နယုန်လပြည့်နေ့
နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅-ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ-ဟု စာဖွဲ့လေ့ရှိကြသည်။
နွေနှောင်းလဖြစ်သည့်အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင်တခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီးမိုးပေါက်များ ရွာသွန်းတတ်သည်။
ကဆုန်လ၏အပူရှိန်အောက်၌ ရွက်ခြောက်များကြွေကာ အရိုးပြိုင်းပြိုင်းဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်း များမှာ ရွက်ညွန့်ကလေးများ ထွက်ပြူလာသည်။ စိမ်းစိုလန်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲကလေးများကြောင့် မြေပြင်မှာလည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က-နယုန်မိုးသေး မြက်သားမွေး-ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင်ပွင့်လာကြသည်။
နယုန်လတွင် မိုးသေးမိုးဖွဲကလေးများသာ ရွာသည်မဟုတ်။ တခါတရံ မိုးသည်းထန်စွာ ရွာတတ်သဖြင့် လယ်ယာမြစ်ချောင်း အင်းအိုင်များ ရေအပြည့်အဝရကြသည်။ ထို့ကြောင့် လယ်သမားတို့သည် ဆန်အတွက် မျိုးစပါးများကိုလည်း ပျိုးထောင်ကြသည်။ တောင်သူတို့သည် ဝါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြသည်။ ထို့ကြောင့် စိန္တကျော်သူ ဦးဩ က မဟာအဓိကရ ကန်တော်မော်ကွန်းတွင်-
- နယုန်ဝါလ၊ ကြဲကြပျိုးထောင်
- ဝါခေါင်သစ်ဆင်း၊ နှစ်လတွင်းမူ
- ဆင်းကြ ယာလယ်၊ တောင်သူမယ်တို့-ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။
ရှေးမြန်မာဘုရင်များလက်ထက်က ဤလတွင် စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင် ကျင်းပသော ပထမပြန်စာမေးပွဲများသည် ထိုနယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာသည်။ မြန်မာဘုရင်များသည် စာတော်ပြန်ပွဲများကို ကျင်းပရုံသာမက စိုက်ပျိုးရေးကို အားပေးသောအနေဖြင့် နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။
ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။