ချောင်းဦးမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ချောင်းဦးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့တစ်မြို့ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် တည်ရှိသည်။

text
ချောင်းဦးမြို့လယ်ရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရတနာကြငှာန်းရွှေဂူမြတ်စွာဘုရားကြီးပုံတော်.

ချောင်းဦးမြို့[ပြင်​ဆင်​ရန်​]

သမိုင်း/အချက်အလက်[ပြင်​ဆင်​ရန်​]

ချောင်းဦးမြို့သည် မုံရွာခရိုင် (အောက်ချင်းတွင်းခရိုင်) အတွင်းရှိ၊ မြို့ပိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီက၊ စစ်ကိုင်းခရိုင်အတွင်း မြင်းမူနယ်အပိုင်၊ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။ စစ်ပြီးနောက်၌၊ ခရိုင်ရုံးစိုက်ရာ မြို့နှင့် ဝေးကွာ၍ အုပ်ချုပ်ရေးလုပ်ငန်း တွင်ကျယ်မှုမရှိသဖြင့်၊ နီးစပ်ရာ မုံရွာခရိုင်အတွင်း သွတ်သွင်းထားခဲ့သည်။ စစ်ကိုင်း ရေဦးသွား ရထားလမ်းနှင့် ကားလမ်းများအပေါ်၌ တည်ရှိ၍၊ မြင်းမူမြို့နှင့် ၂၂ မိုင် ဝေးကွာပြီးလျှင်၊ မုံရွာမြို့နှင့် ၁၄ မိုင် ဝေးသည်။ ( မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ ကိုးကားချက် ) [၁]

text
ရွှေဂူကြီးဘုရား (ဓါတ်ပုံ=ချောင်းဦးသား)


ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၁.၄၆ ပေတွင် တည်ရှိပြီး မြောက်လတ္တီကျု ၂၂° ၄၅' နှင့် အရှေ့လောင်ဂျီကျု ၉၅° ၈' မှ ၉၅° ၂၅' အကြား တည်ရှိသည်။ချောင်းဦးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်များမှာ အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ် နှင့် မြောက်ဘက်တွင် မုံရွာမြို့နယ်တို့ဖြစ်သည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ်ဖြတ်သန်းစီးဆင်းသည်။ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီများ များစွာရှိသည်။ ချောင်းဦးမြို့တွင် စေတီပုထိုးပေါင်း ၂ဝဝ ကျော်ရှိ၍၊ ဘုန်းတော်ကြီးကျောင်းပေါင်း (၆ဝ)ကျော် ရှိသည်။ (ဝီကီပီးဒီးယား Wikipedia: Chaung-U ကိုးကားချက်)

ထင်ရှားသောစာသင်တိုက်ကြီးများအနက် မဟာဓမ္မာရုံပါဠိတက္ကသိုလ်ကြီးကို ၁၂၆၅ ခုနှစ်တွင် ဆရာတော်ကြီး ဘဒ္ဒန္တဒီပမာလာက စတင်တည်ထောင်တော်မူခဲ့ရာ ၁၃၆၅ ခုနှစ်၊ တပို့တွဲလ (၂ဝဝ၄ ခု၊ ဖေဖော်ဝါရီလ)တွင် ရာပြည့်ပွဲကြီးကို ကျင်းပနိုင်ခဲ့သည်။ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒီပမာလာကို အင်္ဂလိပ်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခဲ့သကဲ့သို့ ဒုတိယဆရာတော်ဘုရားကြီး ဘဒ္ဒန္တမာနိတ၊ (လက်ရှိ) တတိယနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝရသမ္ဗောဓိ တို့ကိုလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်များ အဆက်ဆက် ဆက်ကပ်ပူဇော်ခြင်း ခံခဲ့ရသည်။ အခြားထင်ရှားသော ဆရာတော်ကြီးများမှာ ရွှေတောင်ဆရာတော်ဘုရားကြီး၊ သိမ်တော်ဆရာတော်ဘုရားကြီး၊ ဇေယျသုခဆရာတော်ဘုရားကြီးတို့ဖြစ်သည်။ ထင်ရှားသော စာသင်တိုက်ကြီးများမှာ မဟာဓမ္မာရုံပါဠိတက္ကသိုလ်၊ ရွှေတောင်ကျောင်းတိုက်၊ သိမ်တော်ကျောင်းတိုက်၊ ဇေယျသုခကျောင်းတိုက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်စသည်တို့ဖြစ်သည်။

မြို့၏အကျယ်အဝန်းမှာ၊ စတုရန်းမိုင် ၂ မိုင်ခန့်ရှိ၍၊ နိုင်ငံ တော်အထက်တန်းကျောင်း၊ စာပို့တိုက်၊ ရဲဌာန၊ ဆေးရုံနှင့်တကွ ဈေးရုံအဆောက်အအုံများနှင့် စည်ကားစွာတည်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို လုံးဝမခံရသော မြို့တစ်မြို့ ဖြစ်၍ အပျက်အစီးမရှိ၊ ရှေးကအတိုင်း တည်ရှိသည်။ ( မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ ကိုးကားချက် ) [၂]

သမိုင်းအရ၊ ရှေးအခါက 'ချောင်းဦးဆယ်ရွာ'ဟု ထင်ရှား ခဲ့၍၊ ပုဂံပြည် စောရဟံမင်းကြီးလက်ထက်၊ သက္ကရာဇ် ၂၈၇ ခုနှစ်၊ မိဂသီနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့တွင်၊ ရွာတည်သည်။ ရွာတည်ရာအရပ်၌ အစဉ် အလာအရ၊ ဓာတ်အင်းများ မြှုပ်နှံရာတွင်၊ တူးရွင်းသံမီးတောက် သောကြောင့် 'သံတောက်ရွာ'ဟု သမုတ်စေပြီးလျှင်၊ ထိုရွာကို ရွာမပြု၍ ရွာပေါင်း ၁ဝ ရွာ ပြုစုခဲ့ရာမှ 'သံတောက်ဆယ်ရွာ' ဟု ပြောင်းလဲခေါ်တွင်လာသည်။ ( မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ ကိုးကားချက် ) [၃]

တိုင်းရံကျောက်-သံတောက်တည် ဟူသော ဆိုရိုးဖြင့် သံတောက်ရွာတည်သည့်ခုနှစ်သက္ကရာဇ်ကို အမှတ်အသားပြုခဲ့သည်။ (ပဋိလုံကောက်နည်းဖြင့် ကောက်ယူရသည်။) ၄င်းသံတောက်ရွာသည် ရှမ်း၊ လဝ ( ခေါ် ) ဝ တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား လူမျိုးစုများလည်း အတူတကွနေထိုင်ခဲ့ကြသည့် ထောင်စုပြရွာတစ်ရွာ အဖြစ် စည်ကားခဲ့ရာ ထို့နောက်မှ ကျန်စစ်သား မင်းသား မင်းမျက်သင့်ခံရ၍၊ ပုန်းအောင်းတိမ်းရှောင်ခဲ့ကာ၊ မင်းဖြစ်သောအခါ အထိမ်းအမှတ် ဘုရားပုထိုးစေတီတော်များနှင့် ချောင်းဦးမြို့အဖြစ် သတ်မှတ်သမုတ်ခဲ့သည်။ ယခုအချိန်ထိ ချောင်းဦးမြို့တွင် ကျန်စစ်သားမင်းနှင့်ပတ်သက်သော အထောက်အထားပြနေရာများ၊ရေထွက်များ၊ဘုရားပုထိုးစေတီတော်များ၊ရပ်ကွက်ကျေးရွာများ စသည်တို့အပြင် ရှမ်း၊ လဝ(ဝ)လူမျိုးများ နေထိုင်သွားကြောင်း အထောက်အထားများ (အထူးသဖြင့် ဘုရားပုထိုးစေတီများနှင့် ရပ်ကွက်ကျေးရွာများ)လည်း အထင်အရှားရှိနေပေသေးသည်။ ကရင်မျိုးနွယ်စုများ နေထိုင်သွားခဲ့သည့် ကျေးရွာများတွင်လည်း ဘုရားပူဇော်ပွဲပြီးတိုင်း ကရင်ဒုံးယိမ်းအက ကကြသည့် သားစဉ်မြေးဆက် ရိုးရာဓလေ့တစ်ခုကိုလည်း ယခုထက်တိုင် တွေ့မြင်နိုင်သေးသည်။

ချင်းတွင်းမြစ်နှင့် ၆ မိုင်ဝေးကွာ၍၊ ကုန်းပိုင်းလည်းမကျ ရေပိုင်းလည်းမက ဗဟိုဒေသ၌ တည်ရှိသောကြောင့်၊ ယာလုပ် ငန်း၊ လယ်လုပ်ငန်းများဖြင့်၊ အရောင်းအဝယ် ဖွံ့ဖြိုးသော မြို့ တစ်မြို့ဖြစ်သည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် စပါးများ ထွက် သည်။ မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ၊ ၆၄၄၂ ယောက်ခန့် ရှိလေသည်။ ( မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ ကိုးကားချက် ) [၄]

ချောင်းဦးမြို့ရာဇဝင်[ပြင်​ဆင်​ရန်​]

အမည်တွင်ပုံ/ဘုရားပုထိုးနှင့် ရပ်ကွက်များ[ပြင်​ဆင်​ရန်​]

ကျန်စစ်မင်းလက်ထက်[ပြင်​ဆင်​ရန်​]

ချောင်းဦးမြို့ဟု အမည်နာမ ခေါ်ဝေါ်သမုတ်ခြင်းမှာ ကျန်စစ်သားမင်းသည် နွယ်ခွေချောင်းအတိုင်း ပဲပြစ်တောရွာအရပ်မှ ထွက်ခဲ့ကာ ချောင်းဦးမြို့နေရာ အရပ်သို့ရောက်သောအခါ တစ်ဖက်ကမ်းသို့ကူးနိုင်ရန် ချောင်းညာမှ အရှိန်အဟုန်ဖြင့် စီးဆင်းလာသော ချောင်းရေလှိုင်းလုံးကြီးများနှင့်အပြိုင် လှံထောက်ကာ ပြေးလာရာ မြို့တည်ရာအရပ်၌ ချောင်းရေလှိုင်းလုံးကြီးများကသာ ဦးသွားသဖြင့် မင်းဖြစ်၍ မြို့တည်စေသော် ချောင်းဦးဟု သတ်မှတ်သမုတ်တော်မူခဲ့သည်။ ချောင်းရေကျချိန် မြို့နေရာဘက်ကမ်းသို့ ကူးလာသောအခါ ပုဂံပြည်မှ ဝန်မင်းများ ကြိုတင်စောင့်နှင့်ပြီး၊ ခယကြိုဆိုကြကာ ပုဂံပြည်သို့ ပြန်လည်လိုက်ပါမည့်အကြောင်း တောင်းပန်ခယကြသည့်နေရာကို နောင် မင်းဖြစ်လျှင် ဝင်္ခယ(ဝင်ခယ/ဝန်ခယ)စေတီတော်ကို တည်စေခဲ့သည်။ ကျန်စစ်မင်းသားသည် အနော်ရထာမင်းဒေါသမပြေသေးကြောင်း အခြေအနေမှန်ကို သုံးသပ် ရိပ်မိသဖြင့် ပြန်မလိုက်သေးကြောင်း ငြင်းဆိုကာ တစ်ကိုယ်တော်တည်း ချောင်းဦးအရပ်တွင်ပင် လှည့်လည်ပုန်းအောင်းနေစဉ် ယခု ထီးလှိုင်ရှင်စေတီတော်နေရာ၌ အနားယူနေခိုက် အနီးတွင်စိုက်ထားသော အရိန္ဒမာလှံတော်သည် ရင်ဘတ်တော်ပေါ်သို့ လဲကျလာသဖြင့် ရန်သူ့ရန်မှ ဆက်လက်လွတ်မြောက်ခဲ့သဖြင့် ထိုနေရာတွင် သဲပုံစေတီငယ်လေး တည်ထားခဲ့ပြီးနောက် မင်းဖြစ်လျှင် ထီးလှိုင်ရှင်စေတီတော်ကို တည်ထားစေခဲ့သည်။ (ထိတ်လန့်ရှင်ဟု ခေါ်ဝေါ်ခဲ့ရာမှ ထီးလှိုင်ရှင်ဟု ပြောင်းလဲကြောင်းလည်း ပါးစပ်ရာဇဝင်ပြောဆိုကြသည်။ သမိုင်းတွင် ထင်ရှားသော အမည်မှာလည်း ထီးလှိုင်ရှင်ပင်ဖြစ်ရာ မူလကတည်းကပင် ထီးလှိုင်ရှင်ဟု ဘွဲ့တော်ဆက်ကပ်ခဲ့သည်လည်းဖြစ်နိုင်သည်။ သို့မဟုတ် ပါးစပ်ရာဇဝင်အတိုင်း ထိတ်လန့်ရှင်ဟုခေါ်ဝေါ်ခဲ့သည်လည်း ဖြစ်တန်ရာသည်။)

  • ရပ်ကွက်များ

ထို့ပြင် ရဲမက်စစ်သည်များ အရှေ့မှအုပ်၍ဖမ်းရာ မဖမ်းမိသော အရပ်ကို အရှေ့မအုပ်ရပ်၊ အနောက်မှအုပ်၍ဖမ်းရာ မဖမ်းမိသောအရပ်ကို အနောက်မအုပ်ရပ်၊ ကျန်စစ်မင်းသားထွက်ပြေးရာ ဆံတော်မျှကိုသာ စွဲမိသောအရပ်ကို ဆံတော်စွဲရပ်၊ ရဲမက်စစ်သည်လှေများတက်လာသောအရပ်ကို ရဲလှေရပ်ဟု ခေါ်ဝေါ်အမည်တွင်ခဲ့ရာ၊ ယနေ့ထက်တိုင်ပင် ထိုအမည်များနှင့်ရပ်ကွက်များ (အရှေ့မအုပ်၊ အနောက်မအုပ်၊ ဆံတော်စွဲ၊ ရဲလှေရပ်ကွက်များ) အထင်အရှားရှိနေပေသည်။ (အရှေ့မအုပ်/အနောက်မအုပ်အမည်တွင်ပုံ မူကွဲများလည်း ရှိသေးသည်။) မည်သို့ပင်ဆိုစေကာမူ ချောင်းဦးမြို့သည် သမိုင်းတွင် ကျန်စစ်သားမင်းနှင့်ဆက်နွယ်ပတ်သက်နေခဲ့သော ရှေးအလွန်ကျသည့် အရပ်ဒေသဖြစ်ခဲ့သည်ဆိုသည်ကိုမူ ငြင်းဆန်၍ ရနိုင်မည်မဟုတ်ပေ။ (ကိုးကား=ချောင်းဦးမြို့ရာဇဝင်သမိုင်း အတွဲ(၁)၊ (၂) စာအုပ်များ)

ချောင်းဦးဟူသောအမည်ကို ရှေးဟောင်း သမန္ဓဇာဘုရားကျောက်စာတွင် ပထမစာမျက်နှာ စာကြောင်းရေ(၁၉)၌ ချောင်းဦးသူကြီးဝတ် - စာကြောင်းရေ(၂၈)တွင် ချောင်းဦးကိုဝ်ရံ သူကြီးဝတ် - ချောင်းဦး တောင်ယာတစ်ခင်း ဟုရေးထိုးထားပြီး၊ ကျောက်စာအစတွင် နမောတဿတိ - သက္ကရာဇ် ၅၅၆ - ပိသျှက်နှစ် စည်သူမင်းကြီး လေးသောင်းအရပ် ကန်တော်ဆည်၍ဟု ပါရှိရာ ချောင်းဦးဟူသောအမည်သည် ထိုကျောက်စာပါသက္ကရာဇ်ထက် စောစီးစွာတည်ရှိနေမည်ဟု ခန့်မှန်းရသည်။ ထိုသမန္ဓဇာဘုရားသည် ချောင်းဦးမြို့ အနောက်တောင်ဘက်အရပ် ၂ ဖာလုံခန့်အကွာတွင် တည်ရှိသည်။

အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားပုထိုးစေတီတော်များ[ပြင်​ဆင်​ရန်​]

ရတနာကြငှာန်းရွှေဂူမြတ်စွာဘုရားကြီးသည် ချောင်းဦးမြို့ရှိ အလောင်းစည်သူမင်းကြီး၏ ထင်ရှားသော ကုသိုလ်တော်တစ်ခုဖြစ်သည်။ ဘုရားကြီးပရဝုဏ်တော်အတွင်းတွင် ကျောက်စာတိုက်လည်းရှိသည်။ အခြား ထင်ရှားသော အလောင်းစည်သူမင်း၏ကုသိုလ်တော်တစ်ခုမှာ ဖောင်တော်ဦးဘုရားဖြစ်သည်။ ချောင်းဦးမြို့တွင် အလွန်ရှေးကျသော ဘုန်းတော်ကြီးကျောင်းများစွာလည်းရှိသည်။ မည်သည့်ခေတ်ကဟု မခန့်မှန်းနိုင်သော ရှေးဟောင်းအုတ်ကျောင်းတော်ကြီးတစ်ကျောင်းလည်းရှိသည်။ (သမိုင်းမူကွဲအရ ရွှေဂူကြီးမြတ်စွာဘုရားကို ညောင်ဦးစောရဟန်းမင်း သို့မဟုတ် ပုပ္ပါးစောရဟန်းမင်းခေါ် တောင်သူကြီးမင်း မြန်မာသက္ကရာဇ် ၂၈၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟုလည်း ဆိုသည်။ အဌ် အဌ် ခြူ - ရွှေဂူစောရဟံ အရ သက္ကရာဇ်-၂၈၈ ခုနှစ်တွင် ရွှေဂူဘုရားကြီးကို စောရဟံ(ခ)စောရဟန်းမင်း တည်ထားခဲ့သည်ဟု ခေတ်အဆက်ဆက် လက်ခံပြောဆိုလာခဲ့ကြသည်။ (ပဋိလုံ ကောက်နည်းဖြင့်) သက္ကရာဇ်- ၂၈၈ခုနစ် ဘုရားတည်ကြောင်း ယခုခေတ်ရေးထိုးထားသော ရတနာရွှေဂူဘုရားကြီး ကျောက်စာတွင် ဖော်ပြပါရှိသည်။)

ပုဂံခေတ်နှောင်း[ပြင်​ဆင်​ရန်​]

ပုဂံခေတ်တစ်လျောက်လုံးတွင် ချောင်းဦးမြို့သည် အချက်အခြာကျ၍ အရေးပါသော ထောင်စုပြမြို့အဖြစ်လည်းကောင်း၊ ထောင်ပြုရွာအဖြစ်လည်းကောင်း တည်ရှိခဲ့သည်။ ကျစွာမင်း ငယ်စဉ်ဘဝ မယ်တော်နှင့်အတူ မင်းဘေးမင်းဒဏ်ရှောင်တိမ်း၊ ပြေးပုန်းရစဉ်က ချောင်းဦးမြို့တောင်ဘက် သမန္ဓဇ(သမံဓဇ)ကျောင်းဆရာတော်ထံတွင် နေထိုင်ပုန်းအောင်းခဲ့ကြရပြီး၊ သမံဓဇဘုရားကြီးကို မယ်တော်က သင်္ကန်းရက်လုပ်ပူဇော်လျက် အဓိဋ္ဌာန်ပြုဆုတောင်းခဲ့ရာ ကျစွာမင်းတို့သားအမိ ပုဂံပြည်သို့ပြန်ရောက်ပြီး ကျစွာမင်း မင်းအဖြစ်သို့ရောက်သောအခါ ဘုရားကြီးကို ကြီးစွာသောပူဇော်သက္ကာရများ ပြုလုပ်ပူဇော်ခဲ့သည်။ ယခုတိုင် ကျောက်စာနှင့်တကွ အထင်အရှားဖူးမြော်နိုင်သည်။ ထို့ပြင် ပုဂံခေတ်နှောင်းပိုင်း နရသီဟပတေ့မင်းက ချောင်းဦးမြို့ရှိ ရွှေဂူကြီးဘုရားတွင် ခြင်္သေ့ရုပ်များထုလုပ်စေခဲ့ရာတွင် ရွှေဂူကြီးဘုရားကို နဂါးစောင့်သဖြင့် ခြင်္သေ့ရုပ်ထုလုပ်ထားရှိသည့် အစီအစဉ်ပျက်ပြားခဲ့ရကြောင်း ပါးစပ်ရာဇဝင်များလည်း ရှိနေပေသေးသည်။ ဘုရားကြီး၏ဂန္ဓကုဋီတိုက်တော် ထောင့်လေးထောင့်တွင် နဂါးလေးကောင်ကိုပါ တွဲစပ်လျက် တည်ဆောက်ထားသည်မှာ ၄င်းအဓိပ္ပါယ်၏ သင်္ကေတပြယုဂ်ဖြစ်သည်ဟုလည်း ဆိုကြသည်။

ပုဂံခေတ် နောက် - အင်းဝခေတ်၊ စစ်ကိုင်းခေတ်စသည်တို့တွင်လည်း ချောင်းဦးမြို့သည် ထောင်စုပြရွာအဖြစ်လည်းကောင်း၊ ထောင်ပြုမြို့အဖြစ်လည်းကောင်း အေးချမ်းစည်ကားစွာ တည်ရှိခဲ့သည်။ အင်းဝခေတ် အင်းဝဘုရင်များ၏ နိုင်ငံတည်ထောင်ရေးလုပ်ငန်းစဉ်များတွင် အမြင့်မြို့ပြနှင့် ချောင်းဦးဆယ်ရွာသည် တွဲဖက်လျက် အရေးပါစွာ ပါဝင်ခဲ့ကြသည်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် ချောင်းဦးဆယ်ရွာအနောက်ဘက်ရှိ အမြင့်မြို့စားဖြစ်ခဲ့သည်။

ကုန်းဘောင်ခေတ်[ပြင်​ဆင်​ရန်​]

ကုန်းဘောင်ခေတ်တွင် ရတနာပူရ တတိယ မြို့တည် နိဗ္ဗန်ဆိပ်ဦးစေတီဒါယကာ ဆင်ဖြူရှင်လက်ထက် မဟာရတနာပုံ ပိဋကတ် တိုက်စိုး ချောင်းဦးဆယ်ရွာစား ရမ္မသီရိကျော်ထင်သည် ထင်ရှားသော စာပေပညာရှင်တစ်ဦးဖြစ်သည်။ မင်းတုန်းမင်းလက်ထက် ချောင်းဦးဆယ်ရွာစား အမြင့်မြို့၀န် မင်းလက်ဝါးသည် အုပ်ချုပ်ရေးတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။

လမ်းညွှန်[ပြင်​ဆင်​ရန်​]

မုံရွာ-မန္တလေးရထားနှင့် ချောင်းဦး-ပခုက္ကူရထားတို့ဖြင့် ချောင်းဦးသို့ရောက်နိုင်သည်။ ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်လမ်းကြောင်းများဖြင့်လည်း မန္တလေး(သို့မဟုတ်) မုံရွာမှ သွားရောက်နိုင်သည်။ ချောင်းဦးမြို့သည် မန္တလေးမြို့မှ ၈၄ မိုင်ခန့်ဝေးပြီး၊ မုံရွာမြို့မှ တောင်ဘက် ၁၄မိုင် ခန့်ဝေးသည်။ ထို့ပြင် ချောင်းဦးမှ ပခုက္ကူသို့ ဆက်သွယ်ရေးလမ်းပန်းကောင်းမွန်သည်။ (ကိုးကားချက် Wikipedia:Chaung-U)

စီးပွားရေး[ပြင်​ဆင်​ရန်​]

ချောင်းဦးမြို့သည် အဓိကဆက်သွယ်ရေးအဝေးပြေးလမ်းမကြီးများနှစ်ခု၏ဆုံမှတ်တွင်တည်ရှိပြီး၊ တစ်မြို့နယ်လုံး လယ်ယာမြေများ ဧကမြောက်မြားစွာရှိသဖြင့်၊ မြို့နေလူထုစီးပွားရေးသည် လွန်စွာကောင်းမွန်ပြီး၊ ဆန်ရေစပါး သစ်သီးဝလံ ပေါများကြွယ်ဝသည်။ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် နေပျော်သော မြို့တစ်မြို့ဖြစ်သည်။ (ကိုးကားချက် Wikipedia:Chaung-U)

ရာသီဥတု[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၏အလယ်ပိုင်းဒေသတွင်တည်ရှိပြီး ရာသီဥတုသမမျှတသည်။ အပူပိုင်းဇုံ စိုစွတ်ခြောက်သွေ့သော ရာသီဥတုရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်​ဆင်​ရန်​]

မြို့အရှေ့ဘက်တွင် ကျောက်သားဆန်ဆန် ရှည်လျားသော နွယ်ခွေတောင်တန်း ရှိသည်။ မြို့မှာမူ မြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ်ရေဝင် လယ်ကွင်းစိမ်းများ မြောက်မြားစွာရှိသည်။ မြို့အရှေ့ဘက်ပိုင်းရှိ လယ်ယာမြေများကိုမူ နွယ်ခွေရွာအနီးတွင် တည်ရှိသော နွယ်ခွေဆည် မှ ရေသွင်းစိုက်ပျိုးကြသည်။

ပညာရေး[ပြင်​ဆင်​ရန်​]

စက်မှု/နည်းပညာ အထက်တန်းကျောင်း T.H.S

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

ထူးခြားထင်ရှားချက်များ[ပြင်​ဆင်​ရန်​]

လွပ်လပ်ရေးတိုက်ပွဲဝင် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ဖခင်၏အမျိုးများရှိရာ ချောင်းဦးမြို့နယ်သို့ လာရောက်ရင်း ချောင်းဦးဆယ်ရွာသီချင်းကို ရေးဖွဲ့သီကုံးခဲ့သည်။ မြန်မာနိုင်ငံ၏ အစောဆုံးအမျိုးသားကျောင်းများတည်ထောင်သည့် မြို့များတွင် ချောင်းဦးမြို့သည်လည်း တစ်မြို့အပါအဝင် ဖြစ်ခဲ့သည်။ ပဲခူးမြို့မရွှေကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒာစာရ၊ မန္တလေးမြို့မ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသီရိနန္ဒာဘိဝံသ နှင့် မုံရွာမြို့ သထုံဝံသဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသတို့ ငယ်စဉ်က မဟာဓမ္မာရုံပါဠိတက္ကသိုလ်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူး သင်ကြားခဲ့ဖူးသည်။ ထို့ပြင် မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး ဦးနာရဒသည်လည်း ချောင်းဦးမြို့နယ်အတွင်း ကျီကုန်းရွာတွင် ပရိယတ္တိစာပေ သင်ယူလေ့လာခဲ့သည်။

၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(၃ဝ.၁ဝ.၂ဝ၁၂)တွင် ချောင်းဦးမြို့၌ အကြိမ်(၇ဝ)မြောက် မြို့လုံးကျွတ်မဟာပဝါရဏာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ တစ်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များ၏ သီတင်းကျွတ်ကာလ စုပေါင်း မဟာပဝါရဏာပြုပွဲကို ၁၉၄၂ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပလျက်၊ သံဃာ့ဒါနလောင်းလှူပွဲတော် ပဒေသာဒါနပွဲတော်ကြီးကိုလည်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပ လှူဒါန်းပူဇော်လာခဲ့ကြသည်မှာ ယခု ၂ဝ၁၂ ခုနှစ်တွင် အကြိမ်(၇ဝ)မြောက်ပြည့်ခဲ့ပြီဖြစ်ရာ၊ မြန်မာတစ်နိုင်ငံလုံးရှိ သက်တမ်းအရှည်ဆုံး မြို့လုံးကျွတ်မဟာပဝါရဏာပွဲတော်များတွင် ထိပ်ဆုံးမှပါဝင်ပေသည်။

အမှတ်တရ ထင်ရှားပုဂ္ဂိုလ်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ချောင်းဦးမြို့နယ်

အခြား ကြည့်စရာလမ်းညွှန်[ပြင်​ဆင်​ရန်​]