ဘီလူးကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘီလူးကျွန်း
မွန်ပြည်နယ် ရှိ ကျွန်း
မော်လမြိုင်မြို့ ကမ်းနားလမ်းမှ ဘီလူးကျွန်းအား မြင်တွေ့ရပုံ
မော်လမြိုင်မြို့ ကမ်းနားလမ်းမှ ဘီလူးကျွန်းအား မြင်တွေ့ရပုံ
ဘီလူးကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘီလူးကျွန်း
ဘီလူးကျွန်း
ဘီလူးကျွန်း တည်နေရာ
ကိုဩဒိနိတ်: 16°22′10″N 97°31′04″E / 16.369383°N 97.517714°E / 16.369383; 97.517714
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
ခရိုင်မော်လမြိုင်ခရိုင်
မြို့နယ်ချောင်းဆုံမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဘီလူးကျွန်းသည် သံလွင်မြစ်ဝတွင် တည်ရှိသည်။မွန်ပြည်နယ်မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်ရှိ ကျွန်းတစ်ကျွန်းဖြစ်ပြီး မော်လမြိုင်မြို့၏ အနောက်ဘက် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၃ မိနစ်ကြားနှင့် ၁၆ ဒီဂရီ ၃၀ မိနစ်ကြား၊ လောင်ဂျီတွဒ် ၇၅ ဒီဂရီ ၂၇ မိနစ် အရှေ့ကြားတွင် တည်ရှိသော ကျွန်းကြီးတစ်ကျွန်း ဖြစ်သည်။[၁] ဘီလူးကျွန်းသည် စင်ကာပူနိုင်ငံ၏ အရွယ်အစားခန့် ရှိပြီး လူဦးရေ ၂၀၀,၀၀၀ ခန့် နေထိုင်ကြသည်။[၁][၂]

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

"ဘီလူးကျွန်း" ဟူသော အမည်ကို ခေါ်တွင်ခြင်းနှင့်ပတ်သက်၍ အဆို ၄ ရပ်ရှိပေသည်။

(က) ပထမအဆို[ပြင်ဆင်ရန်]

ဤကျွန်းကို (ယက္ခဒီပ)ဟု ခေါ်တွင်ရခြင်းမှာ မြတ်စွာဘုရားသခင်သည် အနောက်မဇ္ဈိမဒေသမှ ဤကျွန်းတို့ ဒေသစာရီ ကြွချီတော်မူသော အချိန်တွင် ဘီလူးများစွာတို့သည် ဤကျွန်း၏ အမြင့်ဆုံးဖြစ်သော၊ (ဆတ်တောင်/မုနိုင်းတောင်/ဒရယ်တောင်များတွင် နေထိုင်သည်ကို အစွဲပြု၍ (ဘီလူးကျွန်း) ဟု ခေါ်တွင်သည်။

"အဿမုက္ခီ" ခေါ် ဘီလူးမင်းသည် ထိုစဉ်အချိန် မြန်မာပြည်အောက်ပိုင်းကို အုပ်စိုးသည့် သမလမင်း၏ သားတော် အဿကုမ္မာရမင်းသားနှင့် စစ်ခင်းတိုက်ခိုက်ကြရာ ဘီလူးများရှုံးနိမ့်သဖြင့် ဘီလူးကျွန်းဒေသမှ ထွက်ပြေးခဲ့ရသည်ဟု အဆိုရှိသည်။

(ခ) ဒုတိယအဆို[ပြင်ဆင်ရန်]

ရန်ကုန်ရာဇဝင်သမိုင်း၌ ပါရှိသော မွန်လူမျိုးတို့၏ ရှေ့ဟောင်းသားချော့တေးမှ ရေသားဖော်ပြထားသည်မှာ "ယိလေ ယိုလေ၊ အိုးချစ်သားလူကလေး၊ လောဒါစာတီမြစ်ဝ ကံရမန္ဒ (ကော်ရိုမန္ဒိလ်)ခေါ် ပင်လယ်ကမ်းရိုးတန်း ဌာနသည် ငါတို့(မည်ဒ) မွန်ဒ လူမျိုးများ၏ နေရပ်ဌာနဟောင်းဖြစ်သည်။ ငါတို့မှာ ရှေ့ဝိပါက ကံအားလျှော်စွာ အရှင်သခင် ဘုရင်မင်းနှင့် ကွေကွင်းပြီး (ထိုအရပ်မှ)ထွက်လာခဲ့ကြရာ တစ်ချိန်က မွန်နိုင်ငံ-သုဝဏ္ဏ ဘုမ္မိပြည်အောက်ပိုင်း-ဇယာပြည်နယ် (ယခုအခေါ်အဝေါ် ကမာဝက်မြို့၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်) တကော့ခမွိုင်ခေါ် (ယခုအခေါ်အဝေါ်) ပလူကျွန်းဌာနသို့ ရောက်လာကြသည်ဟူ၍ ဖြစ်သတည်း။" ဤအလွန်ရှေးကျသော အထောက်အထားကို ထောက်ရှုခြင်းအားဖြင့် မွန်အနွယ်အဝင်လူမျိုးများ မြူးပျော်ဖွယ်ရာ ပလူကျွန်းဟူ၍ မှည့်ခေါ်လာရာမှ ဘီလူးကျွန်းသို့ ရွေ့လျောပြောင်းလဲလာခဲ့ကြလေသည်။

ယခုထက်တိုင် ဖလူးကျွန်း ဟု အသံထွက်သူ အများအပြားရှိသည်။

(ဂ) တတိယအဆို[ပြင်ဆင်ရန်]

ကမာဝက်မြို့(မုဒုံမြို့နယ်) မွန်စာအုပ်(မၚ်ဗၠာဲကောန်တၟအ်)မှ ကိုးကားချက်အရ ယခင်ကျိုက္ခမီခရိုင် ဇယာခရိုင်(ယခု ကမာဝက်မြို့) ဝါခရူ ခရိုင် (ယခု သံဖြူဇရပ်မြို့နီနားတဝိုက်) ဘီလူးကျွန်းနှင့် ဟံသာဝတီခရိုင် (ယခု တွံတေးမြို့နယ်တဝိုက်) လူသိများသော မောင်ဒီအကြောင်း ရာဇဝင်အကြောင်းဖြစ်သည်။ (ရှေ့ဟောင်းမွန်စာပေးများမှ ဘာသာပြန်ထုတ်ဝေးထားပြီးလည်ဖြစ်သည်။)

ယင်းရာဇဝင်အကြောင်းကား[ပြင်ဆင်ရန်]

ဘီလူးကျွန်းကို မွန်ဘာသာဖြင့် တကော့ခမွိုင်းဟူ၍ ခေါ်သည်။ အဓိပ္ပါယ်မှာ ခမောင်းပင်(တၞံခၟိုၚ်) ပေါက်သောကျွန်း ဖြစ်ပါသည်။ ဤခမောင်းပင်နှင့် (ဤသာဓကကို Mon states ဓာတ်တော်ကျောင်းဆရာတော်ထုတ်ဝေသော စာအုပ်တွင် ဖော်ပြထားခြင်းရှိနေပါသေးသည်) ခမောင်းပင်ကြီးပေါ်တွင် ရှေးအခါက လင်းယုန်ဖို၊မ နှစ်ကောင် အသိုက်ပြုလုပ်နေထိုင်ခဲ့ကြရာတွင် ဥတစ်လုံးမှ လူပေါက်ဖွားလာပြီး ယင်းကလေးမှာ မောင်ဒီ (မၚ်ဗၠာဲကောန်တၟအ်) ဖြစ်ခဲ့ရပါသည်။ အရွယ်ရောက်လာသည့် မောင်ဒီသည် မြစ်အတွင်းမှ ငါးကြင်းတစ်ကောင်ဖမ်းမိရာ မီးမြိုက်ပြီး ခရီးသွားကုန်သင်္ဘောဖြင့် ယခင်သုဝဏ္ဏဘုမ္မိ ဘုရင်မင်းမြတ်ထံ ဆက်သခဲ့သည်။ မွှေးကြိုင်သော ငါးကြင်းအနံ့ကြောင့် ဘုရင်၏နားကိုက်ဝေဒနာ ပျောက်ကင်းလေသည်။

ဘုရင်ကြီးသည် အလွန်ဝမ်းသာအားရကာ လုလင်ပျို မောင်ဒီထံ သမီးတော် (ဏ္ဍင်သာဓလာ)ကိုပို့ဆောင်စေခဲ့သည်။ အခြွေအရံအသင်းအပင်းနှင့် တူရိယာဗုံမောင်းများတီးပြီး ဘုရင်သမီးတော်လာရောက်ရာ မောင်ဒီသည် မိမိအားဖမ်းမည်ဟုထင်ကာ ခမောင်းပင်ကြီးအပေါ်သို့တက်ပြေး၏။ အပင်ပေါ်မှ လိမ့်ကျရာ မောင်ဒီသေဆုံးလေသည်။

ဘုရင့်သမီးတော်သည် မောင်ဒီ၏အလောင်းကို စည်ကားသိုက်မြိုက်စွာ သင်္ဂြိုဟ်လေသည်။ ရရှိသည့် အရိုးများကို ရွှေအိုးတွင်ထည့်၍ ထိုနေရာ၌ပင် စေတီတည်တော်မူသည်။ ထိုစေတီသည် ဖံဖရွှာ၊ ရွှေနတ်တောင်နတ်စင် အနီးတွင် ယခုတိုင်တည်ရှိနေသည်။ နတ်စင်သည်လည်း မောင်ဒီ၏ နတ်ကွန်းဖြစ်ပြီးလူအများယနေ့ထက်တိုင် မောင်ဒီနတ်(ဘိုးဘိုးကြီး)အား ပူဇော်ပသနေသေးသည်ကို တွေ့မြင်ပေလိမ့်မည်။ ဤကား ဘီလူးကျွန်းမှ လူငယ်ပါးစပ်ရာဇဝင်ထဲမှ မောင်ဒီရာဇဝင်အကျဉ်းသာဖြစ်သည်။

(ဃ) စတုတ္ထအဆို[ပြင်ဆင်ရန်]

မွန်များ ရာမညဒေသတို့ ရောက်သည့်အချိန်တွင် နီဂရီတိုများသည် တောင်ဘက်သို့ ရွှေ့ဆိုင်းနေထိုင်ကြပေသည်။ ဘီလူးကျွန်းနှင့် ကပ္ပလီကျွန်းတို့တွင် နီဂရီတိုအနွယ်အဝင် စမင်း(ဆေမန်) လူမျိုးများနေထိုင်ခဲ့ဟန်တူသည်။ မော်လမြိုင်နှင့် တစ်ဘက်ကမ်းရှိ ဘီလူးကျွန်းကို မွန်တို့က တကော့ခမိုင်ဟု ခေါ်သည် ။ တကော့၏ အဓိပ္ပါယ်မှာ ကျွန်း ဖြစ်သည်။ သို့သော် (မွန်ဘာသာ) ချမ်မွေ့ နန် မင်နန္ဒာပျို့တွင် ခမိုင်ကို အကိုင်အခက်များသော် သစ်ပင်တစ်ပင်ဟု ဆိုသည်။ ထိုသစ်ပင်ပေါ်တွင် နားနေသော လင်ယုန် အဖို-အမတို့မှ လူထူးလူဆန်းပေါက်ဖွားသည်ဟု ဖော်ပြထားသည်။ ဤရာဇဝင်ကို လေ့လာပြီးလျှင် သုတေသနသဘောဖြင့် ဆင်ခြင်လိုက်သော် ခမိုင်ဝေါဟာရသည် စမိုင်လူမျိုးကို ဆိုလိုကြောင်းတွေ့မိသည်။ ထိုခေတ်တွင် အဝတ်အစားမရှိ နှုတ်ခမ်းထူ၊ ဆံပင်ကောက်၊ အသားမည်း၊ ရေကူးသန် ခက်ထန်းကြမ်းတမ်းပြီး ဘီလူးနှင့် တူကြသဖြင့် ထိုကျွန်းကို(ယက္ခကျွန်း) ဘီလူးကျွန်းဟုခေါ်ခဲ့ဟန်တူပေသည်။

ကျွန်း၏ အရှေ့ဘက်တွင် သံလွင်မြစ်စီးဆင်းပြီး၊ အနောက်ဘက်မှာ ပင်လယ်ဖြစ်သည်။ ယခုအခါ မော်လမြိုင်မြို့သို့ သံလွင်မြစ်ကိုဖြတ်၍ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို တည်ဆောက်ထားသည်။ အဓိက စိုက်ပျိုးပင်များမှာ ဆန်စပါးနှင့် ရာဘာဖြစ်သည်။

ဘီလူးကျွန်း ၆၄ရွာ ဟူ၍ ခေါ်ရိုးထုံးစံရှိသည်။ ထင်ရှားသော ကျေးရွာများမှာ ဆေးတံဖြင့် ထင်ရှားသော ရွာလွတ်ရွာ နှင့် ကျောက်သင်ပုန်းဖြင့် ထင်ရှားသော မုဒွန်းရွာတို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Introducing Bilu KyunLonely Planet။ 17 February 2015 တွင် ပြန်စစ်ပြီး။
  2. Danmark၊ Maria။ "Bilu Kyun Island in Mon State: a transport time warp"၊ Myanmar Times၊ 25 March 2013။ 17 February 2015 တွင် ပြန်စစ်ပြီး 
  3. Dr.ဝလက်ဒင်နှင့် စကိတ်. မလ္လာယုကျွန်းဆွယ်ရှိ ဘာသာတရားအသိမြင်ကင်းမဲ့သော လူမျိုးစုများစာအုပ် 
  4. စွယ်စုံကျမ်း အတွဲ(၁၀), စာမျက်နှာ ၄၀၉။ 
  5. မွန်လူမျိုးများတို့၏ ရှေ့ဟောင်းသားချော့တေး 
  6. လိခ်က္နပ်-မင်ဗ္လာဲကောန်က္မအ်-ကျာ်ဇ္နော်အ္စာ မှာထေရ်ပါလိတ ဘာဓာတ်ကျာ် ဍုင်ကမာဝက်
  7. မုဒွန်းရွာ ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု -မြန်မာနိုင်ငံသံဃာ့နာယက ဩဝါဒ ) ထုတ်ဝေသောစာအုပ်
  8. ၁၉၈၅ခုနှစ် မွန်ပြည်နယ်နေ့ စာမျက်နာ ၃၃မှ ၃၈ထိ ထုတ်ဝေသောစာအုပ်