော်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချုပ်အခြာဌာနဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် လူဦးရေ ၄၀၃,၄၁၃ ယောက်ခန့် နေထိုင်သည်။
- အစ်စဖာဟန်မြို့သည် မြေဩဇာကောင်းသော အိုအေစစ်ဒေသ၌ တည်ရှိ၍ ရှေးအခါက ပါရှားနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ဖူးသည်။ ဆေး၊ ဝါ၊ ဘိန်း၊ ဆန်စပါးနှင့် ကော်ဇောများ ထွက်သည်။ ၁၉၇၂ ခုနှစ်တွင် လူဦးရေ ၄၂၄,၀၄၅ ယောက်ခန့် နေထိုင်သည်။
- မက်ရှ်ဟတ်မြို့သည် အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း အိုအေစစ်ဒေသ၌ တည်ရှိပြီး အီရန်အစ္စလာမ်ဂိုဏ်းဝင်တို့၏ အယူဝါဒနှင့် ဆိုင်၍ အထွတ်အမြတ်ထားသောမြို့ဖြစ်သည်။ ထိုမြို့တွင် မိုဟာမက်၏ အဆက်အနွယ်ဖြစ်သော အိမံရီဇာ၏ သင်္ချိုင်းတည်ရှိသည်။ ၁၉၇၂ ခုနှစ်တွင် လူဦးရေ ၄၀၉,၆၁၆ ယောက်ခန့် နေထိုင်သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "As protests surge, the Iranian regime's options are narrowing"၊ 9 January 2026။
- ↑ Iran's rulers face biggest challenge since 1979 revolution။ 12 January 2026 တွင် ပြန်စစ်ပြီး။ “Iran's rulers are confronting their most serious challenge since their own 1979 revolution.”
- ↑ Sanger၊ David E.။ "For Trump, the Iran Attack Is the Ultimate War of Choice"၊ The New York Times၊ February 28, 2026။
- ↑ Giraldo၊ Piper Hudspeth Blackburn, Christian Edwards, Kit Maher, Maureen Chowdhury, Gianluca Mezzofiore, Thomas Bordeaux, Mohammed Tawfeeq, Alison Main, Aileen Graef, Catherine Nicholls, Abbas Al Lawati, Billy Stockwell, Haley Britzky, Frederik Pleitgen, Claudia Otto, Niamh Kennedy, Kosta Gak, Sophie Tanno, Mostafa Salem, Ibrahim Dahman, Tamar Michaelis, Tal Shalev, Max Saltman, Laura Sharman, Vasco Cotovio, Clarissa Ward, Leila Gharagozlou, Chris Lau, Hanna Park, Rhea Mogul, Jerome Taylor, Xiaoqian Lin, CNN staff, Rafael Romo, Will Ripley, John Liu, Alessandra Freitas, Eugenia Yosef, James Legge, Dana Karni, Nina (2026-03-08)။ Live updates: Iran war news; Tehran names new supreme leader (in en)။ 2026-03-08 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)