တိုးနယား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တိုးနယား

ဒဏ္ဍာရီတွင် တိုးနယား သည် ခြေထောက် လေးချောင်းပါသော နဂါး အကောင်ဖြစ်သည်။ မြန်မာ့ ရိုးရာ ဂီတ ဖြစ်သည့် ပတ်မကြီး ကို တိုးနယားရုပ်ပါသော စင်ဖြင့် ချိတ်ဆွဲလေ့ရှိသည်။

တိုးနယားဟူ‌သော သတ္တဝါသည် ပန်းချီပန်းပုဆရာတို့၏ စိတ်ကူးမျှသာဖြစ်သည်။ ပန်းချီပန်းပုတို့၏ အဆင်တန်ဆာ အဖြစ်ဖြင့် တိုးနယား၏ သဏ္ဌာန်ကို အသုံးပြု‌လေ့ရှိသည်။ ပုံစံ အားဖြင့်ကြက်လျှာ၊ တံခွန်၊ အလံစသည်တို့တွင် တိုးနယားရုပ် များကို ‌ရေးခြယ်‌လေ့ရှိကြသည်။ ထို့ပြင်လည်း ယွန်းထည်၊ ပန်းပုပစ္စည်း၊ မှန်စီ‌ရွှေချ သားရိုးထည်တို့တွင် ရုပ်လုံး ရုပ်ပြား များကို ခြယ်လှယ်ရာ၌ တိုးနယားရုပ်ဖြင့် ခြယ်လှယ်ကြသည်။

ယွန်းထည် ကလပ်‌ခြေတို့ကို များ‌သောအားဖြင့် တိုးနယားဖြင့် ထုလုပ်ခြယ်လှယ်သည်။ တိုးနယား၏ ကိုယ်‌နေဟန်မှာ ‌ပြေပြစ် ‌ကြော့ရှင်းသဖြင့်၊ ‌ကျောင်း‌လှေကားလက်ရန်း၊ ‌စောင်း တန်း လက်ရန်း၊ ‌လှေကားထစ်၊ ‌လှေကား‌ဘောင် ဟူသည်တို့တွင် တိုးနယားဟန် ထုထွင်းမွမ်းမံကြသည်။ အုတ်တိုင်များ၌ တိုင် ဆင်းနယား ထုလုပ်ထားသည်မှာ အလွန်တင့်တယ်၏။ ‌ကျောင်း ကန်ဘုရား အ‌ဆောက်အအုံဆိုင်ရာ အနုပညာ‌မြောက်သည့် လက်ရာ‌ကောင်းတို့တွင် တိုးနယားရုပ်ကို ‌တွေ့ရစမြဲဖြစ်သည်။

ကုန်း‌ဘောင်‌ခေတ်တွင် မြန်မာဘုရင်များ သွန်းလုပ်‌သော ‌ကြေး ပိုက်ဆံ၊ ‌ငွေဒင်္ဂါး စသည်တို့တွင် တိုးနယားရုပ်ကို ထုလုပ်၍၊ ‘တိုးတံဆိပ်‌တော်’ဟု ခပ်နှိပ်သည်။ မြန်မာဆိုင်းဝိုင်းတွင် ပတ်မထမ်းသည် မူလကရိုးရိုးပင်ဖြစ်‌သော်လည်း‌နောင်အခါ၌ တိုးနယားရုပ်ဖြင့် ခြယ်လှယ်ထား‌သော ပတ်မထမ်းဖြစ်လာ‌လေသည်။

‌ရွှေဘုံနိဒါန်းတွင် ခြ‌င်္သေ့‌ဖေါင်၊ ကရဝိတ်‌ဖေါင်၊ စာမရီ‌ဖေါင်၊ ဧဏီ‌ဖေါင်များအပြင် တိုးနယား‌ဖေါင်များကိုလည်း ပြုလုပ်မြဲဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။ တိုးနယားရုပ်ပုံ‌ရေးခြယ် ရာ၌ ခြူးပန်း၊ ကနုတ်ပန်းတို့ကို အသုံးပြုသည်။ ‌ကော့ညွတ်‌နေ ဟန်ရှိ‌သော ကိုယ်ထည်တွင် ငါး‌ကြေးခွံများ ထုထွင်းထားသည်။ ‌ရှေးအခါမှစ၍ ယခု‌ခေတ်တိုင်‌အောင် ဘုရားပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲများတွင် တိုးနယားအကကို ကပြ‌လေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)