ဝိစာရ၊ ဦး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးဝိစာရ

ဗိုလ်ချုပ်အောင်ဆန်းနည်းတူ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို စွန့်လွှတ်စတေးသွားကြသည့် အာဇာနည် ပုဂ္ဂိုလ်များထဲတွင် ဆရာတော် အသျှင် ဦးဝိစာရ ကိုယ်တော်လည်း ပါဝင်လေသည်။ ဆရာတော်သည် မြန်မာနိုင်ငံ တွင် စစ်ကြိုခေတ် အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ် ကိုလိုနီနယ်ချဲ့တိုက်ပွဲတွင် အဖိနှိပ် အချုပ်ချယ်ခံ ဘ၀နှင့် ထောင်အတွင်း ရက်ပေါင်း (၁၆၆)ရက် အစာငတ်ခံကာ ပြည်သူလူထုအား နယ်ချဲ့ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်အသေခံကာ တိုက်ပွဲဝင်သွားခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ရှေးမြန်မာဘုရင် ဧကရာဇ်မင်းတို့ လက်ထက်အခါက ထီးဆောင်း၊ နန်းရန်အဖြစ် တည်ထောင်ခဲ့သော ဥဇ္ဇေနီပြည် နောင်အခါတွင် သလ္လာ၀တီပြည်ကို အစွဲပြု၍ သလ္လာဝတီ မည်သောချင်းတွင်းမြစ်ကမ်းခြေတွင် အစဉ် အဆက် မြို့စား ရွာစားခန့်၍ အုပ်ချုပ်ခဲ့သော၊ မုံရွာခရိုင် ချောင်းဦးမြို့အပိုင် (ယခင် အမြင့်မြို့အပိုင်) အမြင့် တောင်ဘက်၊ အနိမ့်ကိုးရွာ အပါအဝင်ဖြစ်သော ကမ်းနိမ့်ရွာတွင် ဥပကာဂုဏ်နှင့် ကုံလုံပြည့်စုံသော ခမည်းတော် ကျောင်းဒါယကာကြီး ဦးပြား၊ မယ်တော် ကျောင်းအမကြီး ဒေါ်ဇလပ်တို့မှ မြန်မာသက္ကရာဇ် (၁၂၅၀)ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၀)ရက် (ခရစ် ၁၈၈၉ ခုနှစ် ဧပြီလ ၂၄ ရက်) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ ဦးဝိစာရလောင်းလျာမှာ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ မွေးချင်းသုံးယောက်မှာ -

  1. မဖွားသိုက်
  2. မောင်လှကျော်
  3. မောင်သာပုံ တို့ဖြစ်သည်။

ဦးဝိစာရလောင်းလျာ မောင်လှကျော်အား ငယ်စဉ်က အင်းနားရွာ ဆရာတော် အသျှင်စန္ဒိမာကျောင်းတွင် ပညာသင်ရန် အပ်နှံထားသည်။ (၁၂)နှစ်သားအရွယ်တွင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရှင်ပြု၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့တော်မှာ ဗုဒ္ဒဟူးသားဖြစ်၍ သျှင်ဝိစာရ ဖြစ်သည်။ မောင်လှကျော်ခေါ် သျှင်ဝိစာရသည် ငယ်စဉ်ကပင် အခြားကလေးများနှင့်မတူ တစ်မူကွဲပြားသည်။ သူ့တွင် ပါလာသော ဗီဇမှာ မဟုတ်မခံချင်စိတ်ရှိသည်။ မတရားမှုကို မနှစ်သက်သည့် ဗီဇပါလာသူလေးဖြစ်သည်။ သူ့ထက် ငယ်သူ အားနွဲ့သူများကို ထောက်ထား ငဲ့ညှာတတ်သောဗီဇ သူ့တွင်ပါသည်။ ကြီးနိုင်ငယ်ညှဉ်းသော အပြုအမူများကို သူ အလွန်မုန်းတီးစက်ဆုပ်သည်။ သူ့စိတ်တွင် ဘာမဆို သူများထက် သာလိုသောစိတ် အမြဲရှိသည်။ ဇွတ်ဇွဲကြီး၍၊ ဇွတ်တရွတ်လည်းနိုင်လှသည်ဟု ဆိုကြသည်။

သျှင်ဝိစာရမှာ လက်ရေးလက်သားလှသည်။ ဉာဏ်ကောင်း၍ ပညာလိုလားသူလေးဖြစ်သည်။ သွက်လက်ချက် ချာသည်။ လက်ရေးလက်သားကောင်းသူများမှာ စိတ်ရှည်ရှည် ထားတတ်သူများ ဖြစ်တတ်ကြသည်။ ယင်းအချက်များ ကြောင့်ပင် ဆရာတော် ဦးစန္ဒိမာသည် ရှင်ဝိစာရအား အချစ်ပိုခဲ့သည်။ သို့နှင့် သာမဏေအဖြစ် (၄)ဝါအထိနေခဲ့ပြီးနောက် ရှင်လိန်ပြန်ကာ မိဘများနှင့် အတူနေထိုင်ခဲ့သည်။ ရှင်လူထွက်ပြီးနောက် မောင်လှကျော်သည် လူပျိုပေါက်အရွယ်သို့ ရောက်လာသဖြင့် ရပ်ရွာကိစ္စများကို တတ်အားသရွေ့ ဆောင်ရွက်ခဲ့သည်။ သူသည် မည်သူ့ကိုမဆို ကူညီရိုင်းပင်းတတ်သည်။ လုပ်အားပေးစရာရှိလျှင် စိတ်ရောကိုယ်ပါ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးတတ်သောကြောင့် လူချစ်လူခင် ပေါများသည်။ အပေါင်းအသင်း ကျယ်ပြန့်သည်။ လူသိ များသောကြောင့် ထိုစဉ်က သူ့ရပ်ရွာတွင် ကာလသားခေါင်း (လူငယ်ခေါင်းဆောင်) ဖြစ်လာခဲ့သည်။ ကာလသားခေါင်း မောင်လှကျော်ဆိုလျှင် မသိသူ ရှားလှသည်။ ထို့နောက် အသက် (၁၈)နှစ်အရွယ်တွင် မိဘများက မောင်လှကျော်အား ကမ်းနိမ့်ရွာမြောက်ဘက်ရှိ ရွှေလေးရွာမှ ဦးရွှေမှော်၊ ဒေါ်မယ်ပေါတို့၏သမီး မယ်ဉာဏ်နှင့် နှစ်ဖက်မိဘများ၏ သဘောတူညီချက်အရ လက်ထပ် ထိမ်းမြားခဲ့သည်။ မယ်ဉာဏ်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ အမည်မှာ မဖွားရန် ဖြစ်သည်။ သို့သော် သမီးမဖွားရန် ဖွားမြင်ပြီးနောက် (၃)လခန့်အကြာတွင် ယောက္ခမတို့၏ နိုင်ထက်စီးနင်း နှိမ့်ချ ပြောဆိုဆက်ဆံမှုကို မခံမရပ်နိုင်သဖြင့် အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပွားရာ ဇနီးသည် မယ်ဉာဏ်အား တသီးတခြား အိုးအိမ်ခွဲနေရန် ခေါ်ဆိုသော်လည်း ဇနီးသည်သည် မိဘများနှင့် မခွဲနိုင်ဟု ငြင်းဆန်သောကြောင့် ယောက္ခမအိမ်မှ ဆင်းခဲ့လေသည်။ ရပ်ရွာလူကြီးမိဘများက ပြန်လည်စေ့စပ် ဖြန်ဖြေပေးသော်လည်း စိတ်ကြီးသူပီပီ လက်မခံ ငြင်းပယ် ခဲ့လေသည်။ ပထမအိမ်ထောင် မမယ်ဉာဏ်နှင့် ပြန်လည်ပေါင်းသင်းခြင်း လုံးဝမပြုသော်လည်း ဇနီးနှင့် သမီးငယ်အား အဝေးမှ ယောက္ခမများ မသိအောင် တိတ်တဆိတ် တတ်အားသမျှ ထောက်ပံ့ကူညီခဲ့သေးသည် ဆို၏။ ထို့နောက် မောင်လှကျော်သည် ၎င်း၏ဆန္ဒအလျောက် တစ်ရွာတည်းနေသူ မလေးမြင့်နှင့် ဒုတိယအကြိမ် အိမ်ထောင်သစ်ထူ၍ ပေါင်းသင်းခဲ့ရာ ဒုတိယဇနီး မလေးမြင့်နှင့် ဒုတိယသမီး မနွယ်ကို ထပ်မံရရှိခဲ့သည်။

ရဟန်းဘဝသို့ပြန်ဝင်[ပြင်​ဆင်​ရန်​]

ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက်ဖြင့် လူ့ဘဝဇာတ်ခုံတွင် လောကဓံတရားအဖုံဖုံကို တွေ့ကြုံခဲ့ရသည်။ လောကုတ္တရာ အခြေခံရှိသူတစ်ယောက်ဖြစ်၍ စိတ်သက်သာရာ သက်သာကြောင်း အဖြစ်ဖြင့် ဆားလင်းကြီးမြို့ တင့်တောင်းတောရကျောင်းတွင် (၃)လကြာမျှ အေးချမ်းစွာ အဓိဋ္ဌာန်ဥပုသ်ရှည် စောင့်ထိန်းဆောက်တည်၍ ဘာဝနာ ပွားများ အားထုတ်နေစဉ် ကြီးစွာသော သတိသံဝေဂဖြစ်ကာ လူ့လောက လူ့ဘဝကြီးကို ငြီးငွေ့လျက် ရဟန်းဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့လေသည်။ သို့ဖြင့် မိဘနှင့် ဇနီးအား ခွင့်တောင်းခံ ပန်ကြားကာအသက် (၂၃)နှစ်အရွယ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ကိုလှကျော်၏ ဥပဇ္ဈာယ် ဆရာတော်မှာ ဘုံပျံ ဆရာတော် အရှင်အာဒိစ္စ ဖြစ်သည်။ ကိုလှကျော်၏ ဘွဲ့တော်မှာ သာမဏေဘဝကဘွဲ့အတိုင်း ဦးဝိစာရပင် ဖြစ်သည်။

ဦးဝိစာရသည် ရဟန်းဘဝသို့ရောက်ပြီးနောက် မန်ကျည်းပုတ်ရွာ ဆရာတော် ဦရာဇိတ်ထံတွင် ရှေးဦးစွာ သဒ္ဒါကျမ်း ကျွတ်လွတ်ပြီးမြောက်အောင် သင်ယူခဲ့လေသည်။ ထိုမှတစ်ဆင့် ပျဉ်းမနား ကံဦးတိုက်ဆရာတော် ဦးကုသလ္လ၏ ခြေတော်ရင်းတွင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသော ပိဋကတ်ကျမ်းဂန်တို့ကို ကုန်စင်အောင် သင်ယူတော်မူသည်။ ထို့နောက် ချောင်းဦးမြို့ ပထမရွှေတောင် ဆရာတော်ဘုရားထံ၌ နှစ်ဝါတိုင်တိုင် ဝိနည်း သိက္ခာတော်များကို ထူးထူးကဲကဲ ထပ်မံသင်အံ လိုက်နာခဲ့ပြန်သည်။ ထို့နောက်တွင်မှ မန္တလေးမြို့ ရွှေရေးတောင်တိုက် ဆရာတော်ဘုရားထံတော်တွင် လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ဘုရားထံတွင် လည်းကောင်း၊ ဆက်လက်၍ လောကုတ္တရာစာပေများကို လေ့လာလိုက်စားရင်း တစ်ဘက်မှ စာသင်သား သံဃာတို့အား စာပေပိဋကတ်များကို ပို့ချသင်ကြားပေးခဲ့လေသည်။

အမျိုးသားစိတ် သန္ဓေတည်[ပြင်​ဆင်​ရန်​]

ယင်းသို့ မန္တလေး ရွှေရေးတောင်တိုက်တွင် သီတင်းသုံးနေခိုက် (၁၂၈၀)ပြည့်နှစ်တွင် သာသနာ့ဆူးငြှောင့် ခလုတ်ဖြစ်သော အန္တရာယ်များကို ကိုယ်တော်တိုင် ကြုံတွေ့ရင်ဆိုင်ခဲ့ရသဖြင့် ဦးဝိစာရကိုယ်တော်အား အမျိုးသား စိတ်ဓာတ် ရင့်သန်ပွားများစေသော အရေးအခင်းကြီးတစ်ခု ပေါ်ပေါက်ခဲ့လေသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့မှ (၁၃)ရက်နေ့တိုင် ကျင်းပမြဲဖြစ်သော မန္တလေးမြို့ အိမ်တော်ရာ ဘုရားပွဲကြီးသည် လေးပြင်လေးရပ်မှ ရဟန်းရှင်လူ ပြည်သူပရိသတ်များ အထူးစည်ကားသော ရှေးဟောင်း တန်ခိုးကြီးစေတီတော်ကြီး တစ်ဆူဖြစ်သည်။ အိမ်တော်ရာ ဘုရားပွဲတော်ရက်အတွင်း တစ်ညတွင် အင်္ဂလိပ်မျက်နှာဖြူ မန္တလေးရာဇဝတ်ဝန် မစ္စတာစတီးဝပ် ဆိုသူသည် နောက်လိုက်နောက်ပါ ပုလိပ်များခြံရံလျက် ဘုရားရင်ပြင်ပေါ်သို့ ဖိနပ် ခြေနင်းများစီး၍ တက်ရောက်ခဲ့ရာမှ လှုပ်ရှားဆူပွက်ကာ အရေးအခင်း ဖြစ်ပွားခဲ့ရသည်။

ထိုအချိန်မှစ၍ ဦးဝိစာရကိုယ်တော်သည် သာသနာတော်၏ အန္တရာယ်အသွယ်သွယ်ကို ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် အမျိုးသားစိတ်ဓာတ် မြင့်မားရေးကိစ္စများတွင် စိတ်ဝင်စားလာခဲ့လေသည်။ ထို့နောက် ဦးဝိစာရသည် မန္တလေး ရွှေရေးတောင်တိုက်မှ ပခုက္ကူ မဟာဝိသုတာရာမတိုက်သို့ ရွှေ့ပြောင်းသီတင်းသုံး နေထိုင်တော်မူပြန်သည်။ ဦးဝိစာရသည် ၁၂၂၈-ခုနှစ်လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့သို့ ဝင်ရောက်ပြီး မလှိုင်၊ ပန်းအိုင်နယ်တွင် အစိုးရတို့က မြေသမာဓိကြေး အခွန်တော်သစ်ကို မတရားသဖြင့် စတင် စည်းကြပ်ကောက်ခံခြင်းပြုလာသဖြင့် အခွန်တော်ကောက်ခံမှုနှင့် ပတ်သက်၍ နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောပြောတော်မူသည်။ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)၊ ၁၀၈ အရ ဦးဝိစာရနှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် (၆)လစီ အပြစ်ပေးခံရသည်။

ဦးဝိစာရကျောက်တိုင်နှင့် ဦးဝိစာရလမ်း

(၁၂၈၅) ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ပခုက္ကူမြို့ထက် နိုင်ငံရေးထိရောက်စွာ လုပ်ကိုင်နိုင်မည့် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင် ဝေဠုဝန်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူသည်။ ထိုကျောင်းတွင် စာသင်သား တပည့်သံဃာတို့အား စာပေပို့ချရင်း တစ်ဖက်မှ သံဃာ့သာမဂ္ဂီအဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတော်မူသည်။ ထိုစဉ် ဆရာတော် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရ၏ သွက်လက်ချက်ချာသော ဥပဓိရုပ်ကို လည်းကောင်း၊ ထက်မြက်သော စိတ်ဓာတ်ကိုလည်းကောင်း၊ ပရိသတ် ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းရှိသည့် အဟောအပြောကို နှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေးအသိပညာပေး၍ လေ့ကျင့်ပျိုးထောင်ပေးရန် အာသီသရှိတော်မူလေသည်။ သို့ဖြင့် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရကိုခေါ်၍ ကျိုက္ခမီ၊ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီနယ်သို့ ဆား(ချက်)ခွန် မတရားစီးကြပ် ကောက်ခံနေမှုအတွက် ဝံသာနုတရား လှည့်လည်ဟောပြောရန် အတူတကွ ပထမဆုံးအကြိမ် ကြွရောက်တော်မူလေသည်။ ထို့နောက်ပိုင်းတွင်ကား ဦးဝိစာရကား လက်ရုံးသဖွယ် အားထားတော်မူသည့်အလျောက် အတူတကွ တွဲဖက်၍ ဟောပြောရန် ခေါ်ဆောင်သွားလေ့ရှိသည်။

ထိုအခါ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ကြီးမှ နိုင်ငံရေး ဓမ္မကထိကကိုယ်တော်များ တရားဟောပြောရာတွင် စနစ်တကျ ဖြစ်စေရန် လမ်းညွှန်အဖြစ် ““လောကီနိဗ္ဗာန် သစ္စာလေးပါးတရားတော်””ကို ရေးသား၍ ဝေငှခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ