အမြောက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အမြောက်[ပြင်ဆင်ရန်]

ကောင်းကင်အမြင့်တွင် လျင်မြန်သောနှုန်းဖြင့် ပျံသန်းနေသော အစက်ကလေးလောက် မြင်ရသည့် လေယာဉ်ပျံကို လေယာဉ် ပစ် အမြောက်ဖြင့် ထိမှန်အောင် ပစ်နိုင်ခြင်းသည် သာမန် အစွမ်းမဟုတ်ပေ။ မြေပြင်မှပစ်သော အမြောက်ဆံများကို ရှောင်လိုက် တိမ်းလိုက် ပြုလုပ်နေသည့်ကြားမှ ထိမှန်အောင် လိုက်၍ ပစ်နိုင်ခြင်းမှာ လေယာဉ်ပစ်အမြောက်တွင် ချိန်တံဟု ခေါ်သောကိရိယာတစ်ခု ရှိသောကြောင့် ဖြစ်သည်။ ထိုချိန်တံ သည် ပစ်လိုက်သည့် အမြောက်ဆံနှင့် ရန်သူလေယာဉ်ပျံတို့ တွေ့ဆုံမည့်နေရာကို ချိန်နိုင်သည့် အလိုအလျောက် ကိရိယာ ဖြစ်သည်။ အဝေး၌ ရှိသောလေယာဉ်ပျံကို အမြောက်နှင့် တိုက်ရိုက်ပစ်ပါက အမြောက်ဆံရောက်ချိန်တွင် လေယာဉ်ပျံ သည် ရှေ့သို့ရောက်နှင့်နေရမည်ဖြစ်ရကား အမြောက်ဆံမှာ အချည်းနှီး ဖြစ်ရလေသည်။ ထိုသို့ မဖြစ်ရအောင် ချိန်တံဖြင့် ချိန်၍ပစ်ရသည်။ လေယာဉ်ပျံ၏ အမြင့်ညွှန်း ဒီဂရီလမ်း ကြောင်း အသွားနှုန်းတို့အပြင် လေတိုက်နှုန်းနှင့် လေ မည်သည့်ဘက်သို့ တိုက်နေသည် စသည်တို့ကို ချိန်တံသည် တိတိကျကျ တွက်ချက်၍ အမြောက်ဆံနှင့်လေယာဉ်ပျံတို့ တွေ့ဆုံမည့်နေရာသို့ ပြနိုင်သည်။

လေယာဉ်ပစ်အမြောက်နှင့် ချိန်တံတို့သည် လျှပ်စစ်ဓာတ် ကြိုးဖြင့် ဆက်သွယ်ထား၏။ တွေ့ဆုံမည့်နေရာကို တွက်ချက် သည့်အခါ ချိန်တံတွင် ရှိသည့်အတံများသည် လျှပ်စစ်ဓာတ်ဖြင့် အမြောက်တွင် လာ၍ ပေါ်၏။ ထိုအခါ အမြောက်များကို ဘေးသို့ ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ လိုရာဘက်သို့ လက်ဖြင့် သော် လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြင့်သော်လည်းကောင်း လှည့်၍ချိန်ထားပြီးလျှင် စနက်တံကလည်း အရံသင့် ရှိနေလေ သည်။ အချိန်ကိုက်လာသည်နှင့် ပစ်လိုက်ရာ လေယာဉ်ပျံကို မလွဲတမ်း မှန်တော့၏။ ရေဒါသည်လည်း ချိန်တံကို ပို၍ တိကျမှန်ကန်အောင် ပြုလုပ်ပေးသည်။ ရေဒါဖြင့် တိမ်ထဲတွင် ဖုံးကွယ်နေသော လေယာဉ်ပျံများကို ပစ်နိုင်သည့်ပြင် ညဉ့်အခါ မီးမောင်းကြီးများမပါပဲ ထိမှန်အောင် ပစ်နိုင်သည်။ ( ရေဒါ။)

ပြောင်းဝ ၄ ့၅ လက်မ ရှိသော အမြောက်လေးခုတပ်ခွဲတွင် ရေဒါ၏အကူအညီဖြင့် ရန်သူဗုံးကြဲ လေယာဉ်ပျံ ရှိရာသို့ တစ် မိနစ်လျှင် ၅၅ ပေါင်ရှိ အမြောက်ဆံ ၃၆ ခုကို ပစ်နိုင်စွမ်း ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်တပ်တွင် အသုံးပြုသော လေယာဉ်ပစ်အမြောက်များတွင် ၄ဝ မီလီ မီတာ (၁ ့၅ လက်မ ခန့်) အမြောက်ဆံနှင့် အမြန်ပစ် နှစ်ပေါင်လေး အမြောက်ဆံ များ ပါဝင်သည်။ နှစ်ပေါင် လေးအမြောက်ဆံနှင့် ပစ်သော အမြောက်ဆံများကို အနိမ့်ပျံသော လေယာဉ်များနှင့် ပစ်မှတ် အငယ်စားများကို ခုခံပစ်ရာ၌ များစွာ အသုံးပြုသည်။ အမြင့် ပေ ၃ဝဝဝဝ ကျော် အထိ ရောက်အောင်ပစ်နိုင်သော ၃ ့၇ လက်မ၊ ၄ ့၅ လက်မနှင့် ၅ ့၂၅ လက်မအမြောက်ကြီးများကို မြို့စောင့်အဖြစ် မြို့ပတ်လည်၌ ချထားတတ်ကြသည်။ ဗြိတိသျှ မြေပြင်ပစ် အမြောက်ကြီးများတွင် ကိုက် ၁၃ဝဝဝ အဝေးပစ် ၂၅ ပေါင်ဒါ အမြောက်ဆံသည် စံအမြောက်ဆံ ဖြစ်သည်။ ဤလက်နက်သည် အမှန်အားဖြင့် အခြားလက်နက် များနည်းတူ ဟောင်ဝစ်ဇာ အမြောက်ဖြစ်သည်။ အမြောက်ဆံမှာ မြန်လည်း မမြန်ချေ။ အမြောက်ဆံသည် အပေါ်သို့ ခပ်မတ် မတ် ကောက်တက်သွားပြီးလျှင် မြေပြင်ပေါ်သို့ တည့်တည့် လောက် ကျလာတတ်သည်။ အမြောက်ကား အမြောက်ဆံကို အပေါ်သို့ မတ်မတ် ကောက်တက်မသွားစေပဲ မြေပြင်နှင့် ဖြောင့်ဖြောင့်ကြီးမြန်မြန်နှင့် ဝေးဝေးပစ်နိုင်သည်။

၃ ့၇ လက်မ ဟောင်ဝစ်ဇာသည် ပုံဟောင်းဖြစ်သည်။ ယင်းကို အစိတ်စိတ် ခွဲလိုက်နိုင်ပြီးလျှင် လားများဖြင့် ယူ ဆောင်၍ တောင်ပေါ်အမြောက်တပ်ခွဲများက အသုံးပြုကြသည်။ ထိုဟောင်ဝစ်ဇာကို တစ်ဖန်အသုံးပြုလိုက ပြန်၍ အသုံးပြုနိုင် သည်။ လေယာဉ်ပျံနှင့် သယ်ဆောင်ယူသွားနိုင်သည်။ ယင်း သည် ၂ဝ ပေါင် အမြောက်ဆံဖြင့် ကိုက် ၆ဝဝဝ အဝေးသို့ ထိမှန်အောင် ပစ်နိုင်သည်။ အခြားမြေပြင်ပစ် ဟောင်ဝစ်ဇာ အမြောက်များမှာ ၄ ့၅ နှင့် ၅ ့၅ လက်မမှ အကြီးစား ၉ ့၂ လက်မအထိ ရှိသည်။

ရန်သူလေယာဉ်ပျံများကို ပစ်ချရာ၌ ဒုံးပျံများကိုလည်း အသုံးပြုကြသေးသည်။ ဒုံးပျံများကို ပရို ဂျက်တာခေါ် ဒုံးပျံ ပစ်ခုံများပေါ်ရှိ သံလမ်းများပေါ်တွင် တပ်ဆင်ထားသည်။ ယင်း ဒုံးပျံပစ်ခုံများကို အောက်သို့ လည်းကောင်း၊ အပေါ်သို့လည်း ကောင်း မြှင့်တင်နိုင် နှိမ့်ချနိုင်သည့်ပြင် ဘေးဘက်သို့လည်း အလိုရှိသလို ရွှေ့ပေးနိုင်သည်။ သံလမ်းပေါ်တွင် တပ်ဆင်ထား သော ဒုံးပျံများကို တစ်ကြိမ်လျှင် ဒုံးပျံနှစ်ခုကျ ဒုံးပျံပစ်ခုံ နံဘေးရှိ လျှပ်စစ်ခလုတ်ဖြင့် ပစ်ရသည်။ ဒုံးပျံများကို ပစ်ရာ၌ အမြောက်ဆံများကဲ့သို့ လည်၍ သွားခြင်း မရှိသဖြင့် ဒုံးပျံသွား လမ်းသည် တိတိကျကျ မမှန်တတ်ချေ။ သို့သော် ဒုံးပျံ အမြောက်အမြားကို ပစ်ထုတ်သောကြောင့် တစ်ခုနှင့်မမှန်လျှင် တစ်ခုနှင့်မှန်နိုင်လေသည်။ ဒုံးပျံပစ်ခုံတစ်ခုတွင် ဒုံးပျံတစ်ခုစီ တပ်ဆင်ထားသော ဒုံးပျံပစ်ခုံ ၆၄ ခုမှ တစ်ပြိုင်နက်တည်း ဒုံးပျံပေါင်း ၁၂၈ ခုကို ပစ်ထုတ်နိုင်လေသည်။ မြေပြင်တွင် လည်း အလားတူ ဒုံးပျံများကို အမြောက်အလတ်စားသဖွယ် အသုံးပြုကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း အမြောက်များကို များသောအားဖြင့် လေးဘီးတပ် ထရပ်တာခေါ် ဝန်ဆွဲယာဉ် များဖြင့် ဆွဲယူကြ သည်။ သို့သော်လည်း နောက်တွင် မဆွဲရတော့ပဲ တင့်ကား သဘောမျိုးကဲ့သို့ ဖာသာ မောင်းသွားနိုင်သည်။ အမြောက် များကို တင့်ကား အောက်ခံကိုယ်ထည်တွင် တပ်ဆင်၍ အမြောက်ပစ်သမားများသည် အတွင်းမှ ထိုင်လိုက်ရသည်။ ယင်းအမြောက်တင်တင့်ကားများသည် တင့်ကားများကဲ့သို့ လိုရာသွားနိုင်သည်။ အမြောက်များမှာ ၁၇ ပေါင်ဒါမှ ၁ဝ၅ မီလီမီတာ (အချင်း ၄ လက်မခန့်) အထိနှင့် ၇ လက်မ အမြောက်ထိ ရှိကြသည်။ အမေရိကန်တို့က ၃၁ တန်အလေး ချိန်ရှိသော ၈ လက်မ အမြောက်ကြီးကို ထုတ်လုပ်ကြသည်။ ယင်းတို့သည် မိုင် ၂ဝ အကွာအဝေးသို့ ပေါင် ၂၄ဝ အမြောက် ဆံဖြင့် ပစ်နိုင်သည်။

တန်ချိန် ၁၅ဝဝ ရှိ၍ ၇ ့၅ တန်လေးသော အမြောက်ဆံကို ၂၈ မိုင်အထိ ပစ်နိုင်သောအမြောက်ကြီးကို ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်များ အသုံးပြုခဲ့ကြသည်။ ယင်းအမြောက်ကြီး ကို မီးရထားသံလမ်းပေါ် တင်၍ လူပေါင်း ၁၅ဝဝ ဖြင့် ကိုင် တွယ်ရသည်။ ဤအမြောက်ကြီးမှ အမြောက်ဆံတစ်ခုကို လန်ဒန်မြို့ ဘုရင့်စစ်ပြတိုက်တွင် ပြထားသည်။

ဗြိတိသျှကင်းစောင့် အမြောက်တပ်တွင် လှည့်စင်ပေါ်၌ တပ်ဆင်ထားသော ၆ လက်မအမြောက်မျိုးကို နှစ်ပေါင်းများစွာ ကပင် လက်နက်ကောင်းတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြသည်။ ယင်းအမြောက်မျိုးသည် ကိုက် ပေါင်း ၂၆ဝဝဝ ဝေးသော နေရာသို့ ပစ်နိုင်၍ ယင်း၏ပေါင် ၁ဝဝ အမြောက်ဆံသည် ဖျက်သင်္ဘောတစင်းကို နှစ်မြှုပ်နိုင်သည်။ သို့တည်းမဟုတ် သင်္ဘောကြီးတစ်စင်းကို တိုက်ခိုက် ပျက်စီးစေနိုင်သည်။ ၉ ့၂ လက်မ၊ ၁၂ လက်မနှင့် ၁၈ လက်မစသော အမြောက်ကြီး များကိုလည်း ကမ်းစောင့်အတွက် အသုံးပြုသည်။ ခံတပ်ဖျက် အမြောက်ကြီးများသည် တစ်တန်ကျော်ကျော် လေးသော အမြောက်ဆံကို တစ်နာရီလျှင် မိုင် ၉ဝဝ နှုန်းဖြင့် မိုင် ၂ဝ အဝေးသို့ ပစ်နိုင်သည်။

အချို့အမြောက်များကို အမျိုးမျိုး အသုံးပြုနိုင်သည်။ ရွှေ့ ပြောင်း လွယ်သော ၃ ့၇ လက်မလေယာဉ်ပစ် အမြောက်များ ကို မြေပြင်ပစ် အမြောက်များအဖြစ်ဖြင့် အသုံးပြုနိုင်သော ကြောင့် စစ်သင်္ဘောများ ပစ်ရာ၌ အသုံးပြုခံသည်။ ယင်း အမြောက်၏ပြောင်းကို လိုသလိုမြှင့်နိုင်သောကြောင့် အမြောက် များမမီသော ပစ်မှတ်များကို ပစ်နိုင်သည်။ ဒုတိယကမ္ဘာစစ် အတွင်း အထူးသဖြင့် မြောက်အာဖရိက စစ်မျက်နှာတွင် ၂၅ ပေါင်ဒါ အမြောက်ကို တင့်ကားဖျက်စီးရာ၌ အသုံးပြုခဲ့သည်။ ဂျာမန်လုပ် ၈၈ မီလီမီတာအမြောက်သည် လေယာဉ်ပျံ၊ တင့် ကား၊ သို့မဟုတ် မြေပြင်ပစ်မှတ်များကို ပစ်နိုင်သဖြင့် အလွန် အောင်မြင်ခဲ့သည်။

တစ်ခါတစ်ရံ ၄ဝ မီလီမီတာ အမြောက်ကို စက်အမြောက် အကြီးစားအဖြစ် အသုံးပြုခဲ့ကြ၍ သင်္ဘောကလေးများကို ပစ်ရာ ၌ အလွန်ထိရောက်ခဲ့သည်။ သဲကန္တာရတွင် ညဉ့်တိုက်ပွဲများ၌ တိုက်စစ်ဆင်လျက်ရှိသော မိမိတို့၏ ခြေလျင်တပ်သားများအား စစ်မျက်နှာ အကန့်အသတ်နှင့် ဦးတည်ရာအရပ်ကို ညွှန်ပြရန် အတွက် ဤအမြောက်များက တပ်သားများ၏ဦးခေါင်းပေါ်မှ လင်းကျဉ်များကို မှန်မှန်ပစ်ပေးလျက် ရှိသည်။ ဒုံးပျံပစ် အမြောက်များကလည်း လေယာဉ်ပျံများကို ပိုက်စိတ်တိုက် ပစ်ခတ်ပေးကြ၏။ ကမ်းသို့ ချင်းနင်းဝင်ရောက် တိုက်ခိုက် လာသော ရန်သူများကို ကမ်းစောင့်အမြောက်တပ်က ခုခံ တိုက်ခိုက်လေ့ရှိသည်။ အမှန်အားဖြင့် ကမ်းစောင့်အမြောက် တပ်၏ အလုပ်မှာ ပင်လယ်တွင်းရှိ ပစ်မှတ်များကို ပစ်ခတ်ရန် ဖြစ်သည်။ ယင်းတို့ကို ဆိပ်ကမ်းပတ်ဝန်းကျင်တွင် ရေမြှုပ်ဗုံး များ ချရန်လာသည့် ရန်သူလေယာဉ်ပျံများကို ပစ်ခတ်ရာတွင် လည်း အသုံးပြုသည်။

အမြောက်ဆံများသည် များသောအားဖြင့် ထိပ်ချွန်သံမဏိ ဒလိမ့်ပုံ အတွင်း၌ စနက်တံပါသည်။ စနက်တံ၏ ရည်ရွယ် ချက်မှာ အလိုရှိသည့်အချိန်တွင် အမြောက်ဆံကို ပေါက်ကွဲရန် ဖြစ်၍ အမြောက်ဆံ၏ အသိမ်မွေ့ဆုံးသောအပိုင်းဖြစ်သည်။ စနက်တံသည် မာသောအရာဝတ္ထုနှင့် ထိသောအခါမှ ပေါက် ကွဲသော စနက်တံမျိုး၊ သို့မဟုတ် ပစ်လိုက်၍ အောက်သို့ မကျမီ အလိုရှိသည့် အချိန်၌ ပေါက်ကွဲစေနိုင်သည့် စနက်တံ မျိုး၊ သို့မဟုတ် သဘောနှစ်မျိုးစလုံး စနက်တံမျိုး ဟူ၍ အမျိုးမျိုး ရှိလေသည်။

လေယာဉ်ပစ် အမြောက်ဆံတွင်းရှိ စနက်တံမျိုးကား လေယာဉ်ပျံကို မမှန်ပါက အလိုအလျောက် ပေါက်ကွဲသော စနက်တံမျိုး ဖြစ်သည်။ သို့မှသာ မြေပြင်ပေါ်သို့ မကျသဖြင့် မဆိုင်သူများ ထိခိုက်ဒဏ်ရာရခြင်းမှ သက်သာလေသည်။ ကြောက်စရာကောင်းသော စနက်တံတစ်မျိုးမှာ ရေဒီယိုစနက်တံ ဖြစ်သည်။ ယင်းတွင် ရေဒီယိုလှိုင်းလွှင့်ခွက်နှင့် ဖမ်းခွက်အသေး ကလေးတစ်ခုအပြင် ဓာတ်ခဲနှင့်ကောင်းကင်ကြိုး အပြည့်အစုံ ပါရှိသည်။ ယင်းစနက်တံမျိုးကို ၃ ့၇ လက်မ အမြောက်ဆံ၏ ထိပ်တွင် တပ်ဆင်ထားသည်။ အမြောက်ဆံကို ပစ်ထုတ်၍ လေ ထဲတွင်ရှိစဉ် ရေဒီယိုလှိုင်းလွှင့်ခွက်ကလေးက လှိုင်းများကို လွှင့် ၏။ အမြောက်သည် လေယာဉ်ပျံနှင့် ပေ ၇ဝ အတွင်းသို့ ရောက်သွားသောအခါ ရေဒီယိုလှိုင်းများသည် ဖမ်းခွက်သို့ ပြန်၍ ပဲ့တင်ရိုက်ခတ်လာသောကြောင့် ယင်းတွင်ပါသော ခလုတ်က စနက်တံကို လျှပ်စစ်ဓာတ်ဖြင့် ထိသဖြင့် ပေါက်ကွဲ တော့၏။ သို့ဖြင့် လေယာဉ်ပျံကို ထိမှန်ပြီး ပျက်စီးသွားစေ လေသည်။

သာမန်အမြောက်ဆံတွင် ပြင်းထန်သော ပေါက်ကွဲပစ္စည်းများ ထည့်ထားရာ အလွန်အန္တရာယ်ကြီး၏။ တင့်ကားကို ဖောက် ထွင်းပျက်စီးစေသည့် အမြောက်ဆံမှာ ခေါင်းပိတ်ဖြစ်သည်။ အစိတ်စိတ်အမြွာမြွာ ပေါက်ကွဲသည့် အမြောက်ဆံသည် ပေါက် ကွဲသည့်အခါ အစိတ်စိတ် ပျံထွက်သွားအောင် အမြောက်ဆံခွံကို တစ်စိတ်တစ်ဒေသ ခွဲထားသည်။ လေထီးတွင် ချိတ်ဆွဲထား သော မီးကျည်သည်လည်း အမြောက်တစ်မျိုးမှ ပစ်ထုတ်သော အမြောက်ဆံဖြစ်သည်။ ယင်းမီးကျည်သည် မြေပြင်ရေပြင်သို့ တဖြည်းဖြည်း ကျဆင်းလာယင်း အလွန်ထိန်လင်းသော အလင်းရောင်ကို ပေးသဖြင့် ရန်သူတို့၏ လှုပ်ရှားမှုကို ကောင်းစွာ မြင်နိုင်သည်။

အမြောက်ငယ်များကို ခရစ် ၁၃၄၆ ခုနှစ်၌ ဥရောပတိုက်၊ ကရေဆီးစစ်ပွဲတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ သတ္တုပြွန်၃ ချောင်းကလေးများကို အထောက်များတွင်ချည်၍ အမြောက်ငယ် အဖြစ် စတင်အသုံးပြုရာမှ ၁၃၈၂ ခုနှစ်တွင် အတော်အသင့် ကြီးသော အမြောက်များအထိ ဖြစ်လာလေသည်။ ဂင့်တိုက်ပွဲ တွင် အသုံးပြုသော အမြောက်ကြီးမှာ အလေးချိန် ၁၃ တန်ရှိ၍ ၁၆ ပေ ရှည်ပြီးလျှင်၊ ပေါင် ၇ဝဝ လေးသော ၂၅ လက်မ ကျောက်ခဲလုံးဖြင့် ပစ်၏။ ၁၆ ရာစုနှင့် အလယ်ပိုင်းသို့ ရောက်လာသောအခါ အမြောက်များကို ဘီးများပေါ်တွင်တင်၍ အသုံးပြုလာကြသည်။ အမြောက်ဆံများမှာလည်း ကျောက်ခဲ မဟုတ်ပဲ ခေါင်းပိတ်၊ သို့မဟုတ် ခေါင်းပွသံလုံးများ ဖြစ်လာ ကြသည်။ ခေါင်းပွသံလုံးများတွင် ယမ်းများ ထည့်လိုက်သော အခါ ပထမဆုံးအမြောက်ဆံများ ဖြစ်လာတော့၏။

ရှေ့ထိုးပြောင်းချော ရှေးအမြောက်များသည် အနီးကပ်၍ တေ့ပစ်သည်မှတစ်ပါး မထိမှန်ချေ။ ၁၉ ရာစုနှစ် အလယ်ပိုင်း သို့ ရောက်သောအခါ အမြောက်ပြောင်း အတွင်း၌ ဝက်အူရစ် ထွင်းကြောင်းများ ပြုလုပ်လာကြရာ အမြောက်များ ပို၍အား ကောင်းလာလေသည်။ ယင်းထွင်းကြောင်းများကြောင့် ပစ်လိုက် သည့်အခါ အမြောက်ဆံသည် လည်၍ ထွက်သွားသောကြောင့် လမ်းတွင် ချာလပတ်မလည်ချေ။ ယခုအခါ ရှေ့ထိုးအမြောက် များ မရှိတော့ချေ။ အမြောက်ပစ်သည့်အခါ နောက်သို့ ပြန်ကန် တတ်သောကြောင့် တစ်ခါပစ်ပြီးလျှင် တစ်ဖန်ပြန်၍ ချိန်ရ သည်။ သို့သော် ယင်းသို့ ပြန်မကန်နိုင်သည့် ကြားအခံကိရိယာ တစ်ခုကို တီထွင်လိုက်သောကြောင့် ဆက်ကာဆက်ကာ မနား တမ်း ပစ်နိုင်လာသည်။

ယမ်းထက် အလွန်ပြင်းထန်သော ပေါက်ကွဲစရာများ တွေ့ရှိ လာသောကြောင့် အဝေးသို့ ပို၍ ပစ်နိုင်ပြီးလျှင် သတ္တုတစ်တုံး တည်းမှ သွန်းလုပ်ယူသော အမြောက်မှာ အသုံးမကျ ဖြစ်လာ လေသည်။ ယခုခေတ် ပြင်းထန်သော ပေါက်ကွဲစရာများသည် ယင်းကဲ့သို့သော အမြောက်များကို စက္ကူကဲ့သို့ ကြွေမွ သွားစေ နိုင်သည်။ ထိုကြောင့် ယခုအခါ သံမဏိတုံးတတုံးကို အတွင်း ပြောင်းတစ်ခု ဖြစ်အောင် ထွင်းပြီးလျှင် ဒုတိယ ပြောင်းတစ်ခု ကို လုပ်ပြန်သည်။ ဒုတိယပြောင်းသည် အေးနေသောအခါ အပေါက်ဝ သေးနေသောကြောင့် ပထမ အတွင်းပြောင်းကို မသွင်းနိုင်ချေ။ သို့သော် အပူပေး၍ ကျယ်လာသောအခါ ပထမအတွင်းပြောင်းသည် အနေတော် ဝင်သွားပြီးနောက် အအေးခံလိုက်သောအခါ ပြုတ်တူနှင့် ည|ပ်ထားသကဲ့သို့ ကျပ်သွားတော့၏။ ဤနည်းဖြင့် တတိယပြောင်း၊ စတုတ္ထ ပြောင်းထိအောင်ပင် ပြုလုပ်ထည့်သွင်းကြသည်။ အချို့ အမြောက်များကို ပြောင်းတစ်ခုနှင့်တစ်ခု အကြား၌ အခိုင်ခံ့ ဆုံးသော ဝိုင်ယာကြိုးများနှင့် ရစ်ပတ်ထားကြသည်။ အမြောက်တပ်တွင် ခဲယမ်းမီးကျောက်များကို တစ်နေရာ တည်း၌ ရနိုင်ရန် ပြဿနာမှာ အရေးကြီးဆုံး ပြဿနာ ဖြစ် သည်။ ၁၈၁၅ ခုနှစ်တွင် ဝါတာလူးတိုက်ပွဲ၌ တိုက်ပွဲ တစ်ခု လုံးအတွက် နှစ်ဘက်စလုံး၌ ၃၇ တန်ထက်မပိုသော အမြောက် ဆံများကိုသာ အသုံးပြုခဲ့သည်။ ယခုခေတ်တွင်းကား တစ်မိနစ် လျှင် အမြောက်ဆံ ငါးခုအထိ ပစ်နိုင်သော ၂၅ ပေါင်ဒါ အမြောက်သည် မိနစ် ၂ဝ အတွင်း ခဲယမ်းမီးကျောက် တစ်တန် ကို အသုံးပြုနိုင်သည့်ပြင် အမြောက်တပ်စိတ်တစ်ခုတည်းက ဤကဲ့သို့သောအမြောက်မျိုး ၁ဝဝ ကျော်ကို ဤနှုန်းဖြင့် ပစ်နိုင် ကြပေသည်။

ကျွမ်းကျင်သော အမြောက်တပ်သား တစ်ယောက်ဖြစ်ဖို့ရန် မလွယ်ချေ။ အချိန်ကြာမြင့်စွာ ပြင်းပြင်း ထန်ထန် သင်တန်း တက်ရန် လိုပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)