မက္ကဆီကိုနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မက္ကဆီကိုပြည်ထောင်စု
Estados Unidos Mexicanos
Flag of Mexico.svg Coat of arms of Mexico.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - Himno Nacional Mexicano
ပထဝီ
Mexico (orthographic projection).svg
မြို့တော် မက္ကဆီကိုမြို့
အကြီးဆုံးမြို့ မက္ကဆီကိုမြို့
ဧရိယာ
  • ဧရိယာ - ၁,၉၇၂,၅၅၀ km² (၇၆၁,၆၀၆ sq mi) (အဆင့်: ၁၄)
  • ရေဖုံးလွှမ်းမှု - ၂.၅%
စံတော်ချိန်ဇုန် UTC -၈ မှ -၆ (နွေရာသီ) -၇ မှ -၅
လူနေမှု
ရုံးသုံးဘာသာများ စပိန်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ဖက်ဒရယ် သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - ဖီလိုက်ပ် ကယ်လ်ဒီရွန်


ထူထောင်မှု
  • လွတ်လပ်ရေး အသိအမှတ်ပြု - စက်တင်ဘာ ၂၇ ၁၈၂၁
စီးပွားရေး
GDP(PPP) $၁.၆၂၉ ထရီလီယံ (အဆင့် - )
GDP(PPP) $၉,၄၈၉ (အဆင့် - )
HDI ၀.၇၅၀ (အမြင့်) (အဆင့် - ၅၆)
ငွေ ပီဆို
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .mx
Calling code +၅၂

မက္ကဆီကိုပြည်ထောင်စုကို မက္ကဆီကိုနိုင်ငံဟုသာ လူသိများကြပြီး မြောက်အမေရိကတွင် ရှိသော ဖက်ဒရယ် သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်ဘက်တွင် ဂွာတီမာလာနိုင်ငံဘလိဇ်နိုင်ငံ နှင့် ကာရစ်ဘီယံပင်လယ်၊ အရှေ့ဘက်တွင် မက္ကဆီကို ပင်လယ်ကွေ့ တို့ တည်ရှိကြသည်။ ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၂သန်း (၇သိန်း ၆သောင်း စတုရန်းမိုင်) ခန့် ရှိသည်။ မက္ကဆီကို နိုင်ငံသည် အမေရိကတိုက်တွင် ပဉ္စမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လွတ်လပ်သော နိုင်ငံများတွင် ၁၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ လူဦးရေ ၁၁၂ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး စပိန်စကားပြောသော နိုင်ငံများတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ မက္ကဆီကိုသည် ပြည်နယ်ပေါင်း ၃၁ ခု နှင့် ဖက်ဒရယ် အုပ်ချုပ်ရေး ဒေသ တစ်ခု ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည်။

မက္ကဆီကိုနိုင်ငံ[ပြင်​ဆင်​ရန်​]

မက္ကဆီကိုနိုင်ငံသည် မြောက်အမေရိကတိုက် တောင် ဘက် အဖျားတွင်တည်ရှိ၍ လွတ်လပ်သော သမ္မတနိုင်ငံဖြစ်၏။ မက္ကဆီကိုနိုင်ငံ၏ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံ၊ အရှေ့ဘက်တွင် မက္ကဆီကိုပင်လယ်ကွေ့၊ အရှေ့တောင် ဘက်တွင် ဂွါတီမားလနိုင်ငံနှင့် ဗြိတိသျှဟွန်ဒူးရပ်နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ပစိဖိတ်သမုဒ္ဒရာတို့ အသီးအသီးတည်ရှိသည်။ ကာလီဖိုးနီးယားပင်လယ်ကွေ့အားဖြင့် ပြည်မနှင့် အဆက်ပြတ်နေသည့် ကာလီဖိုးနီးယား ကျွန်းဆွယ် တောင်ပိုင်းသည်လည်း မက္ကဆီကိုနိုင်ငံတွင် အကျုံးဝင်လေ သည်။ မက္ကဆီကိုနိုင်ငံသည် အကျယ်အဝန်းအားဖြင့် စတုရန်း မိုင် ၇၆၄,ဝဝဝ ရှိ၏။ မြို့တော်မှာ မက္ကဆီကိုမြို့တော်ဖြစ်သည်။ အခြား မြို့ကြီးများမှာ ဗေရကရု၊ ဂွါသာလာ ဟားရား၊ တမ်ပီ ကို၊ ပွက်ဗလို၊ မွန်တေးရေး အစရှိသည်တို့ဖြစ်၏။ ရုံးသုံး ဝေါဟာရအဖြစ် မက္ကဆီကိုနိုင်ငံကို ပညတ်ထားသော အမည်မှာ အေ့စတားသို့ ဦးနီသို့ မဟီကားနို့ဖြစ်၏။ မက္ကဆီကို ကို စပိန် ဘာသာဖြင့် မဟီးကိုးဟု ခေါ်သည်။

မက္ကဆီကိုနိုင်ငံ၏ များသောအပိုင်းမှာ တောင်တန်းကြီး ၂ ခု ကြားတွင်တည်ရှိသည့် ကုန်းပြင်မြင့်ဖြစ်သည်။ အမေရိ ကန်ပြည်ထောင်စုနိုင်ငံမှ မက္ကဆီကိုနိုင်ငံတွင်း ထိုးဆင်းလာသော တောင်တန်းနှစ်သွယ်တို့သည် တောင်ဘက်အဖျားတွင် ပေါင်းဆုံ မိလေသည်။ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ယင်း တောင်တန်းနှစ်သွယ်တို့သည် တောင်ဘက်အဖျားတွင် ပေါင်းဆုံမိလေသည်။ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနှင့် အလယ် ပိုင်းတွင် ယင်းတောင်တန်းများနှင့် ကုန်းပြင်မြင့်တို့ချည်းလိုပင် တည်ရှိနေကာ မက္ကဆီကိုပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် တွင်သာ မြေပြန့်လွင်ပြင်ရှိလေသည်။ အနောက်ဘက်ရှိ တောင် တန်းသည် ဆီယယ်ရာမက်ဒရီအော့ဆီဒင်တယ်ဟု တွင်လျက် အရှေ့ဘက်တွင်ရှိတောင်တန်းမှာမူ ဆီယယ်ရာ မက်ဒရီအိုရီယင် တယ်ဟု တွင်သည်။ ထိုတောင်တန်းများရှိ အချို့တောင်ထိပ်များ မှာ မီးတောင်ဟောင်းများ၏ တောင်ထိပ်များဖြစ်၏။ အမြင့်ဆုံး တောင်မှာ ၁၈,၆၉၆ ပေရှိသော အိုရိဇာဗာတောင်ဖြစ်၍ အခြား တောင်မြင့်များကား ၁၇,၈၈၃ပေရှိသော ပိုပိုကက် တက်တယ် တောင်နှင့် ၁၇,၃၄၃ ပေရှိသော အီစတာ ဆီဝတယ်တောင် တို့ ဖြစ်သည်။

မက္ကဆီကိုနိုင်ငံတွင် သင်္ဘောများ ကူးသန်းသွားလာနိုင် သည့် မြစ်ဟူ၍ အနည်းငယ်မျှသာ ရှိသော်လည်း ရေအားဖြည့် စွမ်းပေးနိုင်၍ ရေပေးသွင်းနိုင်သည့် မြစ်ချောင်းများစွာရှိလေ သည်။ အရေးပါအရာရောက်သော မြစ်တို့သည် မက္ကဆီကို ပင်လယ်ကွေ့တွင်းသို့ စီးဝင်၏။ ရီးအိုဂကန်ဒီမြစ်သည် အကြီး ဆုံးဖြစ်၍ တစ်စိတ်တစ်ဒေသအားဖြင့် မြောက်ဘက်နယ်နိမိတ် အဖြစ် တည်ရှိနေပေသည်။ မက္ကဆီကိုနိုင်ငံ၏ ကမ်းရိုးတန်း သည် မိုင် ၆,ဝဝဝ ကျော်ရှည်လျား၍ ဆိပ်ကမ်းကောင်းများ လည်းရှိသည်။ အရေးပါအရာရောက်သော ဆိပ်ကမ်းမြို့တို့မှာ အရှေ့ဘက်ကမ်းရိုးတန်းတွင်တည်ရှိသည့် ဗေရကရုနှင့် တမ်ပီကို မြို့များဖြစ်သည်။

မြောက်ယဉ်စွန်းတန်းသည် မက္ကဆီကိုနိုင်ငံကို အလယ် လောက်တွင် ဖြတ်သွားသည်။ သို့အားဖြင့် မက္ကဆီကိုနိုင်ငံ တစ်ပိုင်းသည် အပူပိုင်းဇုန်တွင် တည်ရှိလျက် အခြားတစ်ပိုင်း သည် သမပိုင်းဇုန်တွင် တည်ရှိသည်။ ကမ်းရိုးတန်းတစ်လျှောက် နှင့် အမြင့်ပေ ၃,ဝဝဝ အထိ တည်ရှိနေသော ဒေသများသည် ပူပြင်းစိုထိုင်း၏။ ပေ ၃,ဝဝဝ မှ ၆,၅ဝဝ အထိ ဒေသများတွင် ရာသီဥတုမပြင်းထန်ဘဲ မျှတသည်။ ပေ ၆,၅ဝဝ ထက်မြင့်သော ဒေသများတွင် နေ့အခါနွေးသော်လည်း ညဉ့်အခါတွင် ချမ်းအေး သည်။ အလွန်မြင့်သောနေရာများတွင် ဆီနှင်းများကျဆင်းသည်။ မိုးရေချိန်မှာလည်း တစ်နေရာနှင့် တစ်နေရာ မတူညီပေ။ အချို့ နေရာများတွင် မိုးနည်းပါးလျက် အချို့နေရာများ၌မူကား သည်း ထန်စွာ ရွာသွန်းလေသည်။ အလယ်ပိုင်းကုန်းပြင်မြင့်တွင် တစ်နှစ်အတွက် မိုးရေချိန်သည် ပြောင်းစိုက်ပျိုးနိုင်ရုံလောက်သာ လျှင် ရွာသွန်း၏။ မြေဩဇာကောင်းသော မက္ကဆီကိုချိုင့်ဝှမ်း တွင်မူ တစ်နှစ်လျှင် ၂၅ လက်မ ရွာသွန်းသည်။ တစ်နိုင်ငံလုံး အတွက် နှစ်စဉ် မိုးရေချိန်မှာ လက်မ ၆ဝ ခန့် ဖြစ်လေသည်။ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာပေါ်ရှိ တွင်းထွက်ဓာတ် သတ္တုများ အကြွယ်ဝဆုံးသော နိုင်ငံများတွင်ပါဝင်၏။ မက္ကဆီ ကိုနိုင်ငံတွင် ရေနံတွင်းကောင်းများစွာရှိ၍ တမ်ပီကိုတစ်ဝိုက်ရှိ ရေနံတွင်းများသည် အရေးပါအရာရောက်ဆုံး ဖြစ်၏။ ထိုပြင် ဘော်သတ္တု များစွာထွက်ရာ ဒေသလည်းဖြစ်၏။ သွပ်၊ ခဲ၊ ကြေးနီ၊ ရွှေနှင့် အခြားဓာတ်သတ္တုများလည်း ထွက်သေးသည်။ ကျောက်မီးသွေးနှင့် သံတို့ကို အမြောက်အမြား တူးဖော်ရရှိနိုင် မည့် အလားအလာရှိသော်လည်း၊ တွင်တွင်ကျယ်ကျယ် တူးဖော် လုပ်ကိုင်ခြင်း မပြုရသေးပေ။ သို့တိုင်အောင် ဓာတ်သတ္တုများ သည် မက္ကဆီကိုနိုင်ငံ၏ အဓိကထုတ်ကုန်ဖြစ်သည်။ ဓာတ် သတ္တု တူးဖော်လုပ်ကိုင်ခြင်းသည်ပင်လျှင် မက္ကဆီကိုနိုင်ငံ၏ အတိုးတက် အထွန်းကားဆုံးသော လုပ်ငန်းတစ်ရပ် ဖြစ်နေပေ သည်။

ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော သစ်တောများမှ လည်းကောင်း၊ တောင်ပိုင်းရှိ သစ်တောများမှ လည်းကောင်း ထင်းရှူး၊ ဝက်သစ်ချ၊ မဟောဂနီ၊ မဂ္ဂနိုးလီယာ၊ အက်ဗနီနှင့် အခြားအဖိုးတန်သစ်များအပြင်၊ ပျားဖယောင်း၊ ရက်ဇင်းသစ်စေး၊ တာရပင်ဆီ အစရှိသော အသုံးဝင်ပစ္စည်းများလည်း ထွက်လေ သည်။ မက္ကဆီကိုနိုင်ငံတွင်းရှိ မြစ်များ၊ အိုင်များနှင့် ပတ်ရံ လျက်ရှိသော ပင်လယ်တို့မှ ငါးအမြောက်အမြား ဖမ်းဆီးရရှိ သည်။ မက္ကဆီကိုနိုင်ငံသည် သဘာဝရှုခင်း သာယာမှုကြောင့် လည်းကောင်း၊ အလယ်ပိုင်း ကုန်းပြင်မြင့်သည် တစ်နှစ်ပတ်လုံး သာယာကြည်နူးဖွယ် ရာသီဥတုရှိသောကြောင့် လည်းကောင်း နိုင်ငံတွင်းသို့ နိုင်ငံခြားသား အများအပြားလာရောက် လည်ပတ် ကြသဖြင့် ဧည့်ကြိုလုပ်ငန်းသည်လည်း မက္ကဆီကိုနိုင်ငံအဖို့ ငွေဝင်လမ်းတစ်ခုဖြစ်လေသည်။

မက္ကဆီကိုနိုင်ငံသည် များသောအားဖြင့် တောင်ကုန်း ထူထပ်၍ စိုက်ပျိုးလုပ်ကိုင်၍ မဖြစ်အောင် ခြောက်သွေ့သော် လည်း လယ်ယာစိုက်ပျိုးရေးသည် အရေးပါသည်။ တိုင်းသူ ပြည်သားအားလုံးလိုလို၏ ပဓာနအစာဖြစ်သော ပဲနှင့် ပြောင်း တို့ကို အဓိကအားဖြင့် စိုက်ပျိုးလျက် အခြားအရေးပါသော စိုက်ပျိုးပင်တို့မှာ ဝါ၊ ကြံ၊ ကာဖီ၊ ကကေးအို၊ ဆန်စပါး၊ ဆေးပင်၊ ဂျုံ၊ မုယော၊ အယ်လဖားဖားတို့ ဖြစ်၏။ တစ်ကမ္ဘာ လုံးထွက် သင်္ဘောနာနတ်လျှော် ထက်ဝက်ခန့်သည် မက္ကဆီကို နိုင်ငံတွင်းရှိ ယုတန်ကျွန်းဆွယ်မှထွက်သည်။ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ မက်မုံသီး၊ စထရော်ဗယ်ရီ စသော အသီး အနှံများနှင့် ဟင်းသီးဟင်းရွက်များကိုလည်း အများအပြား စိုက် ပျိုးသည်။ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ မြင်း အစရှိသည်တို့ ကိုလည်း မွေးမြူသည်။ လယ်ယာစိုက်ပျိုးရာ၌ ယေဘုယျအား ဖြင့် ရှေးသမရိုးကျ နည်းနိသျများကို အသုံးပြုနေကြသေးသော် လည်း ယခုအခါ ခေတ်မီနည်းစနစ်များကိုလည်း စတင်အသုံးပြု နေပြီ ဖြစ်သည့်အပြင်၊ ရေသွင်းစီမံကိန်းများ၊ တိုးတက်ကောင်း မွန်သည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းများ၊ တိုးတက်ကောင်း မွန်သည့် သယ်ယူပို့ဆောင်ရေးအစီအမံများ စသည်ဖြင့် လယ် ယာ စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသည်။ မက္ကဆီကိုနိုင်ငံသည် ၁၉၃ဝ ပြည့်နှစ်မှစ၍ စက်မှု လက်မှုလုပ်ငန်းဘက်တွင် များစွာတိုးတက်ခဲ့ပေသည်။ ရေနံတူး ဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ အစားအသောက် အဖျော် ယမကာ၊ အထည်အလိပ်၊ သားရေဖိနပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးဝါး၊ သံ၊ သံမဏိ၊ ကြိုး၊ စက္ကူ၊ အိမ်ထောင် ပရိဘောဂ၊ ဆိုးဆေး၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ဓာတ်မြေ0x100သဇာ အစရှိသည့် ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများသည် အရေး ပါသော လုပ်ငန်းများဖြစ်၏။

မက္ကဆီကိုနိုင်ငံသည် လေကြောင်းလမ်းများနှင့်ပင်လယ် ရေကြောင်းလမ်းများအားဖြင့် ကမ္ဘာနှင့် ဆက်သွယ်လျက်ရှိ၏။ အဓိကဆိပ်ကမ်းမြို့များမှာ တမ်ပီကိုနှင့် ဗေရကရုတို့ဖြစ်၏။ အမေရိကန် ပြည်ထောင်စုနှင့်လည်း မီးရထားလမ်း၊ ကားလမ်း ကြီးများဖြင့် ဆက်သွယ်ထားသည်။ ရှေးအခါက မက္ကဆီကိုနိုင်ငံ တွင် မြို့ကြီးပြကြီးများကိုသာလျှင် ခေတ်မီလမ်းကောင်းများဖြင့် ဆက်သွယ်ထားခဲ့ရာ၊ ယခုအခါတွင်မူ မြို့ကလေးများနှင့်တောရွာ ကလေးများသို့ပင် သပ်ရပ်ကောင်းမွန်သောလမ်းများဖြင့် ဆက် သွယ် ပေးထားပြီးဖြစ်လေသည်။

မက္ကဆီကိုနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာပင် စစ်မြေ တလင်းဖြစ်ခဲ့ရပေသည်။ သမိုင်းမတင်မီ ရှေးခေတ်ကလည်း မက္ကဆီကိုနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုတို့သည် တပြန် တလှည့် တိုက်ခိုက်ကြီးစိုးခဲ့ပေသည်။ ကောတက်က ခေါင်း ဆောင်၍ စပိန်လူမျိုးတို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က မက္ကဆီကိုနိုင်ငံကို အက်ဇတက်လူမျိုးတို့၏ဘုရင် မွန်တီဇူးမား က အုပ်စိုးနေဆဲဖြစ်၏။


စပိန်လူမျိုးတို့သည် မက္ကဆီကိုနိုင်ငံကို နှစ်ပေါင်း ၃ဝဝ မျှ အုပ်ချုပ်ခဲ့ရာ၌ တိုင်းရင်းသားတို့ကို နှိပ်စက်ကလူပြုခဲ့သည်။ ထိုကြောင့် ခရစ် ၁၈၁ဝ ပြည့်နှစ်တွင် မီဂဲအီသားလဂိုးအမည်ရှိ ဘုန်းကြီးတစ်ပါးကခေါင်းဆောင်၍ သူပုန်ထလေရာ၊ ၁၈၁၁ ခုနှစ်တွင် ဖမ်းဆီးအသတ်ခံရသော်လည်း သူပုန်မီးကား ငြိမ်း မသွားခဲ့ပေ။ ၁၈၂၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အီတူးဗီးသေ အမည်ရှိသော စပိန်အမျိုးသားတစ်ဦးသည် လွတ်လပ်ရေး အတွက် ကြိုးပမ်းနေသော သူပုန်တို့ဘက်ကဝင်ပြီးသော် မိမိ ကိုယ်မိမိ ဧကရာဇ်မင်းအဖြစ် ခံယူလျက် စပိန်နိုင်ငံမှ ခွဲထွက် ကြောင်း ကြေညာခဲ့လေသည်။ သို့သော် ယင်းသည် နောက် တစ်နှစ်တွင် နန်းချခြင်းခံရ၏။ ၁၈၂၄ ခုနှစ်တွင် မက္ကဆီကို သမ္မတနိုင်ငံကို ထူထောင်ကြ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ သစ်ကို ရေးဆွဲခဲ့လေသည်။ ထိုအချိန်မှစ၍ မက္ကဆီကိုနိုင်ငံ တွင် ပြည်တွင်းစစ်ပွဲများ၊ ပုန်ကန်ထကြွမှုများ မကြာခဏ ဖြစ် ပွားခဲ့သဖြင့် တိုင်းပြည်မငြိမ်မသက် ရှိခဲ့၏။ ၁၈၃၅ ခုနှစ်တွင် တက်ဆက်ပြည်နယ်သည် မက္ကဆီကိုနိုင်ငံမှ ခွဲထွက်လေသည်။

ထိုနောက် မက္ကဆီကိုနိုင်ငံသည် နယ်စပ်အရေးနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့် စစ်ဖြစ်သည်။ စစ်ရှုံးသော မက္ကဆီ ကိုနိုင်ငံသည် ယခုကာလီဖိုးနီးယား၊ အယ်ရီဇိုးနား၊ ယူတားနှင့် နီဗားဒ ဟူ၍ တွင်နေသောနယ်မြေဒေသများနှင့် ကော်လိုရားဒိုး၊ ဝိုင်အိုးမင်းနှင့် နယူးမက္ကဆီကိုပြည်နယ်တို့တွင် တစ်စိတ် တစ်ဒေသအားဖြင့် ပါဝင်နေသောနယ်မြေဒေသများကို အမေရိ ကန် ပြည်ထောင်စုသို့ ပေးအပ်လိုက်ရ၏။ ၁၈၆၂-၆၃ ခုနှစ် တွင် ပြင်သစ်တို့ လာရောက်တိုက်ခိုက် သိမ်းပိုက်သဖြင့် မက္က ဆီကိုသည် ပြင်သစ်တို့လက်အောက်တွင် ၃ နှစ်မျှ ကျရောက်ခဲ့ ရသည်။ ၁၈၆၇ ခုနှစ်တွင် မက္ကဆီကိုသမ္မတနိုင်ငံကို ပြန်လည် တည်ထောင်ကာ ဗင်နီတို ဟွားရေးကို သမ္မတမြေ|ာက်သည်။ ၁၈၇၆ ခုနှစ်တွင် ပေါ်ဖီရီယိုဒီးအတ်သည် သမ္မတအဖြစ်ဆက်ခံ သည်။

ဒီးအတ်သည် ၁၉၁၁ ခုနှစ်တွင် အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သည်။ ဒီးအတ်၏ လက်ထက် ၁၈၈၄-၁၉၁၁ ခုနှစ် အတွင်းတွင် မက္ကဆီကိုနိုင်ငံသည် သိသိသာသာတိုးတက်ကြီးပွား လာလေသည်။ ၁၉၁၁ ခုနှစ်မှ ၁၉၃၄ ခုနှစ်အတွင်း သမ္မတ ပေါင်း ၁၇ ယောက်ထက်မနည်း လက်ပြောင်းခဲ့ပေသည်။ ထာဝစဉ်ဆိုသလိုပင် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ကြားကပင် မက္ကဆီကိုနိုင်ငံသည် ကြီးပွားတိုးတက်လာခဲ့ပေသည်။ ၁၉၃၄ ခုနှစ်တွင် လာဆေးရိုး ကာသေးနတ် သမ္မတအဖြစ် တင်မြေ|ာက် ခံရသည်။ သူ သမ္မတအဖြစ် ဆောင်ရွက်စဉ် ၆ နှစ်အတွင်း ပြည်တွင်းငြိမ်သက်မှု ပြန်လည်ရအောင် စီမံလျက် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့်၊ မက္ကဆီကို သမ္မတနိုင်ငံသည် ရှေးကထက် များစွာတိုးတက်လာသည်။ ၁၉၃၈ ခုနှစ်၌ မက္က ဆီကိုအစိုးရသည် နိုင်ငံခြားပိုင် ရေနံလုပ်ငန်းများကို သိမ်းယူ လိုက်ရာ နှစ်ပေါင်းများစွာ ရေနံထွက်ကုန်ပစ္စည်းများ ရောင်းချ ရေးနှင့် စပ်လျဉ်း၍ အခက်အခဲများ ကြုံတွေ့ခဲ့ရ၏။ သို့သော် ၁၉၄၂ ခုနှစ်တွင် လျော်ကြေးများပေးပြီးသည့်နောက်၌ ရေနံနှင့် ရေနံထွက်ပစ္စည်းများသည် နိုင်ငံ၏ အဓိကထုတ်ကုန် ဖြစ်လာ ပြန်၍ ရေနံထုတ်လုပ်ရေးလုပ်ငန်းသည်လည်း လျင်မြန်စွာ တိုး တက်ကြီးပွားလာလေသည်။ ကာသေးနတ်ကို ဆက်ခံသော သမ္မတတို့သည် ကာသေနတ် အစပျိုးခဲ့သော ပြုပြင်မှုများကို ဆက်လက်၍ဆောင်ရွက်ခဲ့သဖြင့် ပြဿနာပေါင်းများစွာပြေလည် သွား၍ တိုင်းပြည်သည် အဖက်ဖက်တွင် တိုးတက်စည်ကား လာပေသည်။ ယခုအခါ မက္ကဆီကိုနိုင်ငံသည် ခေတ်မီနိုင်ငံ တစ်ခုဖြစ်နေ၏။ အမေရိကန်ပြည်ထောင်စုနှင့်လည်း သင့်မြတ် လျက်ရှိကာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ကိုကူညီခဲ့ လေသည်။ မက္ကဆီကိုနိုင်ငံသည် ကုလသမဂ္ဂတွင် အဝင်အပါ နိုင်ငံတစ်ခုဖြစ်လေသည်။

မက္ကဆီကိုနိုင်ငံသည် ပြည်နယ် ၂၉ ခု၊ နယ် ၁ နယ် နှင့် ဖက်ဒရယ်ဒိစတြိတ်ခေါ် ခရိုင်နယ်တစ်ခုတို့ဖြင့် ဖွဲ့စည်း ထားလျက်ရှိကာ အမေရိကန်ပြည်ထောင်စုကဲ့သို့ ပြည်နယ်များ ကို စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုသမ္မတနိုင်ငံလည်း ဖြစ်၏။

မက္ကဆီကိုနိုင်ငံတွင် အခလွတ်မူလတန်းပညာကို မသင် မနေရ ပြုလပ်ထား၏။ ကျောင်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ထောက်ပံ့ဖွင့်လှစ်ထားသည်။ အသက် မွေးဝမ်းကျောင်းပညာသင် ကျောင်းများနှင့် တက္ကသိုလ်ကျောင်း များလည်းရှိရာ၊ ယင်းတို့အနက် အကြီးဆုံးမှာ မက္ကဆီကို မြို့တော်ရှိ မက္ကဆီကိုတက္ကသိုလ် ဖြစ်လေသည်။ မက္ကဆီကိုနိုင်ငံ ၏ လူဦးရေမှာ ၂၆,ဝဝဝ,ဝဝဝ ခန့် ဖြစ်၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)