ကနီမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကနီမြို့ သည် အောက်ချင်းတွင်းခရိုင် ယင်းမာပင်နယ်တွင်ပါဝင်၍ ကနီမြို့နယ် မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင်တည်ရှိ၍ ပခုက္ကူမြို့မှ ၁ဝ၄ မိုင်ခန့်ဝေးကွာသည်။ မြောက်ဘက်တွင် မင်းကင်းမြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်မြို့နယ်များရှိပြီးလျှင် အနောက်ဘက်၌ ပုံတောင်တောင်တန်းကြီးရှိသည်။ မြို့နယ်အတွင်းသို့ ချောင်းငယ်မြောင်းငယ်များ အများအပြားပင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ကနီမြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၇၃၆ ခန့်ရှိသော်လည်း ရှေးမြန်မာမင်းများလက်ထက်က ကနီမြို့နယ်လောက် မကျယ်ဝန်းချေ။ မြို့၏မြောက်ဘက်တွင် ပေ ၂ဝဝ ခန့်မြင့်သော ရွှေမြင်းဖြူတောင်ကုန်းရှိသည်။ ထိုကုန်းမှာ ရှေးက မြို့တော်ဟောင်းနေရာဖြစ်သည့်အလျောက် ကျုံးနေရာနှင့် မြို့ရိုးဟောင်းများကို ယခုတိုင်တွေ့မြင်နိုင်သေးသည်။ ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် ကနီမြို့၌ မြို့စားထားရှိ၍ ကနီနော်ရထာဘွဲ့နှင့် အုပ်ချုပ်စေခဲ့သည်။ တစ်ရံရောအခါ၊ ကနီနော်ရထာ ပုန်ကန်သောကြောင့် ဘုရင့်တပ်သားများက လိုက်လံတိုက်ခိုက်ရာ ကနီနော်ရထာသည် ကုန်းမြင့်ပေါ်မှ မြင်းဖြူကို ကဆုံချစီးပြီးလျှင် မြစ်တွင်းသို့ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်လေသည်။ မြန်မာနိုင်ငံတွင် ယခုအခါ ကျော်ကြားလျက်ရှိသော ၃၇ မင်းအဝင်အပါ မြင်းဖြူရှင်နတ်မှာ ကနီနော်ရထာနတ်ဖြစ်သည်ဟု ဆိုကြသည်။ သီပေါမင်းတရားလက်ထက်က ကနီမြို့စားမှာ ဒိုင်းခင်ခင်၏ဖခင် ဒိုင်းဝန်မင်းပင်ဖြစ်သည်။ ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ ကနီမြို့၏လူဦးရေမှာ ၂၆ဝဝ မျှသာဖြစ်သည်။ ကနီမြို့သို့ ရထားလမ်းမပေါက်သော်လည်း မြစ်တွင်းသင်္ဘောများ သွားလာဆိုက်ကပ်လျက်ရှိ၏။ မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသူလူများစုမှာ လယ်ယာကိုင်းကျွန်းများကို လုပ်ကိုင်ကြပြီးလျှင် ဆန်စပါး၊ ပဲ၊ နှမ်းနှင့် ပြောင်းအမျိုးအမျိုးတို့ကို စိုက်ပျိုးကြသည်။ မြို့မြောက်ဘက်ရှိ ပုံတောင်တောင်တန်းတွင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးစသော သစ်မာနှင့် ဝါးအမျိုးမျိုးတို့ထွက်သဖြင့် အစိုးရသစ်တောကြိုးဝိုင်းများလည်းရှိသည်။ ထိုသစ်တောကြီးများကို အမှီပြုလျက် သစ်တောထွက်ပစ္စည်းများနှင့် သက်မွေးဝမ်းကျောင်းပြုသူများလည်း ရှိကြသည်။ [၁](မြန်မာ့စွယ်စုံကျမ်းတွင် ကနီမြို့ ကို ကန္နီမြို့ ဟုရေးသားထားသည်။)

ထူးခြားထင်ရှားမှု[ပြင်​ဆင်​ရန်​]

ကနီ-ကနဲဟု တွဲဖက်လျက် ထင်ရှားသည်။ ရဟန်းပုဂ္ဂိုလ်ထူးကြီးဖြစ်သော ကနီရွှေသိမ်တောင်တောရ ဆရာတော်ဘုရားကြီးသည် ကနီမြို့နယ်၊ ကမ်းဖြူရွာဇာတိသား ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၊ အပိုင်း (ခ)