ကျိုက်ဒေးဒလွန်စေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်ဒေးဒလွန်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့အနီး ဘုရားလမ်းကျေးရွာတွင် တည်ရှိသည်။ စေတီတော်ကြီးသည် ဖိနပ်တော်အတောင် ၅၀ နှင့် ပန်းတင်ခုံ ၃၃ တောင်ပေါ်တွင် ဉာဏ်တော်အမြင့် အတောင် ၅၀ နှင့် တစ်မိုက်အမြင့်ရှိသည်။ ဂဝံအုတ်များဖြင့် အခိုင်အမာတည်ဆောက်ထားသည့် ဖိနပ်တော်တွင် အုတ်လှေကားကြီး လေးစင်း တည်ဆောက်ထားကာ ပန်းတင်ခုံမှ အတွင်းသို့ ၈ ပေခန့်ခွာ၍ စေတီတော်ကြီးကို တည်ထားခြင်းဖြစ်ပြီး ပန်းတင်ခုံပေါ်တွင် ရံစေတီ ၈ ဆူကို ဖူးမြော်မြင်တွေ့နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျိုက်ဒေးဒလွန်စေတီတော်သည် မွန်ဘာသာအရ ကျိုက် သည် "ဘုရား"၊ ဒေး သည် "ကုန်း"၊ ဒလွန်သည် "နံသာ" ဟု အဓိပ္ပာယ်ရသဖြင့် "နံ့သာကုန်းစေတီ"ဟု မြန်မာအဓိပ္ပာယ်ရသည်။ စေတီတော်၏သမိုင်းတွင် ဓမ္မစေတီမင်း (အေဒီ ၁၄၇၂- ၁၄၉၂) မှ ရှေးဟောင်းစေတီပျက်တစ်ဆူတွေ့ရှိ၍ မှော်ပီ(မှော်ဘီ)မြို့စား အမတ်ကြီး ဇိန်ဗြဲကို ကြပ်မတ်စေကာ စေတီသစ်တစ်ဆူတည်စေခဲ့ပြီး မွန်ဘာသာဖြင့် ကျိုက်ဒေးဒလွန်စေတီတော်ဟု ဘွဲ့တော်ဆပ်ကပ်ခဲ့သည်။ ဓမ္မစေတီမင်းမှ အသစ် တစ်ဖန်တည်ထားခဲ့သည့် ကျိုက်ဒေးဒလွန်စေတီတော်ကြီးကို သုရှင်တကာရွတ်ပိ (အေဒီ ၁၅၂၆- ၁၅၃၉)မှ ထပ်မံပြုပြင်ပြီး ရွှေထီးတော်တင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

မွန်ရာဇဝင်ပေါင်းချုပ်