ဝံပုလွေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Gray wolf
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Carnivora]]
မျိုးရင်း [[Canidae]]
မျိုးရင်းသေး [[Caninae]]
မျိုးဇာတ် [[Canini[၂]]]
မျိုးစု [[Canis]]
မျိုးစိတ် '''''C. lupus''''
မျိုးစိတ်သေး all Canis Lupus subspecies except
domestic dogs and dingoes
ဒွိနာမ
''Canis lupus''


ဝံပုလွေ (wolf သို့ gray wolf) သည် ခွေးမျိုးရင်းဝင် တောရိုင်းသတ္တဝါများတွင် အကျယ်ပြန့်ဆုံးသော မျိုးစု ဖြစ်သည်။ ယခင်က ယူရေးရှား၊ မြောက်အမေရိက နှင့် မြောက်အာဖရိကတို့တွင် အလွန်အမင်း ပေါများခဲ့သော်လည်း ယခုအခါတွင် ကောင်ရေ သိသိသာသာ လျော့နည်းလာပြီ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ ကျင်လည် ကျက်စားရာ စားကျက်များ ပျက်စီးခြင်း၊ လူတို့၏ အမဲလိုက် သတ်ဖြတ်ခြင်းကို ခံရခြင်းနှင့် လူနှင့် ဝံပုလွေတို့ ရင်ဆိုင်တွေ့ရှိမှုများမှ အချို့နေရာများတွင် ဝံပုလွေများ ဒေသအတွင်း မျိုးသုဉ်းပျောက်ကွယ် သွားခြင်းတို့ကြောင့် ဖြစ်သည်။ သို့သော်လည်း အားလုံးခြုံကြည့်လျှင် အများအပြား ရှိနေသေးသည့်အတွက် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂမှ မျိုးပျောက်ရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ယနေ့ခေတ်တွင် ဝံပုလွေများအား အချို့နေရာများတွင် ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့နေရာများတွင် အပျော်တမ်း အမဲလိုက်ကြသည်။ လူများ၊ ကျွဲနွားတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ အတွက် အန္တရာယ် ရှိသည့်အတွက် အချို့နေရာများတွင် ကောင်ရေ ပွားများမလာအောင် စောင့်ကြည့်ပြီး အချို့နေရာများတွင် မျိုးသုဉ်းအောင် သတ်ဖြတ်ပစ်ကြသည်။


ဝံပုလွေ[ပြင်​ဆင်​ရန်​]

ဝံပုလွေသည် ကေနီဒီးမျိုးရင်းတွင် ကေနစ်မျိုးစိတ်၌ပါဝင်၍ ယင်းကို ပါဏဗေဒအလိုအားဖြင့် ကေနစ်ပါးလီပက်ဟုခေါ်သည်။ ခွေးမျိုးရင်းတွင် ပါဝင်သည့် သားစားနို့တိုက် တိရစ္ဆာန်ဖြစ်သည်။ အရွယ်ရောက်ပြီး ဝံပုလွေ၏အရွယ်မှာ အမြီးအပါအဝင် အလျားငါးပေခြောက်လက်မအထိရှိ၍ အမြင့်နှစ်ပေ နှစ်လက်မမှ နှစ်ပေခြောက် လက်မအထိရှိသည်။ အမြီးမှာ တစ်ပေခွဲခန့် အထိရှည်လျား၏။ အလေးချိန်အားဖြင့် ပေါင် ၄ဝ မှ ပေါင် ၆ဝ အထိရှိသည်။ ဦးခေါင်းခွံ အရွယ်ကြီးခြင်း၊ ကိုယ်ထည်အရွယ်နှင့် သွားများ၏ အနေအထားပုံသဏ္ဌာန်ကြောင့် အခြားခွေးမျိုးများမှ ခွဲခြား၍သိသာနိုင်လေသည်။ ဝံပုလွေသည် ခြေတံရှည်သည့် ကြုံလှီသော ခွေးနှင့်တူ၏။ ဦးခေါင်းကျယ်ပြန့်ပြီးလျှင် နှာတံရှည်သည်။ နှုတ်သီးချွန်၍ နားရွက်အမြဲထောင်လျက်ရှိ၏။ အမြီးမှာ အမွှေးဖွား၍ လဲလျက်ရှိသည်။ ရှေ့ခြေတွင် ခြေချောင်းငါးချောင်းရှိ၍ နောက်ခြေတွင် လေးချောင်းရှိသည်။ ရာသီအလိုက် အရောင်အသွေးအမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အိန္ဒိယနိုင်ငံရှိ လွင်ပြင်တွင်ကျက်စားသော ဝံပုလွေမှာ ယေဘုယျ အားဖြင့် မွဲပြာရောင်သန်းသည့် သဲရောင်ထလျက်ရှိသော အညိုရောင်ရှိပြီးလျှင် အမည်းရောင်အကွက်များ သို့မဟုတ် အပြောက်များပါရှိသည်။ နွေရာသီတွင် အဆိုပါအရောင်သည် မွဲပြာရောင်သို့ ပြောင်းလဲသွားပြီးလျှင် အမည်းရောင် အပြောက်များသည် မှေးမှိန်သွား၏။ မြောက်ပိုင်း ဟိမဝန္တာတောင်ခြေ၊ တိဗက်နှင့် လဒက်တွင်ကျက်စားသော ဝံပုလွေတွင် တစ်ခါတစ်ရံ မည်းနက်သောအရောင် သို့မဟုတ် မည်းယောင်ယောင် အရောင်ရှိသည်။ ဆောင်းရာသီ၌ ယင်းတို့တွင် ရှည်လျားမည်းနက်သော အမွှေးနှင့်အဖြူရောင် အမွှေးများရှိသည်။ သို့မဟုတ် သားရေရောင်အမွှေးနှင့် မည်းနက်သော အမွှေးများရှိသည်။ ကိုယ်ထည်အောက်ပိုင်းတွင် မွဲပြာရောင်၊ သို့မဟုတ် သားရေရောင်လွင်လွင် အမွှေးနုများသိပ်သည်းစွာ ပေါက်လျက်ရှိသည်။ ဥရောပတိုက်တွင် ကျက်စားသော ဝံပုလွေများသည် မြောက်အမေရိကတိုက်တွင် ကျက်စားသော တင်းဗားဝံပုလွေနှင့် မျိုးချင်းနီးစပ်၏။ ဥရောပတိုက် ဝံပုလွေသည် တင်းဗားဝံပုလွေထက် အရွယ်အနည်းငယ် ငယ်ပြီးလျှင် အမွှေးကြမ်း၏။ ယင်း၌ အညိုရောင်၊ သို့မဟုတ် အဝါရောင်သန်းသည့် မွဲပြာရောင်ရှိသည်။ ဝံပုလွေသည် သစ်တောများတွင် ကျက်စားနေနိုင်သော တိရစ္ဆာန်မျိုးဖြစ်သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၌ သစ်ပင်ကင်းရှင်းသော လွင်ပြင်တွင် အတွေ့ရများသည်။ သစ်ပင်ကင်းရှင်းသည့် ကသ္မီရနယ်အထက်ပိုင်း၊ လဒက် နှင့် တိဗက်တို့တွင် ဝံပုလေသည် အတည်တကျ ကျက်စားခြင်းမရှိဘဲ ဆောင်းရာသီတွင် မြစ်ဝှမ်းဒေသများသို့ လာရောက်ကျက်စားပြီးလျှင် နွေရာသီတွင် ဆီးနှင်းထူထပ်ရာဒေသများသို့ သွားရောက်ကျက်စားသည်။ ဆောင်းရာသီတွင် ထိုဒေသများရှိ ကျောက်ဆောင်တို့၌ရှိသည့် အပေါက်များ၊ ဂူများတို့တွင် ခိုအောင်းနေပြီးလျှင် နွေရာသီတွင် ကျူတော ချုံတောများတွင် ခိုအောင်းနေတတ်သည်။ အိန္ဒိယနိုင်ငံရှိ သဲကန္တာရတွင်တွေ့ရသော ဝံပုလွေများသည် နေပူဒဏ်မှ အကာအကွယ်ရရှိရန် သဲတောင်များ၌ အပေါက်များဖောက်၍ ခိုအောင်းနေကြသည်။ သဲကန္တာရမှအပ အခြားဒေသများတွင် နေရိပ်ရှိသဖြင့် ဝံပုလွေသည် ချုံတော ဆူးတော ပေါက်ရောက်ရာ မြေပြန့် တို့တွင်နေထိုင်သည်။ နေ့အချိန်၊ သို့မဟုတ် ညဉ့်အချိန်တွင် အစာရှာထွက်လေ့ရှိသည်။ စားသောက်သည့်အစာမှာ နေထိုင်ရာဒေသကိုလိုက်၍ အမျိုးမျိုး ကွဲပြားလျက်ရှိ၏။ လူနှင့် နီးကပ်သောဒေသတွင် ဝံပုလွေ၏ အဓိကအစာမှာ ကျွဲ၊ နွား ဖြစ်၏။ တစ်ခါတစ်ရံ ငယ်ရွယ်သည့် ကလေးများကို ကိုက်ချီသွားတတ်၏။ ငတ်မွတ်ချိန်တွင် လူကိုပင် ရန်မူတတ်သည်။ လူနှင့်ဝေးသည့် အရပ်ဒေသတွင် ဒရယ်နက်၊ တွင်းယုန်၊ မြေခွေးနှင့် ဒရယ်ငယ်မျိုးကို စားသောက်၏။ စင်စစ်ဖမ်းစားနိုင်သည့် မည်သည့် တိရစ္ဆာန်နှင့် ငှက်မျိုးကိုမဆို စားသောက်လေ့ရှိသည်။ ဟိမဝန္တာတွင်တွေ့ရသော ဝံပုလွေတို့၏ အစာမှာ ရာသီဥတုကိုလိုက်၍ သိသာစွာကွဲပြား၏။ နွေရာသီတွင် ကိုက်ဖြတ်သတ္တဝါနှင့် အခြားတိရစ္ဆာန်ငယ်များကိုဖမ်းစား၍ ဆောင်းရာသီတွင် သိုးရိုင်းနှင့် ဒရယ်ငယ်များကို စားသောက်လေ့ရှိသည်။ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ အနှံ့အပြားတွင် တစ်ချိန်က ဝံပုလွေပေါများခဲ့သော်လည်း ယခုအခါတွင် အနှံ့အပြား မတွေ့ရတော့ချေ။ တင်းဗားဝံပုလွေများကို ယခုအခါ တွေ့ရခဲသော်လည်း ရော့ကီးတောင်တန်း၊ ကနေဒါနိုင်ငံရှိ သစ်တောနက်များနှင့် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းဒေသများတွင် တွေ့ရသေးသည်။ ပရေရီဝံပုလွေများကို အနောက်ပိုင်းလွင်ပြင်များမှ ပစိဖိတ်ကမ်းခြေအထိ ဒေသများတွင်တွေ့ရသည်။ နွေရာသီတွင် ဤဝံပုလွေတို့သည် တစ်ကောင်ချင်း၊ သို့မဟုတ် အထီးနှင့် အမတွဲလျက် အစာရှာလေ့ရှိသည်။ ယုန်၊ ဖြူငယ်၊ ငှက်၊ မြွေ၊ ကြွက်များကို စားလေ့ရှိသည်။ တစ်ခါတစ်ရံ သိုးအုပ်ကို ဝင်ရောက်ဖျက်ဆီးတတ်သည်။ ဆောင်းရာသီတွင် အအုပ်အသင်းဖွဲ့လျက် ကျွဲ၊နွား၊ မြင်း၊ ဒရယ်များကို ဖမ်းစားတတ်သည်။ လူကိုလည်း ရန်မူတတ်သေးသည်။ အိန္ဒိယနိုင်ငံ ဝံပုလွေတို့၏ သားပေါက်ချိန်မှာ မိုးကုန်ချိန်ဖြစ်၍ များသောအားဖြင့် ဒီဇင်ဘာလတွင် ဝံပုလွေငယ်များ ပေါက်ဖွားလာသည်။ ဟိမဝန္တာတောင်တန်းများတွင်မူ ဒီဇင်ဘာလထက်ပင်နောက်ကျ၍ နွေကူးရာသီ၊ သို့မဟုတ် နွေရာသီ အဝင်လောက်တွင် ဝံပုလွေငယ်များ ပေါက်ဖွားလေသည်။ တစ်ကြိမ်မွေးလျှင် သုံးကောင်မှ ကိုးကောင်အထိမွေးတတ်၏။ ဝံပုလွေကလေးများ၏မျက်စိသည် များသောအားဖြင့် မွေးပြီးသည့်နောက် ကိုးရက်မြောက်နေ့တွင် ပွင့်လာသည်။ ဝံပုလွေ၏ သက်တမ်းမှာ ၁၂ နှစ်မှ ၁၅ နှစ်အထိဖြစ်သည်။ ဝံပုလွေငယ်များကို ယဉ်ပါးအောင် အလွယ်တကူ မွေးမြူနိုင်သည်။ မြောက်အမေရိကတိုက်တွင် တွေ့ရသော တင်းဗားဝံပုလွေ (ကေနစ် အော့ဆီဒင်တဲလစ်) သည် နွေကူးရာသီနှင့် နွေရာသီတွင် တစ်ကောင်ချင်း၊ သို့မဟုတ် အထီးနှင့်အမတွဲလျက် ကျက်စားတတ်၍ ဆောင်းဦးပေါက်အချိန်တွင် မိသားစုနှင့်လည်းကောင်း၊ ဆောင်းရာသီတွင် အအုပ်အသင်းနှင့် လည်းကောင်း ကျက်စားလေ့ရှိသည်။ မိတ်လိုက်ချိန်မှာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဖြစ်သည်။ ထိုအချိန်တွင် ဝံပုလွေအမကို ရရှိရေးအတွက်အထီး၊ အထီးချင်း ကိုက်ဖြတ်ရန်မူ တတ်ပြီးလျှင် အနိုင်ရသော ဝံပုလွေအထီးသည် ဝံပုလွေကလေးများ ကြီးပြင်းလာသည်အထိ ဝံပုလွေအမနှင့်အတူ နေထိုင်၏။ သားမွေးချိန်တွင် အထီးက အမကိုအစာရှာကျွေး၏။ သန္ဓေလွယ်ချိန်မှာ ၆၃ ရက်ဖြစ်သည်။ ဝံပုလွေမသည် ဝံပုလွေကလေးများ နှစ်လသားအထိ ကြီးပြင်းလာသည့်တိုင်အောင် နို့တိုက်ပြုစုသည်။ တစ်လသားအရွယ်တွင် ဝံပု လွေကလေးများသည် မိမိတို့၏ အမိက အန်၍ကျွေးသည့် တစ်ဝက်တစ်ပျက်ကြေနေသော အသားကိုစားလေသည်။ နိုဝင်ဘာလ၊ သို့မဟုတ် ဒီဇင်ဘာလတွင် ဝံပုလွေကလေးများသည် မိမိတို့၏ အမိအဖထံမှ ထွက်ခွာသွားကြ၏။ သို့ရာတွင် အချို့ ဝံပုလွေကလေးများသည် ထိုအချိန်ထက် နောက်ကျ၍ ခြောက်လ၊ သို့မဟုတ် ရှစ်လကြာမှ ထွက်ခွာသွား တတ်သည်။ ဝံပုလွေငယ်သည် သုံးနှစ်အကြာတွင် အကောင်ကြီး ဖြစ်လာလေသည်။ သိုး၊ နွား၊ ဆိတ် စသော လူတို့ မွေးမြူထားသည့် တိရစ္ဆာန်များကို ဖျက်ဆီးလေ့ရှိသဖြင့် ကနေဒါနိုင်ငံ အယ်လဗားတား၊ ဆက်စကက်ချီဝမ်နှင့် မနီတိုးဗားပြည်နယ်တို့တွင် တစ်နှစ်တစ်နှစ်အတွင်း တင်းဗားဝံပုလွေ ၇ဝဝ ကို သုတ်သင် ရှင်းလင်းခဲ့ရလေသည်။ ရှေးအခါက ဗြိတိသျှကျွန်းစုတွင် ဝံပုလွေပေါများသော်လည်း တဖြည်းဖြည်းပျောက်ကွယ်ခဲ့သည်။ ဗြိတိန်နှင့် အင်္ဂလို ဆက္ကဆွန်လူမျိုးတို့သည် အမဲလိုက်ရာတွင် ဝံပုလွေကို သတ်ဖြတ်ခဲ့ကြသည်။ သတ္တမ ဟင်နရီဘုရင် (ခရစ် ၁၄၈၅ - ၁၅ဝ၉) လက်ထက်တွင် အင်္ဂလန်ပြည်တွင် ဝံပုလွေများ မျိုးပြတ်သွားသည်အထိ ဖြစ်ခဲ့၏။ စကော့တလန်တွင် ထို့ထက်ပင်ပို၍ အဓွန့်ရှည်ခဲ့သည်။ အိုင်ယာလန်ပြည်တွင်မူ ယင်းတို့၏ ကွယ်ပျောက်ချိန်ကို ၁၇၆၆ ခုနှစ်ကို အနှောင်းဆုံးထား၍ ဖော်ပြခဲ့သည်။ သို့ရာတွင် ထိုခုနှစ်မှာ မသေချာလှပေ။ ဗြိတိသျှကျွန်းစုမှ ဝံပုလွေများ ပျောက်ကွယ်နိုင်ခဲ့သည်မှာ ထိုကျွန်း၏ ပထဝီအနေအထားကြောင့်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ပြင်သစ်နိုင်ငံတွင် ဝံပုလွေတို့၏ အရှေ့ဘက်ဒေသမှ နယ်ကျွံမှုကို တားဆီးနိုင်သည့် သဘာဝအတားအဆီးများမရှိသဖြင့် ဆောင်းရာသီတိုင်း ဝံပုလွေများလာရောက် ကျက်စားကြသည်။ ယခုအခါတွင် အမေရိကတိုက်၌ မစ္စစ္စပီအရှေ့ပိုင်းနှင့် ဟျူရွှန်ရေအိုင်တွင် ဝံပုလွေများကို မတွေ့ရတော့ချေ။ သို့ရာတွင် အလာစကာနှင့် ကနေဒါနိုင်ငံမြောက်ပိုင်းတွင် အနှံ့အပြား တွေ့ရသေးသည်။ ဝံပုလွေများကို ဥရောပတိုက်၊ မြောက်အမေရိကတိုက်၊ အာရှတိုက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် နောက်တောင်ပိုင်းတို့တွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံ၊ တိဗက်၊ လဒက်၊ ကသ္မီရနယ် အချို့အပိုင်းတို့တွင်လည်း တွေ့ရသည်။ အိန္ဒိယကျွန်းဆွယ်ရှိ သဲကန္တာရနှင့် ခြောက်သွေ့သည့် လွင်ပြင်များတွင်လည်း ဝံပုလွေများကို တွေ့ရသေးသည်။ အခြားနိုင်ငံများထက် ရုရှနိုင်ငံတွင် ဝံပုလွေပေါများသည်။ မြောက်အမေရိကတိုက်တွင် ဂရင်းလန်ကျွန်းမှ မက္ကဆီကိုနိုင်ငံသို့တိုင်အောင် ဝံပုလွေများကို တွေ့ရသည်။ သို့ရာတွင် တောင်အမေရိကတိုက်နှင့် အာဖရိကတိုက်တို့တွင်ကား ဝံပုလွေကို မတွေ့ရချေ။ [၃]



ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2008 Database entry includes justification for why this species is of least concern.
  2. Macdonald, David; Claudio Sillero-Zubiri (2004). The Biology and Conservation of Wild Canids. Oxford: Oxford University Press, 45–46. ISBN 0198515561. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)