မဟာဗောဓိတထောင်ဆရာတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးသည် မဟာဗောဓိတထောင်သာသနာ့နယ်မြေကြီးကို စတင်တည်ထောင်တော်မူသော သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်။ မဟာဗောဓိတထောင်ဆရာတော်သည် ဘာဝနုဿတိ ကမ္မဋ္ဌာန်း(၄ဝ)မှ ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကို အထူးစီးဖြန်းတော်မူခဲ့သည့် မထေရ်မြတ်တစ်ပါးဖြစ်သည်။ မဟာဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒ မထေရ်သည် မိမိကိုယ်တော်တိုင် ဗုဒ္ဓါနုဿတိပွားများသည့်အပြင် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့အားလည်း ဗုဒ္ဓဂုဏ်တော် ထုံမွှမ်းပွားများကြရန် ဆိုဆုံးမတော်မူခဲ့သည်။ ဘုရားဖူးလာသူ ဝေနေယျပရိသတ်တို့အားလည်း လောကအမြတ်ဆုံးရတနာ ဗုဒ္ဓဂုဏ်တော် ပွားများအားထုတ်နိုင်ကြရန် ဘုရားရုပ်ပွားတော်များ၊ ပုတီးများကို ဝေငှလျက် နှလုံးသားတွင် ဘုရားတည်တတ်ကြရန် လမ်းညွှန်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်လည်း တွေ့ကြုံသမျှ လောကဓံတရားတို့ကို ဗုဒ္ဓါနုဿတိအစွမ်းဖြင့် မတုန်မလှုပ် မဖြုံမလှုပ် ကျော်လွှားအောင်မြင်တော်မူခဲ့သည်။ ပြည်တွင်းပြည်ပ ဗုဒ္ဓအဆုံးအမ သာသနာတော်မြတ်များ ရောက်ရှိပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည့် ကမ္ဘာသိ ဗုဒ္ဓသားကောင်း အာဇာနည်တစ်ပါးဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဖြစ်သော မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဟူသော ဆုံးမဩဝါဒစကားကို မကြာခဏ ဆုံးမတော်မူလေ့ရှိသော ဆရာတော်ဘုရားကြီးဖြစ်သည်။

မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ပုံတော် (အရှင်ကုမုဒ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။) (Ashin Kumuda's photo.png)

ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိတော်[ပြင်​ဆင်​ရန်​]

ဇာတိချက်ကြွေနှင့် ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်(ယခင် ဒီပဲယင်းမြို့နယ်) ရွှေတွင်းကုန်းရွာ (ယခင် ရွာကျပ်ရွာ)တွင် ခမည်းတော် ဦးထွန်းမြတ်+မယ်တော် ဒေါ်စောမြိုင်တို့မှ မြန်မာသက္ကရာဇ် ၁၂၉၂ ခု၊ တပို့တွဲလဆန်း(၁၄)ရက်၊ (၃၁.၁.၁၉၃၁) စနေနေ့၊ နံနက်(၄:ဝဝ)နာရီအချိန်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ မွေးချင်းငါးယောက်အနက် စတုတ္ထမြောက် သားမြတ်ရတနာဖြစ်သည်။ ငယ်နာမည် မောင်တိုးကြွယ်ဖြစ်သည်။ မွေးဖွားလာစဉ် ထူးခြားမှုအဖြစ် အချင်းစလွယ်သိုင်းလျက် အထက်သွားနှစ်ချောင်းပါလာသည်။ [၁]

မောင်တိုးကြွယ် လေးနှစ်သားအရွယ် ဖခင်ကြီး ကွယ်လွန်သည်။ (၅)နှစ်အရွယ်တွင် မိခင်ကြီးက မောင်ဝမ်းကွဲ ကိုးဆူကျောင်းဆရာတော် ဦးသုဏေယျထံတွင် အပ်နှံသည်။ မောင်တိုးကြွယ်သည် ဦးရီးဆရာတော်ထံတွင် ပရိယတ်အခြေခံစာပေများသင်ယူသည်။ ငယ်စဉ်ကတည်းက အေးဆေးတည်ငြိမ်ပြီး၊ သည်းခံစိတ်ကြီးမားကာ စာပေကိုသာ ကြိုးစားသင်ယူ လေ့လာခဲ့သည်။ မောင်တိုးကြွယ် ကျောင်းသားဘဝတွင် ထူးဆန်းမှုမှာ ကောင်းကင်တွင်ပျံသန်းနေသော ငှက်လင်းတ တစ်ကောင် ခေါင်းပေါ်သို့ အစာအန်ဖတ်များ အန်ချခဲ့သဖြင့် ဦးရီးတော်ကပင် ထူးဆန်းဦးမည့်မောင်တိုးကြွယ်ဟု နိမိတ်ဖတ်ပေးတော်မူခဲ့သည်။

သာမဏေအဖြစ်သို့ရောက်ရှိခြင်း[ပြင်​ဆင်​ရန်​]

ဆရာတော်လောင်းလျာသည် အသက်(၁၃)နှစ်အရွယ်၊ ၁၃ဝ၅ ခုနှစ်တွင် ဆရာတော် ဦးသုဏေယျကို ဥပဇ္ဈယ်ပြု၍၊ ဆရာတော်၏ပစ္စယာနုဂ္ဂဟဖြင့်ပင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိသည်။ ညီငယ် မောင်တိုးရှိကိုလည်း ရှင်တေဇနိယဟူသော ဘွဲ့မည်ဖြင့် သင်္ကန်းဆည်းပေးသည်။ ရှင်နာရဒသည် စာပေကိုကြိုးစားလေ့လာ သင်အံခဲ့သည်။ အေးဆေးတည်ငြိမ်သည်။ ခေတ်အခြေအနေကြောင့် ရှင်နာရဒတို့တစ်ကျောင်းလုံး ရွှေခြင်္သေ့ကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးကြရသောအခါတွင်လည်း အချိန်ကိုအလေအလွင့်မဖြစ်စေဘဲ ရွှေခြင်္သေ့ကျောင်းဆရာတော်ထံတွင် စာဝါများ ဆည်းပူးလေ့လာခဲ့သည်။ ၁၃ဝ၈ ခုနှစ်၊ ရှင်နာရဒ ၁၆ နှစ်အရွယ်တွင် ခမည်းတော်ဇာတိ ခတက္ကန်ရွာအနီး ရွှေမြင်တင်တောင်ပေါ်သို့ကြွရောက်ကာ တရားအားထုတ်သည်။ ထို့ပြင် ပတ္တမြားတောင်ဆရာတော် ဦးနန္ဒဝံသထံတွင်လည်း ဝိနည်းငယ်လေးစောင်၊ သဒ္ဒါ သင်္ဂြိုဟ်များ ထပ်မံသင်ယူသည်။ ရှင်နာရဒသည် အချိန်ကို အလွန်တန်ဖိုးထား၍၊ ကောင်းကောင်း အကျိုးရှိစွာ အသုံးပြုသည်။ ဆရာသမားဆုံးမသမျှ နာယူသည်။ စာဝါ မှန်မှန်တက်ခြင်း၊ အားလပ်ချိန် စာဖတ်မှတ်ခြင်း၊ ကျက်မှတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော်ပွားများအားထုတ်ခြင်းတို့ဖြင့် အချိန်ကို အကျိုးရှိရှိသုံးသည်။ သက်တော်(၁၈)နှစ်၊ သာမဏေ (၅)ဝါရသော် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာရှိ နိုင်ငံတော်ဩဝါဒစရိယ ဆဋ္ဌသင်္ဂီတိနာယက၊ ဝိနယဂရုက စာတတ်အကျော် ကျောင်းသစ်ဆရာတော်ဘုရားကြီး ဦးကောဏ္ဍညထံတော်သို့ စာသင်ကြွပြန်သည်။

ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း[ပြင်​ဆင်​ရန်​]

၁၃၁၂ ခု၊ ပထမဝါဆိုလဆန်း ၁ဝ ရက်၊ (၂၆-၆-၁၉၅ဝ)နေ့တွင် ဇာတိရွာ ကိုးဆူကျောင်း၊ ခဏ္ဍသိမ်တော်၌ ဦးရီးတော်ဦးသုဏေယျကို ဥပဇ္ဈယ်ပြု၍၊ ကာရကသံဃာ ၂၁ ပါး၏ချီးမြှောက်မှုဖြင့် အဘယရွာ ဦးထိန်+ဒေါ်သန့်တို့၏ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မူသည်။ ၁၃၁၂ ခု၊ ရဟန်းတစ်ဝါအရတွင် မုံရွာမြို့၊ မာလာရာမယွန်းကျောင်းနှင့် ဓမ္မပါရဂူပါဠိတက္ကသိုလ်တိုက်တို့တွင် စာပေသင်ယူသည်။ ၁၃၁၃ ခုတွင် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာ ကျောင်းသစ်ကျောင်းသို့ တဖန်ကြွပြန်ကာ သင်ယူဆည်းပူးပြန်သည်။ ကျီကုန်း၌နေစဉ် ကျောင်းတွင်းသံဃာ အပါး၇ဝနှင့်အတူ တစ်နံနက် ဆွမ်းခံအကြွ အရှင်နာရဒ၏ ခေါင်းတော်ပေါ်သို့ လာရောက်နားနေခဲ့ရာ အုတ်အုတ်ကြွက်ကြွက် ဆူညံသွားခဲ့ပြီး၊ ထူးဆန်းမှုအဖြစ် ဩဘာဖတ်ကြသည်။ ၁၃၁၄ ခုတွင် ပခုက္ကူ မဟာဝိသုတာရာမ အလယ်တိုက်ကြီးသို့ ကြွရောက်၍ စာပေထပ်မံ သင်ယူတော်မူပြန်သည်။ အခြားဆရာတော်ကြီးများထံတွင်လည်း စာဝါသင်ယူခဲ့သည်။

ဘဝကံကြမ္မာအလှည့်အပြောင်း[ပြင်​ဆင်​ရန်​]

အရှင်နာရဒသည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမအလယ်တိုက်ကြီးတွင် ပညာဆည်းပူးနေစဉ် အဆုတ်ကင်ဆာရောဂါ စတင်စွဲကပ်လာခဲ့သည်။ ရောဂါခံစားနေရသည့်ကြားက ပခုက္ကူစာသင်နည်းရအောင် ဆည်းပူးခဲ့သည်။ သို့သော် ရောဂါမှာ တိုးလာပြီး၊ ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရသည်။ ရောဂါဆိုးသည်ထက်ဆိုးလာ၍ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူရာ ဆေးရုံ၌ (၃)လကြာနေခဲ့ရသည်။ ရောဂါအခြေအနေ ထူးခြားမလာသည့်အတွက် နေရပ်ပြန်ရန် ဆုံးဖြတ်ချက်ချကာ ပရိယတ္တိစာပေသင်ယူမှုခရီးအဆုံးသတ်ခဲ့ရပြီး ဘဝကံကြမ္မာအလှည့်အပြောင်းတစ်ခုသို့ရောက်ခဲ့ရသည်။[၁]

နန်းဦးဆရာတော်ကြီးနှင့်တွေ့ဆုံခြင်း[ပြင်​ဆင်​ရန်​]

ပခုက္ကူတွင် စာပေများကို အမိအရသင်ယူပြီး မန္တလေး သာသနာ့တက္ကသိုလ်သို့ကြွရောက်သင်ယူရန် စိတ်ကူးမိသဖြင့် ၁၃၁၆ ခုနှစ်တွင် မန္တလေးသို့ကြွရောက်တော်မူသည်။ မန္တလေး၊ ဘုရားကြီးတိုက် အမရပူရကျောင်း ဆရာတော်ဘုရားကြီး ဦးဥဂ္ဂံသထံတော်တွင်လည်း ပညာဆည်းပူးတော်မူပြန်သည်။ ထိုစဉ် ရောဂါဆိုးဝါးလာသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ရာ တီဘီရောဂါလွန်နေပြီဖြစ်ပြီး အသက်ရှင်ရေးအတွက် အားမရသဖြင့် ဆေးရုံတက်ခွင့်မရဘဲ၊ စားဆေးအနည်းငယ်ဖြင့်သာ ကျောင်းသို့ပြန်ခဲ့ရသည်။ ထို့နောက် လေးငါးကြိမ်တိုင်တိုင် သွားသောအခါ ဆေးရုံတက်ခွင့်ရသည်။ သုံးလပြည့်၍ ဆေးရုံက ဆင်းခွင့်ပြုခဲ့သော်လည်း ဆရာဝန်ကြီး၏ကျေနပ်သည့်အဆင့်သို့မူ မရောက်ခဲ့ရှာပေ။ အရှင်နာရဒမှာ တဒင်္ဂမျှသာသက်သာ၍၊ သေလူအဖြစ် မိမိကိုယ်ကို သတ်မှတ်ကာ နောက်ဆုံးအခေါက်အနေဖြင့် မန္တလေးဘုရားစုံဖူးသည်။ ထိုစဉ် ဆေးရုံတွင် ခင်မင်ခဲ့သော ဝန်ထမ်းဦးမောင်ကို၏လမ်းညွှန်ချက်ဖြင့် မန္တလေးတောင် ကျောက်တော်ကြီးဘုရားအနီး မဟာသုဒဿန ရွှေကျင်တောကျောင်း သံဃာ့ရာဇာ နန်းဦးဆရာတော်ဘုရားကြီးထံသို့ ရောက်ရှိသည်။ ဆရာတော်ဘုရားကြီးထံတွင်နေစဉ် အရှင်နာရဒသည် အမျိုးမျိုးသောစမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး၊ ထူးခြားတန်ဖိုးရှိသော ဘဝကျင့်စဉ် အမြုတေနည်းလမ်းကို နန်းဦးဆရာတော်ကြီးထံမှ ရရှိတော်မူခဲ့သည်။ ထို့နောက် ရွာပြန်ရန်ဆုံးဖြတ်ကာ နန်းဦးဆရာတော်ဘုရားကြီးထံမှ ခွင့်တောင်းဖဲခွာတော်မူခဲ့သည်။ ဆရာတော်ကြီးက 'လေကောင်းလေသန့်ရသည့် တောတောင်များပေါ်တွင်နေရန် မှာကြားတော်မူလိုက်သည်။ ရဟန်းတော် အရှင်နာရဒသည် ဆရာတော်ကြီး၏ခြေတော်ရင်းဝယ် တစ်လမျှနေပြီး၊ ဆရာတော်ဘုရားကြီး၏ နည်းညွှန်လမ်းပြ အဆုံးအမဩဝါဒကို ဟဒယနှလုံးသား၌ သိုသိုသိပ်သိပ် ကျစ်ကျစ်လျစ်လျစ် ရေးခြစ်မှတ်သား၍ ရပ်ရွာဇာတိသို့ ပြန်ခဲ့သည်။ [၂]

အတုယူဖွယ်[ပြင်​ဆင်​ရန်​]

ဆရာတော်လောင်းလျာ အရှင်နာရဒသည် ပခုက္ကူစာသင်တိုက်၌နေစဉ်တွင်လည်း အဆုတ်ရောဂါဖိစီးခံစားနေရသည့်ကြားမှပင် ယခင်စာသင်ကျောင်းများတွင်နေစဉ်ကအတိုင်း စိတ်အားထက်သန်စွာ သံဃာများ၏သောက်ရေ နေ့စဉ်ထည့်ခြင်း၊ သံဃာ ၇ဝဝ ၏ကနုတံများ အမြဲရေဆေးခြင်းများ ပြုလုပ်သည်။ မိမိကိုယ်တိုင် အကြပ်အတည်းများကြားမှာပင် ဖြစ်သလိုနေရသော်လည်း မယ်တော်ကြီး ကျန်းမာရေးချို့တဲ့ရှာသဖြင့် မိမိသင်းပိုင်လေး ၁ ထည်ကို ၅ ကျပ်နှင့်ရောင်းကာ၊ မယ်တော်ကြီးအတွက် ဆေးဖိုးထောက်ခြင်းမှာလည်း အံ့ဩလေးစားဖွယ်တစ်ခုဖြစ်သည်။ နန်းဦးဆရာတော်ဘုရားကြီးထံတွင် နေစဉ်ကလည်း ဆရာတော်ဘုရားကြီး၏စမ်းသပ်မှုအမျိုးမျိုးကို ခံနိုင်တော်မူခဲ့သည်။ နေမှုထိုင်မှု ဟိတ်ဟန်မရှိခြင်း၊ အစားအသောက် ချေးမများခြင်း၊ မရွံရှာခြင်းတို့သည် ဘုရားသားတော်တစ်ပါး၏ ခြိုးခြံမှုဂုဏ်အင်္ဂါရပ်တို့ပင်ဖြစ်သည်။ ဆရာတော်လောင်းလျာသည် ငယ်စဉ်(၁၆)နှစ်အရွယ်မှစ၍ ဂုဏ်တော်ပွားများခြင်း၊ တရားအားထုတ်ခြင်းများ ပြုလုပ်အားထုတ်တော်မူခဲ့သည်။ စေတိယင်္ဂဏဝတ်၊ ဗောဓိယင်္ဂဏဝတ်၊ ဝေယျာဝစ္စဝတ်များကို ဖြည့်ကျင့်ခြင်းတို့၌လည်း ဝါသနာအလေ့ထုံတော်မူခဲ့သည်။

ဇာတိမြေသို့ပြန်[ပြင်​ဆင်​ရန်​]

၁၃၁၇ ခုနှစ်တွင် မွေးရပ်မြေ ရွာကျပ်ရွာသို့ပြန်ခဲ့သည်။ ရွာကျပ်ရွာ ကိုးဆူကျောင်းတွင် မင်းတုန်းမင်းလက်ထက် ပထမဆရာတော်ကြီး ဦးသုမနနှင့် မြေဒူးဝန်မင်းကြီး ဦးမိုးတို့ သီဟိုဠ်ဒက္ခိဏသာခါမဟာဗောဓိပင်မှ ပွားယူစိုက်ပျိုးခဲ့ကြသော ဗောဓိပင်ကြီးကို ရေပူဇော်ခြင်း၊ စေတီရင်ပြင်သန့်ရှင်းခြင်း၊ စေတိယင်္ဂဏဝတ် နေ့စဉ်ပြုခြင်း၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်း၊ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရားများကို ပွားများအားထုတ်တော်မူသည်။ မိမိကိုယ်ကို သံဝေဂယူ၊ သေလူအဖြစ် သဘောထားကာ မရဏာနုဿတိကမ္မဋ္ဌာန်းလည်း စီးဖြန်းတော်မူသည်။ ရောဂါကြားထဲမှ နေ့စဉ်နိစ္စဗဒ်ဝတ်များကို မပြတ်အားထုတ်ကြိုးပမ်းတော်မူသည်။ မကြာမီ ထိုဗောဓိပင်ကြီးအောက်တွင် ဗောဓိပင်ငယ်လေးများထပ်မံပေါက်လာရာ၊ ၄င်းဗောဓိပင်လေးများကိုပါ တိုး၍ တာဝန်ယူ စိုက်ပျိုးပူဇော်သည်။ ထန်းလက်တဲထိုး၍ အာနာပါနကမ္မဋ္ဌာန်းများ စီးဖြန်းပွားများအားထုတ်စဉ် တစ်နေ့တွင် မြွေကြီးတစ်ကောင် တင်ပျဉ်ခွေပေါ်သို့တက်လာရာ သမာဓိခိုင်ခိုင်ဖြင့် တရားထိုင်မပျက် ဆက်လက်အားထုတ်တော်မူနိုင်ခဲ့သည်။ အရှင်နာရဒသည် ရွာတွင်သာမက ခတက္ကန်ရွာအနီး ပတ္တမြားတောင်ပေါ်တို့တွင်လည်း ၃ လ တရားအားထုတ်ခဲ့သည်။

မြရိပ်ပေါ်တော်မူဘုရားကြီး[ပြင်​ဆင်​ရန်​]

ဆရာတော်လောင်းလျာ ရှင်နာရဒသည် မိမိကိုယ်ကို သေလူအဖြစ်သတ်မှတ်ကာ ရွာကျောင်း၌ တရားပွားများအားထုတ်နေစဉ် အိပ်မက်များပေး၍ မြရိပ်ဘုရားကိုဖော်ခိုင်းသည်။ သို့ရာတွင် ဦးရီးတော်က တားသဖြင့် မဖော်ဖြစ်သေးဘဲ ဦးရီးတော်၏ညွှန်ကြားချက်ဖြင့်ပင် မန္တလေးဆေးရုံသို့ ထပ်မံသွားရောက် ပြသရပြန်သည်။ မန္တလေးဆေးရုံရောက်သောအခါ ဆရာဝန်ကြီးများ အံ့အားသင့်ကြရသည်။ မယုံနိုင်စရာ အရှင်နာရဒ၏ရောဂါမှာ လုံးဝ ပြန်ကောင်းနေပြီး ပကတိပြန်ဖြစ်နေပြီဖြစ်သည်။ အရှင်နာရဒ ပြန်လည်ကျန်းမာလာသောအခါ ပို၍ပို၍ ဘုရားရှင်ကို ယုံကြည်လာပြီး၊ တရားအလုပ် ပိုမိုအားထုတ်တော်မူသည်။ ထိုစဉ် မြရိပ်အိပ်မက်များ အဆက်မပြတ်ပေးသဖြင့် ၁၃၁၈ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် အရှင်နာရဒနှင့် မောင်ဘချစ်တို့သည် မြရိပ်ဘုရားဖော်ရန် အရဲစွန့်၍၊ မြရိပ်တောကြီးအတွင်းသို့ဝင်ရောက်ကြသည်။ တောကြီးမျက်မည်း လူသူတစ်ယောက်မျှမရောက်ရှိကြသဖြင့် မြရိပ်တောကြီးမှာ ပို၍ထူထပ်အုံ့ဆိုင်းနေသည်။ အရှင်နာရဒသည် မေတ္တာပို့ အမျှဝေ၊ ဂုဏ်တော်ပွား၊ သစ္စာအဓိဋ္ဌာန်ပြု၍ အုတ်ချပ်အုတ်ခဲများတွေ့ရာ နေရာမို့မို့ကို ဘချစ်နှင့်အတူ တူးဖော်ကြရာ ဘုရားကြီး၏သျှောင်တော်ကို စတင်တွေ့ရှိကြရကာ၊ မြရိပ်ပေါ်တော်မူဘုရားကြီးများနှင့် မြရိပ်သာသနာကို စတင်ဖော်ထုတ်တော်မူနိုင်ခဲ့သည်။ ကုန်းဘောင်ဆက်မတိုင်မီ အင်းဝခေတ်၊ သာလွန်မင်းလက်ထက် တောင်ပို့မင်းသမီးတို့၏ကုသိုလ်တော်များ အရှင်နာရဒကြောင့် ပြန်လည်ပေါ်ပေါက်တော်မူခဲ့သည်။ ထူးဆန်းစွာပင် ဘုရားကြီး၏အောက်ပလ္လင်တော် ပွင့်ပေါ်စပြုသောအခါ ရေသပ္ပါယ်ရန် ရေမလုံမလောက်ဖြစ်စဉ် ရွာကျပ်ရွာ၊ မြရိပ်နယ်တစ်ဝိုက်တွင်သာ ကွက်၍၊ မိုးရွာပါတော့သည်။ ရောင်ခြည်တော်လည်း လွှတ်သည်။ (ယခုအခါ မြရိပ်တောကြီးနေရာတွင် မြရိပ်သာသနာ့နယ်မြေတော်ကြီးကို ကောင်းစွာမြင်တွေ့နိုင်သည်။) မြရိပ်သာသနာနှင့်စပ်၍လည်း ဆရာတော်လောင်းလျာ အရှင်နာရဒသည် လောကဓံအမျိုးမျိုးကို ကြံ့ကြံ့ခိုင်၍ သည်းခံတော်မူခဲ့သည်။ မြရိပ်သာသနာနှင့်စပ်၍ အရှင်နာရဒ၏ခန္တီတရားကြီးမားခဲ့မှုကို ဘဝသမိုင်းကောက်ကြောင်းတွင် အံ့ဩဖွယ်တွေ့မြင်ရပေသည်။ မြရိပ်ပေါ်တော်မူမြတ်စွာဘုရားကြီးကို အောင်မြင်စွာ တူးဖော်ပြီးချိန်တွင် အရှင်နာရဒသည် ရဟန်း(၇)ဝါရ အရွယ်မျှသာ ရှိသေးသည်။ အောင်မြင်မှုကြောင့်ပေါ်ပေါက်လာသည့် လောကဓံတရား၏ကောင်းဒဏ်ဆိုးဒဏ်များကို ကြီးမြတ်သော ခန္တီတရား၊ မေတ္တာတရားတို့ဖြင့် ရင်ဆိုင်ကျော်လွှားကာ မိမိလုပ်ဆောင်နေကျ တရားအားထုတ်မှုကို ဆက်လက်လုပ်ဆောင်ခြင်း၊ တိုးပွားလာသော ဗောဓိပင်ငယ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် ကိုးဆူကျောင်းတိုက်၏အနောက်ဘက် ထန်းလက်တဲကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့ပါသည်။ [၁] မြရိပ်သာသနာကို ဆရာတော်လောင်းလျာ အရှင်နာရဒ ရဟန်းပျိုလေးသည် နယ်သံဃာပိုင်အဖြစ် သဘောထားကြီးမားစွာ အပ်နှံနိုင်ခဲ့ခြင်းမှာ ထူးခြားအံ့ဩ လေးစားဖွယ် ခန္တီစိတ်ဓာတ်ပင်ဖြစ်ပေသည်။ မြရိပ်သာသနာနှင့်မူ ခဏတာမျှ ခွဲခွာနေခဲ့ရလေသည်။

ဗောဓိတထောင် သာသနာ့နယ်မြေကို စတင်တည်ထောင်တော်မူခြင်း[ပြင်​ဆင်​ရန်​]

၁၃၂၂ ခု၊ ရဟန်း(၁ဝ)ဝါအရ အချိန်တွင် ခမည်းတော်၏ဒေသဖြစ်သည့် မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေတော်မူသော ဦးရီးဘုန်းတော်ကြီး ဦးဉေယျ ပျံလွန်တော်မူသဖြင့် ခတက္ကန်တောင်ရွာမှ ဒါယကာများက ကျောင်းထိုင်ဆရာတော်အဖြစ် လာရောက်ပင့်ဆောင်ကြရာ သဒ္ဓါထက်သန်စွာ စိုက်ပျိုးထားသော ဗောဓိပင်များပူဇော်ရန် လုံလောက်သည့် မြေနေရာရလျှင် လက်ခံပါမည်ဟု အမိန့်ရှိလျက် ကတိဝန်ခံစကား တောင်းကာ၊ ကျေးရွာလူကြီးများ ဝန်ခံကတိပြုကြသဖြင့် ၁၃၂၂ ခုနှစ်တွင် ခတက္ကန်တောင်ရွာကျောင်းထိုင်ဆရာတော်ဖြစ်လာသည်။ [၁] သာသနာတော်နှစ် ၂၅ဝ၄ ခု၊ ကောဇာသက္ကရာဇ် ၁၃၂၂ ခု၊ ကဆုန်လဆန်း(၁၁)ရက်၊ ကြာသပတေးနေ့တွင် ကိုးဆူကျောင်းမှ ဗောဓိပင်(၂၇)ပင်ကို အခမ်းအနားဖြင့်စတင်ပင့်ဆောင်ခဲ့သည်။ ကဆုန်လဆန်း(၁၂)ရက်၊ နံနက် (၈:၅၅)နာရီတွင် နန်းဦးဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဦးနာရဒတို့ ဖုဋ္ဌဿအစချီ မင်္ဂလာဂါထာတော်ကို ရွတ်ပွားကာ ဗောဓိတထောင်သာသနာ့နယ်မြေကို စတင်တည်ထောင်တော်မူသည်။ ယခုအခါ မဟာဗောဓိတထောင် သာသနာ့နယ်မြေတော်ကြီးသည် ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ကိုဆောင်လျက် တင့်တယ်စည်ပင်စွာ တည်ရှိနေပြီဖြစ်သည်။ သာသနာ့အောင်မြေကြီးသည် သာသနာတော်မြတ်ကြီး၏စည်ပင်ဝေဖြာမှုကို ကျက်သရေရှိစွာ ကိုယ်စားပြု ဂုဏ်ဆောင်နေပေသည်။ ရဟန်းပေါင်းများစွာတို့၏မှီနားရာ သစ်ပင်ကောင်းကြီးလည်းဖြစ်သလို၊ ဝေနေယျသတ္တဝါအပေါင်းတို့၏ ရင်ထဲအသည်းထဲထိရောက်စေမည့် ဗုဒ္ဓါနုဿတိဘာဝနာ၏ ပြယုဂ် အေးရိပ်ရဂုံ၊ ဗောဓိဥယျာဉ်ကြီးပင် ဖြစ်ပေသည်။ ဉာဏ်တော်အမြင့် (၄၂၄)ပေ မြင့်သော အထပ်ပေါင်း (၃၁)ထပ်ပါ ကမ္ဘာ့ဒုတိယအကြီးဆုံး လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး၊ ဉာဏ်တော်အလျား (၃၃၃)ပေရှိ လျောင်းတော်မူမြတ်စွာဘုရားကြီး၊ ဉာဏ်တော်အမြင့် အတောင် ၁၅ဝ (၂၂၅ ပေ)အမြင့်ဆောင်သည့် အောင်စကြာ အလံတစ်ရာစေတီတော်မြတ်ကြီးနှင့် ဗောဓိပင်ပေါင်း ကိုးထောင်ကျော် တစ်သောင်းနီးပါး၊ ဗုဒ္ဓရုပ်ပွားတော်ပေါင်း တစ်သောင်းကျော်တို့ဖြင့် မြေဧကအကျယ်အဝန်း(၂၅ဝ)ဧကတွင် တည်ရှိကိန်းဝပ် စံပယ်တော်မူလျက်ရှိပေသည်။

ဘဝနတ်နန်း စံမြန်းတော်မူခြင်း[ပြင်​ဆင်​ရန်​]

မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒ မထေရ်မြတ်သည် ၁၃၆၈ ခု၊ နတ်တော်လဆန်း(၃)ရက်၊ ၂၂-၁၁-၂ဝဝ၆ နေ့တွင် မြတ်ဗုဒ္ဓ၏အဆုံးအမ သာသနာတော်မြတ်ကြီးအကျိုး ထမ်းဆောင်တော်မူပြီး၍ ဘဝနတ်ထံ ပျံလွန်တော်မူသည်။

ဆရာတော်၏ ဆုံးမစကားဩဝါဒတော်များ[ပြင်​ဆင်​ရန်​]

  • နေ့စဉ် ကုသိုလ်တစ်ခုတော့ ရအောင် အားထုတ်ကြ၊ အလကားမနေကြနဲ့၊ အလကားနေရင် အလကားလူဖြစ်မယ်။
  • စိတ်ရှည်ဇွဲသန် သည်းညည်းခံ၊ ကျင့်ကြံအားထုတ် တို့အလုပ်။
  • ချမ်းသာလိုလား စိတ်ကောင်းထား၊ ဆင်းရဲလိုမူ စိတ်ဆိုးထူ၊ မေ့လျော့နေငြား အပါယ်လား၊ ဗောဓိတထောင် တို့လက်ဆောင်။
  • က သုံးလုံးနှင့် ပြည့်စုံအောင် နေရမယ်။ က သုံးလုံးဆိုတာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်းတာကြံ။ ကာယကံကောင်းကောင်း၊ ဝစီကံကောင်းကောင်း၊ မနောကံကောင်းကောင်း၊ ဒါကိုဆိုလိုတာ။
  • စဉ်းစဉ်းစားစားလုပ်၊ စေ့စေ့စပ်စပ်လုပ်၊ စူးစူးစိုက်စိုက်လုပ်။
  • သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်။
  • အမှောင်ထဲမှာ လင်းအောင်နေ၊ အရှုပ်ထဲမှာ ရှင်းအောင်နေ၊ အပူထဲမှာ အေးအောင်နေ။
  • သာသနာ့ဝန်ထမ်းနှင့် တူအောင်နေကြ၊ သာသနာက ကိုယ့်ဝန်ကို မထမ်းရစေနှင့်။
  • ကောင်းဆိုးနှစ်တန် တရားခံကား၊ အမှန်စင်စစ် ကိုယ်ပင်ဖြစ်၏။
  • စေတနာကောင်းလျှင် ကံကောင်းသည်။ စေတနာဆိုးလျှင် ကံဆိုးသည်။ စိတ်ကောင်းရှိမှ မိတ်ကောင်းရမည်။
  • အထင်သေးက အမှားဆုံး၊ မယဉ်ကျေးက အများမုန်း။ မခင်သော်လည်း မမုန်းစေနှင့်။
  • မနာလိုကင်း ဝန်တိုရှင်း၊ လက်ငင်းချမ်းသာမည်။
  • စိတ်ထောင်းတော့ ကိုယ်ကြေသည်။ စိတ်နွမ်းတော့ လူပန်းသည်။ ကိုယ်ဘယ်လိုပန်းပန်း စိတ်မနွမ်းစေနှင့်။
  • နေ့တိုင်းစားပါလျက် မဝတာက အစား။ နေ့တိုင်းပြောပါလျက် မတတ်တာက စကား။ ထင်ရှားရှိပါလျက် မသိတာက တရား။ စိတ်ထောင်းတော့ကိုယ်ကြေ၊ စိတ်လေတော့ကိုယ်လွင့်၊ စိတ်ဓာတ်တွေ တည်ငြိမ်အောင် ကြိုးစားဖို့သင့်၊ မမေ့လျော့သော သတိတရားနှင့် နေကြပါလေ။
  • စီးပွားနည်းမှာ ကြောက်ကြသလို၊ ကုသိုလ်နည်းမှာလည်း တွေးကြောက်ကြပါ။
  • မမေ့သတိ ရောက်ရှိနိဗ္ဗာန်၊ မေ့တဲ့သူများ သေဖွားကြိမ်ဖန်။ သတိတစ်လုံး စွဲသုံးယူရန်၊ မြတ်ဘုရား ဟောကြားအဖန်ဖန်။
  • ကိုယ့်ကိုကိုယ်တွေး ကိုယ်မေးကြည့်ပါ၊ နေ့စဉ်အားထုတ် အလုပ်ဘယ်ဟာ၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ၊ လူဖြစ်ရှုံး နစ်အုံးပါယ်လေးရွာ။
  • ပြောတော့အဟုတ် လုပ်တော့တလွဲ၊ နေတော့ဆင်းရဲ သေတော့ငရဲ၊ နင်ဘဲနင်ဘဲ။

ပြန်ညွှန်း[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဂုဏပူဇာစာစောင်၊ ၁၃၆၇ ခု၊ တပို့တွဲလ
  2. မုံရွာမြို့၊ မိဂဒါဝုန်ဆရာတော် ရေးသားသော ဗောဓိတထောင်ဆရာတော်၏ နှစ်-၆ဝ ဘဝခရီး