အဋ္ဌာနပါဠိ-ပဌမဝဂ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူသည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စသုခ ဟု မယူဆ၊ တစ်စုံတစ်ခုသောတရားကို အတ္တဟု မယူဆ၊ ပုထုဇဉ်ပုဂ္ဂိုလ်သာ ယူဆသည်။
ယင်းပုဂ္ဂိုလ်မြတ်သည် မိဘ၊ ရဟန္တာကို မသတ်၊ ဘုရားအား ပြစ်မှားလိုစိတ်ဖြင့် သွေးစိမ်း မတည်စေ၊ သံဃာကို သင်းမခွဲ၊ ဘုရားမှ တစ်ပါးသူကို ဆရာ မညွှန်း၊ ပုထုဇဉ် ပုဂ္ဂိုလ်သာ ပဉ္စာနန္တရိယကံပြု၍ တစ်ပါးသူကို ဆရာဟု ညွှန်းသည်။
လောကဓာတ်(ဇာတိခေတ်)တစ်ခု၌ ဘုရား ၂-ဆူ တချိန်တည်း မပွင့်၊ တဆူတည်းသာ ပွင့်တော်မူသည်ဟု ဟောတော်မူသည်။
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူ
[ပြင်ဆင်ရန်]သောတာပန်အရိယာဖြစ်သည်၊ အမြင်ရှိသူ၊ တရားထူးရလာသူ၊ တရားထူးမြင်သူ၊ သေက္ခဉာဏ်ရှိသူ၊ ဝိဇ္ဇာရှိသူ၊ ဓမ္မလမ်းကြောင်း ရောက်သူ၊ ဖောက်ထွင်းပညာရှင်အရိယာ နိဗ္ဗာန်တံခါးပေါ် ရပ်တည်သူဟု နာမည် အမျိုးမျိုးခေါ်နိုင်သည်။
တစုံတစ်ခုသော သင်္ခါရတရား
[ပြင်ဆင်ရန်]ဘုံ ၃-ပါးဆိုင်ရာ တရားတို့ကိုသာ သဿတဒိဋ္ဌိဖြင့် နိစ္စ သုခဟု ယူနိုင်သည်၊ လောကုတ္တရာဆိုင်ရာ တရားများကား ဒိဋ္ဌိနှင့်တကွ အကုသိုလ်အားလုံးတို့၏ အာရုံပင် မဟုတ်ပါ၊ ရဲရဲညီးသောသံတုံးကို ခြင်ယင်များ မကပ်နိုင်သလိုသာ၊ ဒိဋ္ဌိမပါသောစိတ်ဖြင့် အရိယာများ သုခဟုကား ယူဆသေးသည်။
တစ်စုံတစ်ခုသောတရားကို အတ္တဟု မယူဆ
[ပြင်ဆင်ရန်]ကသိုဏ်းစသော ပညတ်များပါအောင် သင်္ခါရမဆိုပဲ တစ်စုံတစ်ခုသောတရားဟု ဆိုသည်၊ အရိယာအတွက်၊ စတုဘူမက ပုထုဇဉ်အတွက် တေဘူမကဟု အရှုခံတရားကို ခွဲခြားပါ၊ ပုထုဇဉ်များ နိစ္စ သုခ အတ္တ ယူသမျှကို အရိယာများက အနိစ္စ, ဒုက္ခ အနာယူပြီး အစွဲဖြေသည်။
မိဘရဟန္တာကို မသတ်
[ပြင်ဆင်ရန်]မိရင်း ဖရင်းနှင့် လူသားရဟန္တာယူရမည်၊ ဘဝပြောင်းသွားသော အရိယာကို (သူ့ကိုယ်သူ အရိယာမှန်း မသိစေကာမူ) စကြာမင်းစည်းစိမ် ပေးမည်၊ ဤပိုးကောင် သတ်ပါခိုင်း မသတ်ပါ၊ မသတ်လျှင် သင့်ခေါင်းဖြတ်မည် ဆိုစေကာမူ ခေါင်းသာ အဖြတ်ခံမည်း မသတ်ပါ၊ ပုထုဇဉ်များ အပြစ်ကြီးပုံ အရိယာများ သူတော်ကောင်း အားရှိပုံပြရန် ဤသုတ်များကို ဘုရားရှင်ဟောသည်။
ကံနှင့်စပ်၍ မှတ်ဖွယ်
[ပြင်ဆင်ရန်]လူဖြစ်သောမိဘ(လိင်ပြန်ချင်ပြန်)များကို သားဖြစ်သူလူက သတ်မှ အာနန္ဒရိယကံ ထိုက်သည်၊ သံဝေဂရ၍ ကံပျောက်အောင် စကြဝဠာအပြည့် ရွှေစေတီကြီးများတည်၊ သံဃာများလှူ၊ ဘုရားသင်္ကန်းစွန်းကို ကိုင်လိုက်သွားနေကာမူ ကံမပျောက်၊ သေလျှင် ငရဲသာတည်း။
သတ်သူသားက လူ၊ အသတ်ခံရသူမိဘက တိရစ္ဆာန်၊ သားကတိရစ္ဆာန်၊ မိဘကလူ၊ သားရော မိဘပါ တိရစ္ဆာန်ဖြစ်လျှင် ကံမထိုက်၊ သို့သော် ကံမျှပင် ဝန်လေး အပြစ်ကြီးသည်။
သိုးနှင့်စပ်၍ စကား ၄-ရပ်
[ပြင်ဆင်ရန်]သိုးကိုသတ်မည် ရည်၍ သိုးနေရာ၌နေသော လူသား မိဘကို သားလူသားက သတ်အံ့၊ ကံထိုက်သည်၊ သိုးကိုသတ်မည်ရည်၍ မိဘကို သတ်မည် ရည်၍ သိုးကိုသတ်အံ့၊ ကံမထိုက်၊ မိဘကိုရည်၍ မိဘကို သတ်အံ့ ကံထိုက်သည်။
ရဟန္တာသတ်ရာ၌လည်း နည်းတူပင်၊ နတ်ရဟန္တာကိုသတ်က ကံမထိုက်သော်လည်း အပြစ်ကြီးသည်။ ပုထုဇဉ်အချိန်က သတ်လိုက်၏၊ ထိုဒဏ်ချက်ဖြင့် ရဟန္တာဖြစ်မှသေသည်၊ ကံထိုက်သည်။ ပုထုဇဉ်အဖြစ်တည်စဉ် လှူလိုက်သောဆွမ်း၊ ရဟန္တာဖြစ်မှ စားသည် ပုထုဇဉ်လှူကျိုးသာ ရသည်၊ သောတာပန်စသော အရိယာများကို သတ်လျှင် ကံမထိုက် ပေမယ့် အပြစ်ကြီးလှသည်။
ဘုရားရှင်၌ သွေးစိမ်းတည်စေမှု
[ပြင်ဆင်ရန်]သက်ရှိ ဘုရားရှင် ကိုယ်မှာ ယင်ငယ် သောက်လောက် သွေးပေါက်ကို တည်စေလျှင် ကံထိုက်သည်၊ ဘုရားရှင်၏ ကိုယ်တော်ကား ဖြိုခွဲမရကောင်းပါ၊ အရေပေါက်၍ သွေးထွက်အောင် မည်သူမျှ ပြုမရ၊ ကိုယ်တွင်း တနေရာမှာ သွေးစုတည်ရုံသာတည်း၊ ဒေဝဒတ်လှိမ့်ချသော ကျောက်တုံးမှ ကျောက်ဆစ်စင်ကာ ဘုရားရှင်ခြေဖျား ထိမှန်သည်၊ ပုဆိန်ဖြင့်ပေါက်သည့်ပမာ သွေးစုတည်လာ၍ ကံထိုက်သည်။ ဘုရားရှင်အလိုတော်ကျ ဓားငယ်ဖြင့် အရေဖောက်၍ မကောင်းသော သွေးထုတ်ကာ ချမ်းသာအောင် ကုသသော ဆရာဇီဝကမှာ ကုသိုလ်ကြီးရသည်။
စေတီ၊ ဗောဓိပင်၊ ဓာတ်တော်
[ပြင်ဆင်ရန်]ယင်းတို့ကိုဖျက်ဆီးရာ၌ အာနန္ဒရိယကံနှင့် အတူ အပြစ်ကြီး၏၊ ဓာတ်တော်ရှိသော စေတီရုပ်ပွားကို ဖျက်မည့် ဗောဓိကိုင်းဖြတ်နိုင်သည်၊ ငှက်ချီးကျမည့်ကိုင်း လှီးဖြတ်သင့်ပါ၏။ ပရိဘောဂစေတီထက် သရီရစေတီက ပို၍မြတ်သည်၊ စေတီပုထိုးဖျက်မည့် ဗောဓိမြစ်ကိုလည်း ပယ်နိုင်သည်သာ။
ဗောဓိအိမ်စောင့်ရှောက်ရန် ဗောဓိကိုင်းကို မဖြတ်ကောင်း၊ ဗောဓိအိမ်ကား ဗောဓိပင်အတွက်သာ ဖြစ်သောကြောင့်တည်း၊ ဓာတ်တော်ကျောင်းကို စောင့်ရှောက်ရန် ဗောဓိကိုင်းကိုကား ဖြတ်ကောင်းသည်၊ ဗောဓိကိုင်းဆွေး၊ ကိုင်းချောက်များကို ဗေေဓိပင်ကို ပြုစုသုတ်သင်ရန် ဖြတ်ကောင်းပါ၏၊ ဘုရားပြုစုသလို ကောင်းမှုဖြစ်သည်။
သံဃာကို သင်းခွဲခြင်း
[ပြင်ဆင်ရန်]သိမ်တွင်း သံဃာမစုံသေးမီ သီးခြားပရိသတ်စုံ၍ ကံပြုလျှင် သံဃာကွဲ ကံလည်း ထိုက်သည်၊ ညီညွတ်သည်ထင်ပြီး ပြုလျှင် ကွဲရုံသာ၊ ကံမထိုက်၊ သံဃာ ၉-ပါး မပြည့်လျှင်လည်း နည်းတူ။
အနည်းဆုံး သံဃာ ၉-ပါးတွင် ခွဲသူသည် ကံထိုက်၍ နောက်လိုက် အဓမ္မဝါဒီများသည် အပြစ်ကြီးသည်၊ ဓမ္မဝါဒီများ အပြစ်မရှိ၊ ပဉ္စာနန္တရိယတွင် သံင်္ဃဘေဒကကံသည် ဝစီကံ၊ ကြွင်းကံ ၄-ပါး ကာယကံ ဖြစ်သည်။
ဒွါရနှင်စပ် မှတ်ဖွယ်
[ပြင်ဆင်ရန်]ကံ ၅-ပါးလုံး ကာယ, ဝစီဒွါရ ၂-ပါးလုံးတို့ကြောင့် ဖြစ်ကြသည်၊ စေခိုင်း၍၊ မန္တန်စုတ်၍ ရှေ့ ၄-ပါးကို ကျူးလျှင် ဝစီဒွါရကြောင့် ဖြစ်သော်လည်း ကာယဒွါရသို့ရောက်မှ ပြည့်စုံသည်၊ လက်အမူအရာဖြင့် သံဃာခွဲလျင် ကာယဒွါရကြောင့် စဖြစ်သော်လည်း ဝစီဒွါရကျမှ ပြည့်စုံသည်။
ကမ္ဘာတည်သမျှ သံဃာခွဲမှုကံသာ ကမ္ဘာတည်သမျှ ခံရသည်၊ မှန်၏၊ ကမ္ဘာဦး၊ သို့မဟုတ် ကမ္ဘာတည်ပြီး၍ အလယ်ပိုင်းအချိန် ယင်းကံပြု၊ ကမ္ဘာပျက်မှ လွတ်သည်၊ ကမ္ဘာပျက်ဖို့ တရက်အလို ကံပြု၊ တရက်သာ ခံရသည်၊ သို့သော် ဤအပြုမျိုး မရှိကောင်း၊ ကြွင်းကံ လေးပါး အာနန္ဒရိယ ဖြစ်ပေမယ့် တကမ္ဘာလုံး မခံရပါ။
အကျိုးပေးမှုနှင့်စပ် မှတ်ဖွယ်
[ပြင်ဆင်ရန်]ကံ ၅-ပါးလုံး ပြုသူအတွက် သံဃဘေဒကကံက ပဋိသန္ဓေကျိုးပေးသည်။ ကြွင်းကံများ အဟောသိကံဖြစ်ကြရ၏။ ယင်းကံမရှိလျှင် လောဟိကုပ္ပါဒက၊ ယင်းကံမရှိလျင် အရဟန္တဃာတက၊ ယင်းမရှိမှ ကြွင်းကံ ၂-ပါးတွင် သာရာတစ်ပါးပါးက ပဋိသန္ဓေကျိုး ပေးသည်။
မိဘ ၂-ဦးလုံးကို သတ်ရာတွင် အဖက သီလရှိလျှင် အဖသတ်ကံက အကျိုးပေးသည်။ အမိကသီလရှိလျှင် အမိသတ်ကံက အကျိုးပေးသည်၊ သီလရှိမှု မရှိမှုချင်း မိဘ ၂-ဦး တူနေလျှင် အမိသည် သားတို့အပေါ် ကျေးဇူးပို၍ အမိသတ်ကံက ပဋိသန္ဓေအကျိုးပေးသည်၊ အဖသတ်ကံသည် အဟောသိကံဖြစ်၊ အကျိုးမပေးတော့ပါ။
သံဃာခွဲမှုကံ ရဟန်းများသာ ပြုနိုင်၍ ကြွင်းကံ ၄-ပါး ရှင်လူများပြုနိုင် ဖြစ်နိုင်သည်၊ သောတာပန် အရိယာသည် ဘဝပြောင်းသော်လည်း မိစ္ဆာယူသူကို ဆရာ မညွှန်းပါ။ လောကဇာတ်တစ်ခု၌ ဇာတိ၊ အာဏာ၊ ဝိသယဟု ၃-ခေတ်ရှိရာ လောကဓာတ် (စကြဝဠာ)တသောင်းသည် ဇာတိခေတ်မည်သည်၊ ဘုရားလောင်းသန္ဓေနေ၊ ဖွားမြင်၊ ဘုရားဖြစ်၊ ဓမ္မစကြာဟော၊ အာယုသင်္ခါရလွှတ်၊ နိဗ္ဗူစံရာအခါများ၌ ဇာတိခေတ် တစ်ခုလုံး တုန်လှုပ်သည်။
အာဋာနာဋိယ၊ မောရ၊ ဓဇဂ္ဂ၊ ရတနသုတ်စသော ပရိတ်တော်များ အာဏာ ပျံ့နှံ့ရာ စကြဝဠာ ကုဋေတသိန်းသည် အာဏာခေတ်မည်၍ ဝိသယခေတ်ကား အရေ အတွက်ပမာဏ မရှိပါ၊ သိစရာရှိသမျှ ဘုရားဉာဏ်တော်က သိတော်မူသည်၊ ဤ ၃ ခေတ်တွင် ဤစကြာမှ တစ်ပါးသောနေရာမှာ ဘုရားမပွင့်ပါ။
မရှေးမနှောင်း တချိန်တည်း
[ပြင်ဆင်ရန်]ဘုရားလောင်း သန္ဓေတည်ချိန်မှစ၍ စကြဝဠာ တသောင်းလှုပ်ပြီး ခေတ်ကို သိမ်းယူလိုက်ရာ ဤအတွင်း အခြားဘုရားမပွင့်နိုင်၊ ဓာတ်တော်များရှိနေသမျှ ဘုရားရှင်ရှိနေသည်သာဖြစ်၍ ဤအတွင်းလည်း အခြားဘုရား မပွင့်နိုင်ပါ။
တချိန်တည်း ဘုရား ၂-ဆူ ဘာ့ကြောင့် မပွင့်
[ပြင်ဆင်ရန်](၁) ၂-ဆူပွင့်လျှင် မအံ့ဩလောက်၊ ထို့ကြောင့်တည်း၊ ဘုရားရှင်ကား အံ့ဩချီးမွမ်းရမည့် လူသားဖြစ်သည်၊ ၂-ဆူ ၄-ဆူ စသည်ပွင့်လျှင် အံ့ဩဖွယ်မဟုတ်တော့ မှန်၏၊ တကျောင်းတည်းမှာ စေတီတော် ၂-ဆူဆိုလျှင်၊ ရဟန်းတွေ အများကြီးဆိုလျှင် အံ့ဩဖွယ် မဖြစ်သကဲ့သို့တည်း။
(၂) ဒေသနာ မထူးသောကြောင့်တည်း၊ ၂ ဆူပွင့်လျှင် ဘယ်ဘုရားရှင်မဆို သတိပဋ္ဌာန်စသော တရားကိုပင် ဟောရပေမည်၊ သို့ဖြစ်လျှင် ဒေသနာအံ့ဩဖွယ်ရာ မရှိ၊ တဆူတည်းက ဟောမှအံ့ဩရပေမည်။
(၃) အငြင်းပွားမှု ဖြစ်နိုင်သောကြောင့်တည်း၊ ဘုရားများလျှင် ဆရာများ၏ တပည့်များကို ငါတို့ဘုရားက ကြည်ညိုဖွယ်ရှိသည်။ အသံကောင်းသည်၊ လာဘ်ပေါသည်၊ ဘုန်းရှိသည်ဟု အငြင်းပွားများမှု ဖြစ်စေနိုင်သည်။
မိလိန္ဒမင်းနှင့် အရှင်နာဂသိန်
[ပြင်ဆင်ရန်]ထိုအကြောင်းနှင့်စပ်၍ အကျယ်တဝင့်ရှင်းလင်းချက် “အရှင်ဘုရား၊ လောကဓာတ်တစ်ခုမှာ တချိန်တည်း ဘုရား ၂-ဆူမပွင့်ဟု ဟောထားပါသည်။ ဘုရားရှင်များသည် ဗောမိပက္ခိယ သစ္စာ ၄-ပါးတို့ကို ဟောကြား၍ သိက္ခာ ၃-ပါးကို ကျင့်စေပါသည်၊ ဆုံးမလျှင်လည်း အပ္ပမာဒတရားဖြစ်ပါသည်၊ ထိုသို့ အားလုံးတူပါလျက် ဘာ့ကြောင့် ၂-ဆူ မပွင့်ပါသနည်း။
ဘုရားတဆူဖြင့်ပင် ဤလောကကြီး ဤမျှ အလင်းရောင်တောက်သည်၊ ဒုတိယဘုရား အရောင်ပါဆိုလျှင် ပိုလင်းပါမည်၊ ချမ်းသာသက်သာစွာ ဆုံးမနိုင်ပါမည်၊ သံသယ ကင်းအောင် ၂-ဆူ မပွင့်သင့်ကြောင်း မိန့်ပါ”ဟု မိလိန္ဒမင်း မေးလျှောက်သည်။ “မင်းကြီး၊ လောကဓာတ်တသောင်းသည် ဘုရားတဆူကိုသာ ဘုရားတဆူ၏ဂုဏ်ကိုသာ ခံနိုင် ဆောင်နိုင်သည်၊ နောက်တဆူပွင့်လျှင် လှုပ်မည်၊ မြုပ်မည်၊ ပျက်စီးမည်၊ ယောက်ျားတစ်ယောက်နိုင်လှေသည် အလားတူ နောက်တစ်ယောက် ထပ်တင်လျှင် လှုပ် မြုပ် ပျက်စီးသကဲ့သို့တည်း၊ လည်ချောင်းထိ တဝစားပြီးသောယောက်ျား နောက်ထပ် ထိုမျှ ထပ်စား မဖြစ်သကဲ့သို့တည်း”ဟု ဖြေသည်။
“တရားလွန်ဝန်ဖြင့် (လွန်မြတ်သော တရားဝန်ဖြင့်) မြေလှုပ်နိုင်ပါသလော”ဟု မင်းကြီးက မေးရာ အရှင်မြတ်က “လှည်း ၂-စီး ရတနာအပြည့် တင်ထားရာတွင် ဒုတိယလှည်းမှ ရတနာများကို ပထမလှည်းပေါ် ထပ်တင်က လှည်းကျိုးမည်ဖြစ်သကဲ့သို့ တရားလွန်ဝန့်ဖြင့် မြေလှုပ်နိုင်သည်”ဟု ပြန်ဖြေသည်၊ ဘုရားရှင် အားတော်ပြဖို့ ဤအကြောင်း ထုတ်ဆိုသည်၊ အခြားအကြောင်းများ ရှိသေးသည်မှာ-
ပရိသတ် အငြင်းပွားနိုင်သည်
[ပြင်ဆင်ရန်]အားရှိသော အမတ် ၂-ဦးတို့၏ ပရိသတ်၌ သူ့ အမတ် ကိုယ့်အမတ် ၂-ပက္ခဖြစ် အငြင်းပွားသလို သူ့ဘုရား ကိုယ့်ဘုရား ၂-ပက္ခ ဖြစ်ကာ အငြင်းပွားနိုင်သည်။
စကားမှားနိုင်သည်
[ပြင်ဆင်ရန်]ဘုရားရှင်သည်သာ အမြတ်ဆုံး အကြီးဆုံး ချီးမွှမ်းအပ်ဆုံး အထူးဆုံးဟု ဆိုအပ်သော စကားသည် ၂-ဆူပွင့်က မှားပေမည်။
တဆူသာ သဘာဝပင်ကိုဓမ္မတာ
[ပြင်ဆင်ရန်]ဘုရားဂုဏ်တော်တို့၏အကြောင်း ကြီးမြတ်သောကြောင့်ဖြစ်သည်၊ မြေကြီး၊ သမုဒ္ဒရာ၊ မြင်းမိုရ်တောင်၊ ကောင်းကင်၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့သည် ကြီးမြတ်ရကား တစ်ခုတည်း တစ်ဦးတည်းသာ ဖြစ်ခြင်းကား သဘာဝဖြစ်သည်။
ဘုရားပွင့်သော လောကဓာတ်တစ်ခု
[ပြင်ဆင်ရန်]မပွင့်သော လောကဓာတ်ကို ဇာတိခေတ် စကြဝဠာတသောင်း ယူရသော်လည်း ပွင့်သောလောကဓာတ်ကား ဤစကြဝဠာတစ်ခု သာတည်း၊ ဤလောကဓာတ်၌သာ ပွင့်တော်မူမြဲဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။