ချန်နိုင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ချန်နိုင်းမြို့[ပြင်​ဆင်​ရန်​]

ချန်နိုင်းမြို့ရှိ ပြယ်နယ်တရားရုံး အဆောက်အဦး

မဒရပ်မြို့ဟု ယခင်က ခေါ်တွင်ခဲ့သည့် ချန်နိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏ တောင်ဖက်စွန်းဖြစ်သည့် တမီလ်နာဒူးပြည်နယ်(ယခင်မဒရပ်ပြည်နယ်) ၏ မြို့တော်ဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိလျက် အရှေ့ဘက်ကမ်း ခြေတစ်လျှောက်တွင် အဓိက သင်္ဘောဆိပ်မြို့ဖြစ်၏။ ကမ်းခြေသည် သဲထူ၍ ဘင်္ဂလားအော်မှ လှိုင်းလုံးများ ပြင်းထန်စွာ ပုတ်ခတ်ခြင်းကို ခံရ၏။ သို့ရာတွင် လှိုင်းကာဖြင့် ပြုပြင်စီမံ ထားသောကြောင့် ယခုအခါ ခေတ်မီသော သင်္ဘောဆိပ်ကြီး တစ်ခုဖြစ်၏။ ချန်နိုင်းမြို့သည် မြေပြန့်ပေါ်တွင် တည်ရှိကာ ကမ်းရိုးတစ်လျှောက် ၉ မိုင်၊ အတွင်းဘက်သို့၄ မိုင်ခန့် ကျယ်ပြန့်၍ ၂၇ စတုရန်းမိုင်ခန့်ကျယ်ဝန်း၏။ ကာလကတ္တားမြို့အနောက်တောင်ဘက်တွင် တည်ရှိလျက် ၈၃၅ မိုင် ကွာဝေးသည်။ ကာလကတ္တားမြို့၊ မွမ်ဘိုင်းမြို့တို့နောက် အိန္ဒိယ နိုင်ငံတွင် တတိယမြောက်အကြီးဆုံး မြို့ကြီးဖြစ်သည်။ ရုတ်တရက် ကြည့်လိုက်သော်ကား ချန်နိုင်းမြို့သည် အခြားမြို့ကြီးများကဲ့သို့ မြို့ခင်းများစွာ မသာယာလှပေ။ သို့သော် ခရစ်ယာန် ဘုရား ရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဘူတာရုံ၊ အစိုးရရုံး အစရှိသော တိုက်တာ အဆောက်အအုံကြီးများအပြင် တက္ကသိုလ် ၂ ခုလည်းရှိ၏။ မြို့တွင်း၌ အစည်ကားဆုံး စီးပွား ကုန်သွယ် မှု ရပ်ကွက်မှာ ဂျော့တောင်းဖြစ်သည်။

ချန်နိုင်းမြို့ရှိ နာမည်ကျော် မရီနာကမ်းခြေ

ဂျော့တောင်းကို ရှေးအခါက ဗလက်တောင်းဟုခေါ်၏။ ရှေးဟောင်း ခံတပ်ဖြစ်သော ဖို့ဒ် စိန်ဂျော့မှာ သမိုင်းဝင် အဆောက် အအုံဖြစ်၏။ ကာကွယ်ရေးနှင့် ပင်လယ်ရေကြောင်း သွားလာရေး အလို့ငှာ ၁၆၃၉ ခုနှစ်က တည်ဆောက်ခဲ့၏။ ချန်နိုင်းမြို့သည် ရေ၊ လေ၊ ကုန်းကြောင်း သုံးကြောင်းလုံးတွင် လမ်းပန်းအဆက်အသွယ် ရှိပေသည်။ မီးရထားလမ်းများ ဆုံရာလည်း ဖြစ်၏။ သင်္ဘောဆိပ်သည် အထူးတလည် ကောင်းမွန်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဖွံ့ဖြိုး၏။ မဒရပ်မြို့တွင် သားရေနယ်လုပ်ငန်းများ၊ သားရေထည်လုပ်ငန်းများ၊ ချည်ထည်စက်ရုံများ၊ အင်ဂျင်နီယာလုပ်ငန်းများ၊ ဆေးဆိုးလုပ်ငန်းများ ဘိလပ်မြေစက်ရုံများ၊ သံရည်ကျို စက်ရုံများ စသည်တို့ရှိ၏။ ထုတ်ကုန် များမှာ ဝါ၊ ဆန်၊ ကာဖီ၊ သားရေစိမ်း၊ လက်ဘက်ခြောက်၊ ဆိုးဆေး၊ ငရုတ် ကောင်း၊ ဆီထွက်သော အစေ့များအစရှိသည် တို့ဖြစ်၏။ သွင်းကုန်များမှာ ဗြိတိန်နိုင်ငံမှကုန်ပစ္စည်း များဖြစ်၍ အထူးသဖြင့် ချည်ထည်များ၊ အရက်၊ သတ္တုများ၊ စာရေးကိရိယာများ၊ ကျောက်မီးသွေး၊ သစ်၊ ဆီနှင့် စက် ကိရိယာများဖြစ်၏။

ချန်နိုင်းမြို့တွင် နေထိုင်သူအများစုမှာ ဟိန္ဒူအယူဝါဒီ တမီလ်လူမျိုးများ ဖြစ်လျက် ၈၈ ရာခိုင်နှုန်းဖြစ်၏။ မွတ်စလင်များ မှာ ၉ ရာခိုင်နှုန်းမျှရှိ၍၊ ခရစ်ယာန်များမှာ ၃ ရာခိုင်နှုန်းမျှသာလျှင် ရှိ၏။ ခရစ် ၁၉၆ဝ ပြည့်နှစ် ခန့်မှန်းခြေအရ လူဦးရေမှာ ၁၇၂၅၂၁၆ ဖြစ်၏။

ချန်နိုင်းမြို့ကို ခရစ် ၁၆၃၉ ခုနှစ်က အင်္ဂလိပ်လူမျိုးတို့ တည်ထောင်ခဲ့၏။ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီမှ ဖရန်းစစ်ဒေး ဆိုသူသည် ချန်ဒဂါရီ မဟာရာဇာထံမှ မြို့နှင့် ခံတပ် တည် ဆောက်ခွင့် မြေဂရမ် ရရှိသဖြင့် ဖို့စိန်ဂျော့ခေါ် ခံတပ်ကို တည်ဆောက်ခဲ့သည်။ သို့တည်ဆောက်ရခြင်းမှာ ကာကွယ်ရေး နှင့် ရေကြောင်းသွားလာမှု လွယ်ကူ စေရန်ဖြစ်၏။ တဖြည်း ဖြည်းနှင့် ယင်းခံတပ်တဝိုက်တွင် အိမ်ခြေယာခြေများ တည်ထောင်ကြသောကြောင့် စည်ကားတိုးတက်သော မြို့ကြီး ဖြစ်သို့ရောက်ရှိလာ၏။ ယခုအခါတွင် ချန်နိုင်းမြို့တွင် အဝင်အပါဖြစ်သော စိန်တိုမေးကို ထည့်တွက်လျှင် မြို့တည် နှစ်သည် ထိုထက်ပင်စောသေး၏။ စိန်တိုမေးရွာကို ခရစ် ၁၅ဝ၄ ခုနှစ်က တည်ထောင်ခဲ့၏။ ချန်နိုင်းမြို့သည် ကိုရိုမန်ဒယ် ကန်းရိုးတန်းတွင် အင်္ဂလိပ်၏ စခန်းမြို့ကြီး ဖြစ်ခဲ့၏။

ခရစ် ၁၇၄၆ ခုနှစ်တွင် ပြင်သစ်လူမျိုးတို့က သိမ်းယူ၍ ၁၇၄၉ ခုနှစ်ထိ သိမ်းပိုက်ထားခဲ့ပြီးလျှင် အက်လာရှပယ် စာချုပ်အရ ဗြိတိသျှတို့ကို ပြန်လည်ပေးအပ်ခဲ့ရ၏။ ခရစ် ၁၇၅၈ ခုနှစ် တွင် ပြင်သစ်တို့က ထပ်မံဝန်းရံပိတ်ဆို့သော်လည်း ၁၂ လအကြာတွင် နောက်ဆုတ်သွားရလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)