ငခင်ညို

ဝီကီပီးဒီးယား မှ

ပုဂံပြည်ကြီး ပျက်စီးသွားပြီးနောက် မြန်မာနိုင်ငံတဝှမ်းလုံးတွင် တိုင်းငယ်ပြည်ငယ်တို့ ပေါ်ပေါက်လာရာ ရှမ်းလူမျိုးအဆက်အနွယ်များတည်ထောင်လာခဲ့သော မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့တို့သည် မြန်မာ့သမိုင်း၌ ထင်ရှားလာခဲ့ပေသည်။ ထိုရှမ်းလူမျိုးအဆက်အနွယ်များပင် ပင်းယမြို့နှင့် စစ်ကိုင်းမြို့တို့ကို တည်ထောင်ခဲ့ကြသည်။ ပင်းယမြို့ကို တည်ထောင်သောမင်းမှာ ဆင်ဖြူရှင်တစီးရသော တစီးရှင် သီဟသူမင်းကြီးဖြစ်၍ စစ်ကိုင်းမြို့ကို တည်ထောင်သောမင်းမှာ တစီးရှင် သီဟသူ၏ သားတော်အငယ်ဆုံးအသင်္ခယာစောယွန်းဖြစ်သည်။ အသင်္ခယာ စောယွန်း၏ နောင်တော်မှာ ပင်လယ်မြို့စား ငါးစီးရှင် ကျော်စွာဖြစ်သည်။

ငါးစီးရှင်ကျော်စွာနှင့် အသင်္ခယာစောယွန်းတို့သည် ညီအစ်ကိုချင်းဖြစ်သော်လည်း တဦးက တစ်ဦးထက်အင်အားကြီးမားသွားမည်ကို စိုးရိမ်နေသောကြောင့် မသင့်မြတ်ကြချေ။ တခါသော် ငါးစီးရှင်ကျော်စွာသည် ပင်လယ်မြို့ကို စားရစဉ်အခါက ညီတော် စစ်ကိုင်းမြို့စား အသင်္ခယာစောယွန်းကို လုပ်ကြံချေဟု ငခင်ညိုဟူသော ကျွန်ရင်းတယောက်ကို စေတော်မူလိုက်သည်။

နတ်တင်ပွဲကို စားသောက်ခြင်း[ပြင်ဆင်ရန်]

ငခင်ညိုလည်း စစ်ကိုင်းမြို့ဘက်သို့ ကူး၍ အရိပ်အခြည်ကို ကြည့်ရှူရာ အခွင့်မသာသောကြောင့် တောထဲတွင် ၃ ရက်ကြမျှ ပုန်းအောင်းနေရ၏။ တောထဲတွင် ပုန်းအောင်းနေရသဖြင့် အစားအစာမစားရသောကြောင့် အလွန်ဆာလောင်မွတ်သိပ်လျက်ရှိသည်။ နောက်မှ နန်းတော်ထဲသို့ ဝင်နိုင်လေ၏။ နန်းတော်ထဲတွင် စစ်ကိုင်းမင်းက မဟာဂီရိနတ်အား တင်မြှောက်ပသထားသော စားသောက်ဖွယ်ရာတို့ကို တွေ့ရလျှင် ဆာလောင်မွတ်သိပ်လှသောကြောင့် စားလိုက်လေသည်။

ကျေးဇူးသစ္စာစောင့်သိပုံ[ပြင်ဆင်ရန်]

ထိုသို့စားပြီးမှ နန်းတော်အတွင်းဆောင်သို့ဝင်၍ စက်တော်ခေါ်နေသော အသင်္ခယာစောယွန်း၏ ခေါင်းရင်းတွင် ရပ်လျက် ဤသို့တွေး၏။ ဤစစ်ကိုင်းမင်းသည် ယခုပင် ငါ၏ ထမင်းသခင်ကျေးဇူးရှင်ဖြစ်သည်။ ကျေးဇူးရှင်ကို ပြစ်မှားလျှင် ငါ၌ အပြစ်ဝန် အလွန်ကြီးလေလိမ့်မည်။ သို့သော် သူ့ကို လုပ်ကြံရန်လာပါလျက်နှင့် မလုပ်ကြံဘဲ ပြန်သွား၍ ငါ့အရှင်က သတ်သော် တစ်သက်သာသေရပေမည်။ ထမင်းရှင်ကို ပြစ်မှားလျှင်မူကား ဘဝအဆက်ဆက်၌ မကောင်းကျိုးများတော့မည်တကားဟု တွေးတော်ပြီးလျှင် ဓားကို စွပ်တုံ-ချွတ်တုံပြုပြီးမှ စစ်ကိုင်းမင်းထံသို့ ငါရောက်ခဲ့ကြောင်း သက်သေပြရန် ခမည်းတော် ပင်းယမင်း-တစီးရှင် သီဟသူက စစ်ကိုင်းမင်းအား ပေးထားသော ပတ္တမြားဓားကို ယူ၍ ပြန်ခဲ့လေသည်။

ချီးမြှောက်ခံရခြင်း[ပြင်ဆင်ရန်]

ပင်လယ်သို့ ရောက်လျှင် ငါးစီးရှင်ကျော်စွာအား အကြောင်းအရာအလုံးစုံကို တင်လျှောက်၍ ပတ္တမြားဓားကို ဆက်သလေ၏။ ငါးစီးရှင်သည် ငခင်ညို၏လျှောက်တင်ချက်ကို သဘောကျ၍ ငါ့ကျွန် ငခင်ညိုသည် ထမင်းတစလောင်းရှင်၏ ကျေးဇူးကိုပင် ဤမျှသိပေသည်။ ငါနေ့တိုင်းမပြတ် သားမယားနှင့်တကွ ကျွေးမွေးနေသော ကျေးဇူးကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု ချီးမွမ်းပြီးလျှင် များစွာဆိုလာဘ်ပေး၍ ချီးမြှောက်ထားလေသတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့သမိုင်းပုံပြင်၊ စာမျက်နှာ-၅၉