ဆိတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆိတ်နှစ်ကောင် ခေါင်းဆောင်နေရာလုရန်အတွက် ခေါင်းချင်းဆိုင် ဝှေ့နေစဉ်

ဆိတ်(Goat)[ပြင်​ဆင်​ရန်​]

ဆိတ်သည် ပါဏဗေဒအလိုအရ 'ကက်ပရာ'မျိုးစုဝင် စားမြုံ့ပြန်ကောင်ဖြစ်သည်။ သိုးနှင့် ဆိတ်တို့သည် ပုံပန်းချင်း အလွန်ဆင်တူလေသည်။


သားမွေးအတွက် မွေးမြူ သော သိုးတစ်မျိုးမှာ ဆိတ်နှင့် ခွဲ၍မရေအောင် ဆင်တူနေ သဖြင့် တိရစ္ဆာန်အကြောင်း မကျွမ်းကျင်သူများအဖို့ အမြီးအနေ အထားကို ကြည့်၍သာလျှင် ခွဲခြားနိုင်ပေမည်။ ဆိတ်၏အမြီးမှာ အပေါ်သို့ထောင်နေ၍ သိုး၏အမြီးမှာ အောက်သို့ကုပ် ကျနေ သည်။ သိုးနှင့်ဆိတ် ခွဲခြား၍သိနိုင်သည့် အခြားတချက်မှာ ဆိတ်၏ကိုယ်လုံး ကိုယ်ဖန်သည် သိုးထက် ငယ်သည့်အပြင်၊ ဆိတ်အမွေးမှာ ပိုရှည်သည်။ ပိုဖြောင့်သည်။ ဆိတ်ရိုင်းများကို ဥရောပတိုက်၊ အာဖရိကမြောက်ပိုင်းနှင့် ဟိမဝန္တာတောင်များ ပေါ်၌ တွေ့ရသည်။ လူတို့မွေးမြူကြသော ဆိတ်ယဉ်တို့မှာ ပါးရှားနိုင်ငံရှိ ဆိတ်ရိုင်းများမှ ဆင်းသက်လာကြသည်ဟု ယူဆရသည်။ ရှေးပဝေဏီကာလမှစ၍ ကမ္ဘာပေါ်ရှိ အရပ်ရပ် တွင် ဆိတ်ကိုမွေးမြူခဲ့ကြသည်။ အာရှမိုင်းနားရှိ အန်ဂိုးရား မြို့ကို အစွဲပြု၍ အန်ဂိုးရားဆိတ်ဟု အမည်တွင်သော ဆိတ် မျိုးမှာ ဓမ္မဟောင်းကျမ်းစာခေတ်မှစ၍ ထင်ရှားခဲ့သည်။ အန်ဂိုး ရားဆိတ်သည် အရှေ့တိဗက်နိုင်ငံမှ ပေါက်ပွားလာသည်။ အန်ဂိုးရားဆိတ်တွင် ရှည်လျား၍ ပိုးသားကဲ့သို့သားမွေးများ တစ်ကိုယ်လုံးကို ဖုံးအုပ်လျက်ရှိသည်။ ထိုသားမွေးများဖြင့် မိုးဟဲခေါ် ဆိတ်မွေးထည်ကို ရက်လုပ်သည်။ အန်ဂိုးရားဆိတ် မျိုးပေါင်း များစွာရှိရာ၊ အာဖရိကတိုက်တောင်ပိုင်း၊ ဩစတြေး လီးယားတိုက်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဤဆိတ်မျိုး ကို သားမွေးအတွက် မွေးမြူကြသည်။ သားမွေးအတွက်မွေးမြူ ကြသော အခြားဆိတ်တစ်မျိုးမှာ ကသ္မီရဆိတ်မျိုးဖြစ်သည်။ ကသ္မီရဆိတ်သည် သာမန်ဆိတ်နှင့်ပို၍တူသည်။ အန်ဂိုးရား ဆိတ်မှာ သိုးနှင့်ပို၍ ဆင်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသော ကသ္မီရရှောစောင်ကို ထိုကသ္မီရဆိတ်မှရသော သားမွေးဖြင့် ရက်လုပ်လေသည်။ ကသ္မီရဆိတ်၏ အတွင်းထပ် သားမွေးကို ရှောင်စောင်အဖြစ် ရက်လုပ်သည်။ အပြင် အမွေးများရှည် လေလေ၊ အတွင်းဖက် သားမွေးထပ်မှာ ထူထဲပေါများလာ လေလေဖြစ်သည်။ အလျားနှင့်အနံ တစ်ကိုက်ခွဲစီရှိသော ရှောင် စောင်ရရှိရန်အတွက် ဆိတ်ဆယ်ကောင်မှ သားမွေးများကို လို လေသည်။ ထိုပြင် လက်ဖြင့်သာ ရက်လုပ်သောကြောင့်၊ စောင် တစ်ထည်ပြီးမြောက်ရန် တစ်နှစ်ခန့်မျှကြာသည်။ ထိုကြောင့် ကသ္မီရ ရှောင်စောင်သည် အလွန်အဖိုးထိုက်တန်၏။ အဆင် ဆန်း ရှောစောင်တစ်ထည်ကို တစ်ခါတစ်ရံ ပေါင် ၃ဝဝ မျှ ပေးရသည်။ အန်ဂိုရားဆိတ်နှင့် ကသ္မီရဆိတ်နှစ်မျိုးလုံးမှာ အရွယ်ငယ်၍၊ နားရွက်များတွဲလျားကျသည့်အပြင် ဦးချိုများ လိမ်နေသည်။

တရုတ်နိုင်ငံ၊ ဂရိတ်ဗြိတိန်နိုင်ငံ၊ ဥရောပတိုက်နှင့် မြောက် အမေရိကတိုက်တို့တွင် ဆိတ်များကို နို့စားရန်အတွက် မွေးမြူ ကြသည်။ နို့စားဆိတ်မျိုးတွင် ဆွစ်ဇာလန်နိုင်ငံမှ တော်ဂင်ဗုနှင့် ဆာနင်မျိုးများမှာ အကောင်းဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဆိတ် မျိုးတွင် စူရတ်မြို့မှ စူရတီဆိတ်မျိုးသည် ထင်ရှား၏။ အများ အားဖြင့် အရောင်ဖြူသည်။

သားမွေးအတွက်နှင့် ဆိတ်နို့အတွက်သာလျှင် ဆိတ်ကိုမွေး မြူကြသည်မဟုတ်ပေ။ အသားစားရန်အတွက် ဖြစ်စေ၊ သားရေ အတွက်ဖြစ်စေ၊ ဆိတ်ကို မွေးမြူကြသေးသည်။ ဆိတ်ကလေး သားရေကို လက်အိတ်နှင့် ဖိနပ်ချုပ်ရာ၌ အသုံးများသည်။ သို့သော် ယခုအချိန်တွင် ကြွက်သားရေနှင့် ခွေးသားရေတို့ကို ဆိတ်ကလေး သားရေတုများပြုလုပ်၍ ရောင်းချလျက်ရှိကြ သည်။ ဖိနပ်များ၊ စာရွက်စာတမ်းများထည့်ရန် လက်ဆွဲအိတ်၊ စာအုပ်များအတွက် မိုရော့ကို သားရေဖုံးနှင့် အခြားပစ္စည်းများ ကို ဆိတ်ရေဖြင့် ချုပ်လုပ်ကြသည်။ သားမွေး စောင်နှင့် သား မွေး ကိုယ်ရုံထည်များ ချုပ်လုပ်ရန် အင်ဂိုးရားဆိတ်ရေကို သား မွေးများမပယ်ဘဲ အသုံးပြုကြသည်။

သို့ဖြစ်၍ လူတို့အတွက် ဆိတ်သည် များစွာအသုံးဝင်သည် ဟု ဆိုရပေမည်။ ထိုပြင် ဆိတ်သည် အလွန်ကြံ့ခိုင်သဖြင့် ရောဂါရုတ်တရက်မကူးစက်တတ်ချေ။ ဆိတ်သည် ရွက်ကြမ်း ရွက်နုမရှောင်၊ သစ်ပင်တို့၏ အခေါက်ကိုခွာစား၍ အသက်ရှင် နေနိုင်သည့် သတ္တဝါမျိုးဖြစ်သည်။ ထိုကြောင့် အခြားတိရစ္ဆာန် များကို မွေးမြူ၍မဖြစ်နိုင်အောင် အစာရေစာ ဆွန့်ရှားသော အရပ်မျိုးတွင် ဆိတ်ကိုမွေးမြူနိုင်၏။ ဆိတ်၏ သာမန်သက် တမ်းမှာ ၈ နှစ်မှ ၁၂ နှစ်ထိဖြစ်သည်။ ဆိတ်မတို့သည် တစ် ကြိမ်လျှင် ဆိတ်ကလေးနှစ်ကောင် သုံးကောင်မျှ မွေးဖွားလေ့ရှိ သည်။ တစ်ခါတစ်ရံ တစ်ကြိမ်လျှင်ဆိတ်ကလေး လေးကောင်မှ ငါးကောင်အထိလည်း မွေးတတ်သည်။ ဆိတ်မတွင် ဇည်းကပ် ၍၊ ၂၁ သိတင်း၊ ၂၂ သိတင်းအတွင်းသို့ရောက်မှ သားဖွား တတ်သည်။ ဆိတ်မ၏ အသက် ၁၅ လကျော်မှ မျိုးစပ်ပေး သင့်လေသည်။[၁]


ဆိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀-ကျော်ခန့်မှစ၍ မွေးမြူခဲ့သည်ဟု အထောက်အထားများအရ သိရသည်။ ဆိတ်သည်လည်း လူတို့အတွက် အလွန်အသုံးဝင်သော အဖိုးတန်တိရစ္ဆာန်တမျိုးပင် ဖြစ်သည်။ ဆိတ်များကို အသားစားရန်အတွက်သာမက ဆိတ်နို့အလို့ငှါလည်း မွေးမြူကြသည်။ အသားနှင့်နို့အပြင် ဆိတ်သားရေသည်လည်း အသုံးဝင်ပေသည်။

အချို့ဒေသများတွင် ဆိတ်သားရေဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ စသည်တို့ကို ပြုလုပ်သုံးစွဲကြသည်။ အချို့ဒေသများတွင် ဆိတ်များကို ပေါ့ပါးသော ပစ္စည်းတင်လှည်းဆွဲရန်အထိ သုံးနိုင်သည်ဟု သိရသည်။ သို့သော် ယခုအခါ အချို့နိုင်ငံများတွင် ဆိတ်ပေါက်ဖွားနှုန်း အလွန်မြင့်မားနေသောကြောင့် ခြံဖြင့် စနစ်တကျ မမွေးမြူနိုင်တော့ဘဲ သဘာဝအတိုင်း လွှတ်ကျောင်းထားရသည်။ ထိုဆိတ်များသည် ၄င်းတို့စားကျက်ရရှိရန် သဘာဝတောရိုင်းပင်များကို ဖျက်ဆီးစားသောက်ကြသည်ကို ကြုံတွေ့နေရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)