စတုရင်္ဂဗလအမတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စတုရင်္ဂဗလ အမတ်ကြီးသည် ပင်းယခေတ် မြန်မာစာပေ၌ ထင်ရှားသော စာဆိုတော်တစ်ဦး ဖြစ်၍ ဇာတိအားဖြင့် ပြည်မြို့သား ဖြစ်သည်။ ဝိဇယာပုရ အမည်ရှိ ပင်းယမြို့တည် နန်းတည် တစီးရှင်သီဟသူမင်းကြီး (မြန်မာ ၆၇၄-၆၈၄)၏ သားတော်ငါးစီးရှင်ကျော်စွာမင်း(၇ဝ၄-၇၁၂)သည် အမတ်ကြီးအား သူကောင်းပြု၏။ ထိုမင်း၏ သားတော် လေးစီးရှင်ကျော်စွာခေါ် သီဟသူမင်း(၇၁၂-၇၂၁) လက်ထက်၌ အတွင်းဝန်အဖြစ် အမှုထမ်းနေစဉ် 'သီရိမဟာစတုရင်္ဂဗလ' ဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရလေသည်။

ထို စတုရင်္ဂဗလဟူသော ဘွဲ့တော်မှာ စတု = လေးပါး၊ အင်္ဂ = အင်္ဂါရပ်၊ အစိတ်အပိုင်း၊ ဗလ = အားမာန်နှင့်ပြည့်စုံခြင်း ဟူသော အနက်အဓိပ္ပါယ်ရသည်။ ထို အင်္ဂါလေးပါးတို့သည်ကား-

  1. သဒ္ဒါကျမ်းအတတ်တွင် အလုံးစုံနှံ့စပ် ထိုးထွင်းသိမြင်ခြင်း၊
  2. ကဗျာလင်္ကာ ဖွဲ့ဆိုရေးသားရာတွင် ကျွမ်းကျင်လိမ္မာစွာ သီကုံးတတ်ခြင်း၊
  3. လောက၊ ဓမ္မ၊ ရာဇ အရေးတို့ကို နက်နက်နဲနဲ အမေးပုစ္ဆာပြုတတ်ခြင်း၊
  4. စစ်တုရင်ထိုးရာ၌ တူမုံတူအောင် စွမ်းဆောင်တတ်ခြင်း စသည့် အားလေးတန်နှင့် ပြည့်စုံခြင်းကို ဆိုပေသည်။


ပိဋကတ်သုံးပုံကို ကောင်းစွာနှံ့စပ်သော အမတ်ကြီးသည် မာဂဓဘာသာ ဂန္တန္တရ ကျမ်းများနှင့် သင်္သကရိုဋ်ဘာသာ ကျမ်းစာများတွင်လည်း ကောင်းစွာတတ်မြောက်သည်ဖြစ်၍ လက္ခဏာတော်ငယ် ရှစ်ဆယ်ဂါထာ၊ တစ်ရာ့ရှစ်ကွက် ခြေတော်စက်နှင့် ဆိုင်သော ပါဒနက်သန်ဂါထာများ၊ 'ဟိတောပဒေသ ဝတ္ထု'(အင်္ဂါ ၂ဝ ကျော်)နှင့် မာဂဓအဘိဓာန် ဋီကာကျမ်း တို့ကို ပြုခဲ့လေသည်။ ထိုပြင် ရှေးရိုးမြန်မာတို့၏ လူ့ကျင့်ဝတ်၌ အလွန်အရေးပါသေ လောကနီတိကျမ်းကိုလည်း ပါဠိဘာသာ ဖြင့်ပြုစုခဲ့လေရာ၊ ထိုကျမ်းကို ဆရာတော်ဦးဗုဓ်က မြန်မာနိသျ ပြန်ဆိုခဲ့လေသည်။

အမတ်ကြီးကား ကျမ်းပြုဆရာသာမဟုတ် လင်္ကာဆရာလည်းဖြစ်သည်။ လေးစီးရှင်ကျော်စွာ၏ ကျော်စွာမင်းကျောင်း၌ သီတင်းသုံးတော်မူသော ရှင်နာဂိတအမည်ရှိ ပေါက်ကန်ဆရာတော်ဟူ၍လည်းတွင်သော ဆူးတွင်းပစ် ဆရာတော်ထံ မြတ်စွာဘုရားတရားတော်နှင့် စပ်လျဉ်း၍ အမတ်ကြီး ရေးသားသော 'ရွှေဘဝါးတော်အောက်'ချီအမေးပုစ္ဆာ ပိုဒ်စုံရတုသည် ရတုသမိုင်းတွင် ရှေးဟောင်းဖြစ်၍၊ ကောင်းလည်း ကောင်းလှပေသည်။ ဤရတုမှာ လောကုတ္တရာ ကြောင်း သက်သက်ဖြစ်၍၊ သေခါနီးဇောပြန်ပုံကို 'မရဏသန်၊ ဇောငါးတန်လျှင်၊ လွန်၍ခုနစ်၊ အဖြစ်သဘော'ဟူ၍၎င်း၊ ဝိပဿနာ ရှုပုံကို'ဒွါရ ခြောက်ထပ်၊ ခြောက်ရပ်အာရုံ၊ ခြောက်စုံဝိညာဉ်၊ ခြောက်စဉ်ပီတိ၊ ဂတိငါးဖြာ၊ ရုပ်လေးမြွာနှင့်'ဟူ၍၎င်း စပ်ဆိုရေးသားခဲ့သည်။ အမတ်ကြီးမှာ ယင်းရတုနှင့်ပင် စာပေလောက၌ များစွာ ထင်ရှားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)