စကော့တလန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စကော့တလန်နိုင်ငံ
Flag of Scotland.svg Lionrampant.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - မရှိ
ပထဝီ
Europe location SCO2.png
မြို့တော် အီဒင်ဘပ်ခ်မြို့
အကြီးဆုံးမြို့ ဂလက်စဂိုမြို့
ဧရိယာ
  • ဧရိယာ - ၇၈,၇၇၂ (အဆင့်: )
  • ရေဖုံးလွှမ်းမှု - ၁.၉%
စံတော်ချိန်ဇုန် UTC ဂရင်းနစ် +၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
  • ဘုရင်မ - အဲလိဇဘက် ၂
  • ပထမဝန်ကြီး - အဲလက်စ် စယ်လ်မွန်
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) ၁၉၄ ဘီလီယံ (အဆင့် - )
GDP(PPP) အမေရိကန်ဒေါ်လာ ၃၉,၆၈၀ (အဆင့် - )
ငွေ စတာလင်ပေါင်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .uk
Calling code +၄၄

စကော့တလန်နိုင်ငံသည် ယူနိုက်တက် ကင်းဒမ်း ၏ တစိတ်တဒေသ ဖြစ်သော နိုင်ငံတစ်ခု ဖြစ်သည်။ ဂရိတ်ဗြိတိန်ကျွန်း၏ မြောက်ဘက် ၃ ပုံ ၁ ပုံကို နေရာယူထားပြီ: တောင်ဘက်တွင် အင်္ဂလန်နိုင်ငံ၊ အရှေ့ဘက်တွင် မြောက်ပင်လယ်၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊ အနောက်တောင်ဘက်တွင် မြောက်ရေလက်ကြားနှင့် အိုင်းရစ်ပင်လယ်တို့ ရှိကြသည်။ ကုန်းမကြီ: အပြင် စကော့တလန်တွင် ကျွန်းငယ်ပေါင်း ၇၉၀ ရှိပြီ: မြောက်ဘက်ကျွန်းစုများနှင့် ဟာဘရိုက်ကျွန်းများ တို့လည်း ပါဝင်သည်။

နိုင်ငံ၏ မြို့တော်နှင့် ဒုတိယ အကြီးဆုံးမြို့ ဖြစ်သော အီဒင်ဘပ်ခ်မြို့သည် ဥရောပ၏ အကြီ:ဆုံးသော ငွေကြေးဌာန တစ်ခု ဖြစ်သည်။ အီဒင်ဘပ်ခ် သည် ၁၈ ရာစု အတွင်းက စကော့ခ် တို့အား စီးပွားရေး၊ ပညာရေးနှင့် စက်မှုလုပ် ငန်း တိုးတက်မှု တို့ ဖြစ်ပေါ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ စကော့တလန်ရှိ အကြီးဆုံး မြို့ဖြစ်သော ဂလက်စဂိုမြို့သည် တစ်ချိန်က ကမ္ဘာပေါ်တွင် အထွန်းကားဆုံး စက်မှု မြို့တော် ဖြစ်ပြီး ယခုတိုင်အောင် မဟာဂလက်စဂို မြို့ပြ ဒေသတွင် တည်ရှိနေသေးသည်။ စကော့တလန်၏ ရေပိုင်နက်မှာ မြောက်အတ္တလန္တိတ်နှင့် မြောက်ပင်လယ်၏ အစိတ်အပိုင်းများ ပါဝင်ပြီ: ဥရောပ သမဂ္ဂရှိ ရေနံ အများဆုံး ထွက်ရှိရာ နေရာ ဖြစ်သည်။ ထိုအကြောင်းကြောင့် တတိယ အကြီးဆုံး မြို့ဖြစ်သော အဘာဒင်းန် မြို့အား ဥရောပ၏ ရေနံမြို့တော်အဖြစ် အမည်တွင်စေခဲ့လေသည်။

စကော့တလန် ကင်းဒမ်းသည် ၁၇၀၇ ခုနှစ်အထိ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုအဖြစ်တည်ရှိခဲ့သည်။ သို့သော်လည်း ၁၆၀၃ ခုနှစ် စကော့တလန်ရှိ ဂျိမ်း ၄ ဘုရင် စိုးစံစဉ် အချိန်ကတည်းက အင်္ဂလန် နှင့် အိုင်ယာလန် ကင်းဒမ်းနှင့်အတူ ပြည်ထောင်စု အဖြစ် တည်ရှိနေခဲ့သည်။ ၁၇၀၇ ခုနှစ် မေလ ၁ ရက်တွင် အင်္ဂလန်နှင့် နိုင်ငံရေး အရ ပေါင်းစဉ်းခဲ့ပြီး ဂရိတ်ဗြိတိန် ယူနိုက်တက် ကင်းဒမ်းကို တည်ထောင်ခဲ့သည်။ ထိုပေါင်းစည်းမှုမှာ ၁၇၀၆ ခုနှစ်တွင် သဘောတူခဲ့သော ပေါင်းစည်းမှု ဥပဒေနှင့် နှစ်နိုင်ငံလုံးရှိ ပါလီမန်များမှ တညီတညွတ်တည်း သဘောတူညီခဲ့သော ပေါင်းစည်းရေး ဥပဒေများကြောင့်ပင် ဖြစ်သည်။ စကော့တလန်တွင်မူ အကြီးအကျယ် ကန့်ကွက်မှုများ ရှိခဲ့သည်။ စကော့တလန်၏ တရားဥပဒေစနစ်မှာမူ အင်္ဂလန်၊ ဝေလနယ်နှင့် မြောက်အိုင်ယာလန်တို့မှ တသီးတခြား ရှိနေခဲ့သည်။

စကော့တလန်ပြည်။ ။ စကော့တလန် ပြည်သည် ဗြိတိသျှကျွန်းစု၏ မြောက်ပိုင်း ဒေသတွင် တည်ရှိသည်။ ရှေးအခါက ကိုယ့်ထီးကိုယ့်နန်းဖြင့် တစ်သီးတစ်ခြား လွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း ၁၇ဝ၇ ခုနှစ်၏နောက်ပိုင်းတွင်မူ ဗြိတိန် နိုင်ငံတွင် အပါအဝင် ဖြစ်ခဲ့သည်။အရှေ့ဘက်တွင် မြောက်ပင်လယ်ဖြင့်၎င်း၊ အနောက် နှင့် မြောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာဖြင့်၎င်း၊ ဝန်းရံ လျက်ရှိသော စကော့တလန်ပြည်မှာ ကမ်းရိုးတန်းတစ်လျှောက် အလွန် အကွေ့အကောက် များ၍ ကျွန်းစုအများ ပါဝင်သည်။ အနောက်ဖက်တွင် ဟက်ဗရိဒီး ကျွန်းစုရှိ၍ မြောက်ဘက်တွင် အော့ကနီနှင့် ရှက်တလန်ကျွန်းစုများ ရှိသည်။ စကော့တလန် ပြည်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃ဝ၄၁ဝ ရှိ၏။

၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅ဝ၉၅၉၆၉ ယောက်ရှိသည်။ စကော့တလန်ပြည်၌ သာယာကြည်နူးဖွယ် ကောင်းသော အင်းအိုင်အများအပြားကို တွေ့နိုင်၍ လော့လို မန်မှာ အကြီးဆုံးအိုင် ဖြစ်သည်။ ဤကဲ့သို့ အင်းအိုင်များ၊ လွင်ပြင်များ၊ တောင်ကုန်းများဖြင့် သာယာလှသော စကော့ တလန်ပြည်မှာ ပထဝီဝင် သဘောအားဖြင့် မြောက်ပိုင်း တောင်ကုန်းဒေသ၊ အလယ်ပိုင်းမြေနိမ့်ဒေသနှင့် တောင်ပိုင်း ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းခွဲခြားလျက် ရှိသည်။

မြောက်ဘက်တောင်ကုန်းဒေသည် ပျမ်းမျှအားဖြင့် ပင်လယ် ပြင်မှ ပေ ၁၅ဝဝ မြင့်၍ တောင်ထူထပ်ပြီးလျှင် သီးနှံ မစိုက် ပျိုးနိုင်ချေ။တောင်ကြားများ၌ နွားမွေးမြူရေးအတွက် စားကျက် များ၊ အမဲလိုက်စခန်းများနှင့် ရေအားလျှပ်စစ်အတွက် ရေစီး သန်သော မြစ်များရှိသည်။ ဤဒေသ၌ ဗြိတိသျှ ကျွန်းစု၏ အမြင့်ဆုံးတောင် ဖြစ်သော ဂရမ်ပီယန် တောင်တန်း ပါဝင်၍ အင်းအိုင်များဖြင့် သာယာသော ရှုမျှော်ခင်းများရှိသည်။ စာရေး ဆရာကြီး ဆာဝေါ်လတာစကော့သည် ယင်း ရှုမျှော်ခင်းများ အကြောင်းကို ကဗျာများ စပ်ဆိုရေးသားခဲ့လေသည်။ အလယ် ပိုင်း မြေနိမ့်ဒေသသည် အသင့်အတင့် စိုက်ပျိုးနိုင်သဖြင့် ဂျုံ၊ မြင်း၊ စားဂျုံ၊ မုယောစပါး နှင့် အခြားသီးနှံများ စိုက်ပျိုး၍ နွားနို့ လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ကျောက်မီးသွေး၊ သံနှင့် ရေနံလုပ်ငန်းများကို ဤဒေသ၌ တွေ့နိုင်၏။ တောင် ဘက်ကုန်းမြင့်ဒေသ၌ မြေဩဇာမကောင်းလှသော်လည်း သီးနှံ အမျိုးမျိုးကို စိုက်ပျိုးကြသည်။ နွား၊ မြင်း၊ သိုးများ မွေးမြူ ရောင်းချခြင်းမှာ အဓိကလုပ်ငန်းဖြစ်သည်။

စကော့တလန်ပြည်သည် ကမ္ဘာ့ မြောက်ပိုင်း၌ ကျရောက် လျက် ရှိသော်လည်း ပင်လယ်ရေက ဝန်းရံလျက်ရှိသည့်ပြင် ပင်လယ်ရေပူချောင်းမှ တိုက်ခိုက်သောလေကြောင့် ရာသီဥတုမှာ မပြင်းထန်လှချေ။ အနောက်ဘက် တောင်တန်းများ၌ တနှစ် လျှင် ပျမ်းမျှမိုးရေချိန် လက်မ ၁ဝဝ မှ ၁၅ဝ အထိ ရရှိ၍ အရှေ့ဘက်တွင်မူ မိုးရေချိန် ၂၅ လက်မမှ လက်မ ၆ဝ အထိ သာ ရရှိသဖြင့် ပို၍ ခြောက်သွေ့လေသည်။

ဂလပ်စဂိုးမြို့မှာ စကော့တလန်ပြည်တွင် အကြီးဆုံးမြို့ဖြစ်၍ စက်မှုလက်မှု လုပ်ငန်းများ ရှိသည်။ ယင်းမြို့ အနီးတွင် ကျောက်မီးသွေး တွင်းများနှင့် သင်္ဘောကျင်းများ ရှိသဖြင့် စကော့တလန်ပြည်၏ လူဦးရေထက်ဝက်ကျော်သည် ထိုမြို့အနီး တစ်ဝိုက်တွင် နေထိုင်ကြသည်။ ဂလပ်စဂိုးမြို့၏ အနောက် တောင်ဖက်တွင် တည်ရှိသော ပေ့ဇလီမြို့သည် အပ်ချည်ကြိုး လုပ်ငန်းကြောင့် ထင်ရှားသည်။ အဗာဒင်းမြို့၌ အဝတ်အထည် ရက်လုပ်ခြင်းနှင့်ငါးဖမ်းခြင်းလုပ်ငန်းများရှိ၍ နှမ်းဖတ် ကျောက် များကိုလည်း တူးဖော် ရောင်းချခြင်း ပြုသည်။ ဒန်ဒီမြို့တွင် သင်္ဘော တည်ဆောက်ခြင်းနှင့် စက်မှုလုပ်ငန်းများ ရှိသည့်ပြင် လင်နင်ထည် အများဆုံးထွက်သည်။ ဝီစကီအရက်နှင့် ဓာတု ဗေဒဆိုင်ရာ ပစ္စည်းများကိုမူ စကော့တလန်ပြည် အရပ်ရပ်၌ လုပ်ကိုင်ကြသည်။ စကော့တလန်ပြည်၏မြို့တော်မှာ အက်ဒင် ဗာရာမြို့ဖြစ်၍ ပညာဗဟုသုတဆိုင်ရာ သုတေသီလုပ်ငန်းများ ဖြင့် ထင်ရှားလေသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

စကော့တလန်ပြည်၏ သမိုင်းကို လေ့လာပါမူ စစ်ပွဲများကို အများအပြား တွေရပေမည်။ အင်္ဂလန်ပြည်ကို တိုက်ခိုက် အောင်မြင်ခဲ့သော နော်မန်လူမျိုးများသည် စကော့တလန်ပြည် ကိုပါ တစ်ပါတည်း သိမ်းပိုက်လိုက်ကြသဖြင့် တိုင်းရင်းဖွားပစ် လူမျိုးများနှင့် အကြိမ်ကြိမ် စစ်တိုက်ခဲ့သော်လည်း မအောင် မြင်ချေ။ ၅ ရာစုနှစ်သို့ ရောက်သောအခါ အိုင်ယာလန်မှ စကော့ လူမျိုးများသည် ယခု စကော့တလန်ပြည်(ထိုစဉ်က ကယ်လီဒိုးနီးယားဟု ခေါ်သည်။) အနောက်ဖက် ဒေသသို့ လာရောက်နေထိုင်ကြ၍ ၉ ရာစုနှစ်တွင် တိုင်းရင်းဖွားပစ်လူမျိုး များနှင့် ပူးပေါင်းကာ စကော့ဘုရင် ကင်းနက်မက်အယ်လပိုင်း လက်အောက်၌ စကော့တလန် ပြည်ကြီးကို တည်ထောင်ကြ သည်။ ၁၃ ရာစုနှစ်သို့ ရောက်သောအခါ အင်္ဂလန်ပြည့်ရှင် ပထမအက်ဒွပ်သည် စကော့တလန်ပြည်ကိုသိမ်း၍ အင်္ဂလန်နှင့် ပူးပေါင်းရန် ကြံစည် အားထုတ်သည်တွင် ဆာဝီလျံဝေါလေ့ ခေါင်းဆောင်သော စကော့တို့က အပြင်းအထန် ခုခံကြသေး သော်လည်း ၁၂၉၈ ခုနှစ်တွင် ဝေါလေ့သည် ဖမ်းဆီးကွပ်မျက် ခြင်းခံရ၍ စကော့တို့က အရေးနှိမ့်သွားခဲ့၏။ သို့သော် စကော့ မျိုးချစ်ကြီး ရောဗတ်ဗရုစက အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်သဖြင့် အင်္ဂလန်ပြည့်ရှင် ဒုတိယအက်ဒွပ်လက်ထက် တွင် စကော့လူမျိုးများသည် လွတ်လပ်ရေး ပြန်၍ရကြသည်။

အင်္ဂလန်ပြည့်ရှင် အယ်လစ်ဇဗက်ဘုရင်မ နတ်ရွာစံလျှင် စကော့ ဘုရင် ဆဋ္ဌမ ဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမဂျိမ်း အဖြစ် ထီးနန်း ဆက်ခံသောကြောင့် စကော့တလန် နှင့်အင်္ဂလန်တို့မှာ ဘုရင်တစ်ဦးတည်း၏ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ သို့သော် အုပ်ချုပ်ရေးမှာမူ တစ်သီးတစ်ခြားစီပင် ဖြစ်သည်။ အင်္ဂလန်၌ ဖြစ်ပွားသော ပြည်တွင်းစစ်တွင် ပထမ ချားဘုရင် ကွပ်မျက်ခြင်း ခံရပြီးနောက် စကော့တို့ ထကြွသည်တွင် အင်္ဂလိပ်တို့က စကော့တလန်ပြည်အား သိမ်းပိုက်လိုက်သည်။ သို့သော် ဒုတိယချားဘုရင် နန်းတက်သောအခါ စကော့တလန် ပြည်သည် လွတ်လပ်သော သီးခြားနိုင်ငံ ဖြစ်ပြန်လေသည်။ ၁၇ဝ၇ ခုနှစ်သို့ ကျရောက်သောအခါ၌မူ ပူးပေါင်းရေးအက် ဥပဒေအရ စကော့တလန်နှင့် အင်္ဂလန်မှာ တစ်ခုတည်းသော အစိုးရ လက်အောက်တွင် တစ်ခုတည်းသော တိုင်းပြည် အဖြစ်သို့ ရောက်ရှိလေသည်။

၁၉ ရာစု နှစ်တွင် စကော့တလန်ပြည်တွင် စက်ရုံကြီးများ၊ ရေအားလျှပ်စစ်ရုံကြီးများ၊ မီးရထားလမ်းများ စသည်တို့ကို အကြီးအကျယ် လုပ်ကိုင်လာခြင်းဖြင့် လူဦးရေထူထပ်၍ စက်မှု လက်မှုထွန်းကားသောပြည် ဖြစ်လာသည်။ စက်မှု လက်မှု ထွန်းကားခြင်းကြောင့် စကော့ လူမျိုးတို့မှာ လက်တွေ့ အလုပ်တွင် စိတ်ဝင်စားသူများ ဖြစ်လာကြသည်။

ဘာသာနှင့်စာပေ[ပြင်​ဆင်​ရန်​]

စကော့လူမျိုးများ၏ဘာသာနှင့်စာပေ စကော့ လူမျိုးများ၏ စာပေလောကတွင် စကော့ဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ရှေးဟောင်းဂေးလစ်ဘာသာဟူ၍ ဘာသာ အမျိုးမျိုး ပါဝင်လျက် ရှိသောကြောင့် စကော့စာပေဟူရာ၌ များစွာအဓိပ္ပါယ်ကျယ်ဝန်း၍ အမျိုးမျိုးယူဆနိုင်သည်။ ဂေးလစ် ဘာသာမှာ စကော့ လူမျိုးထဲ၌ပင် နားလည်သူ အလွန်နည်း သဖြင့် မထင်ရှားလှချေ။ တိုင်းရင်းသား စကော့ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထားသော စာပေသာလျှင် ထင်ရှားသည်။

စကော့လူမျိုးများမှာ ရှေးနှစ်ပေါင်း များစွာကပင် ပြင်သစ် တို့နှင့် မဟာမိတ် ဖြစ်ခဲ့ကြသဖြင့် စကော့ဝေါဟာရအများပင် ပြင်သစ်မှ ဆင်းသက်လာကြောင်း တွေ့ရသည်။ ယခုအခါ အင်္ဂလိပ်ဝေါဟာရ၊ ပြင်သစ်ဝေါဟာရများနှင့် အဓိပ္ပါယ်တူ၍ စာလုံးပေါင်းနှင့် အသံထွက်ပုံ ကွဲပြားသော စကော့ဝါဟာရ အများအပြားကို တွေ့နိုင်သည်။ သို့ရာတွင် လုံးဝ တစ်သီး တစ်ခြား ဖြစ်သော စကော့ဝေါဟာရများလည်း ရှိပေသေးသည်။ စကော့တို့၏ ရှေးအကျဆုံးစာပေမှာ ၁၃ ရာစုနှစ်ကရေးသားခဲ့ သော တေးသီချင်းများဖြစ်၍ ယင်းခေတ်၏ ပထမဦးဆုံး ထင်ရှားလာသော ကဗျာဆရာမှာ တောမတ် ဆိုသူဖြစ်၏။ စကော့ခေါင်းဆောင်ကြီး ဘရုစ၏အတ္ထုပ္ပတ္တိကို ကဗျာလင်္ကာ စီကုံးရေးသားခဲ့သော ဂျွန်ဗားဗားသည် ၁၄ ရာစုနှင့်က ထင်ရှား သော ကဗျာဆရာဖြစ်သည်။ ၁၅ ရာစုနှစ်ကား အင်္ဂလိပ် ကဗျာ ဆရာကြီး ချော်စာ၏ အရေးအသားမျိုးကိုလိုက်၍ ရေးကြသော ခေတ် ဖြစ်၍ စကော့ကဗျာ ဆရာကြီး ဝီလျံဒန်ဗာသည် ထိုခေတ်၏ ကဗျာဆရာ အကျော်အမော်ပင် ဖြစ်၏။ ယင်း ခေတ်ကုန်ခါနီးတွင် ကဗျာဆရာ ဂယ်ဗင်ဒေါက်ဂလပ်သည် 'အီးနီးယစ်'ကဗျာကို စကော့ဘာသာသို့ ပြန်ဆိုခဲ့၏။

၁၅ ရာစုနှစ်၏ နောက်ပိုင်းခေတ်များတွင်မူ ကဗျာလင်္ကာ ဖွဲ့နွဲ့မှု နည်းပါးသွား၍ စကားပြေနှင့် တေးသီချင်းများ ရေးစပ်မှု ခေတ်စားလာသည်။ 'ဂျိမ်းဟော့'၊ 'လေဒီနိန်း'၊ 'အယ်လန်ကန္နင် ဂမ်'စသော ကဗျာဆရာများ ပေါ်ပေါက်ခဲ့သော်လည်း စကားပြေ ဆရာ ဂျွန်နော့၏ 'ခရစ်ယာန် သာသနာအရေးပုံ သမိုင်း'ကဲ့သို့ သော စကားပြေများနှင့် သီချင်းရေးဆရာဖာဂဆန်နှင့် ရောဗတ် ဗန်းတို့၏ သီချင်းများက ခေတ်စား နေသောကြောင့် တိမ်မြုပ် လျက် ရှိရသည်။ ယခုခေတ်၌ပင် ချားမာရေး၊ ဂျွန်ဗပ်ခန်၊ ဗိုင်အိုလက်ဂျေးကပ် စသော စကော့စာရေးဆရာ အများအပြား ပင် စကော့ဘာသာဖြင့် စာပေရေးသား လျက်ရှိကြ၏။

စကော့စာရေးဆရာများမှာ အင်္ဂလိပ်ဘာသာဖြင့် စာပေရေး သားမှု၌လည်း ပြောင်မြောက် ကြလေသည်။ ယထာဘူတ ပညာရှင် ဒေးဗစ်ဟယွမ်း၊ ဘောဂဗေဒပညာရှင် အဒမ်စမစ်၊ စကားပြောဆရာ ဗော့ဇဝဲ၊ ဝတ္ထုရေးဆရာ စမောလက်နှင့် ကဗျာဆရာ ဂျိမ်းသွန်မဆင်တို့ကား ၁၈ ရာစုခေတ်က အင်္ဂလိပ် စာပေနယ်အတွင်း ထင်ရှားလာသော စကော့ စာရေးဆရာများ ဖြစ်ကြသည်။ ၁၉ ရာစုနှစ်၌ ကျော်ကြားလာသော စာရေးဆရာ နှစ်ဦးမှာ ဆာဝေါ်လတာစကော့နှင့် ရောဗတ် လူဝီစတီဗင်ဆန် တို့ ဖြစ်ကြ၏။ ဆာဝေါ်လတာစကော့၏ ကဗျာများနှင့် စတီ ဗင်ဆန်၏ ပုံဝတ္ထုများမှာ ယနေ့တိုင် လူကြိုက်များလျက် ရှိကြ သေးသည်။ ထိုပုဂ္ဂိုလ်များမှ တစ်ပါး အခြား အသင့်အတင့် ကျော်ကြားသော စကော့စာရေးဆရာများမှာ ဂျွန်ဂေါ့၊ တောမတ် ကာလိုင်း၊ ဆာဂျိမ်းဗယ်ရီ၊ နေအိုမီမစ်ချီဆန်စသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။[၁]



အစိုးရနှင့် နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဥပဒေ[ပြင်​ဆင်​ရန်​]

ပထဝီနှင့် သဘာဝသမိုင်း[ပြင်​ဆင်​ရန်​]

စီးပွားရေးနှင့် အခြေခံအဆောက်အအုံ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)