မုံရွာ
From Wikipedia
မုံရွာမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ မန္တလေးနှင့် ကလေးမြို့ ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်နေသည်။ မုံရွာ မြို့ တွင်း မှာ တည်ထား သော ဘုရား ကြီးနှစ်ဆူရှိပါသည်။ ရွှေစည်းဂုံစေတီ နဲ့ ဆုတောင်းပြည့် စေတီ တို့ ဖြစ်ကြသည်။ တစ်နှစ်မှ တစ် ခါ ကျင်းပသော မုံရွာ မြို့၏ အခမ်းနားဆုံးပွဲတော် မှာ ဘုရားကြီးပွဲတော် ဖြစ်ပါသည်။သီတင်းကျွတ်ပြီဆိုလျှင် ပွဲတော် မှာ အလွန် စည်ကား၍ ရက်ပေါင်း ၁၀ ရက်ကြာသည်။
Contents |
[ပြင်ဆင်ရန်] သမိုင်း
ယခု မုံရွာတည်ရှိရာ ဗုဒ္ဓ မြတ်စွာဘုရားမပွင့်မှီအခါက မုံပင်ကြီး ခေါ် အပင်ကြီး တစ်ခုအောင်တွင် ရသေ့ တစ်ပါး စံတော်မှုခဲ့သည်။ မြတ်စွာဘုရားပွင့်တော်မှုမည်ကို ဗျာဒိတ်တော်ပေးခဲ့သောကြောင့် ထိုနေရာကို မုံပင် ဟုခေါ်ခဲ့ကြသည်မှစ၍ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ [၁] အခြားတစ်ခုအဆိုအရ မုံသည်မ တစ်ဦးအား ပနီ စကု ဘုရင်က မိဘုရား အဖြစ် တင်မြှောက်ရာမှ ၎င်းရွာကို မုံသည်မရွာဟု ခေါ်ခဲ့ကြရာမှ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ [၂]
ရှေးဟောင်းပညာရှင်များ လေ့လာမှု့အရ မုံရွာဒေသတွင် နှစ် တစ်သန်း လောက်မှ စ၍ လူများ နေထိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်။ မုံရွာ အရှေ့ဖတ်ရှိ ရွှေမြင့်တင် တောင်ကုန်းတွင်း ရှေးဟောင်း လူရိုး နှင့် ဦးခေါင်းခွင် များ ရှာဖွေတွေ့ရှိထားသည်။ မြေအိုး နှင့် အရိုးအိုးများကိုလည်း ကျောက္ကာရွာတွင် တွေ့ရှိခဲ့သည်။ ကွေးကြီးရပ်ကွက်ရှိ စုပင်ဖြူရွာတွင် ရှေးဟောင်း လူရိုးနှစ်ခုကို ကျောက်ပုစိန် လေးခု၊ ကျောက်ကွင်း လေးခု၊ မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့သည်။ ၎င်းအချက်များက မုံရွာသည် လွန်ခဲ့သော နှစ်များစွာကပင် တည်ရှိခဲ့ကြောင်း ထင်ရှားစေသည်။
ရှေးမြန်မာမင်းလက်ထက်ကမူ ရွာကြီးမျှသာဖြစ်၍ အလုံမြိုမြို့သာလျင် ထင်ရှားခဲ့ပေသည်။ ဗြိတိသျှတို့ လက်ထက် ခရစ် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့ အဖြစ် ရွေးချယ်ခဲ့သည်။
[ပြင်ဆင်ရန်] တည်နေရာ
မုံရွာမြို့သည် အရှေ့လောင်ဂျီကျု ၉၅ဒီဂရီ ၁၃မိနစ် နှင့် မြောက်လတ္တီကျု ၂၂ဒီဂရီ ၁၁မိနစ် အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။ စစ်ကိုင်းမြို့မှ အနောက်ဖက် ၆၅ မိုင် ကွာဝေးသည်၊ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ကို ပြန်လည်တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။
[ပြင်ဆင်ရန်] စီးပွားရေး
၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့၌ သက်ကြီးတက္ကသိုလ်တစ်ခု ဖွင့်လှစ်သည်။ မုံရွာနယ်မှထွက်ကုန်များမှာ ချည်လုံချည်၊ စောင်များ၊ ကျောက္ကာအရပ်မှ ယွန်းထည်များ၊ ဆန်စပါး၊ နှမ်း၊ ပဲ၊ အပူပိုင်းဒေသထွက် သစ်သီးများဖြစ်၏။ မုံရွာမြို့တွင် ရက္ကန်းစက်၊ ဆန်စက်၊ သစ်စက်၊ ဂျုံစက်၊ ဆီစက်၊ ဆပ်ပြာစက်စသော စက်များရှိသည်။ မြို့နှင့် နယ်မှထွက်သော ပစ္စည်းများကို မုံရွာမြို့မှ ထုတ်ဝေဖြန့်ဖြူးသည်။
[ပြင်ဆင်ရန်] အချက်အလက်များ
- အိမ်ခြေ။ ၃၀၃၀၃ [၃]
- လူဦးရေ။ ၁၈၀ ၉၅၀
[ပြင်ဆင်ရန်] ပွဲတော်များ
မုံရွာနယ်တွင်ရှိသော ကျောင်းကန်ဘုရား စေတီပုထိုးတို့သည် မြန်မာနိုင်ငံတစ်ဝှန်းတွင် ထင်ရှားကျော်ကြားသောကြောင့် အနယ် နယ် အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြသူများမှာ မနည်းချေ။
[ပြင်ဆင်ရန်] ဆုတောင်းပြည် ဘုရားကြီးပွဲ
၂၂၁ ခုမှစတင်၍ အသောက မှကျင်းပသော ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည် ဘုရားကြီးပွဲ သည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။ သတင်းကျွတ်လ ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သတင်းကျွတ်သည်မှပင် ပွဲများ စတင်ကြသည်။
[ပြင်ဆင်ရန်] ဗောဓိတစ်ထောင်ဘုရားပွဲ
နောက်ပွဲတော်တစ်ခုကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် တန်ဆောင်မုန်းလ၌ ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့ အနယ်နယ်မှ လာရောက် ဖူးမျှော် ကြည့်ရူ့ကြသည်။
မုံရွာနယ်တွင်းရှိ မိုးညှင်းတောရ ဆရာတော်ဘုရားတည်သော သမ္ဗုဒ္ဓေစေတီကား ယခုအခါ ကျော်စောလှပေသည်။ ထိုပြင် လယ်တီဆရာတော်ဘုရား၏ လယ်တီကျောင်းတိုက်သည်လည်း မုံရွာနယ်တွင် ရှိပေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဖိုးဝင်းတောင်သည်လည်း မုံရွာနယ်တွင် ပါ၀င်သည်။ မုံရွာအထက်နားရှိ အလုံ ဘိုးတော်ကြီးနတ်ပွဲမှာ အထူးပင်ထင်ရှားသည်။မုံရွာမြို့တွင်းရှိ ထင်ရှားသောစေတီတော်များမှာကား ရွှေစည်းခုံနှင့် ဆုတောင်းပြည့် စေတီတော်များဖြစ်၏။
[ပြင်ဆင်ရန်] ကျောက္ကာ ရွှေဂူနီ ပွဲ တော်
[ပြင်ဆင်ရန်] အထင်ကရနေရာများ
- အလောင်းတော် ကဿဖ
- ဖိုးဝင်းတောင်(ဖိုလ်ဝင်တောင်)
- တွင်းတောင်
[ပြင်ဆင်ရန်] ဆက်သွယ်ရေး
မုံရွာသည် ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူပေသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥပဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းသည်။ မန္တလေးနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသဖြင့် မန္တလေးမှတစ်ဆင့် အောက်မြို့အောက်ရွာများနှင့် ခရီးပေါက်ပေသည်။ တစ်ဖန် နယ်တွင်းရှိမြို့နယ်များနှင့် သာမကဘဲ အနီးပတ်ဝန်းကျင်ရှိ ခရိုင်များသို့လည်း မော်တော်ကားလမ်းများ ရှိသည်။ ထိုပြင် မုံရွာမြို့သို့ လေကြောင်းခရီးပေါက်သည်။
ရထားများမှာ
- မုံရွာ - မန္တလေး စာပို့ရထား
- မုံရွာ - ပခုက္ကူ လူစီးရထား
- မုံရွာ - ခင်ဦး လူစီးရထား
- မုံရွာ - တည်းတိမ်ရံ ကားရထား
- မုံရွာ - ရန်ကုန် ကုန်ရထား
[ပြင်ဆင်ရန်] တက္ကသိုလ်များ
- မုံရွာတက္ကသိုလ်
- မုံရွာစီးပွားရေးတက္ကသိုလ်
- မုံရွာ နည်းပညာ တက္ကသိုလ်
- မုံရွာ ကွန်ပျူတာ တက္ကသိုလ်
- မုံရွာ ဆရာအတတ်သင် ကောလိပ်
မုံရွာမြို့ရဲ့ လူဦးရေဖွံဖြိုးတိုးတက်မှုကိုတော့ အောက်ပါအတိုင်း တွေ့ရပါသည်။
- ၁၉၈၉ ခုနှစ် - ၁၀၆,၈၄၃ ( သန်းခေါင်စာရင်းအရ...)
- ၁၉၉၃ ခုနှစ် - ၁၃၈,၅၇၆ ( ခန့်မှန်းခြေအရ...)
- ၂၀၀၉ ခုနှစ် - ၂၀၂,၉၈၃ ( တွက်ချက်မှုအရ...)[၄]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မုံရွာ ရာပြည် မဂ္ဂဇင်း
- ↑ မြန်မာ စွယ်စုံကျမ်း အတွဲ ၉၊ စာ၃၃၉
- ↑ http://monywa.org
- ↑ မြန်မာ့စွယ်စုံကျမ်း စီဒီရွမ်



