ငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငှက်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု Chordata
မျိုးပေါင်း ငှက်

ငှက် (မျိုးပေါင်း Aves) သည် အမွှေးအတောင်ရှိ၍ အတောင်ပံ နှစ်ဖက်ရှိသော သွေးနွေးသတ္တဝါအမျိုးအစားတွင်ပါဝင်သည်။ သို့သော် အားလုံး ပျံသန်းနိုင်စွမ်း မရှိကြပေ။ အချို့ငှက်များသည် အလွန်အပြေးသန်သူများဖြစ်ကြပြီး အချို့ကတော့ အလွန်ရေကူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ငှက်သည် ကျောရိုးရှိသတ္တဝါဖြစ်ပြီး ဥအုတတ်သော သတ္တဝါအမျိုးအစားလည်း ဖြစ်သည်။ ဥက ပေါက်ဖွားလာသော ကလေးငယ်များကို စောင့်ရှောက်လေ့ ရှိကြသည်။

အသက်ရှင်နေထိုင်လျှက်ရှိသော ငှက်အမျိုးကွဲပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ကျောရိုးရှိသတ္တဝါများတွင် မျိုးကွဲအများဆုံးရှိသော တက်ထရာပေါ့ဒ်(tetrapod) အမျိုးအစားလည်းဖြစ်သည်။ သူတို့သည် အာတိတ်မှ အန္တာတိတ်အထိ ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင် (ecosystems) အမျိုးမျိုးတွင် ပျံနှံ့နေထိုင်ကြသည်။ ငှက်များ၏ အရွယ်အစားမှာ ၅ စင်တီမီတာ(၂ လက်မ)မျှသာရှိသော ဘီးဟမ်းမင်းငှက်(Bee Hummingbird) မှသည် ၂.ရ မီတာ(၉ ပေ) အထိရှည်သော ငှက်ကုလားအုပ်အထိရှိသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများအရ ငှက်များသည် သယ်ယိုပေါ့ဒ် ဒိုင်နိုဆောများမှ ဂျူရက်ဆစ်အချိန်ကာလမှ စ၍ဆင်းသက်လာသည်ဟု ခန့်မှန်းနိုင်ပြီး နှစ်ပေါင်း သန်း ၁၅၀ မှ သန်း၂၀၀ ခန့်တွင်ဖြစ်သည်။ နိခါတကဗေဒပညာရှင်အများစုက ငှက်တို့သည် Cretaceous–Tertiary မျိုးတုန်းခြင်း အဖြစ်အပျက်အတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဒိုင်နိုဆောတို့၏ တစ်ခုတည်းသော အဆက်အနွယ်များအဖြစ် ယူဆကြသည်။

ငှက်လောက[ပြင်​ဆင်​ရန်​]

ကျွန်ုပ်တို့သည် ငှက်များကို နေ့စဉ်တွေ့မြင်နေကြရသော်လည်း ငှက်၏အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မသိကြပေ။ အလွန်ရှေးကျသောခေတ်က ငှက်များသည် ဖွတ်ပုတက်တို့ကဲ့သို့သော တွားသွားကောင်များနှင့် တူသည်ဟုဆိုလျှင် ယုံနိုင်ဖွယ်ရာ ရှိမည် မဟုတ်ချေ။ ထိုကြောင့် ငှက်အကြောင်းကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ငှက်လောက၏ စိတ်ဝင်စားဖွယ်ရာ၊ မှတ်သားဖွယ်ရာ အချက်များကိုပို၍ သိရှိလာနိုင်မည် ဖြစ်ပေသည်။

ငှက်[ပြင်​ဆင်​ရန်​]

ငှက်သည် အမွှေးအတောင်ရှိသော ကျောရိုးရှိသတ္တဝါဖြစ်၏။ သို့သော် အခြားကျောရိုးရှိသတ္တဝါများဖြစ်သော တွားသွားသတ္တဝါနို့တိုက်သတ္တဝါတို့နှင့်ကား မတူချေ။ ထိုတွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့တွင် အရေပြား၌ အကြေးခွံနှင့် အမွှေးအမှင်တို့ ရှိကြသည်။ ငှက်မှာမူ လေထဲတွင် ပျံသန်းရသော တိရစ္ဆာန် ဖြစ်ခြင်းကြောင့် အရေပြားမှ အမွှေးအတောင်များ ဆန်းကြယ်စွာ ပေါက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ငှက်မျိုးပေါင်းမှာ ၁၃ဝဝဝ နှင့် ၁၄ဝဝဝ အကြားတွင် ရှိသည်။ ငှက်တို့ကို (မျိုးစိတ်မျိုးစုမျိုးရင်းမျိုးစဥ်မျိုးပေါင်း)ဟူ၍ အဆင့်ဆင့် ခွဲခြား ထားသည်။ ဤသို့ ခွဲခြား၍ကြည့်လိုက်သော်၊ ငှက်မျိုးပေါင်းသည် ကျောရိုးရှိ မျိုးပေါင်းစုတွင် အပါအဝင် ဖြစ်သည်ကို တွေ့ရလေသည်။

  • ငှက်အမျိုးပေါင်း(မျိုးစိတ်ပေါင်း) ၈၆၀၀-ကျော်အား မျိုးစု ၁၆၀၀-ခု၊ မျိုးရင်း ၁၅၅-ခု၊ မျိုးစဥ် ၂၇-ခု၊ မျိုးပေါင်း -ခု အဖြစ် သတ်မှတ်ထားသည်။

တွားသွားရာမှ မိုးသို့ပျံခြင်း[ပြင်​ဆင်​ရန်​]

သို့ရာတွင် သိပ္ပံသုတေသီတို့၏အလို၌ ငှက်၏ မူလဘူတသည် တွားသွားသတ္တဝါတို့ပင် ဖြစ်မည်ဟုဆိုကြလေသည်။ ကမ္ဘာဦး ရှေးပဝေသဏီခေတ်က ရှိခဲ့ဘူးသော ငှက်၏ စကယ်လီတန်တို့ကို မြေအောက်မှ တူးဖော်ရရှိသောအခါ ထိုကမ္ဘာဦးငှက်များသည် တွားသွားတတ်သော ဖွတ်၊ ပုတတ်တို့၏ ပုံသဏ္ဌာန်ရှိသည်ကို တွေ့ရသည်။ ထိုငှက်တို့၏ နှုတ်သီး၌ သွားများပါရှိသည်။ တောင်ပံ၌လည်း လက်ချောင်းများရှိကြသည်။ ဤသည်ကို ထောက်ရှု၍ ယခုခေတ်ငှက်သည် တွားသွားသတ္တဝါနှင့်တူသည့် ရှေးခေတ် ငှက်ကြီးများမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယခုခေတ်ငှက်တို့၏ နေထားသွင်ပြင်တို့ ပြောင်းလဲလာရခြင်းများမှာ ငှက်တို့သည် အတောင်ကိုအသုံးပြု၍ လေထဲ၌ ပျံသန်းတက်လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။

ငှက်သည် အဘယ်ကြောင့် ပျံနိုင်သနည်း[ပြင်​ဆင်​ရန်​]

သဘာဝသည် ငှက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ကောင်းကင်၌ ပျံသန်းနိုင်စေရန် ဖန်တီးထား၏။ ငှက်၏ စကယ်လီတန်တို့ကို ကြည့်လေ။ ငှက်ရိုးတို့သည် ကျစ်လျစ်၏။ အခေါင်းရှိ၏။ ပေါ့ပါး၏။ ငှက်ကျောရိုး အဆစ်များသည် ပေါင်းစပ်နေသဖြင့် ကျောရိုးသည် မြီးထူးရိုးနှင့်လည်း နီးကပ်စွာ ဆက်စပ်တည်ရှိသည်။ ထိုပြင် အခြားအရိုးတို့မှာ ငှက်၏ကိုယ်ထည်တစ်ခုလုံး အပေါ်၌ ပေါင်းကူးကဲ့သို့ အထပ်ထပ်ဖွဲ့၍ နေသဖြင့် ကိုယ်ထည်မှာ တောင့်တင်းခိုင်မာပါလျက်နှင့် ပေါ့ပါး၍ နေပေသည်။လေယာဉ်ပျံတွင် လေးလံသော စက်ကိရိယာနှင့် ခရီးသည်တို့ကို ဟန်ချက်အနီးအနားတဝိုက်၌ ထားရှိရသည်။ ထို့အတူ ငှက်၏ လေးလံသော ခန္ဓာအစိတ်အပိုင်းပါသည့် ကိုယ်ထည်တစ်ခုလုံးသည် ဟန်ချက်တဝိုက်၌သာ တည်ရှိသည်။ ပေါ့ပါးသော အင်္ဂါများကို ဦးခေါင်း၊ အမြီး၊ အတောင်နှင့် ခြေထောက်တို့ကား ဟန်ချက်ဖြင့် ဝေးရာတွင် တည်ရှိပေသည်။ ထိုပေါ့ပါးသည့် အင်္ဂါများကို လှုပ်ရှားစေသော အသားစိုင်မှာ ကိုယ်ထည်နှင့်သာ ဆက်စပ်လျက်ရှိပေသည်။ အသားစိုင် အများဆုံးအပိုင်းမှာ ပေါင်ပိုင်းသာဖြစ်၍ ငှက်ကိုယ်ထည်၏ ဟန်ချက်နှင့် နီးကပ်စွာ တည်ရှိနေသည်။ ပေါင်အောက်ဖက်ရှိ ခြေတံမှာ သေးသွယ်ရှည်လျားသော အရိုးချောင်းဖြစ်သည်။ ထိုအရိုးနှင့် ခြေချောင်းကလေးများသည် ဆက်နေသည်။ ခြေပိုင်း၌ အများအားဖြင့် အမွှေးအတောင် မရှိချေ။


ငှက်တောင်မှာ စင်စစ်အားဖြင့် တွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါတို့၏ ရှေ့လက်ဖျားများဖြစ်သည်ဟု ဆိုနိုင်သည်။ ပျံသန်းနိုင်ရန်အတွက် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေခြင်းသာ ဖြစ်၏။ တောင်ပံတို့ကို ခတ်နိုင်စေရန် ရင်အုပ်ရှိ ကြွက်သားတို့သည် ကြီးထွားလျက် ရှိ၏။ ထိုရင်အုပ်သားမှာလည်း ကိုယ်ထည်၏ ဟန်ချက်အနီး၌ပင် တည်ရှိသည်။ အသုံးမလိုသော လက်ကောက်ဝတ်ရိုးနှင့် လက်ဝါးရိုးတို့သည် ပူးပေါင်းလျက်၊ လက်ချောင်းတစ်ချောင်းသာလျှင် ထင်ရှားစွာ ကျန်ရစ်သည်။

ငှက်နှင့် တွားသွားသတ္တဝါတို့၏ ခြားနားချက်[ပြင်​ဆင်​ရန်​]

တွားသွားသတ္တဝါတို့သည် သွေးအေးသတ္တဝါများ ဖြစ်ကြ၏။ နို့တိုက်သတ္တဝါတို့မှာ သွေးနွေးသတ္တဝါများဖြစ်သည်။ သို့သော် ငှက်သည် တွားသွားရမည့်ဘဝမှ ကောင်းကင်၌ ပျံသန်းရသည့်ဘဝသို့ ရောက်လာသောအခါ နို့တိုက်သတ္တဝါကဲ့သို့ သွေးနွေးသတ္တဝါ ဖြစ်ခဲ့လေသည်။ သွေးနွေးသတ္တဝါတို့၌ အပူရှိန် တစ်သမတ်တည်း ရှိကြသည်။ သွေးအေးသတ္တဝါတို့ကား ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ အပူရှိန် ပြောင်းလဲတတ်သည်။ ဆောင်းတွင်း၌ သွေးအေးသတ္တဝါတို့သည် လေးလံ ထိုင်းမှိုင်းလာကြသည်။ ငှက်တို့ကား အစဉ်သဖြင့် ပျံသန်းလှုပ်ရှားရသူများဖြစ်၍ လေးလံထိုင်းမှိုင်းသော သဘာဝနှင့် သဟဇာတ မဖြစ်ချေ။

ငှက်တို့သည် သွေးနွေးသတ္တဝါများ ဖြစ်လာကြသဖြင့် သူတို့၏ အမူအကျင့် အလေ့အထလည်း ပြောင်းလဲလာရသည်။ ငှက်ဥနှင့် ငှက်ငယ်များအတွက် အပူချိန်သည် တစ်သမတ်တည်း ညီရမည်ဖြစ်၍ ငှက်တို့သည် အသိုက်လုပ်ရသည်။ ဥအုပြီးနောက် ဝပ်ရသည်။ သွေးနွေးသတ္တဝါ ဖြစ်သည့်အလျောက် ဆောင်းဥတု၌ နွေးသောဒေသသို့ ပြောင်းရွှေ့ရသည်။ ငှက်တို့၏ ကိုယ်တွင်း အပူသည် လူတို့၏ကိုယ်တွင်းအပူထက် ပြင်းသည်ဖြစ်၍ အစာအကြေမြန်သည်။ ထို့ကြောင့် မနေမနား အစာ ရှာရသည်။ ငှက်၏ ခေါင်းခွံမှာ ပါး၍ မေးရိုးမပါရှိချေ။သွားလည်း မရှိချေ။ အစာကို ကြေညက်အောင် ဝါးရသည်ဟု မရှိသောကြောင့် ငှက်၏ ဝမ်းတွင်းရှိ အမြစ်သည် အစာချေဖျက်နိုင်ရန် အလုပ်ကို လုပ်ပေးရလေသည်။

ငှက်မျက်စိ[ပြင်​ဆင်​ရန်​]

ငှက်တို့သည် အလွန်မျက်စိရှင်ကြ၏။ ကြည်လင်ထက်မြက် သော မျက်လုံးများသည် ခရီးဝေးကို မြင်နိုင်ကြသည်။ ထို့အပြင် လေထဲ၌ အဟုန်ပြင်းစွာ ပျံသန်းနေသည်ဖြစ်စေကာမူ အလားတူ လျင်မြန်စွာ ပျံသန်းနေသော ပိုးမွှားတို့ကို မျက်ခြည်မပြတ် မြင် နိုင်စွမ်းရှိ၏။ လင်းယုန်ငှက်နှင့် လင်းတငှက်ကဲ့သို့ ငှက်ရဲများ သည် အလွန်မြင့်သော ကောင်းကင်အရပ်၌ ပျံဝဲကာ နေရာမှ မြေပြင်ပေါ်တွင်ရှိသည့် သေးငယ်သော အစာကောင်ကို မြင် သည်နှင့်တစ်ပြိုင်နက် အဟုန်ပြင်းစွာနှင့် စိုက်ထိုး သုတ်ယူ တတ်ကြသည်။ ထို့အပြင် ဤငှက်ရဲတို့တွင် မျက်ခွံလွှာအပို တစ်ထပ်ပါရှိသဖြင့် မျက်စိကို အလင်းရောင် မစူးနိုင် အောင် မျက်ခွံလွှာကို လိုသလို ရှုံ့ချည်ပိတ်ချည် ပြုလုပ်နိုင်သည့်အပြင် တင်းတိမ်ဖြင့် ကာသကဲ့သို့လည်း ကာထားနိုင်၏။ထိုမျက်ခွံလွှာ အပိုကို မှိတ်ထားစေကာမူ မြင်နိုင်သောအစွမ်း ရှိသည်။ ထို့အပြင် ခရီးဝေးနီးတို့ကိုလည်း ပြတ်သားစွာ မြင်နိုင်အောင် မျက်စိကို ချိန်နိုင်ကြသည်။

ငှက်၏ စီးပွားရေးအကူအညီ[ပြင်​ဆင်​ရန်​]

ငှက်သည် မနားမနေ အစာရှာဖွေ စားသောက်တတ်သော ကြောင့် ယင်းတို့၏ အစာဖြစ်သော ပိုးမွှားတို့ကို ဖျက်ဆီးပေး ခြင်းအားဖြင့် လူ၏ စီးပွားကို အကျိုးပြုသည်။ ပိုးမွှားတို့သည် လူတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ ကြီးမားသော ရန်သူ ဖြစ်သည်။ အားလူးပင်ဖျက် ပိုးတောင်မာသည် သဘာဝ အလျောက် သားပေါက်ချိန်တချိန်အတွင်း သန်းပေါင်း ၆ဝ မျှ သော သားစဉ် မြေးဆက် ပိုးကောင်တို့ကို ပေါက်ပွားစေနိုင် သည်။ အပင်များတွင် ကျတတ်သော ပျကောင်များသည် သက်တမ်းတိုသဖြင့် တနှစ်အတွင်း ၁၃ ကြိမ်မျှ မျိုးပေါက်ပွား ကြသည်။ ပျအမ တစ်ကောင်မှ အနည်းဆုံး သားငယ် အကောင်ပေါင်း ၅ဝ အထိ မွေးတတ်ရာ ၁၃ ဆက်မြောက်သို့ ရောက်သည့်အခါ ပျကောင် အရေအတွက်မှာ ၁ဝ နောက်တွင် သုည ၃၆ လုံးရှိသော ကိန်း သို့ပင် ရောက်မည်ဖြစ်၏။ အပွားမြန်သော ပိုးကောင်တို့သည် အနှောင့်အယှက် တစ်စုံ တစ်ရာ မရှိဘဲ လိုသမျှအစာကို ဝဝလင်လင် စားကြရမည် ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင် နှစ် အနည်းငယ်အတွင်း ပိုးမွှားတို့ဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။ ဤအချက် တစ်ရပ်နှင့်ပင် ပိုးမွှားတို့သည် လူ၏ ရန်သူဖြစ်သည်ကို သဘောပေါက်ကြပေလိမ့်မည်။ ထိုပိုမွှားတို့ကို ငှက်တို့သည် သုတ်သင်ပေးလေသည်။

စကားလက်တန်နဂျာ ခေါ် အမေရိကန်ငှက်တစ်မျိုးကို ပိုးဖလံ ကောင် အငယ်စားများ ကျရောက်၍ ဖျက်ဆီးနေသည့် အပင် တစ်ပင်၌ ကျက်စားနေစဉ် စောင့်၍ကြည့်ရာ ၁၈ မိနစ်အတွင်း ပေါက်ဖတ်အကောင်ပေါင်း ၆၃ဝ မျှကို စားပစ်ကြောင်း တွေ့ရ သည်။ တစ်ငှက် အဖိုနှင့်အမတစ်စုံကို စောင့်၍ ကြည့်ရာ၌ လည်း ပန်းသီးပင်များကို ဖျက်ဆီးတတ်သည့် ပိုးဖလံကောင် ပေါက်စ ပေါက်ဖတ်ကလေးများကို အသိုက်သို့ ကူသယ် ကောက်သယ်ချီယူနေသည်မှာ တစ်နာရီအတွင်း ၄၇ ခေါက်ရှိ၍ တစ်ကြိမ်တစ်ကြိမ်လျှင် ပေါက်ဖတ် နှစ်ကောင်သုံးကောင် ချီယူ သွားကြသည်။ အသိုက်တွင်း၌ သားငယ်များ ပေါက်ပွားနေချိန် တွင် မိုးလင်းမှ မိုးချုပ်အထိ သားငယ်တို့အား အစာရှာခွံလေ့ ရှိသဖြင့် တစ်နေ့လျှင် ပိုးကောင်ပေါင်း မည်မျှ ချီယူကြမည်ကို လွယ်ကူစွာ သဘောပေါက်နိုင်ပေ၏။ နှံပြီစုတ်ငှက်မတစ်ကောင် သည် သားငယ်တို့အား တစ်နာရီလျှင် ၃၈ ကြိမ်မျှ အစာခွံ့ သည်ကို တွေ့မြင်ရသည်။ ထိုငှက်မ ချီယူလာသော အစာများ တွင် သစ်ပင်များ၏ အရည်ကို စုတ်ယူတတ်သော ပျကောင် များ၊ အရွက်များကို ကိုတ်ဖြတ်တတ်သော ပေါက်ဖတ်များနှင့် ခြေတံရှည်ပိုးကောင်များ ပါဝင်လေသည်။

သီးနှံပင်နှင့် မြက်ပင်များ၏ အမြစ်များကို ကိုက်ဖြတ် ဖျက်ဆီးတတ်သော ခြေတံရှည် ပိုးကောင်ပေါက်စနှင့် ပိုး တောင်မာ ပေါက်စတို့ကဲ့သို့ သီးနှံဖျက်ပိုးများကို စားသောက် လေ့ရှိသော စတားလင်းခေါ် ငှက်တစ်မျိုးသည် တစ်နာရီလျှင် အကြိမ် ၃ဝ မျှ ထိုပိုးများကိုချီ၍ သားငယ်တို့အား အစာခွံ့ကြ သည်။

နှံပြီစုတ်ငှက်တစ်ကောင်သည် ၁၅ နာရီနှင့် ၄၅ မိနစ် အတွင်း သားကောင်ငယ်တို့အား ၁၂၁၇ ကြိမ်မျှ အစာခွံ ကျွေး သည်မှာ မှတ်သားဖွယ်ရာ အကောင်းဆုံးစံချိန်တစ်ရပ် ဖြစ် သည်။ ကောက်ပင်များ၏ အနှံတို့ကို ကိုက်ဖြတ်စားသောက် လေ့ရှိသော သာမန်စာကလေးများပင်လျှင် သားပေါက်ချိန်၌ သားငယ်တို့ကို ဆန်စေ့၊ စပါးများ မကျွေးမူ၍၊ ပေါက်ဖတ် များကို ရှာဖွေ ကျွေးမွေးတတ်ကြသည်။ ဤနည်းအားဖြင့် ငှက်တို့သည် တောင်သူလယ်သမားတို့အား ထိရောက်စွာ ကူညီကြပေသည်။

သိပ္ပံပညာစနစ်ဖြင့် စမ်းသပ်ကြည့်ရာတွင် ငှက်ငယ်များ ကြီးထွားလာရန်မှာ ယင်းကိုယ်ခန္ဓာ၏ အလေးချိန်ထက်ဝက်မှ အပြည့်အထိလေးသော အစာကို နေ့စဉ် စားသောက်ရမှ ကြီး ထွားနိုင်သည်ကို တွေ့ရသည်။

အချို့ငှက်တို့သည် လယ်ယာစိုက်ပျိုးမှုကို အနှောင့်အယှက် ပေးသည့် ပေါင်းပင် မျိုးစေ့များကို စားသောက်ကြခြင်းဖြင့်၊ တောင်သူလယ်သမားတို့ကို ကျေးဇူးပြုပေးသည်။ ပေါင်းပင် စေ့ကို စားသောက်သော ငှက်နှစ်မျိုး၏ စလုတ်မှ အစေ့ ပေါင်း ၁၇ဝဝ နှင့် ၅ဝဝဝ အသီးသီး ထုတ်ယူရရှိခဲ့ဘူး လေသည်။

ကြွက်ကဲ့သို့သော သီးနှံဖျက် တိရစ္ဆာန်တို့ကို ငှက်တို့က ဖမ်း၍ စားသောက်တတ်ကြသည်။ အကယ်၍ ကြွက်ဖိုမတစ်စုံမှ ပေါက်သောသားများ တစ်ကောင်မကျန် အဖတ်တင်သည်ဟု ဆိုငြားအံ့၊ ထိုသားအမိ သားအဖတစ်မြုံသည် ငါးနှစ်အတွင်း ကောင်ရေပေါင်း သန်းချီ၍ ပေါက်ပွားမည်ဖြစ်သည်။ သို့သော် ထိုအခြေအနေသို့ မရောက်စေရန် ဇီးကွက်နှင့် သိမ်းငှက်တို့သည် တောင်သူလယ်သမားဖက်မှနေ၍ ကူညီကြသည်။ ထိုမှတစ်ပါး ငှက်တို့သည် ဟင်းလျာအတွက်လည်း အသုံး ဝင်သည်။ ရစ်၊ ခါ၊ ချို၊ တောဘဲ၊ စစ်စလီ၊ ဘုမ္မတီး၊ တော ကြက် စသော ငှက်တို့မှာ မြန်မာနိုင်ငံတွင် ဟင်းလျာအတွက် ဖမ်းဆီးလေ့ရှိသော ငှက်မျိုးများ ဖြစ်ကြသည်။ ဥရောပနိုင်ငံ များ၌ ဂရောက်ရစ်၊ စနိုက်ငှက်၊ ရစ်၊ စနိုက်ကြီး၊ ကြက်ဆင်၊ တောဘဲနှင့် တောငန်းတို့ကို ဟင်းလျာအလို့ငှာ အမြတ်တနိုး ထားကြသည်။

လူ၏ ရန်သူငှက်များ[ပြင်​ဆင်​ရန်​]

လူတို့အတွက် ငှက်တို့သည် အသုံးဝင်သည် မှန်၏။ သို့သော် လူတို့ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော ငှက်တို့ လည်း ရှိသေး၏။ ငှက်တို့သည် ဆီးသီး၊ မာလကာသီး စသော အသီးငယ်များကို အလွန်ကြိုက်နှစ်သက်တတ်၏။ ဂျုံ၊ စပါး စသည့် ကောက်သီးကောက်နှံများကိုလည်း ကြိုက်နှစ်သက် တတ်၏။ အနောက်နိုင်ငံတွင် စထရော်ယယ်ရီ၊ ရပ်စဘေရီနှင့် ချယ်ရီသီးတို့ သီးချိန်တွင် ငှက်တို့၏ ရန်သူကို များစွာ စိုးရိမ် ရ၏။ မြန်မာနိုင်ငံ၌ စပါးမှည့်ချိန်တွင် တောငှက်နှင့် စာကလေးတို့၏ဘေးရန်ကို စိုးရိမ်ရသောကြောင့် လယ်ကွင်း များတွင် ခလောက်ဖြင့် အမြဲစာခြောက်ရသည်။ ထို့အပြင် ကြက် ငှက်မွေးမြူသူများ၏ ရန်သူတို့မှာ ကျီး၊ စွန်၊ သိမ်း စသော ငှက်များဖြစ်သည်။

ငှက်သုတေသီ[ပြင်​ဆင်​ရန်​]

ငှက်တို့၏ အကြောင်းခြင်းရာကို သုတေသနပြုသူ ပုဂ္ဂိုလ် အမြောက်အမြား ရှိလေသည်။ ငှက်တို့ကို တမင်သက်သက် အလှမွေးမြူသူတို့လည်း ရှိ၏။ ထိုပုဂ္ဂိုလ်တို့၏ ကျေးဇူးကြောင့် ငှက်အကြောင်းကို စနစ်တကျ ကျွန်ုပ်တို့ သိရှိရပေသည်။ ငှက် တို့၏ သီချင်းသံနှင့် အရောင်အဆင်းတို့ကို စူးစမ်းလေ့လာခြင်း အလုပ်သည် သဘာဝနှင့် နီးစပ်သော အလုပ်ဖြစ်၍ အလွန်စိတ် ကြည်လင်စေသော အလုပ်ဖြစ်သည်။ အိမ်ခြံဝင်းအတွင်း၌ သစ် ပင် ပန်းမာလ်များ စိုက်ပျိုးပေးထားခြင်း၊ ငှက်အိမ်များ ဆောက် လုပ်ပေးထားခြင်း စသည်ဖြင့် ငှက်အပေါင်းတို့ လာရောက် နေထိုင်စေရန် ငှက်မွေးမြူသူတို့က ဖန်တီးပေးလေ့ရှိသည်။ ငှက် သုတေသီတို့မှာ တောတောင်ရေမြေတို့ကိုလှည့်လည်၍ ငှက်တို့ ၏ အမူအကျင့်ကို လေ့လာကြသည်။ ငှက်အမျိုးအစားကိုလိုက်၍ ငှက်စားကျက် အမျိုးမျိုးရှိသည်။ အချို့ငှက်တို့သည် သစ်တော၊ ခြံကြီး၊ ဥယျာဉ်များကြီးထဲတွင် ကျက်စားသည်။အချို့မှာ အင်းအိုင် ချောင်းမြောင်းအရပ်ကို မှီ၍ နေကြသည်။အချို့ကားလယ်ကွင်းများ၊ မြက်ခင်းများ၌၎င်း၊ တောင်ကုန်းများ၌၎င်း အစာရှာဖွေကြသည်။

ငှက်ဒေသခြောက်ရပ်[ပြင်​ဆင်​ရန်​]

ငှက်သုတေသီတို့၏ အလိုအားဖြင့် ငှက်မျိုးများကို ဒေသ ခြောက်ပိုင်း ပိုင်း၍ တွေ့နိုင်သည်ဟု ဆိုကြသည်။ ထိုဒေသ ခြောက်ပိုင်းမှာ (၁) နယူးဇီလန်၊ (၂) ဩစတြေးလျ၊ (၃) အပူပိုင်းဇုန်သစ်(တောင်အမေရိက)၊ (၄) အိန္ဒိယ၊ (၅) အာဖရိကနှင့် (၆) အာတိတ်ဇုန်ဟောင်း(မြောက်အမေရိက၊ ဥရောပနှင့်အာရှမြောက်ပိုင်း) ဟူ၍ ဖြစ်ကြသည်။ ငှက်မျိုး အနည်းအငယ် တို့ကို ကမ္ဘာအရပ်ရပ်၌ အနှံ့အပြား တွေ့ရှိရ သော်ငြားလည်း ငှက်မျိုးစိတ်နှင့် မျိုးရင်းပေါင်း မြောက်မြားစွာ တို့ကိုမူ သူ့ဆိုင်ရာ ဒေသ၌သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် မြောက် အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ရှိ ငှက် တို့သည် မတူကြချေ။ ထို့အတူ အာဖရိကတိုက်ရှိ ငှက်တို့သည် ဥရောပတိုက်ရှိ ငှက်တို့နှင့် ခြားနားသည်။ သို့သော် မြောက် အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ငှက်တို့မှာ ဆင်တူဖြစ် သည်။ အရှေ့အိန္ဒိယကျွန်းစုရှိ ငှက်တို့ကို လေ့လာကြည့်လျှင် တစ်ကျွန်းတွင်ရှိသော ငှက်မျိုးသည် အခြားကျွန်းရှိငှက်နှင့် မတူကွဲပြားသည်ကို တွေ့ရသည်။ ဖြစ်ရသည်မှာ အချို့ငှက်တို့ သည် ဩစတြေးလျ အစုထဲတွင် ပါဝင်၍ အချို့မှာ အိန္ဒိယအစု ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။ သာဓက ပြရသော် ဗာလီကျွန်းနှင့် လွမ်းဗုတ်ကျွန်းတို့သည် တစ်ကျွန်းနှင့်တစ်ကျွန်း မိုင် ၂ဝ မျှသာ ကွာသည်။ သို့သော် ထိုကျွန်း နှစ်ကျွန်းရှိ ငှက် တို့ ခြားနားပုံမှာ အာဖရိကငှက်နှင့် တောင်အမေရိကငှက်တို့ ခြားနားသည့် ပုံအတိုင်းပင် ဖြစ်သည်။ ဤသည်ကို ထောက်ရူ လျှင် ထိုကျွန်းနှစ်ကျွန်းသည် ဘယ်သောအခါကမျှ တစပ်တည်း မတည်ခဲ့ကြောင်း ထင်ရှားသည်။ ထို နှစ်ကျွန်း၏ အကြားရှိ နက်ရှိုင်းသော ရေလက်ကြားသည် ဩစတြေးလျနှင့် အာရှကို ခွဲခြားပေးသော နယ်နိမိတ်ဖြစ်သည် ဟု ယူဆနိုင်သည်။ ဗာလီ ကျွန်းသည် အာရှ၌ အပါအဝင် ဖြစ်သော်လည်း လွမ်းဗုတ်ကျွန်း မှာ ဩစတြေးလျ ၌ အပါအဝင် ဖြစ်သည်။ ငှက်တို့ နေရာပြောင်းရွှေ့တတ်ခြင်း ငှက်တို့ကို ဒေသအလိုက် သတ်မှတ်ပေးရာ၌ ငှက်တို့ အသိုက်ဖွဲ့၍ သားမွေရာအရပ်ကို အခြေပြု၍ ငှက်၏ နေရင်း ဇာတိကို သိရသည်။ သို့သော် ငှက်မျိုးစိတ်ပေါင်းများစွာတို့မှာ ရာသီဥတုကိုလိုက်၍ တစ်နယ်မှတစ်နယ်သို့ ရွှေ့ပြောင်းနေထိုင် ကြသည်။ ဗြိတိန်တွင် အသိုက်ဖွဲ့၍ သားမွေးသောငှက်တို့သည် အာဖရိကတိုက်သို့ပြောင်းရွှေ့၍ ဆောင်းခိုလေ့ရှိသည်။ ဗြိတိန်မှ ပျံလွှားငှက်သည် ဆောင်းရာသီ၌ မိုင် ၅ဝဝဝ ဝေးသော တောင် အာဖရိကတိုက်သို့ ရွှေ့ပြောင်း နေထိုင်လေ့ရှိသည်။ ရွှေရောင် ငှက် တစ်လိုင်းမျိုးသည် လားဗရာဒေါနှင့် နိုဗာစကိုးရှား ပြည် နယ်များမှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ မနေမနား ပျံ သန်းကာ မိုင် ၂ဝဝဝ ဝေးသောတောင် အမေရိကတိုက်သို့ ဆောင်းခိုရန် ရွှေ့ပြောင်းကြသည်။ ထို့အတူပင် အနောက် ပစိဖိတ်ကမ်းခြေတွင်နေသော ငှက်တလိုင်းတို့သည် အလာ စတာ ပြည်နယ်မှ မိုင် ၂ဝဝဝ ဝေးသော ဟာဝိုင်းယန်းကျွန်းသို့ နှစ်ဉ် ကူးချည်သန်းချည်ပြုကြသည်။ သို့သော် သစ်တောက် ငှက်၊ တောစာနှင့် ရစ်စသော ငှက်တို့သည် ဗြိတိန်မှ ထွက်ခွာ သွားလေ့ မရှိချေ။ ပျံလွှားငှက်၊ တောဘဲ၊ ပုစဉ်းထိုးနှင့် မြေလူး ငှက် စသည်တို့သာ နှစ်စဉ်နေရာပြောင်းကြသည်။ နွေဦးပေါက်သို့ ရောက်လာတိုင်း ကမ္ဘာမြောက်ပိုင်းရှိ ငှက် တို့သည် မြောက်ဘက်သို့ နေရာပြောင်း၍ တောင်ပိုင်းရှိ ငှက် တို့သည် တောင်ဘက်သို့ နေရာပြောင်းကြသည်။ နွေးရာအရပ် များသို့ ရွှေ့ပြောင်းခြင်းပင် ဖြစ်၏။ နေရာပြောင်းရာ၌ ငှက်ဖို တို့သည် ဦးစွာ ရွှေ့ပြောင်းကြသည်။ ငှက်ဖိုတို့က အသိုက်လုပ် ရန် နေရာကောင်းကို ရှာဖွေပြီးလျှင် အပြိုင်အဆိုင် လုကြသော အခြားငှက်တို့ကို မောင်းနှင်ဖယ်ရှားပြီးသည့်နောက်မှ ငှက်မ တို့က ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခြားပြီး ရောက်လာကြသည်။ ထိုအခါ ငှက်ဖိုတို့က ငှက်မများကို အတူနေကြရန် သွေး ဆောင်ကြသည်။


ငှက် 'လူပျိုလှည့်'ပုံ[ပြင်​ဆင်​ရန်​]

ငှက်တို့သည် သာမန်အားဖြင့် အဖိုတစ်ကောင်လျှင် အမ တစ်ကောင်နှင့်သာ တစ်နှစ်အတွင်း စုံဖက်ပေါင်းသင်း၍ နေလေ့ ရှိသည်။သို့သော် ကြက်မျိုးတွင်အပါအဝင်ဖြစ်သည့် ကြက်ဆင်၊ ရစ် စသည့်ငှက်တို့သည် အဖိုတစ်ကောင်လျှင် အမများစွာနှင့် ပေါင်းသင်းသည်။ ဤကဲ့သို့ အမပေါင်းများစွာတို့နှင့် ဆက်ဆံ လေ့ ရှိသော အခြားငှက်မျိုးများမှာ နှံပြီစုတ်နှင့် ဗလက်ဗတ် ခေါ် ငှက်မည်းများ ဖြစ်လေသည်။ ဥဩငှက်တိုသည် အခြား ငှက်သိုက်များ၌ အု၍ ထိုဥများမှ ပေါက်ပွားလာသော သားငယ် များကိုလည် ထိန်းသိမ်းစောင့်ရှောက်လေ့ မရှိကြသဖြင့် တစ်နှစ် တစ်ရာသီအတွင်း၌ပင် အဖော်အလဲလဲဖြင့် ပေါင်းဖက် ကြလေ သည်။ အမေရိကတိုက် အပူပိုင်းဒေသများတွင် တွေ့ရသော အန်နစ်ခေါ် ငှက်တစ်မျိုးသည် ငှက်မများစွာ ဥအုနိုင်ရန် အသိုက် တစ်ခုတည်းကို ဝိုင်းဝန်းကူညီ ဆောက်လုပ်လျက် ပေါက်လာ သမျှသော သားငယ်တို့ကိုလည်း အားလုံးဝိုင်း၍ စောင့်ရှောက် ကြလေသည်။


ငှက်ဖိုများသည် မိတ်ဖက်ရှာသည့်အခါ၌ မိမိအား စိတ်ညွတ် လေအောင် ငှက်မများကို 'လူပျိုလှည့်'လေ့ ရှိကြသည်။ ထို အချိန်အတောအတွင်း၌ ငှက်ဖိုများသည် သာယာသောအသံများ ကျူးရင့်ခြင်းဖြင့်ဖြစ်စေ၊ အမွှေးအတောင်များ အလှပြ၍ ဖြစ်စေ၊ ငှက်မများရှေ့တွင် သူ့ထက်ငါထင်ပေါ်ရအောင် အပြိုင်အဆိုင် ပြုလုပ်တတ်ကြသဖြင့် ငှက်များ၏ အသံသာယာဆုံးနှင့် အမွှေး အတောင်များ အလှအပဆုံးအချိန် ဖြစ်ပေသည်။ သို့သော် ငှက်တိုင်း ဘာသာသဘာဝ သီဆို အော် မြည်ကြသည် မဟုတ်ချေ။ ငှက်ကြီးဝံပိုနှင့် ငှက်ကျားတို့မှာ အရွယ်ကြီး ရင့်လာသောအခါ အသံမမြည်နိုင်ကြရှာချေ။ ငှက်ဖိုများ လူပျိုလှည့်သည့်အခါ ဆန်းပြားထွေထူးသော ကိုယ်ဟန် အမူအရာ ပြုလုပ်ကြပုံမှာ ငှက်တို့၏ အသံကို လေ့လာရသည်ထက်ပင် စိတ်ပါဝင်စားဖွယ် ကောင်းပေသည်။ ဥဒေါင်း၊ ကြက်ဆင်နှင့် လူတို့ မွေးမြူထားသည့် အိမ်ကြက် များသည် အမများရှေ့တွင် ဟန်ရေး အမျိုးမျိုး ပြကြပုံကို လူတိုင်းတွေ့ဘူးမြင်ဘူးကြပေမည်။


ငှက်ကလေးများသည်လည်း ငှက်မတို့ရှေ့တွင် ဟန်ရေးပြ လေ့ ရှိကြသည်။ စလုတ်ပွခိုကဲ့သို့ ငှက်မျိုးတို့တွင် ကိုယ်တွင်း ၌ ဆန်းကြယ်သည့် လေအိတ်များကို အမကို မြှူသည့်အခါ ထိုလေအိတ်ကို ဖောင်းပွလာစေခြင်းဖြင့် အချိုးမကျသော ကိုယ် ဟန်အမူအရာကို ဆောင်တတ်ကြသည်။ မိုးစွေငှက် ခေါ် ပျံလွှားငှက် တို့သည် ငှက်မတို့ကို လေထဲတွင် ကျင်လည်စွာ အမျိုးမျိုး ပျံ၍ ပြကြသည်။ ထိုငှက်များသည် အထက်သို့ လူတို့ မျက်ခြည် ပြတ်လု ခမန်းအထိ ပျံတက်၍ အပေါ်တွင် ရစ်ဝဲကာ အသံ ကျူးရင့်ပြီးနောက် ရုတ်တရက် အတောင်နှစ်ဖက်တို့ကို ရုပ် သိမ်းပြီးလျှင် မိုးပေါ်မှ ကျောက်တုံးကျောက်ခဲများကို ပစ်ချ လိုက်သကဲ့သို့ မြေပေါ်သို့ ထိုးဆင်းလာသည်။ ထိုနောက် ငှက်သည် မြေပြင်နှင့် ရိုက်မိတော့မည်ကဲ့သို့ရှိစဉ် အတောင် နှစ်ဖက်တို့ကို တစ်ဖန် ဖြန့်ကား၍ လိုရာအရပ်တွင် အသာ အယာသက်ဆင်း နားနေလိုက်လေသည်။ ပင်လယ်ဇင်ယော် မျာနှင့် ကြိုးကြာငှက်များမှာမူ ခြေစုံထောက်၍ ခုန်သည်က တစ်ဖုံ၊ ခြေတစ်ချောင်း တည်ထောက်၍ ခုတ်သည်ကတစ်နည်း၊ လည်တံကို ကိုင်းညွတ်သည်က တစ်သွယ်အားဖြင့် ဟန်ရေးပြ တတ်ကြသည်။


ဩစတြေးလျတိုက်နှင့် နယူးဂင်းနီကျွန်းတို့တွင် တွေ့ရှိ ရသော ဗိုးဝါးငှက်မျိုးမှာကား မြေပြင်ပေါ်တွင် သစ်ခက်များ ဖြင့် အဆောက်အအုံကလေးများ ပြုလုပ်ကြ၍ ယင်းတို့ကို နီရဲရဲသစ်သီးများ၊ အကြေးခွံများနှင့် ပန်းပွင့်များဖြင့် မွမ်းမံ ခြယ်လှယ်ထားလေ့ရှိကြသည်။ ဗိုးဝါးခေါ် ငှက်မျိုးပေါင်းများစွာ ရှိသည့်အနက် တစ်မျိုးမှာ သစ်ကိုင်းသစ်ခက်တို့ဖြင့် အမြင့် ရှစ်ပေအထိရှိသော အဆောက်အအုံများကို ဆောက်လုပ်၍ အတွင်း၌ အခန်းငယ်များ ကန့်ထားပြီးလျှင် ငှက်ဖိုသည် ထို အခန်းများတွင် ဝင်ချည်ထွက်ချည်နှင့် နေတတ်ကြသည်။ အချို့ ဗိုးဝါးငှက်တို့ကလည်း အဆောက်အအုံကို အရောင်တောက် ပြောင်နေသော ငှက်မွှေး၊ ငှက်တောင်များ၊ လိပ်ပြာကောင်များ နှင့် ပိုးမွှားများဖြင့် မွမ်းမံထားတတ်ကြသည်။ ထိုအဆောက် အအုံများကို တန်ဆာဆင်ထားသည့် သစ်သီး၊ ပန်းပွင့်ကဲ့သို့ သော အရာများ ညှိုးနွမ်းရိရော်လာသည့်အခါ အသစ်ထပ်မံ ရှာဖွေ၍ လဲလှယ်ထားလေ့ရှိသည်။ ဤသစ်ခက်အဆောက်အအုံ ထဲမှ ဗိုးဝါးငှက်ဖိုတို့သည် ငှက်မများအား ဟန်ရေး အမျိုးမျိုး ပြတတ်ကြသည်။

ငှက်၏ တေးသံ[ပြင်​ဆင်​ရန်​]

ငှက်တို့တွင် အသံထွက်အင်္ဂါ အစိတ်အပိုင်း တည်ရာသည် လူတို့တွင် ထိုကဲ့သို့သော အစိတ်အပိုင်းတည်ရာနှင့် ကွာခြား သည်။ လူတို့တွင် လေပြွန်အထက်ဖျား၌ သံစုံထွက်နိုင်သည့် အကြောစုများ တည်ရှိသော်လည်း ငှက်များ၌မူ အသံထွက် အမြှေးများမှာ လေပြွန်၏ အောက်စွန်းတွင် တည်ရှိသည်။ ထိုအမြှေးစု အသွင်အပြင်နှင့် အမြှေးစုကို ချုပ်တည်းထားသော အကြောများမှာ ငှက်တစ်မျိုးနှင့် တစ်မျိုးတွင် ကွဲပြားနေသည် ဖြစ်၍ အသံတစ်မျိုးစီ ထွက်ကြသည်။ ငှက်တို့သည် တေးသီဆိုသည့်အပြင် အခြားအသံများကို လည်း အော်မြည်တတ်ကြသည်။ သစ်တောက်ငှက်များသည် မာသော နှုတ်သီးဖြင့် သစ်ခေါက်ကို ထိုးခေါက်နေသည့်အခါ ပလုပ်တုတ်အသံမျိုးကို ကြားရ၏။ဂရောက်ရစ်ငှက်တို့ကလည်း လေကို အတောင်ပံများဖြင့် ပြင်းပြင်းရိုက်ခတ်၍ စည်တီးသံမျိုး ကို ထွက်ပေါ်လာစေသည်။ စနိုက်ငှက်မျိုးသည် လေထဲသို့ မြင့်စွာ ပျံတက်၍ အောက်သို့ ထိုးစိုက်လိုက်သည့်အခါ အမြီး ၏ အပြင်ဖက် အတောင်နှစ်ခုမှာ အရှိန်ကြောင့် လှုပ်ခါသွား သဖြင့် အသံဖြစ်ပေါ်သည်။

ငှက်၏ အသိုက်[ပြင်​ဆင်​ရန်​]

ငှက်တို့သည် တွားသွားသတ္တဝါအဖြစ်သို့ ပြောင်းလဲလာခါ စတွင် လိပ်နှင့် ဖွတ်တို့ကဲ့သို့ ဥကို မြေပြင်၌အု၍ သဲဖုံး၍ ဖြစ်စေ၊ သစ်ခေါင်းတွင်ထည့်၍ဖြစ်စေ ထားကြသည်ဟု အဆို ရှိသည်။ သို့သော် သွေးအေးသတ္တဝါမှ သွေးနွေးသတ္တဝါ အဖြစ် သို့ ပြောင်းလဲသောအခါ၌မူကား၊ သားကောင် ပေါက်ပွားစေရန် ဥကို အပူရှိန် တစ်သမတ်တည်းပေးဖို့ လိုလာသည်။ ထို ကြောင့် ဥကို ဝပ်ပေးရန် အသိုက်လိုလာလေသည်။ ဦးစွာ၌ ငှက်တို့သည် အဆင်သင့်ရာမြေပေါ်၌ ဥအုကြသည်။ ဝပ်ကြ သည်။ နောင်အခါ၌ ဥများမြေကြီးပေါ်တွင် လိမ့်မသွားစေရန် မြေကိုယက်ဖော်၍၎င်း၊ မြေချိုင်တွင်း၌ သစ်ခက်သစ်ရွက်ဖို့၍ ၎င်း အသိုက်လုပ်ပြီးမှ ဥအုတတ်ကြသည်။ တစ်ဖန်မြေကြီးသည် အပူအအေး အစိုအခြောက်ဟူ၍ ခဏခဏ ပြောင်းလဲတတ် သောကြောင့်တစ်ကြောင်း၊ ကုန်းသတ္တဝါများက အန္တရာယ်ပေး တတ်ကြသောကြောင့်တစ်ကြောင်း မြေပြင်မှ မြင့်ရာအရပ်တို့ တွင် ငှက်တို့အသိုက်ဖွဲ့လာကြပြန်သည်။ ဤသဘောအတိုင်း ငှက်သိုက်တို့၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာကြပုံကို ယနေ့ မြင်တွေ့ကြရသော အသိုက်များကို လေ့လာခြင်းဖြင့် သိအပ်သည်။ ဗျိုင်းနှင့် ခိုတို့သည် အသိုက်ကို တုတ်တံငယ်ဖြင့် ပြီးစ လွယ်လုပ်ကြသည်။ ကျီးနှင့် သိမ်းငှက်တို့သည် အသိုက် ထဲ၌ ဥကျင်းနက်နက်ကို အတွင်းသားနုနုတထပ်ခံ၍ တည်ကြ သည်။ အသိုက်လုပ်ပုံ အဆင့်အတန်း မြင့်သောငှက်မှာ စာဗူး တောင်းများဖြစ်သည်။ စာဗူးတောင်းသိုက်များမှ ဗူးတောင်းကို စောက်ထိုးထားဘိသကဲ့သို့ ရှိသည်။ မြက်ခြောက်၊ လျှော် စသည်တို့ဖြင့် သိုက်မြိုက်စွာ အသိုက်လုပ်တတ်သည်။ အသိုက်လုပ်ရာ၌ ငှက်ဖိုသည် အသိုက်လုပ်ရန်သင့်သော အရပ်ကို ရွေးသည်။ ငှက်မသည် အသိုက်လုပ်ရန်နေရာ အတိ အကျကို ရွေးသည်။ ထိုနောက် ငှက်ဖိုနှင့် ငှက်မတို့သည် အသိုက် လုပ်ရန် မြက်၊ သစ်ရွက်၊ သစ်ကိုင်း အမွှေးအတောင်၊ ကျူပင်၊ ကျူရိုး စသည်တို့ကို ရပ်ဝေးရပ်နီးမှ လိုက်လံ၍ စုဆောင်းသည်။ ငှက်မအသိုက်ဖွဲ့သည့်အခါ ငှက်ဖိုသည်ရန်သူ မလာစေရန် ကာကွယ်ပေးရသည်။

ငှက်ဥများ[ပြင်​ဆင်​ရန်​]

ငှက်တို့၏ ဥများသည် အဖြူရောင်မှ အမည်းရောင်အထိ အမျိုးမျိုးရှိကြသည်။ များစွာသော ငှက်ဥတို့မှာ မြေကြီးရောင် ရှိ၍ အရောင်ရင့်ရင့်အစက်နှင့် အစင်းများရှိကြသည်။ ဤကဲ့သို့ ဥများတွင် အရောင်ရှိနေရခြင်းနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိလေသည်။ ဥများတွင် အရောင်ရှိခြင်းကြောင့် ဥများကို ထင်ရှားစွာ မမြင်နိုင်စေရန် ဖြစ်ကောင်းဖြစ်ပေမည်။ ပုံစံပြရလျှင် သစ်တောက်ငှက်နှင့် ပိန်ညင်းငှက်တို့သည် မှောင် မည်းနေသည့် သစ်ခေါင်းများအတွင်း၌ အစဉ် ဥအုလေ့ရှိသဖြင့် ဥများကို အရောင်ဖြင့် ဖျောက်ထားရန် မလိုသောကြောင့် ထိုငှက်တို့၏ ဥများမှာ ဆွတ်ဆွတ်ဖြူနေသည်။ ငှက်တလိုင်းနှင့် မြစ်တွေးခေါ် ဇင်ရော်ငှက်ငယ်မျိုးတို့သည် အသိုက်အအုံမရှိဘဲ မြေပြင်ပေါ်၌ လွတ်လပ်စွာ ဥအုချထားတတ်ကြသဖြင့် ထိုငှက် တို့၏ ဥများသည် မြေကြီးရောင် သို့မဟုတ် ကျောက်စရစ်ခဲ ရောင်နှင့် ထပ်တူထပ်မျှ ဖြစ်နေရာ ရုတ်တရက် တွေ့နိုင်ရန် ခဲယဉ်းလှသည်။ အသိုက်များအတွင်း၌ အုထားသောငှက်ဥတို့မှာ များသောအားဖြင့် အဖြူရောင်နှင့်ဖြစ်စေ၊ မြေကြီးရောင် ဖျော့ ဖျော့နှင့်ဖြစ်စေ ထင်ရှားပေါ်လွင်သော အဆင်းအရောင်များ ဖြင့်သာ တွေ့ရတတ်သည်။


ငှက်တို့သည် တစ်နေ့လျှင် ဥတစ်လုံးကျ ဥအုစမြဲဖြစ်သည်။ ဤသို့လျှင် ငှက်မျိုးအလိုက် ဥရသော အရေအတွက်ပြည့်သည် အထိ အုလေ့ရှိသည်။ သို့ရာတွင် ဥများနှင့် ထိုဥများမှ ပေါက် ပွားလာသည့် ငှက်ကလေးတို့အား ရန်ရှာဖျက်ဆီးမည့် ဘေး အန္တရာယ်အနည်းအများကိုလိုက်၍ အရေအတွက်မှာ တစ်သမတ် တည်း မရှိတတ်ချေ။ အလွန်မြင့်မားသော ကျောက်တောင် စောက်များတွင် ဥအုလေ့ရှိကြသည့် ပင်လယ်ငှက်များစွာတို့သည် တစ်မြုံတွင် တစ်လုံးချင်းသာ အုလေ့ရှိကြ၍ လူတို့ လိုက်လံ ပစ်ခတ်လေ့ရှိသော ရေကြက်ကဲ့သို့ ငှက်မျိုးတို့တွင် ဖျက်ဆီး မည့် ရန်သူပေါများသဖြင့် တစ်မြုံလျှင် ဥပေါင်း ၁ဝ လုံးမှ အလုံး ၂ဝ အထိ ဥအုတတ်ကြသည်။ ငှက်များစွာတို့တွင် တစ်မြုံလျှင် ဥ ၃ လုံးမှ ၅ လုံးအထိ ဥအုတတ်ကြသည်။ ငှက်တို့၏ ဥအရွယ်အစားမှာ ပဲစေ့ထက်ယောင်ယောင်မျှ ကြီးသော ပိတုန်းငှက်ဥအရွယ်မှသည် အချင်းအားဖြင့် ၅ လက်မနှင့် ၆ လက်မကြားရှိ ငှက်ကုလားအုပ်ဥအရွယ်ထိ ရှိ လေသည်။ အလွန်အရွယ်အိုနေသော အိမ်ကြက်မများသည်၎င်း၊ ဥအုချိန် ကုန်ဆုံးခါနီးတွင် အုသောငှက်တို့သည်၎င်း အလွန် သေးငယ်သော ဥများကို အုတတ်ကြပေမည်။ ရံဖန်ရံခါ ဥခွံ တစ်ခုထဲတွင် ဥ ၂ လုံးစာ ၃ လုံးစာ၊ အနှစ်များ စုဝေး တည်ရှိနေသည်ကို တွေ့ရသည်။ ထိုဥများကို အမြွှာပူးဥများဟု ခေါ်ကြသည်။ ယေဘုယျအားဖြင့် ငှက်ကောင်ကြီးလျှင် ဥများ လည်း ကြီး၍ ငှက်ကောင်ငယ်လျှင် ဥလည်း ငယ်လေသည်။ သို့သော် ပေါက်ခါစတွင် မျက်စိမပွင့်၍ မလှုပ်ရှားနိုင်သော ငှက်မျိုး၏ ဥများသည် ပေါက်ခါစတွင် လှုပ်ရှားသွားလာ နိုင်သော ငှက်မျိုး၏ ဥထက် ငယ်တတ်၏။ အများအားဖြင့် ငှက်တို့သည် နောက်ဆုံးဥကို အုပြီးနောက် အသိုက်ထဲတွင် ဝပ်ရတော့သည်။ ဇီးကွက်ကဲ့သို့ အချို့ ငှက် တို့မှာ ပထမဆုံးဥကို အုပြီးသည်နှင့်စ၍ ဝပ်ကြသဖြင့် ဥများမှ အကောင်ငယ်တို့၊ ရက်ခြားပေါက်လာကြသည်။ ငှက်တို့တွင် အကောင်ငယ်များ ပေါက်လာသည်အထိ ဝပ်ရသည့် အချိန်မှာ ဥအရွယ် အကြီးအသေးကိုလိုက်၍ ရက်ကြာသည်။ သို့သော် အရွယ်ပင်ငယ်သော်လည်း အရွယ်ကြီးသော အချို့ငှက်ဥများ ထက် အချိန်ကြာကြာဝပ်ပေးမှ အကောင်ငယ်များ ပေါက်လာ သည်လည်း ရှိသေးသည်။ လည်ဖြူရစ်ငှက်ဥများသည် ၁၂ ရက်၊ သပိတ်လွယ်ဥများသည် ၁၄ ရက်၊ ပိတုန်းငှက် ဥများ သည် ၁၅ ရက်၊ ကြက်ဥများသည် ၂၁ ရက်၊ ဝမ်းဘဲဥများ သည် ၂၇ ရက်၊ ငန်းဥများသည် ၃၅ ရက် စသည်ဖြင့် အကောင်ပေါက်ရန် ကြာမြင့်လေသည်။ ငှက်ကလေးများ ပေါက်ဖွားလာရန်အတွက် ဥများကို ငှက်ကြီး၏ ကိုယ်ငွေ့ဖြင့် အပူရှိန် တစ်သမတ်တည်း ရှိစေရမည့်အပြင် ဥများကို မှန်မှန် လှန်လှောပေးရသည်။ ထိုပြင် အတွင်း၌ရှိသော သန္ဓေသား အသက်ရှူနိုင်ရန် ဥခွံကို စိုထိုင်းထိုင်းဖြစ်အောင် မကြာခဏ ပြုလုပ်ပေးရသည်။ သို့မှသာ ဥခွံတွင်ရှိသော အပေါက်ငယ်များ ပွင့်နေမည်ဖြစ်၍ ပြင်ပမှလေနှင့် အစိုဓာတ်သည် အတွင်း အမြှေးထပ်သို့ ရောက်ရှိနိုင်ပေမည်။ ငှက်တို့တွင် ငှက်မများ သာ ဥများကို ဝပ်လေ့ရှိသည်။ သို့သော် အချို့ငှက်များတွင် များသေားအားဖြင့် အမများကဲ့သို့ အရောင်အဆင်းမွဲသော ငှက်ဖိုတို့သည် ငှက်မများနှင့် တွဲဖက်၍ ဥဝပ်သည့်တာဝန်ကို ယူကြသည်။ ငှက်မတို့ထက် ငှက်ဖိုများက အချိန်များစွာပို၍ ဝပ်ပေးရသော ငှက်မျိုးလည်း အနည်းငယ်မျှ ရှိသေးသည်။


ငှက်ပေါက်စ[ပြင်​ဆင်​ရန်​]

ဥမှပေါက်သောငှက်တို့တွင် အချို့သည် အသိုက်တွင်း၌ မိဖတို့၏ ကျွေးမွေးသုတ်သင်ခြင်းကိုခံ၍ အတန်ကြာမျှ ကြီး ကောင်ဝင်အောင် အားမွေးကြရသည်။ အချို့မှာမူ ဥမှ ပေါက် သည်နှင့် တစ်ပြိုင်နက် ဟိုဟိုသည်သည် ပြေးလွှားသွားနိုင်ကြ သည်။ ပထမငှက်မျိုး၌ အကောင်ပေါက်စတွင် မျက်စိမပွင့် သေးချေ။ ကိုယ်ပေါ်၌ အမွှေးနုပါးပါးသာရှိသည်။ ထိုငှက်မျိုး မွေးဖွားရာ အသိုက်မှာ ခိုင်ခံ့လုံခြုံအောင်ဖွဲ့ထားရသော အသိုက် များဖြစ်သည်။ မြေပြင်၌ အသိုက်လုပ်တတ်သော မိုးစွေငှက်၏ သားငယ်တို့သည် အမိက ရက်သတ္တတစ်ပါတ်မျှ ထိန်းသိမ်း ကျွေးမွေးခြင်းကိုခံရသည်။ လင်းတနှင့် ဇင်ရော်ငှက်ပေါက်စ များကိုမူ အမိကတစ်နှစ်ခန့်အထိ စောင့်ရှောက်မွေးမြူရသည်။ ဒုတိယငှက်အမျိုးအစားတွင် သာဓကမှာ ငှက်၊ ဘဲ၊ ငန်း စသော သတ္တဝါများဖြစ်သည်။

အစာခွံ့ပုံ[ပြင်​ဆင်​ရန်​]

အသိုက်ထဲတွင် ရက်ကြာကြာ ကျွေးမွေးသုတ်သင်ခြင်းကို ခံယူသော ငှက်ပေါက်စကလေးများကို ငှက်ဖို၊ ငှက်မနှစ်ဦး စ လုံးက မိမိတို့၏ စလုတ်ထဲတွင် တစ်ဝက်တစ်ပျက် ချေဖျက် ထားသော အစာကို ခွံ့ပေးရသည်။ သို့သော် များသောအားဖြင့် ငှက်တို့သည် သားသမီးများကို အစိမ်းတိုင်း အစာကျွေးလေ့ ရှိသည်။ အစာကို နှုတ်သီးဖြင့်ဖြစ်စေ၊ ခြေသည်းဖြင့်ဖြစ်စေ သယ်ယူလာတတ်ကြသည်။ ငှက်တို့ အစာခွံ့ပုံမှာ ငှက်ပေါက်စတို့က ဖွင့်ပေးသော ပါးစပ်ပေါက်ထဲသို့ ငှက်ကြီးတို့က နှုတ်သီးဖြင့် ထိုး၍ ခွံ့ပေးလေ့ ရှိသည်။ လည်ချောင်းထဲသို့ အစာဆင်းနိုင်ရန် အာခေါင်တွင်းသို့ ရောက်အောင် အစာကို ထည့်ပေးသည်။ သို့သော် ခိုပေါက်စကလေးများမှာမူ မိဖတို့ကဖွင့်ပေးသော ပါးစပ်ပေါက်ထဲမှ အစာကို နှိုက်၍ စားတတ်ကြသည်။ ခို၏ စလုတ်ထဲ၌ နို့ရည်ကဲ့သို့ အစာရည်ကို စုတ်ယူစားသောက်ကြ သည်။ တင်ကူးငှက်တို့၏ စလုတ်တွင်း၌ တစ်ဝက်တစ်ပျက် ချေဖျက်ထားသော ငါးအပိုင်းအစတို့ ရှိကြသည်။ ထိုအစာကို တင်ကျီးပေါက်စသည် ခိုပေါက်စကဲ့သို့ နှိုက်၍ စားသောက် တတ်ကြသည်။ ပထမ၌ ငှက်ငယ်များသည် ပိုးကောင်မွှားကောင်တို့ကို စားသည်။ အနည်းငယ်ကြီးလာသော် သစ်သီး၊ ကောက်ပင်၊ ကောက်ဆန် စသည်တို့ကို စားသောက်နိုင်ကြသည်။ ငှက်ငယ် တို့သည် အစာကို ပါးစပ်ထဲသို့ ထည့်ပေးရုံနှင့် မျိုမချနိုင်၊ မိဖတို့က အာခေါင်အာရင်းသို့ရောက်အောင် အစာကို သွင်း ပေးနိုင်မှသာ လည်ချောင်းမှ ကြွက်သားများ လှုပ်ရှားမှုဖြင့် အစာသည် ဝမ်းတွင်းသို့ လျှောဆင်းနိုင်သည်။ ငှက်တို့ကို ဝမ်းနှင့်တန်ရုံချင့်၍ အစာကျွေးရသည်။ အစာပိုကျွေး၍ မဖြစ် နိုင်အောင် လည်ချောင်းကြွက်သားကို နာဗ်ကြောတို့က ထိန်း ထားသည်။ အစာပို၍ ကျွေးမိလျှင် ကြွက်သားများ မလှုပ်ရှား နိုင်တော့ချေ။ ငှက်ငယ်များ ကြီးထွားလာစေရန် တစ်နေ့ တစ်နေ့လျှင် ငှက်ငယ်၏ ကိုယ်အလေးချိန် တစ်ဝက်မှသည် ကိုယ်အလေးချိန် ဆတူအထိ အစာကျွေးရသည်။


ငှက်အမွေးအတောင်[ပြင်​ဆင်​ရန်​]

ငှက်ပေါက်စတို့၌ ကျောပြင်နှင့် ဦးခေါင်းထိပ်တွင် မွှေးနု များ ပါလာတတ်ကြသည်။ သို့သော် ပိန်ညင်းငှက်နှင့် ပျံလွှား ပေါက်စတို့မှာ ဦးပြည်းများသာ ဖြစ်သည်။ ငှက်တို့သည် ၇ ရက်မှ ၁ဝ ရက်အတွင်း အမွှေးအတောင် စုံတတ်သည်။ ၁ဝ ရက်မှ ၁၄ ရက်အတွင်း ပျံသန်းတတ်လာသည်။ လင်းတနှင့် ပင်လယ်ဇင်ရော်ငှက်တို့ကား တစ်နှစ်သားရှိမှ ပျံနိုင်ကြ၏။ ငှက်မွှေးများကို သုံးစားခွဲခြားပေးနိုင်သည်။ ပထမမှာ သား ရေပေါ်တွင် ကပ်၍ပေါက်သော မွှေးနုများဖြစ်သည်။ ထိုမွှေးနု များမှာ အချမ်းလုံစေသော မွှေးနုများဖြစ်တည်း။ ထိုမွှေးနု အပေါ်ထပ်တွင် မိုးရေခံငှက်မွှေးများ ဒုတိယအထပ်အနေနှင့် ပေါက်နေသည်။ တောင်ပံနှင့် အမြီးတို့တွင်ကား တတိယ အမျိုးအစားဖြစ်သော ငှက်တောင်များဖြစ်သည်။ ထိုငှက်တောင် တို့သည် ပျံသန်းရာတွင် အသုံးဝင်သည်။


ငှက်မွှေးလဲခြင်း[ပြင်​ဆင်​ရန်​]

ငှက်တို့သည် တနှစ်လျှင် နှစ်ကြိမ် အမွှေးအတောင်လဲကြ သည်။ နွေဦးပေါက်၌တစ်ကြိမ်၊ ဆောင်းဦးပေါက်၌တစ်ကြိမ် အမွှေးလဲတတ်သည်။ ဤသို့ အမွှေးလဲသည်မှာ အစီအစဉ် ရှိသည်။ ဦးစွာ၌ အတွင်းကျသောအမွှေးကို ပထမလဲသည်။ ထို အမွှေးတစ်ဝက်ခန့်ရှည်သောအခါ ပြင်ဖက်ကျသော အမွှေး ကျွတ်လေသည်။ အမွှေးကျွတ်၍ တစ်ဝက်ခန့်ပြန်ရှည်လာလျှင် ထိုထက်ပြင်ဖက်ကျသော အမွှေးသည် ကျွတ်ပြန်သည်။ ဤအစီ အစဉ်အတိုင်း အမွှေးလဲသည့် တောဘဲ စသည့်ငှက်တို့သည် တစ်ခါတစ်ရံမျှသာ တောင်ပံကိုအသုံးပြု၍ ပျံသန်းကြသည်။ ထိုငှက်မျိုး၌ အမွှေးလဲသည့်အခါ တစ်ကြိမ်တည်းနှင့် အပြီးလဲ တတ်ကြသည်။ နွေဥတု အမွှေးလဲချိန်၌ ငှက်တို့သည် တွေ့နေ မြင်နေကျ နေရာတွင် မတွေ့မမြင်ရတော့ချေ။ တစ်နေရာရာတွင် ပုန်းအောင်းနေလေ့ရှိသည်။

ငှက်၏ အသွေးအရောင်[ပြင်​ဆင်​ရန်​]

အချို့ငှက်တို့သည် အမွှေးအတောင် မလဲကြဘဲ အရောင် အသွေး ပြောင်းတတ်ကြသည်။ ဆောင်းဥတု၌ ဘလက်ဗတ်ခေါ် ငှက်မည်းတို့၏ အမွှေးအတောင်မှာ သံချေးရောင် ဖြစ်သည်။ နွေးဦးပေါက်သို့ ရောက်သော် တဖြည်းဖြည်း ညိုမှောင်လာ၍ ဥဥချိန်တွင် ပိတုန်းရောင်ကဲ့သို့ နက်ပြောင်ပြောင် ဖြစ်လာ သည်။

ငှက်မွှေးတွင် အရောင်ဆဲလ်များ၏ အခြေခံအရောင်မှာ အမည်း၊ အညို၊ အနီနှင့်အဝါသာ ဖြစ်သည်။ သို့သော် အာဖရိကတိုက်၌ တွေ့ရသော ငှက်တို့တွင် အစိမ်းရောင်ရှိသည်။ သို့သော် အစိမ်းရောင်၊ အပြာရောင် စသည်တို့မှာ အရောင်ဆဲလ် ကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်၊ အမွှေးအတောင်တို့ကို အလင်း ရောင် လာဟပ်ရာမှ ထွက်ပေါ်လာသည့် အရောင်များသာ ဖြစ် သည်။ တစ်ခါတစ်ရံ အရောင်ဆဲမဲ့သော ငှက်မျိုးကိုလည်း တွေ့ရတတ်သည်။ ထိုငှက်တို့သည် အဖြူ သို့မဟုတ် အပြောက် ပြောက် ရှိတတ်သည်။ အချို့ငှက်မျိုးတွင် အနီရောင် လွန်ကဲ၍ နေတတ်သည်။

ငှက်မျိုးတစ်မျိုးထဲတွင် အဖိုအမ အသွေးအရောင် ကွဲပြား ခြားနားခြင်းရှိလျှင် ငှက်ဖို၏ အရောင်အဆင်းသည် ငှက်မထက် ပို၍ တောက်ပြောင်တတ်သည်။ တစ်ငှက်နှင့် ဖင့်စာတို့၌ ထင်ရှားသော အသွေးအရောင်များရှိသည်။ ထိုကြောင့် လွယ် လင့်တကူ မြင်ရသည်။ သို့သော် ပတ်ဝန်းကျင်အရောင်နှင့် ရောနေတတ်သော စာကလေးများနှင့် ပင်လယ်ကမ်းရိုးတန်းရှိ ငှက်မျိုးတို့ကိုမူ ရုတ်တရက် သဲကွဲစွာ မြင်ရမည်မဟုတ်ချေ။ အသွေးအရောင် ထင်ထင်ရှားရှားရှိသော ငှက်မျိုးတို့သည် သာမန်အားဖြင့်ဆိုလျှင် ထိတ်လန့်လွယ်သည့်ငှက်များဖြစ်၍ အနီးအပါးသို့ ချဉ်းကပ်၍မရတတ်ချေ။ သို့ရာတွင် အရောင် ဖျောက်ဖျက်ထားနိုင်သော ငှက်များ၏အနီးအပါးသို့မူကား ချဉ်းကပ်မည်ဆိုက ချဉ်းကပ်နိုင်လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)