မာတိကာသို့ ခုန်သွားရန်

ဇမ္ဗူဒီပ (တောင်ကျွန်း)

ဝီကီပီးဒီးယား မှ

မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်း အစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကသည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည်။ ဇမ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင်၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည်။ ပါဠိဘာသာအားဖြင့် "ဇမ္ဗူဒီပ"ဟု ခေါ်သည်။ ယင်းကို မြန်မာမှုပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏။ မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာနကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်း ဟူ၍ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့၊ အခြားကျွန်းသားတို့သည်လည်း ဇမ္ဗူဒိပ်ကျွန်းသို့ မလာရောက်နိုင်ပေ။ ဘုရား၊ ရဟန္တာနှင့် စကြဝတေးမင်းတို့သာလျှင် ကြွသွားနိုင်သည် ဟု ဆို၏။

ဇမ္ဗူဒိပ်ကျွန်း၏ ပမာဏမှာ အရှေ့မျက်နှာပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်မျက်နှာအပြင်သည် ယူဇနာနှစ်ထောင်၊ မြောက်မျက်နှာအပြင်လည် ယူဇနာနှစ်ထောင်၊ တောင်မျက်နှာအပြင်သည် ယူဇနာလေး ထောင်ကျယ်သည်။ ထောင့်ကြီးသုံးထောင့်၊ ထောင့်ငယ်သုံးထောင့်ရှိသည်ဖြစ်၍၊ လှည်းဦး၌ ခင်းအပ်သော ကတ်သဏ္ဌာန်ကဲ့သို့ တည်သည်။ အချင်း အားဖြင့် ယူဇနာတစ်သောင်း၊ အဝန်းအားဖြင့် ယူဇနာသုံးသောင်း ရှိသည်ဟု လောကပဉာတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတို့တွင် လာသည်။ တစ်ယူဇနာလျှင် ၈မိုင်ခန့်ရှိသည်။

ဇမ္ဗူဒိပ်ကျွန်းနှင့် အရံကျွန်းငယ် ၅ဝဝ တို့တွင် နေကြ သော ကျွန်းသားတို့၏ သက်တမ်းမှာ မတည်မမြဲချေ။ ရံခါလည်း အသင်္ချေရှည်သည်။ ရံခါလည်း ဆယ်နှစ်သာရှည်သည်။ ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ခုနစ်ရာ အမြဲရှည်၏။ အပရဂေါယာနကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ငါးရာအမြဲ ရှည်၏။ ဥတ္တရကုရုကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်တစ်ထောင်အမြဲရှည်၏။ ဤသို့ သံယုတ္တနိကာယ်၊ အဋ္ဌကထာတွင် ဆိုလေသည်။

ဇမ္ဗူဒိပ်ကျွန်းသားတို့၏ မျက်နှာမှာ ကျွန်း၏ပုံကိုလိုက်၍ သုံးထောင့်သဏ္ဌာန်ရှိသည်ဟု ဆိုကြ၏။ အခြားကျွန်းသားတို့၏ မျက်နှာမှာလည်း ထိုအတူပင် ကျွန်းပုံကိုလိုက်၍ အသီးသီးရှိကြသည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့၏ အဆင်းသဏ္ဌာန်သည် အထူး ထူးအပြားပြားရှိကုန်၏။ ဇမ္ဗူဒိပ်ကျွန်းတွင် ဟောပြောဆုံးမမည့် သမ္မာသမ္ဗုဒ္ဓဘုရားပစ္စေကဗုဒ္ဓါအရိယာသာဝက စသော သူတော်သူမြတ်တို့ ရံခါရှိတတ်သောကြောင့် ဤကျွန်းသူကျွန်းသားတို့သည် သုဂတိနတ်ရွာမှသည် အမြိုက်နိဗ္ဗာန်ချမ်းသာတိုင်အောင် လားရန် အခွင့်အခါရှိကြကုန်သည်။ အခြားကျွန်းကြီး ၃ ကျွန်းတွင််မူ ဟောပြောဆုံးမမည့်သူ မရှိသဖြင့် သံသရာဝဋ်ဆင်းရဲ၏ အကြောင်းသာများသည်။ ထို့ကြောင့် ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်းသည် နိဗ္ဗာန်သို့ ကူးရာဆိပ်ကမ်းနှင့် တူသောကြောင့် ဘုရားအစရှိသော သူတော်ကောင်းတို့သည် အထူးချီးမွှမ်းတော်မူကုန်သည်။ ၎င်းကိုရည်ရွယ်၍ ရှင်မဟာသီလဝံသပုဂ္ဂိုလ်ကျော်က တံတားဦးတည်မော်ကွန်းတွင်၊ "မိုးနတ်သိကြား၊ မြောက်ကျွန်းသားလည်း၊ တရားကုသိုလ်၊ နှိုင်း၍ဆိုမူ၊ မတူကြဘဲ၊ ရာဆကဲ၍၊ ဖြစ်ခဲစွာမှု၊ ဧဟိပြု၏၊ ဘိက္ခုသံဃာ၊ အရိယာသမိုက်၊ ရှင်တော်ရိုက်လျှင်၊ ဤ၌သီးခြား၊ တည်ထွန်းပွား၏၊ ဦးဖျားပေါပေါ၊ ဖိုလ်မဂ်ဇောဟု၊ သင်္ဘောဗိမာန်၊ သည်ကခံမှ၊ နိဗ္ဗာန်တူရူ၊ ကူးမှတ်မူသား၊ ဇမ္ဗူ့လကျာ်၊ တို့ကျွန်းသာလျှင်၊ ဆိပ်ညာတဖြောင့် တန်းတန်းတည်း" ဟူ၍ စပ်ဆိုထားလေသည်။

ဇမ္ဗူဒိပ်ကျွန်းဦးတွင် ဇမ္ဗူ့သပြေပင်ရှိသည်။ ထိုဇမ္ဗူ့သပြေပင်မှ ဇမ္ဗူရာဇ်ရွှေကိုရရှိသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့်တကွသော ကျွန်းကြီးကျွန်းငယ်တို့၏ ဗဟိုပြုရာ မြင့်မိုရ်တောင်တွင် ရောင်ခြည် ၄ ပါးရှိ၏။ အရှေ့ဘက်ပိုင်းသည် ငွေအတိပြီး၏။ အနောက်ဘက်ပိုင်းသည် ဥဿဖယားအတိ ပြီး၏။ တောင်ဘက်ပိုင်းသည် ပတ္တမြားညိုအတိပြီး၏။ မြောက်ပိုင်းသည် ရွှေအတိပြီး၏။ ဤသို့ သာရတ္ထဒီပနီဋီကာတွင်ဆို၏။ ထိုရတနာတို့၏ အရောင်သည် မျက်နှာမူရာ ကျွန်းကြီးကျွန်း ငယ်တို့သို့ ထွန်းပလွှမ်းမိုးနေလေသည်။ ထို့ကြောင့် အမြဲစိမ်းလန်းစိုပြည်နေသည်ဟု ဆိုသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့် တကွသော ကျွန်းကြီးကျွန်းငယ်တို့ကို အုပ်စိုးသောမင်းကို စကြဝတေးမင်း ဟု ခေါ်သည်။

ဇမ္ဗူဒိပ်ကျွန်းတွင် အချင်းယဇနာ ၃ဝဝဝ၊ အဝန်းယူဇနာ ၉ဝဝဝ၊ အမြင့်ယူဇနာ ၅ဝဝ ခန့်ရှိသော ဟိမဝန္တာတောင်နှင့် ၈၄ဝဝဝ မျှသော တောင်ငယ်တောင်ထွတ်တို့ရှိ၏။ အချင်းယူဇနာ ၅ဝ ခန့်၊ အဝန်း ယူဇနာ ၁၅ဝ ခန့်ရှိသော အနောတတ္တအိုင်၊ ဆဒ္ဒန္တအိုင်၊ ကုဏာလအိုင်၊ အန္ဒာကိနီအိုင်၊ သီဟပ္ပပါတအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထကာရအိုင် ဟူ၍ အိုင်ကြီး ၇ အိုင်တို့ရှိ၏။ အနောတတ္တအိုင်ကိုရံလျက်၊ သုဒဿနတောင်၊ စိတ္တကူဋတောင်၊ ကာဠကူဋတောင်၊ ဂန္ဓမာဒနတောင်၊ ကေလာသတောင်ဟူ၍ တောင် ၅ လုံးရှိသည်။ အနောတတ္တအိုင်၌ ပြွန်လေးသွယ်ရှိ၍ တောင်ဘက်ပြွန်မှ ဂင်္ဂါယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူသော မြစ်ကြီး ၅-စင်းတို့ဖြစ်ပေါ်လာသည် ဟုဆိုသည်။

ဇမ္ဗူဒိပ်ကျွန်းတွင် မြို့သစ်ပေါင်း ပထမအကြိမ် ၆၃ဝဝဝ၊ ဒုတိယအကြိမ် ၆၃ဝဝဝ၊ တတိယအကြိမ် ၆၃ဝဝဝ ပေါ်ထွန်းခဲ့၍၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်သော်၊ မြို့သစ် ရှစ်သောင်းလေးထောင် တိုးပွားသည်ဟု ဆို၏။ သင်္ဘောဆိပ် ကိုးဆယ့်ခြောက်သိန်း၊ ရတနာတည်ရာ ငါးဆယ့်ခြောက်ဌာန၊ ကျေးရွာခရိုင် ကိုးဆယ့်ကိုးသိန်းရှိသည် ဟု ဆိုလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)