အလက်စကာပြည်နယ်

ဝီကီပီးဒီးယား မှ
အလက်စကာပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အထိမ်းအမှတ်သီချင်း: Alaska's Flag
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အလက်စကာ အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အလက်စကာ အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodအလက်စကာနယ်မြေ
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
January 3, 1959 (49th)
အကြီးဆုံးမြို့အန်ကာရေ့ချ်
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးရှောင် ပါနဲလ် (R)
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Mead Treadwell (R)
လူဦးရေ
 • စုစုပေါင်း၇၁၀,၂၃၁(၂၀၁၀)[၁]
၆၂၆,၉၃၂ (၂၀၀၀)
 • သိပ်သည်းမှု၁.၀၃/sq mi (၀.၄/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေUSD$ ၆၄,၃၃၃
 • ဝင်ငွေအဆင့်စတုတ္ထမြောက်
ဘာသာစကား
 • ရုံးသုံးဘာသာစကားမရှိ [၂]
 • ပြောဆိုသော ဘာသာစကားအင်္ဂလိပ် (၈၉.၇%)
မြောက်အမေရိကန် ၅.၂%
စပိန် ၂.၉%
လတ္တီကျူ51°20'N to 71°50'N
လောင်ဂျီကျူ130°W to 172°E

အလက်စကာပြည်နယ်သည် ဧရိယာအနေနှင့် ကြည့်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စု တွင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ မြောက်အမေရိကတိုက်ကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကနေဒါနိုင်ငံ၊ မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာ နှင့် အနောက်ဘက်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ ရှိကြသည်။ ဘဲရင်း ရေလက်ကြားကို ဖြတ်ကျော်ပြီးလျှင် အနောက်ဘက်တွင် ရုရှားနိုင်ငံ ရှိသည်။ အလက်စကာရှိ လူဦးရေ ၆၉၈,၄၇၃ ၏ တစ်ဝက်ခန့်သည် အန်ကာရေ့ချ် မက်ထရိုပိုလစ်တန် ဒေသအတွင်း နေထိုင်ကြသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ အလက်စကာသည် အမေရိကန်ပြည်နယ်များတွင် လူဦးရေ သိပ်သည်းမှု အနည်းဆုံးဖြစ်သည်။

အလက်စကာကို ရုရှားအင်ပိုင်ယာမှ ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်တွင် ဒေါ်လာ ၇.၂သန်း (ယနေ့ခေတ် ဈေးဖြင့် ၁၁၃ သန်းခန့်) ဖြင့် တစ်ဧကလျှင် ၂ဆင့်နှုန်း (၁ စတုရန်း ကီလိုမီတာလျှင် ၄.၇၄ ဒေါ်လာနှုန်း) ဖြင့် ဝယ်ယူခဲ့သည်။ ထိုအချိန်မှစ၍ အလာစကာဟု ခေါ်တွင်ခဲ့၏။ ထိုမြေသည် အုပ်ချုပ်ရေး ပြောင်းလဲမှု အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက် ၁၉၁၂ ခုနှစ် မေလ ၁၁ ရက်တွင် စနစ်တကျ စုစည်းထားသော နယ်မြေ တစ်ခု ဖြစ်လာပြီးလျှင် ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ၄၉ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။

အလာစကာ ဆိုသည်မှာ တိုင်းရင်းသား ဘာသာစကားဖြစ်၍ ကြီးကျယ်သောတိုင်းပြည်ဟု အဓိပ္ပာယ်ရ၏။ အလာစကာ ပြည်နယ်၌ ပါဝင်သော ကျွန်းများမှာ ကိုဒိုက်ကျွန်း၊ ဗဲရင်း ပင်လယ်ထဲရှိ ကျွန်းများ၊ အလူးရှင်းကျွန်းများနှင့် ကျဉ်း မြောင်းသော ကမ်းမြောင်ဒေသနှင့် ကပ်လျက်ရှိသော ကျွန်းစု များဖြစ်၏။ ပြည်နယ်၏အကျယ် အဝန်းမှာ ၅၈၆၄၁၂ စတုရန်းမိုင် ဖြစ်သည်။

ပန်ဟန်ဒယ်တောင်တန်းမှ အလူးရှင်းကျွန်းစုများအထိ ဒေသများသည် တောတောင်ထူထပ်၍ မိုးများ၏။ ပင်လယ် ကမ်းခြေတစ်လျှောက်တွင် မပူလွန်းမအေးလွန်း၊ မျှတသည့် ရာသီဥတုရှိ၍ တောင်ဆင်ခြေလျှောများတွင် သစ်တောများ ဖုံးအုပ်လျက်ရှိသည်။ အလာစကာပြည်နယ် အတွင်းပိုင်း၌ ယူးကွန်းမြစ်သည် အရှေ့ဘက်မှ ဖြတ်၍ ဗဲရင်းပင်လယ်ထဲသို့ စီးဝင်၏။ ဤအတွင်းပိုင်း၏ မြောက်နှင့်တောင် နယ်နမိတ်တွင် တောင်တန်းကြီးများရှိ၍ အထူးသဖြင့် စိမ်းလန်းစိုပြေသော သစ်တောများဖြင့် ဖုံးအုပ်နေ၏။ ဗဲရင်းပင်လယ်ဘက်ရှိ ကျဉ်းမြောင်းသော ကမ်းမြောင်ဒေသနှင့် အာတိတ်ပင်လယ် ကမ်းခြေတစ်လျှောက်ရှိ လွင်ပြင်အရပ်များ၌ကား မိုးမခပင် များမှအပ အခြားသစ်ပင်များ မပေါက်ရောက်ကြချေ။ မြောက်ပိုင်းတွင်ရှိသော တောင်တန်းများသည် တောင်ပိုင်းရှိ တောင်တန်းများလောက် မမြင့်ချေ။ အမြင့်ဆုံးတောင်မှာ မက်ကင် တောင်ဖြစ်၍ ပေပေါင်း ၂ဝ၄၆၄ မြင့်လေသည်။ ဤဒေသရှိ ရေခဲပြင်ကြီးများသည် အချို့နေရာများ၌ အက်ကွဲနေသဖြင့် ခရီးသွား လမ်းကြောင်းများအဖြစ် အသုံးပြုရ၏။ အလာစကာပြည် နယ်၌ စိမ့်စမ်းချောင်းမြောင်းတို့ ပေါများ၍ ရေစီးသန်သော ချောင်းများ၏ ကမ်းတစ်ဖက်တစ်ဖျက်တွင် မြင့်မားသော ထင်းရှူးပင်များကို တွေ့နိုင်၏။ ထင်းရှူးပင်ကြီးများမှာ မားမား မတ်မတ် အကိုင်းချင်းယှက်ကာ ချောင်းများကို အုပ်မိုးလျက်ရှိ ကြ၏။ ဤ ထင်းရှူးတောများနှင့် ရေစီးသန်သောချောင်းများ သည် အလာစကာပြည်နယ်ကို တစ်နေ့သောအခါ အမေရိကန် နိုင်ငံအတွက် အလွန်အဖိုးတန်သော စက္ကူများထွက်ရာဒေသ အဖြစ်သို့လည်းကောင်း၊ ရေအားဖြင့် ရရှိသော လျှပ်စစ်ဓာတ် အားပေးရုံကြီးများ တည်ရှိသည့် နေရာအဖြစ်သို့လည်းကောင်း ရောက်ရှိအောင် ပို့ဆောင်ကြပေလိမ့်မည်။ ချိုင့်ဝှမ်းများရှိရာ အရပ်၌ကား မြေဩဇာကောင်းမွန်သောကြောင့် အသီးအနှံတို့ များစွာသန်စွမ်း၏။ အထူးသဖြင့် မုန်လာဥနီနှင့် ဂေါ်ဘီထုပ်ကြီး များသည် အံ့ဩလောက်အောင် ကြီးမား ထွားကြိုင်းကြလေ သည်။

သစ်တောကြီးများရှိ တိရစ္ဆာန်များသည် သားမွေး ကုန်ကူး သူများအတွက် အဖိုးတန်၍ အက်စကီမိုး လူမျိုးများ အဖို့လည်း အဝတ်တန်ဆာအလို့ငှါ များစွာ အသုံးဝင်လေသည်။ ဒရယ် ချိုပြားကြီးများ၊ သိုးရိုင်းဖြူများ၊ ဝက်ဝံညို၊ ဝက်ဝံမည်းများ၊ ပိုလာဗဲယားခေါ် ဝက်ဝံဖြူများ၊ ကဲရီဗူးခေါ် ရေခဲသမင်များ၊ တောဆိတ်ရိုင်းများ၊ ဝံပုလွေများ၊ မြောက်အမေရိကလွင်ပြင် ဝံပုလွေများနှင့် မြေခွေးအမျိုးမျိုးစသော တိရစ္ဆာန်များကား ပေါ များလှ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်တတ် သော ငှက်များသည် နွေဦးပေါက်အချိန်တွင် အလာစကာ ပြည် နယ်သို့ အစုလိုက်လာရောက်ကြပြီးလျှင် အသိုက်အအုံများ ဆောက်လုပ်ကာ နေထိုင်တတ်ကြ၏။ အချို့သော ငှက်ကလေး များမှာ ဆီးနှင်းများ အလွန်ကျဆင်းသောအခါတွင် သူတို့၏ မူလအရောင်များ ပျောက်၍ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ တော့၏။ ၁၈၉၁ ခုနှစ်တွင် ဆိုက်ဗီးရီးယားပြည်မှ တန်ဒြာ သမင်များကို အလာစကာပြည်နယ်သို့ ယူဆောင်လာ၍ မျိုးစပ် မွေးမြူခဲ့ကြရာ ယခုအခါ ကောင်ရေတစ်သန်းနီးပါး ခန့်ပင် ရှိ နေပေပြီ။ ထို့အပြင် သားရေလုပ်ငန်း သားမွေးလုပ်ငန်းများ အတွက် အထူးအသုံးဝင်မည့် သားကောင်များကိုလည်း ဂရုစိုက် ကာ မွေးမြူလာခဲ့ကြရာ ပြည်နယ်၏ စီးပွားရေးအခြေအနေမှာ အတော်ပင် တိုးတက် လာခဲ့လေသည်။

အလာစကာပြည်နယ်ကို ရုရှတို့လက်မှ ဝယ်စအခါက အမေရိကန်ပြည်ထောင်စု အစိုးရအား အချို့က အပြစ်တင်ကြ ၏။ သို့ရာတွင် အမေရိကန်လက်အောက်သို့ ရောက်သွား၍ မကြာမြင့်မီပင် ထိုနယ်တွင် အဖိုးတန်သော တွင်းထွက်ရတနာ များကို တွေ့ရှိကြလေရာ ပြည်နယ်၏တန်ဖိုးမှာ အဆမတန် တိုးတက်လာခဲ့ပေသည်။ ရွှေတစ်ခုတည်း၏ တန်ဖိုးသည်ပင် ထိုပြည်နယ်၏ ဝယ်ရင်းဈေးထက် အဆ ငါးဆယ်ကျော်နေ လေပြီ။ မကြာသေးမီက ထွက်သမျှသော ကြေးနီ၏တန်ဖိုးမှာ လည်း ရွှေ၏တန်ဖိုးကိုပင် ကျော်လွန်သွားခဲ့၏။ ရေနံ၊ ကျောက်မီးသွေးစသော မြေအောက်ရတနာများကိုလည်း နောက် ထပ် တူးဖော်တွေ့ရှိပြန်ရာ အလာစကာ ပြည်နယ်၏တန်ဖိုးမှာ အဆုံးအစမရှိ တိုးတက်လာခဲ့လေသည်။ ဓာတ်သတ္တုများထဲမှ လည်း ငွေ၊ ခဲ၊ သံဖြူ၊ ကျောက်သလင်း၊ ခနောက်စိမ်း၊ ပလက် တီနမ် စသည်တို့ကို အများအပြားပင် တွေ့ရှိကြလေသည်။ အလာစကာပြည်နယ်၏ ကျောက်တောင်ထူထပ်သော နေရာ များမှမူ စကျင်ကျောက်နှင့်ထုံးကျောက်များကို တူးဖော်ရရှိကြ ၏။ တွေ့ရှိခဲ့သော ရတနာများအနက် ရွှေနှင့်ကြေးနီသည် အများဆုံး ထွက်၏။ ထိုရတနာနှစ်ခုကြောင့်ပင် ယခင်တိမ်မြုပ် နေခဲ့သောပြည်နယ်သည် ကျော်စောထင်ရှားလာလေသည်။ သို့ရာတွင် ယခုအခါ၌ အလာစကာပြည်နယ်သည် ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းထက် တံငါလုပ်ငန်းကြောင့် ပိုမိုထင်ရှားကာ အရေးပါလာ၏။ ဆူဖြိုးသော ဆာမန်ငါး၊ အသားများသည့် ပင်လယ်ဖျံကြီးများတို့သည် အလာစကာနယ်ရှိ ရေခဲမြစ်ကြီးများ ထဲ၌ လူးလာဆန်ခတ် သွားလာကျက်စားကြ၏။ ဆာမန်ငါး ကြီးများကို ဥချရန်တက်အလာတွင် ပိုက်ကြီးများချကာ ဖမ်းယူ ကြသည်။ တံငါများ ဖမ်းမိသောငါးများတွင် ဆာမန်ငါးများ သည် သုံးပုံလေးပုံခန့်ပါ၏။ ၁၈၇၈ ခုနှစ်တွင်ကား ငါးများကို စည်သွတ်ရောင်းချသောလုပ်ငန်းကို စတင် တည်ထောင်ကြ၏။ ငါးကြီးဆီထုတ်၍ရသော ကော့ငါး၊ ဟဲလဗတ်ငါး၊ ဝေလငါးနှင့် ဟဲရင်းငါးတို့ကိုလည်း အမြောက်အမြား ရရှိ၏။ ထိုသို့ အဖိုးတန်ငါးများ ပေါများကျက်စားသည့် ဒေသဖြစ်သဖြင့် တံငါ လုပ်ငန်းမှာ တစ်နေ့တခြား တိုးတက်ကြီးမားလာ၏။ ပရီဗီလော့ ကျွန်း၌မူ ပင်လယ်ဖျံများဖမ်းခြင်းသည် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်၍ တစ်ကမ္ဘာလုံးမှ ထွက်သောပင်လယ်ဖျံ သားမွေး များအနက် ၈၅ ရာခိုင်နှုန်းမှာ ဤကျွန်းမှ ဖြစ်လေသည်။

ရှေးအခါက ရေခဲပြင်များသာရှိသော အလာစကာပြည်နယ် သည် ယခုအခါ သစ်လုပ်ငန်း၊ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်း၊ တံငါလုပ်ငန်း၊ သားမွေးလုပ်ငန်း စသော ဝင်ငွေ ကောင်းသည့်လုပ်ငန်းအဝဝနှင့် ပြည့်စုံကြွယ်ဝလျက်ရှိသော ကြောင့် အတိုင်းတိုင်းအပြည်ပြည်မှ ကုန်သည်များသည် အလာစကာပြည်နယ်သို့ လာရောက်ကာ ကူးသန်းရောင်းဝယ်ကြ ၏။ သဘာဝအလျောက် လှပစွာ ဖြစ်ထွန်းပေါ်ပေါက်နေသော တောတောင်မြစ်ချောင်း စိမ့်စမ်းအိုင်များနှင့် ရေခဲပြင်ကျယ် စသည့် ရှုခင်းတို့ကလည်း ခရီးသည် လူမျိုးစုံတို့အား တစ်ခါ တစ်ခေါက် လာရောက်လည်ပတ်ချင်အောင် ဖန်တီးနေပေသည်။ ပကတိအတိုင်း အရိုင်းသက်သက် ဆန်းပြားထူးထွေသည့် သယံဇာတပစ္စည်းများကလည်း သိပ္ပံပညာသည်များအား ညိ|ု့ဓာတ်ဖြင့် ရစ်ပတ်ဆွဲဆောင်လျက် ရှိတော့သည်။ လူများ သာမက သားငါးတိရစ္ဆာန် ကျေးငှက်များပင် နေချင့်စဖွယ် အလာစကာပြည်နယ်သည် ရေခဲမြစ်များ၊ တောင်စောင်းကြီးများ၊ တောင်ကမ်းပါးကြီးများအပြင် ပြာမှုန်မှုန် မင်းလွင်အောက်တွင် စိမ်းဖျော့ဖျော့အသွေး ဆောင်နေရာ စည်ကားစိုပြေသော သစ် တောများဖြင့် ဖုံးလွှမ်းခြုံလျက် ရှိတော့၏။ ဗဲရင်းပင်လယ်တွင်း ရှိ ပရီဗီလော့ကျွန်းစု အပါအဝင် ကျောက်ထူထပ်သော ကျွန်း ငယ်ငါးခုသည်ကား ထောင်ပေါင်းများစွာသော ပင်လယ်ဖျံများ ကျက်စားရာ ဒေသဖြစ်သည်။ နွေဦးပေါက်ရာသီတွင် ထိုဖျံများ သည် ကျောက်တုံးထူထပ်သော ဤကမ်းခြေသို့ လာရောက်ကာ သားပေါက်ကြလေသည်။

အလာစကာပြည်နယ်၏ ထွက်ကုန်များမှာ ငါးအမျိုးမျိုး၊ ရွှေ၊ ကြေးနီ၊ ငွေ၊ သားမွေး၊ သံ၊ သံမဏိ၊ စက်ကိရိယာ တန်ဆာများ၊ ရေနံ၊ နွားနို့ထွက်ပစ္စည်းများ စသည်တို့ ဖြစ်၏။ အလာစကာပြည်နယ်သည် ကမ္ဘာ့အရှေ့ပိုင်းနိုင်ငံများ၊ အမေရိ ကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံတို့နှင့် ကူးသန်းဆက်သွယ်ရာ လမ်းခရီးတွင် ကျရောက်နေသည်။ အလာစကာပြည်နယ်တွင် မီးရထားလမ်းများ ဖောက်လုပ်ရန် ခဲယဉ်းသောကြောင့် များသောအားဖြင့် လေကြောင်းဖြင့်သာ ခရီးသွားလာခြင်း ပြုကြ ၏။ အလာစကာပြည်နယ်တွင် အမြဲတမ်း အခြေစိုက်နေသော လူများအပြင် သတ္တုတွင်းများ၊ မီးရထားလမ်းနှင့် စည်သွတ် လုပ်ငန်းများ၌ အလုပ်လုပ်ရန် ယာယီလာရောက်ကြသော လူပေါင်းလည်း ၂ဝဝဝဝ ခန့်ရှိလေသည်။

၁၉၆၉ ခုနှစ်တွင် လူဖြူတို့၏ ကျောင်းပေါင်း ၁၂၉ ကျောင်း ရှိ၍၊ ကျောင်းသားပေါင်း ၆၁၈၅၃ ခန့်ရှိ၏။ တိုင်းရင်းသား ကျောင်းမှာ ၁၁၉ ကျောင်း ရှိလေသည်။ တစ်ပြည်လုံးရှိ မီးရထားလမ်းကို ဆန့်တန်းလိုက်သော် အရှည်မိုင် ၈၁၆ မိုင် မျှသာရှိသည်ကို တွေ့ရမည်ဖြစ်၏။ ဤအချက်ကို ထောက်ခြင်း အားဖြင့် အလာစကာပြည်နယ်၌ ကုန်းကြောင်းခရီးကို များစွာ အသုံးမပြုကြောင်း ထင်ရှားသည်။

အလာစကာပြည်နယ်၏ မြို့တော်မှာ ဂျူးနိုးဖြစ်၍ လူဦးရေ ၁၃၃၃၈ (၁၉၇ဝ) ခန့် ရှိသည်။ ယင်းပြည်နယ်တွင် ရွှေတွင်း များ တွေ့စကမူ လူဦးရေ ၈ဝဝဝ ခန့်ပင် ရှိလေသည်။ ပြည် နယ်အတွင်းရှိ အကြီးဆုံးမြို့မှာ လူဦးရေ ၄၆၁၃၇(၁၉၇ဝ) နေထိုင်လျက် ရှိသော အင်ခါရိတ်မြို့ဖြစ်၏။ ဒုတိယ အကြီးဆုံး မြို့မှာ ဖဲယာဗင့်ဖြစ်၍ လူဦးရေ ၁၄၃၃၆ (၁၉၇ဝ) ရှိသည်။ ထိုမြို့တွင် စိုက်ပျိုးရေးသိပ္ပံတစ်ခုနှင့် သတ္တုတွင်း တူးဖော်ရေး အတတ်သင်ကျောင်း ရှိလေသည်။ [၃]

လူမှုစာရင်းအင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အလက်စကာပြည်နယ်၏ လူမှုစာရင်းအင်း

၂၀၂၀-ခုနှစ်တွင် အလက်စကာပြည်နယ်၏ ခန့်မှန်းခြေလူဦးရေမှာ ၇၃၄,၀၀၂ ဦး ဖြစ်သည်။[၄] ဤပြည်နယ်တွင် နေထိုင်သော လူဦးရေအနက် ထက်ဝက်ကျော်မှာ လူဖြူမျိုး ဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Resident Population Data - 2010 Census။ United States Census Bureau။ 23 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-02-27 တွင် ပြန်စစ်ပြီး။
  2. RCN – Digital Cable TV, High-Speed Internet Service & Phone in Boston, Chicago, New York City, Philadelphia, Washington, D.C. and the Lehigh Valley။ Users.rcn.com။ 2010-06-02 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  4. World Population Review။ 2020-10-19 တွင် Alaska Population 2020 မူရင်းအား မော်ကွန်းတင်ပြီး။ 2020-11-06 တွင် ပြန်စစ်ပြီး။
  5. Archived copy။ 2014-03-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-25 တွင် ပြန်စစ်ပြီး။